အခန်း ၃၆၆
Vol. 37 Ch. 366
အခန်း (၃၆၆) နိုင်ငံတစ်ဝန်း ပိတ်ပင်ခြင်း
"ဘာအဆင်ပြေရမှာလဲ"
"ငါ အရိုက်ခံနေရတာ မမြင်ဘူးလား... သူ့ကို ဖမ်းစမ်း"
လီရှန်ကျွင်းသည် သူ၏ ပါးစပ်ထဲမှ ကျိုးသွားသော သွားများကို ထွေးထုတ်လိုက်၏။ ခုနက စကားပြောနေစဉ် ပါးစပ်ထဲမှ လေချွန်သံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသလို သူ ခံစားလိုက်ရသည်။ အရမ်း ဒေါသထွက်ဖို့ ကောင်းတာပဲ။
မန်နေဂျာ၏ မျက်နှာအမူအရာမှာလည်း အလွန် လေးနက်တည်ကြည်နေပေ၏။ သခင်လေးလီသည် သူ တာဝန်ယူထားသော ဟော့ပေါ့ဆိုင်တွင် တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။
အကယ်၍ ဤကိစ္စကိုသာ သေချာစွာ မကိုင်တွယ်နိုင်ပါက သူ၏ အလုပ်ဆုံးရှုံးရုံသာမကဘဲ သခင်လေးလီ၏ ဒေါသကိုပါ ခံရနိုင်ပေသည်။
"အားလုံးပဲ... တောင်းပန်ပါတယ်... ဒီနေ့ ကျွန်တော်တို့ ဟော့ပေါ့ဆိုင်မှာ ဖြေရှင်းစရာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှိနေလို့ပါ... ဒီအတွက် အဆင်မပြေမှုတွေ ဖြစ်သွားရင် အထူးပဲ တောင်းပန်ပါတယ်... ဒီနေ့ အကုန်လုံး အခမဲ့ပါ... အားလုံးပဲ အခု ထွက်သွားလို့ ရပါပြီ"
မန်နေဂျာမှာ လိမ္မာပါးနပ်သူတစ်ဦး ဖြစ်ပေ၏။ ဤကိစ္စကို ကိုင်တွယ်ရန်အတွက် အခင်းဖြစ်ပွားရာ နေရာမှ မသက်ဆိုင်သူများကို အရင်ဆုံး ရှင်းလင်းရမည် ဖြစ်သည်။
ထိုသို့မဟုတ်ပါက ပြဿနာများ ကြီးထွားလာပါက သခင်လေးလီကို အရှက်ကွဲစေရုံသာမက ဟော့ပေါ့ဆိုင်နှင့် လီမိသားစု၏ စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်စေနိုင်ပေသည်။
သေချာပေါက်ပင် ချန်ဖုန်းနှင့် သူ၏အဖွဲ့မှာ မည်သည့်နေရာသို့မျှ မသွားကြချေ။
မည်သို့ပင်ဆိုစေ ချန်ဖုန်းက ထွက်သွားရန် ရည်ရွယ်မထားခဲ့ပေ။ သူသည် ဘာမှမဖြစ်ခဲ့သည့်အလား သူ၏ နေရာတွင် ထိုင်ကာ စားသောက်နေခဲ့၏။
"အစ်ကိုချန်..."
