အခန်း ၃၇၁
Vol. 38 Ch. 371
အခန်း (၃၇၁) ပစ်မှတ်ကို သတ်မှတ်ခြင်း
"ဘုန်းကြီးတန်... စိတ်မလှုပ်ရှားပါနဲ့... သေသွားတဲ့သူက ပြန်ရှင်လာနိုင်တာမှ မဟုတ်တာ... အခု အရေးကြီးဆုံးက ခင်ဗျားရဲ့ သမီးကို ရှာတွေ့ဖို့ပဲ..."
ချန်ဖုန်းသည် တစ်ဖက်လူက ရုတ်တရက် ရူးသွပ်သွားပြီး ယွဲ့ယွဲ့လေး၏ စံအိမ်ကို ဖြိုချပစ်မည်ကို စိုးရိမ်နေခဲ့၏။
"ဟုတ်တယ်... ငါ့သမီးကို အရင်ရှာရမယ်..."
ဆရာတော်တန်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့လေသည်။ သို့သော် သူသည် အနည်းငယ် အပြစ်မကင်းသလို ခံစားနေရဆဲ ဖြစ်ပေ၏။
အကယ်၍ ဤတစ်ကြိမ်တွင် သူ၏ သမီးကို ရှာတွေ့ခဲ့ပါက သူက သေချာပေါက် ပေးဆပ်သွားမည်ဖြစ်ပြီး ဖခင်ကောင်းတစ်ယောက် ဖြစ်လာစေရမည်ဟု ဆုံးဖြတ်ထားလေ၏။
နောက်ထပ် နာရီဝက်ခန့် ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် ရှန်ယန်းယန်းထံမှ သတင်းရရှိလာခဲ့၏။ သူမသည် ကိုက်ညီမှုရှိသော လူများအားလုံး၏ အချက်အလက်များနှင့် ဓာတ်ပုံများကို ချန်ဖုန်းထံ ပို့ပေးလိုက်ပေသည်။
စုစုပေါင်း လူနှစ်ထောင်ကျော်ပင် ရှိလေ၏။ အသက် ၂၂ နှစ်ဝန်းကျင် အမျိုးသမီး ၃၀၀ ခန့် ရှိပေသည်။
ဤလူများထဲမှ အချို့တွင် မိဘများ ရှိကြ၏။ သို့သော် ဤလူများမှာ မွေးစားခံထားရခြင်း ဖြစ်နိုင်သည်ကို ကာကွယ်ရန်အတွက် ၎င်းတို့ကိုလည်း အရည်အချင်းပြည့်မီသူများထဲတွင် ထည့်သွင်းထားခဲ့ခြင်း ဖြစ်ပေသည်။
ဤနည်းဖြင့် ရှာဖွေရမည့် နယ်ပယ်မှာ များစွာ ကျဉ်းမြောင်းသွားခဲ့လေပြီ။
"အရင်ဆုံး ကြည့်ကြည့်ရအောင်... ဒါတွေက ဟွာရှနိုင်ငံထဲမှာရှိတဲ့ အရည်အချင်းပြည့်မီတဲ့ အမျိုးသမီးတွေ အကုန်လုံးပဲ... တကယ်လို့ ရှာမတွေ့သေးဘူးဆိုရင် နိုင်ငံခြားအထိ ရှာဖွေမှုကို တိုးချဲ့ရမယ်..."
"ပြီးတော့ စိတ်မပူပါနဲ့... ကျွန်တော်တို့ရဲ့ ဟက်ကာစွမ်းရည်တွေက နိုင်ငံခြားကွန်ရက်တွေထဲကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နိုင်တယ်..."
ချန်ဖုန်းကိုယ်တိုင်လည်း ဟက်ကာစွမ်းရည်ကို ရယူထားပြီး ဖြစ်လေ၏။
ထို့အပြင် စစ်ဘက်ဆိုင်ရာဌာနနှင့် အဇူရာနန်းတော်တို့တွင်လည်း ဆိုက်ဘာလုံခြုံရေးအဖွဲ့များ ရှိနေပြီး ၎င်းတို့၏ နည်းပညာမှာ အတော်လေး အထင်ကြီးစရာ ကောင်းလှပေသည်။
"ကောင်းပြီ... ကျေးဇူးတင်ပါတယ်..."
