← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

(163)

“ဘာလဲ... အခုကျတော့ ကြောက်သွားပြီလား.. သတ္တိကြောင်သွားတာလား”

ဟောင်ရှောက်ယား အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်ကို မြင်သောအခါ ယန်ရိချန်က ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။

“တကယ်လို့ မင်းတို့က သတ္တိကြောင်တယ်ဆိုရင်လည်း ငြိမ်ငြိမ်လေး သွားအိပ်ကြစမ်း၊ ဒီကိုလာပြီး ပြဿနာ မရှာနဲ့၊ အကယ်လို့ မင်းတို့က ထပ်ပြီး စကားအပိုတွေပြောပြီး ခွေးရူးတွေလို လာကိုက်ဦးမယ်ဆိုရင်တော့ သတိထားဦး၊ ငါ မင်းတို့ကို ဒီလောက်နဲ့တင် လွယ်လွယ်ကူကူ လွှတ်ပေးမှာ မဟုတ်ဘူး”

ကျန်းကျယ်၏ မျက်လုံးများထဲတွင် ဒေါသမီးများ ပြင်းထန်စွာ တောက်လောင်နေချေပြီ။

ယန်ရိချန်နှင့် သူ၏အုပ်စုက ပြဿနာ လာရှာနေခြင်းဖြစ်သော်လည်း နောက်ဆုံးတွင် သူတို့ဘက်က အမှားသာ ဖြစ်သွားရသည်လား။

“တောက်... ငါ ဒီနေ့ အဖွဲ့ဝင်အဖြစ်ကနေ အထုတ်ခံရရင် ခံရပါစေဦး၊ မင်းကိုတော့ သင်ခန်းစာ ပေးရမယ်”

ယန်ရိချန်၏ စကားသည် ဟောင်ရှောက်ယား၏ မျက်နှာကို စုတ်ဖြဲလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် သူသည် ဒေါသတကြီးဖြင့် ပြန်လည်ချေပလိုက်သည်။

“ငါ မင်းတို့ကို နှစ်ပတ်လုံးလုံး သည်းခံခဲ့တာ၊ မင်းတို့က တကယ်ပဲ မင်းတို့ကိုယ်မင်းတို့ မြင့်မြတ်လွန်းတဲ့ လူချမ်းသာသားသမီးတွေလို့ ထင်နေတာပဲ

ဒီနေ့ မင်းတို့ကို လူပီသအောင် ဘယ်လိုနေရမလဲဆိုတာ သေချာပေါက် သင်ပေးရမယ်”

အုပ်စုနှစ်စုလုံးက ရန်ဖြစ်ရန်အတွက် အဆင်သင့် ဖြစ်နေကြပြီး မည်သည့်အချိန်တွင်မဆို ချက်ချင်း ပေါက်ကွဲသွားနိုင်ချေ ရှိနေချေပြီ။

ယခုအခါ ဟောင်ရှောက်ယားက စိန်ခေါ်မှုကို လက်ခံလိုက်ပြီဖြစ်သဖြင့် ယန်ရိချန်၏ မျက်လုံးများထဲတွင် အောင်နိုင်သူတစ်ဦးကဲ့သို့သော အရောင်များ ဖြတ်သန်းသွားခဲ့သည်။ သူက ဖြည်းညှင်းစွာဖြင့် ရှေ့သို့ တစ်လှမ်း တိုးလိုက်ချေသည်။

တိုက်ပွဲတစ်ခု ဖြစ်ပွားရန်မှာ ရှောင်လွှဲ၍မရနိုင်တော့ချေ။

ထိုစဉ်မှာပင် ယောင်ပင်းသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး အကျိုးအကြောင်းရှိရှိဖြင့် ဖျောင်းဖျစကား ဆိုလေသည်။

“ငါတို့အားလုံးက အဖွဲ့ဝင်အချင်းချင်းတွေပဲလေ၊ တကယ်လို့ နည်းပြတွေကို ထပ်ပြီး ဒေါသထွက်အောင် လုပ်မိရင် သူတို့က ဒါကို လုံးဝ လွှတ်ထားမှာ မဟုတ်ဘူး”