ချန်ဟွေ၏ အခန်းဖော်များက ဤကဲ့သို့သော အရာမျိုးကို ဘယ်သောအခါက မြင်တွေ့ဖူးခဲ့မည်နည်း။
ချန်ဟွေပင်လျှင် သူမသည် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသောကြောင့် သူမ၏ အစ်ကိုဘေးတွင် ကပ်ကာ သူ၏ လက်မောင်းကို တင်းကြပ်စွာ ဖက်တွယ်ထားလေ၏။
"စိတ်မပူပါနဲ့... အစ်ကို ဒီမှာရှိနေသရွေ့ ဘယ်သူမှ မင်းတို့ကို မထိစေရဘူး"
"အခု မင်းကိုယ်မင်းတောင် ဂရုမစိုက်နိုင်တာကို သူတို့ကို ဘယ်လိုလုပ် ဂရုစိုက်နိုင်မှာလဲ" လီရှန်ကျွင်း မြေပြင်ပေါ်မှ ထရပ်ကာ ပြောလိုက်သည်။
သူ၏ အနောက်တွင် ဟော့ပေါ့ဆိုင်မှ ဝန်ထမ်း ဒါဇင်ခန့်က သူ့နောက်သို့ လိုက်ပါလာကြ၏။ သေချာပေါက်ပင် ဤဝန်ထမ်းများမှာ အလုပ်လုပ်ရန်သာ ရောက်ရှိနေခြင်းဖြစ်ရာ ၎င်းတို့အနေဖြင့် တစ်ခုခုကို အမှန်တကယ် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ချေ။ ၎င်းတို့က ချန်ဖုန်းနှင့် သူ၏အဖွဲ့ ထွက်ပြေးမသွားစေရန်သာ တားဆီးနိုင်ကြပေသည်။
လီရှန်ကျွင်းသည် အကူအညီတောင်းခံထားပြီးဖြစ်ကာ ယခုအခါ ၎င်းတို့ ရောက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်၏။
လီရှန်ကျွင်းက ပြောလိုက်သည်။
“မင်းက ငါ့ကို ကန်ရဲတယ်ပေါ့လေ… ငါ မင်းကို ဆယ်ဆ ပြန်ပေးဆပ်မယ်…”
ချန်ဖုန်းကမူ သူ၏ ဖုန်းမှနေ၍ မော့ကြည့်ကာ အပြုံးတစ်ဝက်ဖြင့် ပြောဆိုလိုက်သည်။
"ခဏနေရင် မင်းက မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ငါ့ကို ခွင့်လွှတ်ဖို့ တောင်းပန်လိမ့်မယ်ဆိုတာ မင်း ယုံလား"
"မင်းကို ယုံလား...ဟုတ်လား သွားသေလိုက်ကွ"
လီရှန်ကျွင်းက လက်သီးများကို ဆုပ်ထားလိုက်၏။ အကယ်၍ သူသာ ဤလူကို အနိုင်ယူနိုင်ပါက သူသည် ရှေ့သို့ ပြေးဝင်သွားပြီး ယခုအချိန်တွင် တိုက်ခိုက်နေလောက်ပြီ ဖြစ်သည်။
"ကောင်းပြီလေ မင်း ပြောတာနော်"
ချန်ဖုန်းသည် ရှန်ယန်းယန်း ၏ နံပါတ်ကို တိုက်ရိုက် ခေါ်ဆိုလိုက်၏။
သူသည် ဖုန်းထဲတွင် လီမိသားစု၏ စီးပွားရေး အရောင်းအဝယ်များကို ယခုလေးတင် စစ်ဆေးခဲ့ပြီး ၎င်းတို့သည် ထျန်ဖုန်းကုမ္ပဏီနှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နေကြောင်း တွေ့ရှိခဲ့ရသည်။
"ချန်ဖုန်း... နင် နောက်ဆုံးတော့ ငါ့ကို ဖုန်းဆက်ဖို့ သတိရသွားပြီပေါ့"
ချန်ဖုန်းဆိုတဲ့ ကောင်စုတ်က သူမကို ဖုန်းဆက်ရန် သတိရသွားသောကြောင့် ရှန်ယန်းယန်း မှာ အလွန် ပျော်ရွှင်သွားခဲ့ပေ၏။
ဤကာလအတွင်း သူမသည် ထျန်ဖုန်းကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်နေခဲ့သည်။
သူမ၏ ဖခင် ရှန်ကျွင်း မှာ အနားယူသွားပြီဖြစ်ပြီး ယခုအခါ ရှန်ယန်းယန်းက ထျန်ဖုန်းကုမ္ပဏီ တစ်ခုလုံးကို တာဝန်ယူထားလေ၏။
သေချာပေါက်ပင် နောက်ကွယ်မှ သူဌေးမှာ ချန်ဖုန်း ပင် ဖြစ်နေဆဲ ဖြစ်သည်။
"ယန်းယန်း... ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ မင်း အများကြီး ပင်ပန်းခဲ့ပြီပဲ"
ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်၏။
"မင်းကို ငါ မေးစရာတစ်ခု ရှိတယ်... ကျန်းနန် လီမိသားစုက ငါတို့ကုမ္ပဏီရဲ့ ကုန်ကြမ်း ပေးသွင်းသူတွေထဲက တစ်ခုလား... တကယ်လို့ ဟုတ်တယ်ဆိုရင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲလိုက်"
"ခဏစောင့်ဦး... ငါ စစ်ကြည့်လိုက်မယ်"
ရှန်ယန်းယန်း က ကွန်ပျူတာပေါ်တွင် အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
"ကျန်းနန် လီမိသားစုနဲ့ စာချုပ် မချုပ်ရသေးဘူး... သူတို့ကို စုံစမ်းစစ်ဆေးနေတုန်းပဲ ရှိသေးတယ်... ဘာဖြစ်လို့လဲ"
"ဘာမှတော့ မဟုတ်ပါဘူး... လီမိသားစုရဲ့ ငတုံးသားက ငါ့ညီမကို အနိုင်ကျင့်ချင်နေလို့... ပြီးတော့ အခု သူက ငါ့ကိုတောင် ခြိမ်းခြောက်နေသေးတယ်... ငါက သဘောထားသေးသိမ်တဲ့သူလေ... သေးငယ်တဲ့ အပြစ်အနာအဆာလေးကိုတောင် ငါ သည်းမခံနိုင်ဘူး"
"ဘာ..."
