← Chapters

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း (၃၇၄) ဒီအင်န်အေ စစ်ဆေးမှု

မီကာမိ ယုအာသည် ဆရာတော်တန်၏ သရုပ်မှန်ကို အလွန် သံသယဝင်နေခဲ့သော်လည်း သူမ၏ နှလုံးသားထဲတွင် တစ်ဝက်ခန့် လက်ခံထားပြီး ဖြစ်ပေ၏။

အထူးသဖြင့် စောစောကပင် ဖြစ်သည်။

သူမကို မျောက်ဘုရင်ကြီး အနိုင်ကျင့်နေသည်ကို တစ်ဖက်လူ မြင်တွေ့လိုက်ရချိန်တွင် သူ၏ ဒေါသများကို ဖုံးကွယ်ထား၍ မရနိုင်ခဲ့ချေ။

‘သူက ငါ့ကို တကယ် ဂရုစိုက်တာပဲ…’

ထို့အပြင် ဆရာတော်တန်ထံမှ သွေးသားတော်စပ်မှုကြောင့် ဖြစ်ပေါ်လာသည့် ရင်းနှီးကျွမ်းဝင်သော ခံစားချက်မျိုးကိုလည်း သူမ ခံစားမိနေပေ၏။

"ကြာပါပြီ..."

ဆရာတော်တန်က သူ၏ လက်များကို ပွတ်သပ်လိုက်ပြီး သတိထားကာ ပြောဆိုလိုက်၏။

"သမီးရဲ့ နာမည်မှာ 'ယု' ဆိုတဲ့ စာလုံး ပါတယ်... အခု အဖေ သမီးကို ရှာတွေ့ပြီဆိုတော့ သမီးက အဖေ့ရဲ့ သမီး... ဒီအဖိုးကြီး တန် ရဲ့ သမီးပဲ…”

"ဒီကနေ့ကစပြီး သမီးရဲ့ နာမည်က တန်ယိုယို ဖြစ်သွားပြီ..."

"စိတ်မပူပါနဲ့... အဖေ့မှာ အသက်ရှူနေနိုင်သရွေ့ သမီးကို ဘယ်သူမှ အနိုင်ကျင့်ခွင့် ပေးမှာ မဟုတ်ဘူး..."

"တန်ယိုယို..."

မီကာမိ ယုအာက ထိုနာမည်ကို တီးတိုးရေရွတ်လိုက်သည်။

ဆယ်နှစ်ကျော်ကြာ သူမနှင့်အတူ ရှိနေခဲ့သော နာမည်ကို ယခုမှစ၍ ပြောင်းလဲရတော့မည် ဖြစ်ပုံရပေ၏။

"ကောင်းပြီ... တကယ်လို့ ဒီအင်န်အေ စစ်ဆေးမှုကနေ ကျွန်မက တကယ်ပဲ ရှင့်ရဲ့ သမီးဆိုတာ သက်သေပြနိုင်ရင် ဒီကနေ့ကစပြီး ကျွန်မကို တန်ယိုယို လို့ပဲ ခေါ်တော့မယ်..."

တကယ်တမ်းတွင် ဆာကူရာနိုင်ငံ၌ ဖြတ်သန်းခဲ့ရသော ဤနှစ်များအတွင်း…

အခြားလူများတွင် မိဘများ ရှိနေသည်ကို မြင်တွေ့ရချိန်တိုင်း မိသားစုမေတ္တာကို သူမ ခံစားချင်ခဲ့ပေသည်။

"အရမ်းကောင်းတယ်... အရမ်းကောင်းတယ်... ငါ့မှာ သမီးလေး ရှိနေပြီ... နောက်ဆုံးတော့ ငါ့မှာ သမီးလေး ရှိလာပြီကွ..."

ဆရာတော်တန်က အားရပါးရ ရယ်မောလိုက်လေ၏။

သူသည် တစ်ဖက်လူ၏ သရုပ်မှန်ကို အတည်ပြုပြီးဖြစ်ရာ ဒီအင်န်အေ စစ်ဆေးမှု ပြုလုပ်သည်ဖြစ်စေ၊ မပြုလုပ်သည်ဖြစ်စေ ရလဒ်မှာ အတူတူပင် ဖြစ်ပေလိမ့်မည်။

ချက်ချင်းဆိုသလိုပင် အသေးစိတ် အချက်အလက်များကို ပိုမိုသိရှိနိုင်ရန် သူက မီကာမိ ယုအာနှင့် စကားပြောဆိုခဲ့၏။

ထို့နောက် သူ၏ အကြည့်များက မြေပြင်ပေါ်တွင် လဲကျနေသော မျောက်ဘုရင်ကြီး အပေါ်သို့ ရုတ်တရက် ကျရောက်သွားပြီး သူ၏ လေသံမှာ အေးစက်သွားခဲ့သည်။

"ခုနက ငါ့သမီးကို အနိုင်ကျင့်တာ မင်းပဲ မဟုတ်လား..."