ဆရာတော်တန်က အသက်ပြင်းပြင်း ရှူလိုက်၏။ သူ၏ အကြည့်များက ရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားသွားပြီး နံရံပေါ်တွင် ဧရာမ ပရိုဂျက်တာကြီးတစ်ခု ရှိနေပေသည်။
စခရင်ပေါ်တွင် ရုပ်ပုံများ တစ်ပုံပြီးတစ်ပုံ ရွေ့လျားနေခဲ့၏။
ဤလူ ၃၀၀ အထဲတွင် အချို့မှာ သူနှင့်တူသော မျက်နှာအသွင်အပြင် ရှိကြပြီး အချို့မှာ ဝမ်ယွီနှင့် တူညီသော မျက်နှာအသွင်အပြင်များ ရှိကြပေသည်။ ၎င်းတို့ကို တစ်ယောက်ချင်းစီ အတည်ပြုရန်မှာ အချိန်များစွာ ယူရပေလိမ့်မည်။
"နေဦး..."
ချန်ဖုန်းသည် ပုံတစ်ပုံကို ရုတ်တရက် လှမ်းကြည့်လိုက်၏။ သူမ၏ ရုပ်ရည်မှာ အလွန် ရင်းနှီးနေပုံရပေသည်။
ထို့အပြင် သူသည် သူမနှင့် တစ်ကြိမ် တွေ့ဆုံဖူးခဲ့လေ၏။
ဆာကူရာနိုင်ငံ၏ နံပါတ်တစ် ဂိုဆရာသခင် ကူရာကီယု ၏ ဆက်ခံသူ မီကာမိ ယုအာ ပင် ဖြစ်ပေသည်။
"ဘုန်းကြီး... အဲဒီလူက ခင်ဗျားရဲ့ ဇနီးနဲ့ တူတယ်လို့ ထင်လား..."
ချန်ဖုန်းက စခရင်ပေါ်ရှိ ရုပ်ပုံကို လက်ညှိုးထိုးကာ မေးမြန်းလိုက်၏။
ဆရာတော်တန်သည် သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ ထို့နောက် ဆရာတော်တန် ရုတ်တရက် တုန်ရီသွားပေ၏။
"မျက်လုံးတွေက နည်းနည်းဆင်တယ်... မဟုတ်သေးဘူး... နှာခေါင်းကလည်း ဆင်တယ်... ပိုကြည့်လေ ပိုတူလေပဲ..."
"ဆရာမကု... မီကာမိ ယုအာ အခု ဘယ်မှာလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး..."
(ဆရာမကု = မျက်နှာတစ်ထောင်မြေခွေးကို အလျင်းသင့်သလို သုံးသွားပါမည်။)
"နားလည်ပါပြီ..."
ဆရာမကုသည် အလျင်အမြန် စီစဉ်ဆောင်ရွက်လိုက်လေ၏။ ဆယ်မိနစ်အကြာတွင် သူမက လျင်မြန်စွာ ပြောဆိုလိုက်သည်။
"ကူရာကီယုက ကျိုတိုမှာ ပြိုင်ပွဲရှုံးပြီးတဲ့နောက် ဆေးရုံတက်ခဲ့ရတယ်... ဒါပေမဲ့ မနေ့ကပဲ ဆေးရုံကဆင်းပြီး ကိုယ်ရံတော်တစ်အုပ်နဲ့ ဆာကူရာနိုင်ငံကို ပြန်သွားပြီ..."
“ထူးဆန်းတာက သူရဲ့ဆက်ခံသူ မီကာမိ ယုအာ က ပြန်မလိုက်သွားခဲ့တာပဲ…”
"ငါ ရှာတွေ့ထားတဲ့ အချက်အလက်တွေအရဆိုရင် မီကာမိ ယုအာ က ကျန်းနန်ကို သွားခဲ့ပုံရတယ်... ဒါပေမဲ့ အဲဒီနောက်ပိုင်း ဘယ်သွားလဲဆိုတာတော့ မသိရဘူး..."
"သူများ ဖြစ်နေမလား..."
ဆရာတော်တန်သည် မျှော်လင့်ချက်များစွာ မထားရဲခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မျှော်လင့်ချက် ကြီးမားလေလေ စိတ်ပျက်ရမှုကလည်း ကြီးမားလေလေ ဖြစ်သောကြောင့်ပင်။
ဆရာတော်တန်က ပြောလိုက်သည်။
“ဒါပေမဲ့ မီကာမိ ယုအာ က ဘာလို့ ကျန်းနန်မှာ ပေါ်လာရတာလဲ... သူမလေးက ချန်ကုန်းရွာ ကို သွားတာဖြစ်နေမလား…”
(ဆရာတော်တန် = ဘုန်းကြီးတန် ကိုလည်း အလျင်းသင့်သလို သုံးနှုန်းသွားပါမည် )
"ခန့်မှန်းနေစရာ မလိုတော့ဘူး... ချန်ကုန်းရွာကို သွားရင် သိရမှာပေါ့..."