ရှန်ယန်းယန်း ၏ မျက်နှာမှာ ချက်ချင်းပင် အလွန်အမင်း မှုန်ကုပ်သွားလေ၏။
“လီမိသားစုက ဒီလောက် ကျေးဇူးကန်းပြီး ငါ့ရဲ့ ချန်ဖုန်းကိုတောင် အနိုင်ကျင့်ရဲတယ်ပေါ့လေ…”
သူမ ဖုန်းကို အလျင်အမြန် ချလိုက်သည်။
ထို့နောက် ရှန်ယန်းယန်းက လက်ထောက်ဖြစ်သူထံသို့ လှည့်ကာ ပြောဆိုလိုက်၏။
"ကျန်းနန် လီမိသားစုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရပ်စဲဖို့ အမိန့်ပေးလိုက်... ဒီထုတ်ပြန်ချက်ကို ကုမ္ပဏီရဲ့ ပင်မစာမျက်နှာမှာ တင်ထားလိုက်... ကျန်းနန် လီမိသားစုနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ အားလုံးကို ထျန်ဖုန်းကုမ္ပဏီ က အမည်ပျက်စာရင်း သွင်းလိမ့်မယ်... ကျန်းနန် လီမိသားစုကို နိုင်ငံတစ်ဝန်းလုံး ပိတ်ပင်ချင်တယ်... ဒီအကြောင်းကို အစ်မယွင် ကိုလည်း အသိပေးလိုက်ပါဦး"
"နား... နားလည်ပါပြီ"
အမျိုးသမီး လက်ထောက်၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွားလေ၏။
ဥက္ကဋ္ဌသစ် ရာထူးတက်ပြီးကတည်းက အခြားတစ်ဖက်ရှိသူ ဤမျှ ဒေါသထွက်နေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ပင်။
နိုင်ငံတစ်ဝန်း ပိတ်ပင်ခြင်းတဲ့လား။ ထျန်ဖုန်းကုမ္ပဏီ ၏ လက်ရှိ ကွန်ရက်နှင့် အလားအလာအရ ၎င်းတို့က လုံးဝ လုပ်ဆောင်နိုင်ပေသည်။ သူမ နှောင့်နှေးရန် မဝံ့ရဲချေ။ ဤကိစ္စကို အလျင်အမြန် လက်ဆင့်ကမ်းလိုက်၏။
ကြည့်ရတာ တစ်ခုခု ကြီးကြီးမားမာ ပြောင်းလဲတော့မည်ပုံပင်။
ထျန်ဖုန်းကုမ္ပဏီ သည် ကြီးမားလှသော သြဇာလွှမ်းမိုးမှုကို ကိုင်စွဲထားဆဲ ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ ၎င်းတွင် အလွန်ရေပန်းစားနေသော ဟိုလိုဂရမ် ရုပ်လုံးကြွ ထုတ်ကုန်နှင့် ထပ်တူ လူကြိုက်များသော ဆေးဝါးကုမ္ပဏီတစ်ခု ရှိနေသဖြင့် ၎င်း၏ ဈေးကွက်တန်ဖိုးမှာ ကောင်းကင်ထိ ထိုးတက်နေလေ၏။
တစ်စုံတစ်ယောက်က ရင်းနှီးမြှုပ်နှံရန် အလိုရှိခဲ့ဖူးသည်။ သို့သော် ထျန်ဖုန်းကုမ္ပဏီ တွင် ငွေကြေးပြတ်လပ်မှု လုံးဝမရှိဘဲ ထိပ်သီးသူဌေးကြီးများကိုလည်း တစ်ယောက်ပြီးတစ်ယောက် ငြင်းပယ်ခဲ့လေ၏။