သူသည်က ဒီနေ့တွင် မီတာ သုံးသောင်းခွဲ ပြေးထားခဲ့ရသဖြင့် အနားယူရန်သာ ဆန္ဒရှိနေလေပြီ။

“မင်းက ဘာကောင်မို့လို့ လာပြောနေတာလဲ”

မမျှော်လင့်ဘဲ ယန်ရိချန်က ယောင်ပင်းအား စူးစိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

“အခုပဲ လစ်လိုက်စမ်း”

ဟောင်ရှောက်ယားကလည်း ယောင်ပင်းအား လှမ်း၍ ဖျောင်းဖျလေသည်။

“ယောင်ပင်း... ဒီကောင်က ဘယ်သူ့ကိုမှ အလေးထားတာ မဟုတ်ဘူး၊ ဒါကြောင့် ဒီနေ့ သူ ဒူးထောက်လာတဲ့အထိ ငါရိုက်ချိုးပစ်မယ်၊ မင်း ဘေးမှာပဲ နေဦး၊ ဒဏ်ရာမရစေနဲ့”

ဟောင်ရှောက်ယားသည်ကား ယခုအခါ လုံးဝ ပေါက်ကွဲနေခဲ့ပြီ ဖြစ်ချေသည်။

“ကျန်းကျယ်”

ယောင်ပင်းသည် မတတ်နိုင်သည့်အဆုံး သက်ပြင်းအနည်းငယ် ချလိုက်မိချေသည်။

“ယောင်ပင်း... ဘာဖြစ်လို့လဲ”

ကျန်းကျယ်သည် ချက်ချင်း ရှေ့သို့ တိုးလာပြီး ယောင်ပင်းအား လေသံကိုနှိမ့်၍ မေးလိုက်သည်။

“ရေတစ်ပုံး သွားခတ်ခဲ့”

ယောင်ပင်းက ကျန်းကျယ်အား တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းကျယ် ကြောင်အမ်းသွားရ၏။

ယောင်ပင်းက အဘယ်ကြောင့် ရုတ်တရက် ရေတစ်ပုံး သွားခတ်ခိုင်းရသည်ကို သူ လုံးဝ နားမလည်နိုင် ပေ။

ကျန်းကျယ် မတ်တတ်ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ ယောင်ပင်းက ထပ်မံပြောဆိုပြန်သည်။

“သွားလေ... ရေတစ်ပုံး သွားခတ်ခဲ့ဦး”

ကျန်းကျယ်လည်း ထိုအခါမှ သဘောပေါက်သွားပြီး ချက်ချင်းပင် သဘောတူကာ အဆောင်အပြင်ဘက်သို့ ရေခတ်ရန် အပြေးအလွှား ထွက်ခွာသွားလေတော့၏။

မကြာမီတွင်ပင် ကျန်းကျယ်သည် ရေပြည့်နေသော ရေပုံးတစ်ပုံးကို သယ်ဆောင်၍ ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။

“ယောင်ပင်း... ရေရပြီ”

ကျန်းကျယ်သည် ရေပုံးကို ကိုင်လျက် ယောင်ပင်း၏နောက်တွင် မတ်တတ်ရပ်ကာ တိုးတိုးလေး လှမ်းပြောလိုက်သည်။

ယန်ရိချန်နှင့် အခြားသူများသည်လည်း တစ်ဦးကိုတစ်ဦး ဇဝေဇဝါ ဖြစ်စွာဖြင့် ကြည့်လိုက်ကြချေသည်။ ယောင်ပင်းက ကျန်းကျယ်အား အဘယ်ကြောင့် ရေတစ်ပုံး သွားခတ်ခိုင်းရသည်ကို သူတို့အားလုံး လုံးဝ နားမလည်နိုင်ကြပေ။

“ကျန်းကျယ်”

ယောင်ပင်းက ရေပုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယန်ရိချန်၏ ကုတင်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

“အခု အဲဒီရေပုံးနဲ့ ယန်ရိချန်ရဲ့ ကုတင်ပေါ်ကို လောင်းချပစ်လိုက်”

ဘာ ..

