အခန်း ၃၇၃
Vol. 38 Ch. 373
အခန်း (၃၇၃) တွေ့ဆုံခြင်း
ခြံဝင်းငယ်လေးထဲတွင်။
မျောက်ဘုရင်ကြီးသည် မီကာမိ ယုအာ၏ ဆံပင်များကို ဆွဲကိုင်ကာ အပြင်သို့ ဆွဲထုတ်ရန် ပြင်ဆင်နေချိန်၌ နားကွဲမတတ် ဟိန်းဟောက်သံကြီးကြောင့် ရုတ်တရက် လန့်ဖြတ်သွားခဲ့၏။
ဘုန်းကြီးတစ်ပါးသည် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် ရှေ့သို့ ပြေးဝင်လာခဲ့သည်။ တစ်ဖက်လူသည် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များကို ထုတ်လွှင့်နေပေ၏။
သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းက မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာများကို ချန်ရစ်ခဲ့ပြီး ဘုန်းကြီး လုကျီရှန်း နှင့် ခပ်ဆင်ဆင် တူနေသည်ဟု ခံစားရစေသည်။
သူ အလွန် ထိတ်လန့်သွားသဖြင့် မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့လေ၏။
"မြန်မြန်... သူ့ကို တားထားစမ်း..."
မျောက်ဘုရင်ကြီး၏ နောက်ရှိ လူမိုက်များက မျက်မှောင်ကြုတ်လိုက်ကြသည်။
၎င်းတို့သည် ဤနယ်မြေတွင် အမြဲတမ်း မောက်မာကာ ဩဇာလွှမ်းမိုးခဲ့ကြပြီး ပုံမှန်အားဖြင့် ၎င်းတို့ကို ဆန့်ကျင်ရဲသူ အလွန်နည်းပါးလှပေ၏။
ယနေ့ကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လာသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ယခုအချိန်တွင် တွေးတောနေရန် အချိန်မရှိတော့ချေ။ ၎င်းတို့အားလုံး ဘုန်းကြီးဆီသို့ ပြေးဝင်သွားကြလေ၏။
"ဒီထိပ်ပြောင်ဘုန်းကြီးအိုကြီး... ကျောင်းတိုက်မှာ တရားစာရွတ်နေမယ့်အစား တခြားသူတွေရဲ့ ကိစ္စကို ဝင်ပါရဲသေးတယ်ပေါ့လေ..."
"ဟုတ်တယ်... မျောက်ဘုရင်ကြီးရဲ့ ကိစ္စတွေကိုတောင် ဝင်ပါရဲသေးတယ်..."
"ညီအစ်ကိုတို့... သူ့ကို ချစမ်း..."
"..."
ထိုလူစု အနားသို့ ရောက်သွားချိန်မှာပင် ၎င်းတို့သည် ကြီးမားလှသော အင်အားတစ်ခုဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်းပင် နောက်သို့ လွင့်ထွက်သွားကြတော့၏။
ဆရာတော်တန်၏ အမြန်နှုန်းမှာ အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ချေ။ သူသည် မျောက်ဘုရင်ကြီး၏ ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့ပေသည်။
ထို့နောက် လက်ခုံဖြင့် ရိုက်ချလိုက်ခြင်းပင်။ ဘန်းခနဲ အသံနှင့်အတူ မျေက်ဘုရင်ကြီးမှာ ရိုက်ထုတ်ခံလိုက်ရလေ၏။
"ဖြန်း..."