သတင်းထုတ်ပြန်ပြီးနောက် ငါးမိနစ်ပင် မကြာလိုက်ချေ။ ဤသည်က အင်တာနက်တစ်ခွင်လုံးတွင် ဆင့်ကဲတုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ဖြစ်လေသည်။
ထျန်ဖုန်းကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက သူ၏ ကြီးမားလှသော စီးပွားရေး ရည်မှန်းချက်များ အကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်ပေးနိုင်မည်ဟု လီရှန်ကျွင်း၏ ဖခင်ဖြစ်သူ အိမ်မက်မက်နေခဲ့ပေ၏။
လက်ရှိ အချမ်းသာဆုံးသူဌေး ဝမ်ကျင်းကို သူတို့ လီမိသားစုရဲ့ ခြေအောက်မှာ နင်းခြေပစ်မည်လို့ပင် တွေးတောထား၏။
သို့သော် သူ၏ အိမ်မက်သည် အကောင်အထည် မဖော်နိုင်မီမှာပင် လက်တွေ့ဘဝ၏ ရိုက်ချိုးဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။
"သူဌေးလီ... ထျန်ဖုန်းကုမ္ပဏီ က လီမိသားစုနဲ့ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရပ်စဲလိုက်ပြီ... စာချုပ်ချုပ်စရာ မလိုတော့ဘူး"
ဤဖုန်းခေါ်ဆိုမှုက သူဌေးလီ၏ ခေါင်းကို မူးဝေသွားစေခဲ့၏။
“ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲလိုက်တယ်…”
“စာချုပ်ချုပ်စရာ မလိုတော့ဘူး ဟုတ်လား”
သူဌေးလီ လုံးဝ ဆွံ့အသွားခဲ့လေပြီ။
“ဘာတွေ ဖြစ်နေတာလဲ ငါ ဘယ်နေရာမှာ အတိအကျ မှားယွင်းသွားခဲ့တာလဲ မနေ့ကတင် ဥက္ကဋ္ဌသစ်နဲ့ စာချုပ်အကြောင်း ဆွေးနွေးရဖို့ ငါကိုယ်တိုင် ထျန်ဖုန်းကုမ္ပဏီ ဆီ သွားခဲ့သေးတယ်လေ…”
“နောက်ပြီးတော့ ဒီကိစ္စကို တာဝန်ယူထားတဲ့ အမှုဆောင်အရာရှိက သူတို့လီမိသားစုနဲ့ ထျန်ဖုန်းကုမ္ပဏီက စာချုပ်ရဖို့ ရာခိုင်နှုန်းပြည့် သေချာတယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ…”
သူ လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့၏။ အတည်ပြုရန် သူ ဖုန်းဆက်ကြည့်ခဲ့သော်လည်း ၎င်းတို့က ပြန်မဖြေခဲ့ချေ။ သူ့ကို ဘလက်လစ်ပင် ထည့်ထားလိုက်ကြ၏။
ကျစ်... စောစောက ဖုန်းခေါ်ဆိုမှုက သူ့အတွက် မိုးကြိုးပစ်ချလိုက်သလို ဖြစ်နေခဲ့မည်ဆိုလျှင်။
ဤသိုဖြင့်…..