ယောင်ပင်းက ယန်ရိချန်၏ ရှေ့မှောက်တွင်ပင် သူ၏ခုတင်ပေါ်သို့ ရေတစ်ပုံး လောင်းချရန် ကျန်းကျယ်အား ခိုင်းစေနေသည်လား။

သူတို့ နားကြားမမှားဘူးမလား။

အကယ်၍ အုပ်စုနှစ်စုကြားတွင် ယခင်က ပဋိပက္ခများ ရှိခဲ့လျှင်ပင် ထိုအရာများသည် တိတ်တဆိတ်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ လူသိရှင်ကြား ဗြောင်ကျကျ ပြုလုပ်ခြင်းမျိုးမူ လုံးဝ မရှိခဲ့ဖူးပေ။

ယန်ရိချန်က ကလဲ့စားချေလိုလျှင်ပင် ကျန်းကျယ်တို့ အဆောင်သို့ မပြန်မီအချိန်ကို ရွေးချယ်၍ ကုတင်ပေါ်သို့ ရေလောင်းရုံသာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ချေသည်။

ယောင်ပင်း၏ အပြုအမူကတော့ သိသာလွန်းလှသော ရန်စမှု ဖြစ်ချေသည်။

ကျန်းကျယ်သည် ကြောင်အမ်းသွားရပြီး တိုးတိုးလေး ရေရွတ်မိသည်။

“ယောင်ပင်း... ဒါကတော့ သိပ်ပြီး မကောင်းဘူး ထင်တယ်”

အထူးစစ်ဆင်ရေးအဖွဲ့ထဲ ဝင်ရောက်လာကတည်းက ယန်ရိချန်သည်က သူ၏ မိသားစုနောက်ခံကို အားကိုး၍ ကျန်းကျယ်အား မကြာခဏ လာရောက်အနိုင်ကျင့်ခဲ့သည်။

ကျန်းကျယ်မှာ ယန်ရိချန်ကို ကြောက်လည်းကြောက်သလို မုန်းလည်းမုန်းသည်။

သို့သော်လည်း သူသည် ယခုကဲ့သို့ ယန်ရိချန်အား လူသိရှင်ကြား ဗြောင်ကျကျ ရန်စရန်မူ မရဲဝံ့ပေ။

အကယ်၍ သူသာ ဤသို့ ပြုလုပ်လိုက်ပါက ယန်ရိချန်က ကိစ္စရပ်ကို ပိုမိုကြီးထွားအောင် ပြုလုပ်ပြီး သူတို့အား အဖွဲ့မှ ထုတ်ပယ်ခံရသည်အထိ လုပ်ဆောင်ပေလိမ့်မည်။

ဟောင်ရှောက်ယားသည်ကား မျက်မှောင်ကြုတ်လိုက်သော်လည်း တိတ်ဆိတ်စွာပင် နေထိုင်ချေသည်။

ယန်ရိချန်နှင့် သူ၏အုပ်စုက လွန်လွန်းနေခဲ့ခြင်းဖြစ်သဖြင့် သူသည်လည်း ဤအခြေအနေကို သည်းမခံနိုင်သည်မှာ ကြာလှပေပြီ။

အကယ်လို့ ယောင်ပင်းသာ သူ့ကို မတားဆီးခဲ့ပါက ယန်ရိချန်နှင့် တိုက်ခိုက်နေလောက်ပြီ။

အခြားသော အဖွဲ့ဝင်များသည်လည်း ယောင်ပင်းအား ကြောင်တောင်တောင် ကြည့်လိုက်ကြပြီးနောက် ဟောင်ရှောက်ယားထံသို့ လှည့်ကြည့်ကြသည်။ သူတို့ မည်သို့ပြုလုပ်ရမည်ကို မသိနိုင် ဖြစ်နေကြသည်။