"မဟုတ်ပါဘူး... မဟုတ်ပါဘူး..."

မျောက်ဘုရင်ကြီးမှာ ထိတ်လန့်လွန်းသဖြင့် သေလုမတတ် ဖြူလျော့သွားခဲ့ပေ၏။

ဆရာတော်တန်ထံမှ ထွက်ပေါ်လာသော အားကောင်းသည့် ဖိအားကြောင့် အသက်ရှူရန်ပင် ခက်ခဲလာသည်ကို သူ ခံစားလိုက်ရသည်။

"ဆရာတော်... ဆရာတော် စိတ်လိုက်မာပါ မလုပ်ပါနဲ့..."

"ဆရာတော်က ဘုန်းကြီးတစ်ပါးလေ... လူသတ်လို့ မရဘူး... သီလဖောက်ဖျက်လို့ မရဘူးနော်..."

"ငါ့သမီးအတွက် သီလဖောက်ဖျက်ရတော့ရော ဘာဖြစ်လဲ..."

ဆရာတော်တန်က ခြေလှမ်းမှန်မှန်ဖြင့် တဖြည်းဖြည်း ချဉ်းကပ်သွားလေ၏။

ထိုနောက် ရုတ်တရက် ခြေတစ်ဖက်က ဖိနင်းချလိုက်သည်။

မျောက်ဘုရင်ကြီး၏ လက်မှာ ကြေမွသွားကာ သွေးသံရဲရဲ ဖြစ်သွားပြီးနောက် စူးရှသော အော်ဟစ်သံကြီး ချက်ချင်း ထွက်ပေါ်လာခဲ့ပေ၏။

အခြားသူများမှာမူ အလွန်အမင်း ထိတ်လန့်သွားကြတော့သည်။

‘တကယ်ကို ရက်စက်တဲ့ လုပ်ရပ်ပဲ…’

"ဆရာတော်... ကျွန်တော့်ကို လွှတ်ပေးပါ... နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး..."

မျောက်ဘုရင်ကြီးသည် နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ ဓားမြှောင်စိုက်နေသော သူ၏ အခြားလက်တစ်ဖက်ကို ဆွဲနုတ်လိုက်၏။

ထို့နောက် သူက မီကာမိ ယုအာ၏ ဘဏ်ကတ်ကို ကမ်းပေးလိုက်ပြီး ပြောဆိုလိုက်သည်။

"ဒါက မစ်တန် ရဲ့ ကတ်ပါ... အဲဒီထဲက ပိုက်ဆံ တစ်ပြားကိုမှ ကျွန်တော် မထိရသေးပါဘူး... အား... ဆရာတော်ရဲ့ ကြီးမြတ်မှုကို ကျွန်တော် မျက်ကန်းဖြစ်ပြီး မမြင်ခဲ့မိလို့ပါ..."

"ကျွန်တော်က သေသင့်တဲ့သူပါ... ကျွန်တော့် အသက်ကို ချမ်းသာပေးဖို့ပဲ တောင်းပန်ပါတယ်..."

သူ တကယ်ကို ကြောက်ရွံ့နေခဲ့ပြီ ဖြစ်လေ၏။

"မင်း အသက်ကို ချမ်းသာပေးရမယ်..."

ဘုန်းကြီးများသည် ဘာသာရေးသမားများ ဖြစ်ကြသော်လည်း...

သူက သာမန်ဘုန်းကြီးတစ်ပါး မဟုတ်ဘဲ အခြေအနေ အမျိုးမျိုးကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်ပေသည်။

သူ၏ လက်များသည်လည်း သွေးများဖြင့် စွန်းထင်းနေခဲ့ဖူး၏။

"တကယ်လို့ ငါတို့သာ အချိန်မီ မရောက်လာခဲ့ရင် မင်း ငါ့သမီးကို ဘယ်လိုတောင် အနိုင်ကျင့်မလဲဆိုတာ ငါ မသိဘူး..."

