အခန်း ၁၆၄
Vol. 17 Ch. 164
(164)
ယောင်ပင်းက အခြားသူများကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ယန်ရိချန်ကိုသာ မေးလိုက်သည်။
“ဘာလဲ... မင်း ဒေါသထွက်သွားတာလား”
“ချီးပဲ... မင်းက ငါ့ကို ဒီလိုမျိုး လာပြီး ရန်စရဲတယ်ပေါ့”
ယန်ရိချန်သည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ပြီး ကုတင်ပေါ်မှ ဆင်းကာ ယောင်ပင်းထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာချေသည်။
“အကယ်လို့ ငါက မင်းရဲ့ကုတင်ပေါ်ကို ရေတစ်ပုံး လောင်းချလိုက်ရင် မင်းကော ဒေါသမထွက်ဘူးလား”
မည်သူမျှ သူ့အား ဤကဲ့သို့ လာရောက်ထိပါးဝံ့ခြင်း မရှိခဲ့ဖူးပေ။
ယောင်ပင်းသည်က သေကြောင်းကြံစည်နေခြင်း သေချာသည်။
“မင်းရဲ့ ကုတင်ပေါ်ကို ရေတစ်ပုံး လောင်းချခံရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ သိတယ်ဆိုရင်လည်း အခြားသူရဲ့ ကုတင်ပေါ်ကို ရေသွားမလောင်းနဲ့၊ ဒါက ပထမဆုံးအကြိမ်ပဲ၊ ဒါပေမဲ့ နောက်နောင်မှာတော့ ဒါမျိုး လုံးဝ ရှိလာမှာ မဟုတ်ဘူး”
ယောင်ပင်းသည် ဒေါသထွက်နေသော ယန်ရိချန်၏ ရှေ့တွင် တည်ငြိမ်အေးဆေးစွာပင် ရှိနေခဲ့သည်။
“မင်းက ငါ့ကို လာပြီး ရန်စရဲတာပဲလေ၊ ဒါဆိုရင်ရော မင်း ဘာလုပ်နိုင်သေးလဲ”
အဖွဲ့ဝင်များသည် နောက်ထပ်တစ်ကြိမ် ထပ်မံကြောင်အမ်းသွားကြရပြန်သည်။
တုမင်ယွမ်မှလွဲ၍ အခြားသူများအနေဖြင့် ဤစကားလုံးများက ပုံမှန်အားဖြင့် လူရှိသည်ဟုပင် မထင်ရလောက်အောင် တိတ်ဆိတ်လှသော ယောင်ပင်း၏ ပါးစပ်မှ ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားကြပေ။
ထို့ထက်မကဘဲ သူ ဤစကားကို ပြောဆိုလိုက်သည့်အချိန်တွင် ယောင်ပင်း၏ အေးစက်သော အရှိန်အဝါသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ပြင်းထန်လွန်းသော ဖိနှိပ်မှုအာရုံက အဆောင်အတွင်း ချက်ချင်း လွှမ်းမိုးသွားရလေသည်။
မူလက ယောင်ပင်းအား ဝိုင်းအုံရိုက်နှက်ရန် လက်ယားနေကြသော လူအနည်းငယ်သည် မသိမသာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြရပြီး သူတို့၏နှလုံးသားထဲတွင် ရုတ်တရက် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာရပေသည်။
ဤကဲ့သို့သော ကြောက်ရွံ့မှုမျိုးသည် အလွန်အမင်း သန်မာလှသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အချိန်တွင်သာ ဖြစ်ပေါ်တတ်သော အရာမျိုး ဖြစ်သည်။
“ဒီငကြောက်ကောင်ကတော့... မင်းက အသေခံချင်နေတာပဲ”
ယန်ရိချန်သည် ဒေါသအလွန်အမင်း ထွက်နေခဲ့လေပြီ။ ယောင်ပင်း၏ စကားကြောင့် ဆွပေးခြင်းကို ခံရသဖြင့် သူက အရှေ့သို့ တိုးသွားပြီး သူ၏လက်သီးချက်များအား ယောင်ပင်း၏ မျက်နှာတည့်တည့်ဆီသို့ ဦးတည်၍ ပစ်လွှတ်လိုက်ချေသည်။
ယောင်ပင်းကတော့ မလှုပ်မယှက်ပင် ရှိနေခဲ့သည်။ သူက သူ့ကို လက်သီးဖြင့် လာရောက်ထိုးနှက်ရန် ပြေးဝင်လာသော ယန်ရိချန်ကို လုံးဝ လျစ်လျူရှုထားခဲ့သည်ပင်။
“ယောင်ပင်း... ယန်ရိချန် လာနေပြီ သတိထားဦး”