“ကောင်းပြီလေ”

ယန်ရိချန်သည် ဒေါသထွက်မည့်အစား ရယ်မောလိုက်ပြီး နောက်သို့ပင် တစ်လှမ်းဆုတ်ကာ သူ၏ကုတင်ကို လက်ညှိုးထိုးပြလိုက်သည်။

“ငါ့ကုတင်က ဒီမှာပဲ ရှိတာ၊ လောင်းချလိုက်စမ်းပါ၊ ဒီနေ့ မင်းတို့က ငါ့ကုတင်ပေါ်ကို ရေလောင်းရဲတဲ့ သတ္တိ ရှိမရှိ ငါ ကြည့်ရသေးတာပေါ့”

ကျန်းကျယ်တွင် ဤကဲ့သို့သော သတ္တိမျိုး လုံးဝ ရှိလိမ့်မည်မဟုတ်ကြောင်း သူ အခိုင်အမာ ယုံကြည်နေသည်။

အကယ်လို့ ကျန်းကျယ်သာ ဤသို့ လုပ်ရဲလျှင် သူသည်က အထူးစစ်ဆင်ရေးအဖွဲ့တွင် ဆက်လက်နေထိုင်လိုစိတ် မရှိတော့၍သာ ဖြစ်ရပေမည်။

တုမင်ယွမ်နှင့် အခြားသူများကလည်း လှောင်ပြောင်ပြောဆိုကြလေသည်။

“ယောင်ပင်း... မင်းက တကယ်ကို ရက်စက်တာပဲ၊ ကျန်းကျယ်ကို ယန်ရိချန်ရဲ့ ကုတင်ပေါ် ရေလောင်းဖို့ လှုံ့ဆော်ပေးနေပေမဲ့ နောက်ဆုံး အထုတ်ခံရမှာက ကျန်းကျယ်လေ၊

မင်းကတော့ ဘာမှမဖြစ်ဘဲ လွတ်သွားမှာပေါ့၊ မင်း တကယ်ပဲ ကျန်းကျယ်အတွက် ရပ်တည်ပေးချင်တာဆိုရင် မင်းကိုယ်တိုင်ပဲ လာလောင်းလိုက်ပါလား”

“အမှန်ပဲ... ကျန်းကျယ်အတွက် ဝင်ပါပေးချင်တယ်လည်း ဆိုသေးတယ်၊ အားလုံးက သတ္တိကြောင်တဲ့ ကောင်တွေပဲ၊ငါကတော့ မင်းတို့လို လူမျိုးတွေကို အမုန်းဆုံးပဲ”

…

ယန်ရိချန်၏ အဖွဲ့ဝင်များသည်လည်း စောင်းမြောင်းသော စကားလုံးများကို ဆက်တိုက် ပြောနေခဲ့ကြလေ၏။

သူတို့၏ ရည်ရွယ်ချက်မှာ ယောင်ပင်း ကိုယ်တိုင် လှုပ်ရှားလာအောင် ဖိအားပေးခြင်းပင်။

ယောင်ပင်းသာ ကိုယ်တိုင် လက်ပါလာပါက သူသည်က သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။

ထင်မှတ်ထားသည့်အတိုင်းပင် ယောင်ပင်းက တည်ငြိမ်စွာ လှည့်ထွက်လိုက်ပြီး ကျန်းကျယ်၏ လက်ထဲမှ ရေပုံးကို ကောက်ကိုင်လိုက်သည်။ ထို့နောက် ယန်ရိချန်၏ ကုတင်ဘေးသို့ ခြေလှမ်းအနည်းငယ်ဖြင့် လျှောက်သွားပြီးနောက် ထိုရေပုံးကို ယန်ရိချန်၏ ခုတင်ပေါ်သို့ တည့်တည့် ဆတ်ခနဲ လောင်းချပစ်လိုက်လေတော့၏။

တိတ်ဆိတ်ခြင်း။

လူတိုင်း မှင်တက်သွားကြရသည်။

“ယောင်ပင်း”

ကျန်းကျယ်သည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် နောက်ဆုံးတွင် အော်ဟစ်မိတော့သည်။

“မင်း... မင်း...”