ထိုပါးရိုက်ချက်သည် ဒေါသအပြည့်ဖြင့် ရိုက်ချလိုက်ခြင်း ဖြစ်ပေသည်။ ဆရာတော်တန်သည် သူ၏ အင်အားအချို့ကို ထိန်းသိမ်းထားခဲ့သော်လည်း မျောက်ဘုရင်ကြီးကို လွှမ်းမိုးရန် လုံလောက်နေဆဲ ဖြစ်လေ၏။
သူ၏ မျက်နှာတစ်ခြမ်းလုံး ပျက်စီးသွားပြီး ခန္ဓာကိုယ်မှာလည်း ဘေးဘက်သို့ မီတာ ၂၀ ကျော်ခန့် လွင့်ထွက်သွားတော့သည်။
ထို အဖြစ်က မျောက်ဘုရင်ကြီးကို
အလွန်အမင်း တုန်လှုပ်သွားခဲ့၏။
‘သောက်… အရမ်း မြန်တာပဲ
ဒါက တကယ့်ကို ပြင်းထန်တဲ့ အင်အားပဲ…’ ဟု သူ တွေးလိုက်၏။
မှင်တက်သွားသူမှာ သူတစ်ယောက်တည်း မဟုတ်ချေ။ ဘေးတွင် ရပ်နေသော မီကာမိ ယုအာ မှာလည်း မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့ပေ၏။ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က သူမကို လာရောက်ကယ်တင်မည် အပါအဝင် ဖြစ်နိုင်ခြေများစွာကို သူမ စိတ်ကူးယဉ်ခဲ့ဖူးသည်။
သူမကို လာကယ်မည့်သူက ဘုန်းကြီးတစ်ပါး ဖြစ်လိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
ပြီးတော့ အခုချိန်မှာ ထိုဘုန်းကြီး၏ သူမအပေါ်ကြည့်သည့် အကြည့်က အနည်းငယ် ထူးဆန်းနေပုံရပေ၏။
"သမီး... အဆင်ပြေရဲ့လား... ထိခိုက်ဒဏ်ရာရသွားသေးလား..."
ဆရာတော်တန်၏ တုန်ရီနေသော လက်များက တစ်ဖက်လူ၏ ပခုံးကို ဖက်ထားချင်ခဲ့သော်လည်း ၎င်းက အလွန် ရုတ်တရက်ဆန်လွန်းမည်ဟု ခံစားလိုက်ရသည်။
ခဏတာအတွင်းမှာပင် အဘယ်အရာ လုပ်ရမည်မှန်း မသိဘဲ ထိုနေရာတွင် ရပ်နေခဲ့လေ၏။
"ရှင်..."
မီကာမိ ယုအာက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ တစ်ဖက်လူက အဘယ်ကြောင့် သူမကို သမီးဟု ခေါ်နေမှန်း သူမ မသိခဲ့ချေ။ သူမ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသော်လည်း…
သို့သော် သူက စောစောက သူမကို ကယ်တင်ခဲ့သူဖြစ်သောကြောင့် သူမက အလွန် ယဉ်ကျေးစွာ ပြောဆိုလိုက်၏။
"ဆရာတော်... ရှင် လူမှားနေတာ ဖြစ်ရမယ်... စောစောက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"သူ့ကို 'ဆရာတော်' လို့ မခေါ်နဲ့... 'အဖေ' လို့ ခေါ်သင့်တယ်..."
ချန်ဖုန်းသည် ဆရာမကုနှင့်အတူ လျှောက်လာကာ ပြောလိုက်သည်။
သူသည် စောစောက ဖြစ်ပျက်ခဲ့သမျှကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့် သူ ချန်ကုန်းရွာ သို့ အချိန်မီ ရောက်ရှိလာခဲ့၏။
မဟုတ်ပါက မီကာမိ ယုအာ သည် သေချာပေါက် ပြဿနာကြီး တွေ့ပေလိမ့်မည်။
"ရှင်ပါလား..."