“ရှောက်ယား... သွားပြီး ယောင်ပင်းကို ကူညီပေးလိုက်ပါဦး၊ သူက ယန်ရိချန်ရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး၊ ငါတို့အုပ်စုထဲမှာ ယန်ရိချန်ကို ယှဉ်နိုင်တဲ့သူက မင်းတစ်ယောက်တည်းပဲ ရှိတာ”
…
ယောင်ပင်း မလှုပ်မယှက် မတ်တတ်ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ ကျန်းကျယ်နှင့် အခြားသူများက စိုးရိမ်ပူပန်လာကြချေသည်။ တချို့က ယောင်ပင်းအား လှုပ်ရှားရန် တိုက်တွန်းကြပြီး၊ အချို့ကမူ ဟောင်ရှောက်ယားအား သွားရောက်ကူညီရန် တိုက်တွန်းကြချေသည်။
ယန်ရိချန်သည် ယောင်ပင်းနှင့် ပို၍ပို၍ နီးကပ်လာခဲ့ချေပြီ။
သူ၏ လက်သီးက ယောင်ပင်း၏ ဦးခေါင်းတည့်တည့်ဆီသို့ ဦးတည်နေချေသည်။
အကယ်လို့ သူသာ လက်သီးချက် ပစ်လွှတ်လိုက်ပါက ယောင်ပင်းသည် ထိုနေရာတွင်တင် ချက်ချင်း အသက်ပျောက်သွားနိုင်ချေ ရှိသည်။
ထိုခဏတွင် ယောင်ပင်း လှုပ်ရှားလိုက်ချေပြီ။
သူသည် လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ယန်ရိချန်၏ လက်သီးကို ဖမ်းဆွဲကာ ခပ်ဖွဖွလေး လိမ်ချိုးပစ်လိုက်ချေသည်။
ဂျွတ်။
ပြတ်သားကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာရပေသည်။
ထို့နောက်တွင် ယောင်ပင်း၏ ဦးခေါင်းကို ထိမှန်တော့မည့် ယန်ရိချန်၏ လက်သီးက အောက်သို့ တွဲလောင်းကျသွားရတော့၏။
ယန်ရိချန် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏နဖူးပြင်မှ ချွေးစေးများ တောက်တောက်ကျလာခဲ့သည်။ သူ၏ ပြင်းထန်လွန်းသော လက်သီးချက်က ယောင်ပင်း၏ ခန္ဓာကိုယ်ကိုပင် မထိရသေးမီမှာပင် ယောင်ပင်းက သူ၏လက်မောင်းကို ဖြုတ်ပစ်လိုက်လေပြီ။
ယောင်ပင်းက ဤမျှဖြင့် အဆုံးမသတ်သေးဘဲ ယန်ရိချန်၏ အခြားလက်တစ်ဖက်ကို ဖမ်းဆွဲကာ အသာဆွဲလိုက်ပြန်သည်။
“အား”
ဤအကြိမ်တွင်တော့ ယန်ရိချန်က နာကျင်မှုကို လုံးဝ အောင့်အီးမထားနိုင်တော့ဘဲ အော်ဟစ်မိတော့၏။
သူ၏ လက်မောင်းနှစ်ဖက်လုံးက ယောင်ပင်း၏ ဖြုတ်ပစ်ခြင်းကို ခံလိုက်ရသဖြင့် သူ၏ခန္ဓာကိုယ်၏ ဘေးတွင် တောင့်တောင့်ကြီး တွဲလောင်းကျနေခဲ့လေပြီ။
ယန်ရိချန်၏ တိုက်ခိုက်မှုက ပြင်းထန်လွန်းသော်လည်း အဆုံးသတ်မှာတော့ အလွန်အမင်း ရုတ်တရက် ဆတ်ခနဲ ဖြစ်သွားရပေသည်။
သူသည် ယောင်ပင်း၏ ပြိုင်ဘက် မဟုတ်ပေ။
ယန်ရိချန်၏ လက်မောင်းများကို ဖြုတ်ပစ်ပြီးနောက် ယောင်ပင်းက သူ၏ပုခုံးကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်ချေသည်။
နာကျင်မှုကြောင့် ကိုင်းညွတ်နေသော ယန်ရိချန်၏ခန္ဓာကိုယ်သည်က ရုတ်တရက် ပြန်လည်မတ်သွားရပြီး ယောင်ပင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လေသည်။
“မင်း... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ၊ ငါ ဘာလို့ လှုပ်လို့မရတော့တာလဲ၊ ယောင်ပင်း... ငါ မင်းကို သတိပေးလိုက်မယ်၊ မင်း ငါ့ကို ထပ်ပြီး စော်ကားဝံ့ရင် မင်းကို ဒီနေရာကနေ အခုပဲ မောင်းထုတ်ပစ်မယ်၊ မင်း ယုံလား”
ယောင်ပင်းသည် သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ၊ ယန်ရိချန်၏ အဖွဲ့ဝင်များထံသို့ သူ၏အကြည့်ကို ပို့လွှတ်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတို့ထဲက ဘယ်သူကများ ထပ်ပြီး မကျေနပ်သေးတာ ရှိသေးလဲ”