ယောင်ပင်းသည် ယန်ရိချန်၏ မျက်နှာချင်းဆိုင်တွင်ပင် ဤမျှအထိ ပွင့်လင်းစွာ ရန်စဝံ့လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ထို့ပြင် ဤမျှအထိ ပြတ်သားလှသော နည်းလမ်းဖြင့် ပြုလုပ်သွားခြင်း ဖြစ်ချေသည်။

ပို၍ဆိုးသည်မှာ ယန်ရိချန်၏ ရှေ့တွင် ဖြစ်နေခဲ့သည်။

ဟောင်ရှောက်ယားနှင့် အခြားသော အဖွဲ့ဝင်များသည်လည်း ချက်ချင်းပင် ကြောင်အမ်းသွားကြရသည်။

အထူးသဖြင့် ဟောင်ရှောက်ယားပင်။

ပုံမှန်အားဖြင့် တိတ်ဆိတ်လွန်းသော ယောင်ပင်းသည် ဤမျှအထိ ပြတ်သားပြီး ရက်စက်လှသော အပြုအမူကို ပြုလုပ်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။ သူက ယန်ရိချန်အတွက် နောက်ဆုတ်ရန် လမ်းကြောင်းကိုပင် လုံးဝ ချန်မထားခဲ့ချေ။

“မင်း... မင်း ဘာလုပ်လိုက်တာလဲ၊ မင်းက ဘယ်လိုတောင် လာပ်ရဲရတာလဲ... ဘယ်လိုတောင် လုပ်ရဲရတာလဲ”

ယန်ရိချန်က ရေများဖြင့် ရွှဲနစ်နေသော သူ၏ကုတင်ကို ကြည့်ရင်း ဒေါသအလွန်အမင်း ထွက်သွားရသဖြင့် စကားလုံးများ ထစ်အလျက် စကားတစ်ခွန်းမျှပင် အဆုံးသတ်အောင် မပြောနိုင် ဖြစ်နေချေသည်။

ဤသည်က သူ အလိုချင်ဆုံး အခြေအနေ ဖြစ်ချေသည်။

သို့သော် ယောင်ပင်းက အမှန်တကယ် ပြုလုပ်လိုက်သဖြင့် ယန်ရိချန်မှာ နောက်ထပ်တစ်ကြိမ် ထပ်မံပေါက်ကွဲသွားရပြန်သည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ အဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် သူ၏မျက်နှာကို ပွင့်ပွင့်လင်းလင်း ပါးရိုက်လိုက်ခြင်းသာဖြစ်လေ၏။

သူတို့အုပ်စု၏ အခြားအဖွဲ့ဝင်များသည် ခေတ္တမျှ ကြောင်အမ်းသွားကြပြီးနောက် ယောင်ပင်း၏ ဘေးသို့ စုပြုံရောက်ရှိလာကြကာ သူ့အား ဝိုင်းရံလျက် ရက်စက်သော အကြည့်များဖြင့် ကြည့်ရှုကြချေသည်။

ယန်ရိချန်သည်က သူတို့၏ ခေါင်းဆောင် ဖြစ်ချေသည်။

ယောင်ပင်းက သူတို့ခေါင်းဆောင်ကို ရန်စခြင်းသည် သူတို့အဖွဲ့ဝင်အားလုံးကို ရန်စခြင်းနှင့် အတူတူပင်။

တုမင်ယွမ် တစ်ဦးတည်းသာ နောက်သို့ မသိမသာ တစ်လှမ်းဆုတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်သန်းသွားချေသည်။

ယောင်ပင်း၏ ယခင်က တိုက်ခိုက်မှုက သူ့ကို အလွန်အမင်း ကြောက်ရွံ့စေခဲ့သဖြင့် သူ ယောင်ပင်းကို ပြန်လည်မတိုက်ခိုက်ရဲပေ။

*

All Chapters