မီကာမိ ယုအာ သည် ချန်ဖုန်း ခုနက ပြောခဲ့သည့် စကားကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ ချန်ဖုန်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားလေ၏။
နောက်ဆုံးအကြိမ် ဂိုကစားစဉ်က သူမ၏ ဆရာဖြစ်သူ ကူရာကီယုကို သွေးအန်ပြီး ဆေးရုံတက်ရသည်အထိ ဒေါသထွက်စေခဲ့သူမှာ ဤလူပင် ဖြစ်ပေသည်။
‘အဲဒီတုန်းက လေဆိပ်မှာ ဆရာ့ကို ပါးရိုက်ခဲ့တာလည်း ဒီလူပဲလေ…’
မီကာမိ ယုအာ သည် မူလက ဆရာတော်တန်အပေါ် အလွန် ကျေးဇူးတင်နေခဲ့၏။ မည်သို့ပင်ဆိုစေ တစ်ဖက်လူက သူမကို အခက်အခဲထဲမှ ကယ်တင်ပေးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ယခုအခါ ထိုနှစ်ဦးမှာ ပူးပေါင်းနေကြသည်ကို မြင်လိုက်ရသဖြင့် ဆရာတော်တန်အပေါ် ကြည့်သော သူမ၏ အကြည့်များတွင်လည်း ရန်လိုမှု အရိပ်အယောင်အချို့ ပါဝင်လာခဲ့လေသည်။
မလှမ်းမကမ်းတွင်။
မျောက်ဘုရင်ကြီးနှင့် သူ၏ အပေါင်းအပါများသည် မြေပြင်ပေါ်မှ တိတ်တဆိတ် ထလာကြသည်။ ၎င်းတို့ရှေ့ရှိ လူများမှာ ရှင်းလင်းစွာပင် လူကောင်းများ မဟုတ်ကြချေ။ ၎င်းတို့ ထွက်ပြေးရန် ပြင်လိုက်ချိန်မှာပင် ဓားမြှောင်တစ်လက်က လျှပ်စီးအလား ပစ်လွှတ်ခံလိုက်ရ၏။
၎င်းက မျောက်ဘုရင်ကြီး၏ လက်ဝါးထဲသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့ကာ သူ၏ လက်မှာ မြေပြင်နှင့် တွဲရက် ပူးကပ်သွားတော့၏။
နာကျင်မှုကြောင့် မျောက်ဘုရင်ကြီးမှာ အသက်ရှူကြပ်သွားခဲ့လေသည်။
"မင်း ထပ်လှုပ်ရဲရင် လှုပ်ကြည့်... မင်းကို ငါ အသေလုပ်ပစ်မယ်ဆိုတာ ယုံလိုက်စမ်းပါ..."
ချန်ဖုန်း၏ ပါးစပ်မှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာရာ မျောက်ဘုရင်ကြီးနှင့် အခြားသူများကို ချက်ချင်းပင် သေလုမတတ် ဖြူလျော့သွားစေခဲ့ပေ၏။
၎င်းတို့ ထပ်မလှုပ်ရဲတော့ချေ။
‘သူတို့နှစ်ယောက်လုံးက ကျွမ်းကျင်သူတွေချည်းပဲ... ငါတို့ အကုန်လုံး ပေါင်းတိုက်ရင်တောင် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး…’ဟု သူတို့တွေးတောလိုက်သည်။
ချန်ဖုန်းက ဖြည်းညင်းစွာ ရှေ့သို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူက အဒေါ်ကြီးဝမ်အား မြေပြင်ပေါ်မှ ထူပေးကာ ပြောလိုက်၏။
"အဒေါ်ကြီး... ဒုက္ခပေးမိတဲ့အတွက် အရမ်း အားနာပါတယ်... ကျွန်တော့်ဆီမှာ အရောင်ကျစေနိုင်တဲ့ ဆေးတစ်ဘူး ရှိတယ်... အဲဒါ ယူသုံးလိုက်ပါ..."
ချန်ဖုန်းသည် အိတ်ကပ်ထဲမှ အမာရွတ်ပျောက်ဆေး တစ်ဘူးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။ ထိုဆေးမှာ အမာရွတ်များကို ဖယ်ရှားပေးနိုင်ပြီး နီရဲရောင်ရမ်းခြင်းများအတွက်လည်း အလွန် ထိရောက်လှပေ၏။
"မဟုတ်ပါဘူး... သိပ်မပြင်းထန်ပါဘူး..."
ချန်ဖုန်းတို့၏ အဝတ်အစားများနှင့် စကားပြောဆိုမှုများမှတစ်ဆင့် ချန်ဖုန်းတို့က မြို့မှ လာကြခြင်းဖြစ်ကြောင်း အဒေါ်ကြီးဝမ် သိရှိနိုင်ခဲ့သည်။
ထို့အပြင် သူတို့က ဝမ်ယွီ၏ ကလေးကိုလည်း သိပုံရပေ၏။
ချန်ဖုန်းသည် ဆရာမကုထံမှ နောက်ထပ် ငွေသား ယွမ် ငါးထောင်ကို ယူကာ အဒေါ်ကြီးဝမ်၏ အိတ်ကပ်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။ ဤသည်မှာ မီကာမိ ယုအာ အား သူမ ကူညီပေးခဲ့ခြင်းအတွက် ကျေးဇူးဆပ်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။
အဒေါ်ကြီးသည် အစပိုင်းတွင် မယူလိုခဲ့ချေ။ ချန်ဖုန်းက အတင်းအကျပ် ပေးမှသာ သူမက ငွေကို လက်ခံလိုက်ပြီး ကျေးဇူးတင်စကား ပြောကာ အလျင်အမြန် ထွက်သွားတော့၏။
ဤအချိန်၌ ချန်ဖုန်းသည် မီကာမိ ယုအာကို ကြည့်ကာ စကားပြောစရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။
"ငါတို့က မင်းကိုရှာဖို့ ချန်ကုန်းရွာ အထိ ခရီးနှင်လာခဲ့ရပြီး မင်းရဲ့ အခက်အခဲကိုတောင် ကူညီဖြေရှင်းပေးခဲ့သေးတယ်...ဒါက မင်း ငါတို့ကို ဆက်ဆံတဲ့ ပုံစံလား..."