ချန်ဖုန်းက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်၏။
"တကယ်လို့ အဲဒီမှာ မီကာမိ ယုအာကို တွေ့ခဲ့ရင် ဖြစ်နိုင်ခြေ အရမ်းများသွားပြီ... အထူးသဖြင့် သူမဆီမှာ မွေးရာပါအမှတ် ရှိနေမယ်ဆိုရင်ပေါ့..."
“ဒါဆိုရင် အခြေခံအားဖြင့် သူမရဲ့ သရုပ်မှန်ကို အတည်ပြုနိုင်ပြီပဲလေ…”
"ဒါဆိုရင် အခုပဲ သွားကြရအောင်..."
ဆရာတော်တန်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ပြီး ထိုအမျိုးသမီးကို တွေ့ရန် မစောင့်ဆိုင်းနိုင်တော့ချေ။
"ကားမောင်းသွားတာက အရမ်းနှေးတယ်... သူဌေးဝမ် ဆီ သွားကြရအောင်... သူ့ဆီမှာ ရဟတ်ယာဉ် ရှိတယ်..."
ချန်ဖုန်းသည် ကျန်းနန်၏ အချမ်းသာဆုံးသူဌေး ဝမ်ကျင်း၏ အိမ်သို့ ရောက်ရှိသွားချိန်တွင် တစ်ဖက်လူကလည်း ချန်ဖုန်း ရဟတ်ယာဉ် ငှားလိုကြောင်း ကြားသည်နှင့် တစ်ပြိုင်နက် အလွယ်တကူပင် ပေးလိုက်လေ၏။
သူဌေးဝမ်က ပိုင်းလော့ခ်ကိုပါ ထည့်ပေးလိုက်ပေသည်။ ရဟတ်ယာဉ်တစ်စင်းသာဖြစ်ရာ ကုန်ကျစရိတ် သိပ်မရှိလှချေ။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဆရာတော်တန်အတွက် သူ၏သမီးကို ရှာဖွေနိုင်ရန်က အရေးကြီးဆုံး ဖြစ်ပေ၏။
ချန်ဖုန်းနှင့် အခြားသူများ ရဟတ်ယာဉ်ဖြင့် ချန်ကုန်းရွာသို့ ထွက်ခွာသွားချိန်မှာပင် မီကာမိ ယုအာ သည် ထိုနေရာသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
သူမသည် သူမ၏ နောက်ခံအကြောင်းကို သူမ၏ ဆရာဖြစ်သူထံမှ သိရှိခဲ့ရခြင်း ဖြစ်၏။ ဆရာဖြစ်သူက နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် သူမ၏ မိခင်အရင်းမှာ ဟွာရှနိုင်ငံ ကျန်းနန်ပြည်နယ်ရှိ ချန်ကုန်းရွာမှ ဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ဆိုပေသည်။
မီကာမိ ယုအာ သည် ယခုအခါ ဟွာရှရိုးရာ အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ထားခဲ့၏။ သူမသည် အလွန် အပြစ်ကင်းစင်ပြီး ဖြူစင်သော ရုပ်ရည်မျိုး ရှိနေဆဲပင်။ ဖြစ်နိုင်သည်မှာ သူမက ဂိုကစားခြင်းကို မကြာခဏ ပြုလုပ်လေ့ရှိသောကြောင့် သူမ၏ ဟန်ပန်မှာ အလွန် တိတ်ဆိတ်ငြိမ်သက်ကာ ကျက်သရေရှိနေခြင်း ဖြစ်ပေမည်။
"မင်းက... ရှောင်ဝမ် လား..."
ရွာထဲမှ အဘိုးအိုတစ်ဦးက မီကာမိ ယုအာ ကို မြင်ချိန်တွင် သူ၏ ခေါင်းကို မယမ်းဘဲ မနေနိုင်ခဲ့ချေ။
"မဟုတ်ဘူး... ဝမ်ယွီက အဲဒီတုန်းက သေသွားခဲ့ပြီပဲ...မင်းက... မင်းက သူမရဲ့သမီးများ ဖြစ်နေမလား..."