"မင်း တခြားသူတွေကို ထပ်ပြီး အနိုင်ကျင့်နိုင်အောင် ငါက မင်းကို အသက်ချမ်းသာပေးရမှာလား..."

"ပြီးတော့... အဲဒီတုန်းက ချေးခဲ့တဲ့ ယွမ် သုံးထောင်က အခု ယွမ် တစ်သန်းတောင် ဖြစ်သွားပြီတဲ့လား..."

"မင်းတို့လို အတိုးကြီးစားတွေက လူ့အဖွဲ့အစည်းရဲ့ အမှိုက်တွေပဲ... မင်းတို့ကို မသတ်ရင် ငါ ဘယ်သူ့ကို သတ်ရမှာလဲ..."

စကားပြောနေစဉ်မှာပင်...

နောက်ထပ် ဖိနင်းချက်တစ်ခု ကျရောက်လာခဲ့ပြန်သည်။

မျောက်ဘုရင်ကြီး၏ အခြားလက်တစ်ဖက်မှာလည်း နင်းချေခံလိုက်ရပြီး သွေးသံရဲရဲ ဖြစ်သွားတော့၏။

ဆရာတော်တန်က တစ်ဖက်လူကို သတ်ပစ်ရန် ပြင်လိုက်ချိန်မှာပင် ချန်ဖုန်းက သူ့ကို ရုတ်တရက် တားဆီးလိုက်ပြီး မီကာမိ ယုအာကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်လေသည်။

"ခင်ဗျားရဲ့ သမီးက ဒီလို သွေးထွက်သံယို မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးဘူးလေ..."

ဆရာတော်တန်မှာ လန့်ဖြတ်သွားခဲ့၏။

သူသည် သူ၏ သမီးအတွက် လက်စားချေရန်သာ အာရုံစိုက်နေခဲ့ပြီး ဤကိစ္စကို တကယ်ပင် မေ့လျော့နေခဲ့ပေသည်။

"သွားကြရအောင်... ကျွန်တော် စစ်ဘက်ဆိုင်ရာဌာန ကို ဖုန်းဆက်ပြီးပြီ... ကျန်းနန်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာဌာန က လူတွေ မကြာခင် ရောက်လာလိမ့်မယ်... သူတို့ ကိုင်တွယ်ပေးလိမ့်မယ်..."

ချန်ဖုန်းက လက်ဝှေ့ယမ်းပြကာ ပြောလိုက်ပြီး သူတို့အဖွဲ့သည် ဖြည်းညင်းစွာ ထွက်ခွာသွားကြလေ၏။

ဆရာတော်တန်သည် ၎င်းတို့ကို မသတ်ခဲ့သော်လည်း ထိုရိုက်နှက်မှု ဒဏ်ရာများက ဤလူမိုက်များကို တစ်သက်လုံး အိပ်ရာထဲ လဲနေစေရန် လုံလောက်လှပေသည်။

ထို့အပြင်...မျောက်ဘုရင်ကြီးနှင့် သူ၏အဖွဲ့ လုပ်ဆောင်ခဲ့သော အရာအများစုမှာ ဥပဒေကို ချိုးဖောက်ထားခြင်း ဖြစ်ပေ၏။

နောက်ကွယ်တွင် မသမာသော ကိစ္စအချို့ သေချာပေါက် ရှိနေမည် ဖြစ်သည်။ ၎င်းတို့ကို ဖော်ထုတ်လိုက်သည်နှင့် သူသည် သူ၏ ဘဝတစ်သက်တာလုံး ထောင်ထဲမှ ထွက်ခွင့်ရတော့မည် မဟုတ်ဘဲ သူ၏ ဖခင်ပင်လျှင် ပါဝင်ပတ်သက်နေပေလိမ့်မည်။

မီကာမိ ယုအာသည် မူလက မိခင်ဖြစ်သူ၏ အိမ်တွင် အချိန်အနည်းငယ် ပိုကြာအောင် နေထိုင်ရန် စီစဉ်ထားခဲ့သော်လည်း ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများပြီးနောက် သူမ ဆက်လက်နေထိုင်ရန် သေချာပေါက် မဖြစ်နိုင်တော့ချေ။

သူမသည် အထဲသို့ဝင်ကာ အဟောင်းအချို့ကို သိမ်းဆည်းပြီးနောက် ထွက်ခွာလာခဲ့လေသည်။

လမ်းခရီးတွင်...