"ကျွန်မ..."
မီကာမိ ယုအာ၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် အနည်းငယ် နူးညံ့သွားခဲ့ပေ၏။
သူမက သက်ပြင်းချကာ ပြောဆိုလိုက်သည်။
"ကျွန်မဆီက ဘာလိုချင်လို့လဲ…
ဂိုကစားချင်လို့လား…”
“ချန်ဖုန်း... ရှင်က ကျွန်မရဲ့ဆရာ ကူရာကီယုကိုတောင် အနိုင်ယူပြီးပြီပဲ... ဘာလို့ ကျွန်မကို အရှက်ခွဲဖို့ ဒီကို ရောက်လာရတာလဲ…”
သူမသည် ချန်ဖုန်းနှင့် မည်သည့် အဆက်အသွယ်မျှ မရှိခဲ့ချေ။ သူမ ဖြတ်သန်းခဲ့ဖူးနိုင်သည့် တစ်ခုတည်းသော အရာမှာ ဂိုကစားခြင်းသာ ဖြစ်ပေသည်။
ထို့ကြောင့် မီကာမိ ယုအာ၏ အမြင်တွင်…
တစ်ဖက်လူက ဂိုကစားခြင်းကြောင့်သာ သူမကို ဆက်သွယ်ခဲ့ခြင်း ဖြစ်ပေမည်။
ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်၏။
"ငါ မင်းကို မေးခွန်းတစ်ခု မေးချင်တယ်... မင်းရဲ့ ရင်ဘတ်ပေါ်မှာ မွေးရာပါအမှတ် ရှိလား..."
"ခွေးကောင်..."
မီကာမိ ယုအာ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"ချန်ဖုန်း... ရှင်က တကယ်ကြီး ကျွန်မကို ချောင်းကြည့်ခဲ့တာလား..."
“ဒါဆို တကယ်ပဲ မွေးရာပါအမှတ် ရှိနေတာပေါ့…”
ချန်ဖုန်းက ရယ်မောလိုက်ပြီး သူ၏ဘေးရှိ ဆရာတော်တန်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"ငါ မင်းကို ချောင်းမကြည့်ခဲ့ပါဘူး... ပြီးတော့ မင်းနဲ့ ယှဉ်ပြိုင်ဖို့ ဒီကို ရောက်လာတာလည်း မဟုတ်ဘူး... ငါ မင်းအတွက် အဖေတစ်ယောက် ရှာပေးထားတယ်..."
"ကြည့်လိုက်... သူက မင်းရဲ့ အဖေပဲ..."
"ဘာ..."
မီကာမိ ယုအာ အနည်းငယ် မှင်တက်သွားခဲ့ပေသည်။
တစ်ဖက်လူ ပြောသည့်အဓိပ္ပာယ်ကို သူမ နားမလည်ခဲ့ပုံရ၏။
ဆရာတော်တန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး မီကာမိ ယုအာအား စိတ်အားထက်သန်စွာ ကြည့်ကာ ပြောဆိုလိုက်သည်။
"သမီး... အဖေက တကယ်ကို သမီးရဲ့ အဖေပါ... ဒီနှစ်တွေတစ်လျှောက်လုံး အဖေ သမီးကို ရှာနေခဲ့တာ..."