ဝမ်ယွီနှင့် အခြားသူများမှာ အချင်းချင်း သိကျွမ်းကြလေ၏။ နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မှတ်မိနေသေးဆဲ ဖြစ်ပေသည်။
"ခဏနေဦး... သူမရဲ့သမီးက လူကုန်ကူးသူတွေ ဖမ်းသွားတာခံရတယ် မဟုတ်ဘူးလား... အခု ပြန်တွေ့သွားပြီလား..."
"သူမကို ကြည့်စမ်းပါ... သူမရဲ့ မျက်နှာအသွင်အပြင်က ဝမ်ယွီနဲ့ အရမ်းတူတယ်... သူမက သေချာပေါက် ဝမ်ယွီရဲ့ သမီးပဲ..."
"အဲဒီ သားအမိနှစ်ယောက်က အဲဒီတုန်းက အရမ်း ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာ... တကယ်ကို သနားစရာကောင်းပါတယ်..."
လူတစ်စုက မီကာမိ ယုအာ အား ဝိုင်းရံကာ အဆက်မပြတ် ပြောဆိုနေကြလေ၏။
၎င်းတို့၏ စကားဝိုင်းမှတစ်ဆင့်…
သူမ၏ မိခင်က သူမကို ရှာဖွေရန်အတွက် မိသားစု၏ စုဆောင်းငွေ အားလုံးကို အသုံးပြုခဲ့ကြောင်း မီကာမိ ယုအာ သိရှိခဲ့ရသည်။ နောက်ပိုင်းတွင် အခြားသူများထံမှ ငွေများစွာ ချေးယူခဲ့သေး၏။
သို့သော် လူပင်လယ်ကြီးက ကျယ်ပြောလှပေသည်။ လူကုန်ကူးသူများထံမှ ကိုယ့်သမီးကို ပြန်ရှာရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ပို၍ ခက်ခဲလှလေ၏။
မိခင်ဖြစ်သူသည် နှစ်ပေါင်းများစွာ စိတ်ဓာတ်ကျကာ ဝမ်းနည်းပူဆွေးနေခဲ့ပေသည်။ နောက်ဆုံးတွင် လွမ်းဆွတ်မှုကြောင့် ရောဂါရကာ အိမ်၌ပင် ကွယ်လွန်သွားခဲ့၏။ သူမ၏ အလောင်းထည့်ရန် ခေါင်းတလားကိုပင် ရွာသားများ စုပေါင်းထည့်ဝင်ထားသော ငွေဖြင့် ဝယ်ယူပေးခဲ့ရခြင်း ဖြစ်လေသည်။
မီကာမိ ယုအာ သည် အလွန် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေခဲ့ပေ၏။
ဆရာဖြစ်သူ၏ အဆိုအရ သူမ မွေးစားခံရချိန်တွင် အသက် ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ခန့်သာ ရှိသေးသည်ဟု ဆိုသည်။ သူမသည် အတိတ်က မှတ်ဉာဏ်များအားလုံး ဆုံးရှုံးသွားခဲ့ပြီး သူမ၏ မိခင်အရင်းနှင့် ပတ်သက်သည့် အမှတ်ရမှုများပင် အလွန် ဝေဝါးနေခဲ့လေ၏။
သို့သော်လည်း အဘယ်သို့ပင်ဖြစ်စေ ထိုသူမှာ သူမ၏ မိခင်ပင် ဖြစ်ပေသည်။ သူမက မိခင်ကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သော်လည်း မိခင်ဖြစ်သူမှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရှိလိုက်ရ၏။
နှလုံးကွဲမတတ် မနာကျင်ဘဲ နေရန်မှာ မဖြစ်နိုင်ပေ။ မိခင်ဖြစ်သူ၏ အိမ်မှာ အရှေ့ဘက်တွင် ရှိကြောင်း ရွာသားများထံမှ သိရှိပြီးနောက် မီကာမိ ယုအာ သည် အလျင်အမြန် လျှောက်သွားကာ ပြိုကျပျက်စီးနေသော ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်လေသည်။
ထိုခြံဝင်းထဲတွင် လူမနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်၏။ နေရာတိုင်းတွင် ပင့်ကူအိမ်များနှင့် ဖုန်မှုန့်များ ပြည့်နှက်နေပြီး ခေါင်မိုးနှင့် နံရံများမှာလည်း ပြိုကျပျက်စီးနေပေသည်။
မီကာမိ ယုအာ သည် အထဲသို့ တိတ်ဆိတ်စွာ လျှောက်သွားလိုက်ပြီး သန့်ရှင်းရေး စတင်လုပ်ဆောင်လိုက်၏။ ဤနေရာသည် သူမ ကြီးပြင်းလာခဲ့သည့် နေရာဖြစ်ပြီး သူမ မိခင်၏ ဘဝဖြတ်သန်းမှု လေထုကို ဤနေရာတွင် ခံစားကြည့်ချင်ခဲ့ပေသည်။
သန့်ရှင်းရေး လုပ်ဆောင်ရန် နာရီဝက်ခန့် အချိန်ယူလိုက်ရသည်။ ထိုစဉ် သက်လတ်ပိုင်း အမျိုးသမီးကြီးတစ်ဦးက ပြာယာခတ်နေသော အမူအရာဖြင့် အလျင်အမြန် ဝင်ရောက်လာခဲ့၏။
"ကလေးလေး... မြန်မြန် ထွက်သွားတော့... မဟုတ်ရင် အချိန်နှောင်းသွားလိမ့်မယ်..."