နောက်ထပ် ဖုန်းခေါ်ဆိုမှုများ ဆက်တိုက် ဝင်လာခဲ့သည်။ အမြောက်များဖြင့် ပစ်ခတ်ခံရသည့်အလား ပင်။
"အဘိုးကြီးလီ... တောင်းပန်ပါတယ်... ဒါပေမဲ့ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မယ့် ပရောဂျက်ကို လောလောဆယ် ခေတ္တရပ်ထားသင့်တယ်လို့ ငါ ထင်တယ်... တကယ်လို့ မင်း မစောင့်နိုင်ဘူးဆိုရင် နုတ်ထွက်လို့ ရပါတယ်"
"အဘိုးကြီးလီ... တောင်းပန်ပါတယ်... မင်း လိုချင်တဲ့ ပစ္စည်းတွေကို ငါ မပေးနိုင်တော့ဘူး"
"သူဌေးလီ... အခု မင်းရဲ့ ပရောဂျက်မှာ ငါ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်တော့ဘူး... ငါ့မှာ ငွေနည်းနည်း ပြတ်နေလို့... နောက်မှပဲ ဆွေးနွေးကြတာပေါ့"
"သူဌေးလီ... မြို့အနောက်ဘက်က ပရောဂျက်က..."
ဖုန်းခေါ်ဆိုမှုများ ဆက်တိုက် ဝင်လာခဲ့လေ၏။ နောက်ပိုင်းတွင် အခြားတစ်ဖက်မှ ပြောဆိုနေသည်များကို နားထောင်ရသည်မှာ သူဌေးလီအတွက် အလွန်ပင်ပန်းလာသဖြင့် ၎င်းတို့ ဘာပြောနေသည်ကိုပင် ဂရုမစိုက်တော့ချေ။
ဘာပဲဖြစ်ဖြစ် သူတို့က သူနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲတော့မှာပဲလေ။ ၎င်းတို့ထဲမှ အချို့မှာ ဆယ်နှစ်ကျော်ကြာ အတူအလုပ်လုပ်ခဲ့သော သူငယ်ချင်းများပင် ဖြစ်ကြပြီး သူ့ကို အဆက်အသွယ် ဖြတ်တောက်ကြောင်း ရုတ်တရက် ကြေညာလာခဲ့ကြခြင်း ဖြစ်ပေ၏။
ထိုသို့ ရုတ်တရက် အပြောင်းအလဲကြီးက ၎င်းက အလွန် ပုံမှန်မဟုတ်ကြောင်း သူ သတိပြုမိသွားခဲ့သည်။
အကြိမ်ကြိမ် တောင်းပန်ပြီးနောက် သူဌေးလီသည် နောက်ဆုံးတွင် သူငယ်ချင်းတစ်ယောက်ထံမှ သတင်းအချက်အလက် တစ်ခုကို ရရှိခဲ့၏။
သူ၏ သားဖြစ်သူက ထျန်ဖုန်းကုမ္ပဏီ မှ ထိပ်သီးသူဌေးကြီးတစ်ဦးကို စော်ကားခဲ့ပုံရပေသည်။ သူငယ်ချင်းဖြစ်သူက သွယ်ဝိုက်သောနည်းဖြင့် အရိပ်အမြွက် ပြောဆိုခဲ့၏။
ထျန်ဖုန်းကုမ္ပဏီ ဥက္ကဋ္ဌ၏ လက်ထောက်ထံမှတစ်ဆင့် သူ၏ ငတုံးသားက ထျန်ဖုန်းကုမ္ပဏီ ၏ နောက်ကွယ်မှ သူဌေးကို စော်ကားခဲ့ပုံရကြောင်း သူ ထပ်မံသိရှိခဲ့ရလေသည်။
ဤသည်က ထျန်ဖုန်းကုမ္ပဏီ ကို လီမိသားစုနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်စဲသွားစေခဲ့တာပဲဖြစ်၏။
၎င်းတို့ကိုယ်တိုင် ကာကွယ်ရန်အတွက် ၎င်းတို့၏ စီးပွားရေးမိတ်ဖက်များကလည်း ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲခဲ့ကြခြင်း ဖြစ်ပေ၏။
ဤအချိန်၌ သူဌေးလီ မှာ ရူးတော့မတတ် ဖြစ်နေလေပြီ။
“ခွေးကောင် လီရှန်ကျွင်း... အစကတည်းက မင်းကို ငါ မွေးမလာခဲ့သင့်ဘူးကွ…”
သူက ဖုန်းကို အလျင်အမြန် ထုတ်ယူလိုက်၏။
ထို့နောက် အပြင်သို့ ပြေးထွက်သွားစဉ် သူသည် လီရှန်ကျွင်း ၏ နံပါတ်ကို ခေါ်ဆိုကာ ဆဲရေးတိုင်းထွာလိုက်တော့သည်။
"ခွေးကောင်... အခု မင်း ဘယ်မှာလဲကွ..."