ချန်ဖုန်းက ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

"ဘုန်းကြီး... ခင်ဗျားရဲ့ သမီးကို လူကုန်ကူးသူတွေ ဖမ်းသွားတုန်းက အဲဒါ အဇူရာနန်းတော် ရဲ့ အရင်နန်းတော်သခင် ပိုင်ရိဟန် ရဲ့ အကြံအစည် ဖြစ်နိုင်တယ်လို့ ခင်ဗျား တစ်ခါလေးများ တွေးဖူးလား..."

"ဘာအဓိပ္ပာယ်လဲ..."

ဆရာတော်တန်၏ နှလုံးသား လှုပ်ရှားသွားခဲ့သည်။

ချန်ဖုန်းက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။

"ဒါက ကျွန်တော့်ရဲ့ ခန့်မှန်းချက် သက်သက်ပါ... အဲဒီတုန်းက ခင်ဗျားရဲ့ သမီး ဘယ်မှာရှိလဲဆိုတာ သူ သိနေလို့ သူ့ကို ကျန်းမာရေး ပြန်ကောင်းလာအောင် လက်ခံကုသပေးခဲ့တယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်ဘူးလား...သူက ခင်ဗျားရဲ့ သမီးကို တမင်သက်သက် လူကုန်ကူးခံရအောင် လုပ်ခဲ့တာ ဖြစ်နိုင်တယ်..."

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ဆရာတော်တန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

ပိုင်ရိဟန်သည် လွန်ခဲ့သော ငါးနှစ်က ဒဏ်ရာများမှ သက်သာလာခဲ့ခြင်းဖြစ်ပြီး သူ၏ သမီးမှာမူ လွန်ခဲ့သော ဆယ့်ငါးနှစ်က လူကုန်ကူးသူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ပေ၏။

တစ်ဖက်လူက လွန်ခဲ့သော ဆယ့်ငါးနှစ်ကတည်းက ၎င်းအတွက် ထွက်ပေါက်တစ်ခုကို ကြိုတင်စီစဉ်ထားခဲ့ခြင်းများ ဖြစ်နေနိုင်မလား။

“ဘာမှမဖြစ်နိုင်ဘူး ဆိုတာ မရှိဘူးလေ…”

ချန်ဖုန်းက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

"ခင်ဗျားရဲ့ ဆဌမအာရုံကို မယုံကြည်ဘူးလား... အဲဒီကောင်က သူ ဒဏ်ရာရတော့မယ်ဆိုတာကို ကြိုသိနေပြီး ထွက်ပေါက်တစ်ခု လိုအပ်နေတာ ဖြစ်နိုင်တယ်...ဒါကြောင့် ကြိုတင် အစီအစဉ်တွေ ချထားခဲ့တာပေါ့..."

"ဒါပေမဲ့ သူက ကျွန်တော့်လက်ထဲမှာ သေသွားလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး..."

စကားပြောနေရင်းဖြင့်...

အနောက်မှ လိုက်ပါလာသော မီကာမိ ယုအာကို ချန်ဖုန်း လှမ်းကြည့်လိုက်၏။

"ပြီးတော့... မင်းရဲ့ဆရာ ကူရာကီယု က မင်းရဲ့ နောက်ခံအကြောင်းကို သိသွားကတည်းက ဘာလို့ မင်းကို စောစောစီးစီး ပြန်မလာခိုင်းခဲ့တာလဲ..."

"ဘာလို့ ဒီလိုအချိန်မျိုးကျမှ ဟွာရှနိုင်ငံကို ပြန်လွှတ်လိုက်ရတာလဲ... ပြီးတော့ မင်းရဲ့ နောက်ခံအကြောင်းကိုပါ တမင်သက်သက် ပြောပြလိုက်သေးတယ်...သူ့မှာရော တခြား ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် တစ်ခုခု ရှိနေမလား..."

"မဖြစ်နိုင်ဘူး..."

မီကာမိ ယုအာက ဒေါသတကြီး ပြောဆိုလိုက်သည်။

"ကျွန်မရဲ့ ဆရာက မကြာသေးခင်ကမှ ကျွန်မရဲ့ နောက်ခံအကြောင်းကို သိသွားခဲ့တာ... သူ ကျွန်မကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်သလို တခြား ရည်ရွယ်ချက်တွေလည်း ရှိနိုင်မှာ မဟုတ်ဘူး..."

"ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မရဲ့ ဆရာတွေသာ မရှိခဲ့ရင် ကျွန်မ ငတ်သေသွားတာ ကြာလှပြီ..."

"ကောင်းပြီလေ... မင်းက မဟုတ်ဘူးပြောရင်လည်း မဟုတ်ဘူးပေါ့..."