"ဘာဖြစ်လို့လဲ အဒေါ်ကြီးဝမ်..."
မီကာမိ ယုအာ မှာ ခဏတာ မှင်တက်သွားခဲ့ပေသည်။ စောစောက အဒေါ်ကြီးဝမ်သည် သူမအပေါ် အလွန် သဘောကောင်းခဲ့ပြီး သူမ မိခင်၏ အတိတ်အကြောင်းများကို များစွာ ပြောပြခဲ့သေး၏။
သူမ၏ မိခင်သည် ယခင်က အဒေါ်ကြီးဝမ်နှင့် အတော်လေး ရင်းနှီးခဲ့သည်ဟု ဆိုပေသည်။
"အဲဒီတုန်းက မင်းရဲ့အမေက မင်းကိုရှာဖို့ ငွေတွေအများကြီး ချေးခဲ့တာလေ... နောက်ပိုင်း သူသေသွားတော့ အကြွေးက သေသွားတဲ့ အကြွေးဖြစ်သွားတာပေါ့... အခု မင်း ပြန်ရောက်လာပြီဆိုတော့ အကြွေးရှင်တွေက သေချာပေါက် လာတောင်းကြလိမ့်မယ်..."
"ကလေးလေး... မင်း မြန်မြန် ထွက်သွားမှ ရမယ်... သူတို့ကို မင်း အမြင်ခံလို့ လုံးဝ မဖြစ်ဘူး..."
အဒေါ်ကြီးဝမ်က မီကာမိ ယုအာ အား ဆွဲခေါ်လိုက်၏။ သို့သော် ဆွဲလိုက်ချိန်တွင် သူမက မတ်တပ်ရပ်လျက်ပင် ရှိနေသည်ကို တွေ့လိုက်ရပေသည်။
"အဒေါ်ကြီးဝမ်... ဒီငွေတွေကို အဲဒီတုန်းက ကျွန်မအမေ ချေးခဲ့တာဆိုတော့ ကျွန်မ သူ့ကိုယ်စား ပြန်ဆပ်ပေးပါ့မယ်... ကျွန်မဆီမှာ စုဆောင်းငွေ နည်းနည်းပါးပါး ရှိပါသေးတယ်..."
မီကာမိ ယုအာ က သက်ပြင်းတိုးတိုးချလိုက်သည်။ သူမသည် မိခင်ဖြစ်သူ၏ ခြံဝင်းငယ်လေးထဲမှ တကယ်ကို မထွက်သွားချင်ခဲ့ချေ။
၎င်းတို့အနေဖြင့် အကြွေးများကို ထာဝရ ရှောင်ဖယ်နေ၍ မရနိုင်ပေ။
"အို ဘုရားရေ... မင်း... မင်းက အသေးစိတ်ကို မသိလို့ပါ... အဲဒီလူတွေက မင်းထင်သလို ရိုးရှင်းတဲ့သူတွေ မဟုတ်ဘူး..."
အဒေါ်ကြီးဝမ်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေသဖြင့် ဂနာမငြိမ် ဖြစ်နေခဲ့၏။
ထိုစဉ် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။
"ဒီမိန်းမအိုကြီး... မင်းက တကယ်ကို သူများ ကိစ္စတွေကို ဝင်ပါချင်နေတာပဲ... အသက်ရှင်ရတာ ငြီးငွေ့နေပြီလား..."
---