“အဖေ ဘာပဲလုပ်လုပ် သမီးရဲ့ အချက်အလက်တွေကို ရှာလို့ မတွေ့ခဲ့ဘူး...လွန်ခဲ့တဲ့ နှစ်တွေတုန်းက မတော်တဆမှုတစ်ခုကြောင့် သမီးရဲ့အမေမှာ ကိုယ်ဝန်ရှိသွားခဲ့တယ်... ဒါပေမဲ့ သူမက အဖေ့ကို တစ်ခါမှ မပြောခဲ့သလို လာလည်းမတွေ့ခဲ့ဘူး…”
“အဲဒီအကြောင်းကို အဖေ သိလိုက်ရတဲ့အချိန်မှာ သူမက သေဆုံးနေပြီလေ...ဒီနှစ်တွေတစ်လျှောက်လုံး အဖေက သမီးတို့ သားအမိအပေါ် အမှားလုပ်ခဲ့တယ်ဆိုတာ အဖေ သိပါတယ်…”
“အဖေ့ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို အဲဒီတုန်းက လုပ်ခဲ့တဲ့ အမှားတွေအတွက် ပေးဆပ်ဖို့ အသုံးပြုချင်ပါတယ်... အဖေ့ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ပေးနိုင်မလား…”
"ကျွန်မ..."
မီကာမိ ယုအာ သည် သူမ၏ စိတ်ထဲတွင် လုံးလုံးလျားလျား ကမောက်ကမ ဖြစ်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူမက နောက်ဆုံးတော့ ဇာတိရွာကို ပြန်ရောက်လာခဲ့လေပြီ။
သို့သော် မိခင်ဖြစ်သူမှာ သေဆုံးသွားပြီဖြစ်ကြောင်း သူမ သိရှိလိုက်ရသည်။
ယခုအခါ နောက်ထပ် ဖခင်တစ်ဦး ရုတ်တရက် ပေါ်လာခဲ့ရာ တကယ်ကို လက်ခံရန် ခက်ခဲလှပေ၏။
"ရှင်... ရှင်က ကျွန်မရဲ့ အဖေဆိုတာ ဘယ်လို သက်သေပြနိုင်မလဲ..."
"ဒီအင်န်အေ စစ်ဆေးမှု လုပ်လို့ ရပါတယ်..."
ဆရာတော်တန်က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
"အခုပဲ ဆေးရုံကို သွားကြရအောင်... ခေတ်သစ် ဆေးပညာက အရမ်း အဆင့်မြင့်နေပြီ... ငါတို့ရဲ့ ဆွေမျိုးတော်စပ်မှုကို သူတို့က အမြန်ဆုံး အတည်ပြုပေးနိုင်လိမ့်မယ်..."
စကားပြောနေစဉ်မှာပင်...
မီကာမိ ယုအာ၏ လည်ပင်းတွင် ဆွဲကြိုးတစ်ကုံး ဆွဲထားသည်ကို သူ ရုတ်တရက် သတိပြုမိသွားခဲ့၏။
သူမှာ ထပ်မံ၍ မယုံနိုင်လောက်အောင် လှုပ်ရှားသွားပြန်သည်။
"ဒါက အဲဒီတုန်းက မင်းအမေကို ငါ ပေးခဲ့တာလေ... သေချာကြည့်လိုက်... အထဲမှာ 'တန်' ဆိုတဲ့ စာလုံးသေးသေးလေး ပါတယ်..."
ထိုစကားကို ကြားသောအခါ မီကာမိ ယုအာ တုန်ရီသွားတော့၏။
သူမသည် ထိုဆွဲကြိုးကို ငယ်စဉ်ကတည်းက လည်ပင်းတွင် ဆွဲထားခဲ့ပြီး ဆရာဖြစ်သူက မွေးစားပြီးချိန်မှစ၍ ယခုတိုင် ဆွဲထားခဲ့ခြင်း ဖြစ်ပေသည်။
ဒီနှစ်တွေတစ်လျှောက်လုံး သူမလောက် ဒီဆွဲကြိုးအကြောင်းကို သေချာသိတဲ့သူ မရှိပါချေ။...၎င်းပေါ်တွင် 'တန်' ဆိုသည့် စာလုံး အမှန်တကယ် ပါရှိလေ၏။
သူမက ဆရာတော်တန်အား ရုတ်တရက် လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ အတော်လေး ရှုပ်ထွေးနေခဲ့ပေသည်။
‘သူက တကယ်ပဲ ငါ့ရဲ့ အဖေများ ဖြစ်နေမလား…’