ချန်ဖုန်းက သူ၏ လက်ကို ဝှေ့ယမ်းပြကာ ပြောလိုက်၏။

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက မည်သည့် ပြဿနာမျှ ဖန်တီးနိုင်မည် မဟုတ်ချေ။

သူတို့အဖွဲ့သည် ရဟတ်ယာဉ်ပေါ်သို့ အလျင်အမြန် တက်ရောက်ကာ ကျန်းနန်ဆီသို့ ပျံသန်းသွားကြလေသည်။

[ဒင်... ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ဗီဒီယိုတာဝန် ပြီးမြောက်သွားပါပြီ... ဆုချီးမြှင့်မှု - စနစ်ပွိုင့် ၃၀၀]

[ဒင်…ပိုင်ရှင်၏ လက်ရှိ ကျန်ရှိနေသော စနစ်ပွိုင့် - ၃၇,၁၀၀]

[ဒင်... ပိုင်ရှင်သည် ဗီဒီယိုတာဝန် ပြီးမြောက်ရေးတွင် ပါဝင်ခဲ့သောကြောင့် စနစ်၏ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလ ပြောင်းလဲသွားပါပြီ... ယခုအခါ ၁၃၉၀ ခုနှစ်မှ ၂၁၀၅ ခုနှစ်အတွင်း မည်သည့် အဖြစ်အပျက်ကိုမဆို ကြိုတင်ခန့်မှန်းနိုင်ပါပြီ]

ချန်ဖုန်းက စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်၏။ အချိန်ကာလ ပြောင်းလဲသွားပြန်လေပြီ။

သို့သော် သူက ၎င်းကို သိပ်ဂရုမစိုက်ခဲ့ချေ။

သို့သော်လည်း မကြာသေးမီက စနစ်မှ ပြသနေသော ဗီဒီယိုများမှာ အတော်လေး သာမန်ဖြစ်နေပုံရပေသည်။ သူ၏ အမှတ်အသားနှင့် အဆင့်အတန်းများ ပြောင်းလဲသွားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။

ဗီဒီယိုအချက်အလက် အချို့မှာ သက်ဆိုင်မှု မရှိတော့ချေ။

မကြာမီမှာပင်...

ရဟတ်ယာဉ်သည် ကျန်းနန်သို့ ရောက်ရှိသွားလေသည်။

ဆရာတော်တန်သည် မီကာမိ ယုအာအား ဆေးရုံသို့ ချက်ချင်း ခေါ်ဆောင်သွားပြီး ၎င်းတို့နှစ်ဦးစလုံး ဒီအင်န်အေ စစ်ဆေးမှု ခံယူခဲ့ကြပေသည်။

ကျန်းနန်တွင် အသုံးပြုသော စစ်ဆေးမှုနည်းပညာမှာ အလွန် အဆင့်မြင့်မားလှသည်။

ရလဒ်များမှာ အလွန် လျင်မြန်စွာ ထွက်ပေါ်လာခဲ့၏။ နာရီအနည်းငယ်သာ ကြာမြင့်ပြီး သာမန်နည်းလမ်းများထက် အဆများစွာ ပိုမိုမြန်ဆန်ပေသည်။

မျှော်လင့်ထားသည့်အတိုင်းပင်…

ရလဒ်များအပေါ် အခြေခံ၍ ကြည့်မည်ဆိုပါက ဆရာတော်တန်နှင့် မီကာမိ ယုအာတို့မှာ အမှန်တကယ်ပင် သားအဖဖြစ်ကြောင်း ပေါ်လွင်နေပေ၏။

မီကာမိ ယုအာသည် နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားတော့သည်။

"ဘုန်းကြီး... ခင်ဗျားရဲ့ သမီးကို ကျွန်တော် ရှာပေးပြီးပြီနော်... အခုကစပြီး ခင်ဗျားက အဇူရာနန်းတော် ရဲ့ လူပဲ..."

ချန်ဖုန်းက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဤအရောင်းအဝယ်က အကျိုးအမြတ် ရှိနေဆဲပင်။

"စိတ်မပူပါနဲ့... ငါ့စကားကို ငါ ဘယ်တော့မှ ဖျက်မှာ မဟုတ်ဘူး..."

ဆရာတော်တန်မှာလည်း အလွန် ပျော်ရွှင်နေခဲ့သည်။

ယခုအခါ သူသည် သူ၏ သမီးအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ပေးရန် ဆန္ဒရှိနေလေပြီ။

---

All Chapters