အကယ်လို့ အခြားသူများလည်း မကျေနပ်သေးပါက သူ ယနေ့တွင် တစ်ခါတည်း အားလုံးကို ကိုင်တွယ်ပစ်လိုက်မည်။
တုမင်ယွမ် ပထမဆုံးအကြိမ်အဖြစ် နောက်သို့ ချက်ချင်း ဆုတ်လိုက်ချေပြီ။
သူသည် ယောင်ပင်း၏ လက်ချက်ကြောင့် တစ်ကြိမ် အရှုံးခံခဲ့ရဖူးသဖြင့် ဤအကြိမ်တွင်တော့ သင်ခန်းစာရသွားခဲ့ပြီဖြစ်ရာ ယောင်ပင်းနှင့် လုံးဝ ပြန်လည်မတိုက်ခိုက်ရဲတော့ပေ။
တခြားသော အဖွဲ့ဝင်များ၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်သည့်အရိပ်အယောင်များ ဖြစ်ပေါ်လာရပေသည်။
သူတို့အထဲတွင် ယန်ရိချန်သည်က ကိုယ်ခံပညာ အမြင့်ဆုံးဖြစ်ပြီး သူတို့ထဲ၌ စွမ်းရည်အထက်မြက်ဆုံးသူလည်း ဖြစ်သည်။
သို့သော်လည်း ယန်ရိချန်မှာ ယောင်ပင်း၏ ရှေ့မှောက်တွင် လှုပ်ရှားမှုတစ်ချက်ကိုပင် မခံနိုင်ခဲ့ချေ။ ယောင်ပင်းက လက်ကို မြှောက်ရုံမျှဖြင့် ယန်ရိချန်၏ လက်မောင်းနှစ်ဖက်စလုံးကို ဖြုတ်ပစ်လိုက်သည် မဟုတ်ပါလား။
အကယ်၍ ယန်ရိချန်သည်က ကိုယ်ခံပညာ၏ ထိပ်သီးအဆင့်မှာ ရှိနေခဲ့လျှင် ယောင်ပင်းသည် မည်သည့်အဆင့်သို့ ရောက်ရှိနေခဲ့ပြီလဲ။
သူတို့ လုံးဝပင် မတွေးရဲကြတော့ပေ။
“ဘယ်သူမှ မကျေနပ်တာ မရှိရင်လည်း အခုပဲ သွားပြီး အိပ်ကြစမ်း”
ယောင်ပင်းက သူတို့ကို တစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
ယောင်ပင်း၏ စကားသည်ကား တုမင်ယွမ်နှင့် အခြားသူများအတွက်တော့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိလိုက်သကဲ့သို့ဖြစ်သွားခဲ့သည်ဝ သို့ဖြစ်၍ သူတို့အားလုံးက အနောက်သို့လှည့်ထွက်ကာ သူတို့၏ ကုတင်ပေါ်သို့ သွားပြီး လဲလျောင်း၍ အိပ်စက်ကြလေတော့၏။
ယောင်ပင်းက ကျန်းကျယ်အား ကြညာ့ကာပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“ကျန်းကျယ်... ဒီည မင်း ငါ့ကုတင်မှာပဲ အိပ်လိုက်တော့”
ကျန်းကျယ်တစ်ယောက် ကြောင်အမ်းသွားရပြီး အတန်ကြာမှ သူ၏အသံကို ပြန်လည်ရှာဖွေတွေ့ရှိတော့သည်။
“ကောင်းပြီ... ယောင်ပင်း၊ ဒါက အဆင်ပြေပါ့မလား၊ ငါ ယန်ရိချန်အတွက် စိုးရိမ်လို့”
ကျန်းကျယ်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့လေသည်။
ယန်ရိချန်အနေဖြင့် ဤတပ်ဖွဲ့သို့ ဝင်ရောက်လာပြီးကတည်းက နည်းပြရှီးနှင့် အခြားသူများထံမှ ဂရုစိုက်မှုကို အများကြီး ရရှိခဲ့ခြင်းဖြစ်သည်။ ယန်ရိချန်တွင် စစ်တပ်ထဲ၌ အရာရှိဖြစ်သော ဆွေမျိုးတစ်ဦး ရှိနေကြောင်း ကောလာဟလများ ရှိနေခဲ့သည်။
အကယ်၍ ယန်ရိချန်သာ တစ်စုံတစ်ဦးထံ သွားရောက်တိုင်တန်းပါက ယောင်ပင်းအနေဖြင့် ဤစစ်ဆင်ရေးအဖွဲ့တွင် ကြာကြာနေနိုင်မည် မဟုတ်ပေ။
“အနည်းဆုံးတော့ သူ ဒီနေ့ နည်းပြတွေဆီကို သွားမတိုင်နိုင်တာသေချာပါတယ်”
ယောင်ပင်းက တည်ငြိမ်စွာ ပြောလိုက်ပြီး ကုတင်ပေါ်သို့ အရင်ဆုံး တက်သွားခဲ့လေသည်
“သူ သွားမတိုင်နိုင်မှတော့ ငါတို့ အေးအေးဆေးဆေးပဲ အိပ်ကြတာပေါ့၊ မနက်ဖြန်ရဲ့ ပြဿနာကို မနက်ဖြန်မှပဲ ရှင်းကြမယ်”
မီတာ သုံးသောင်းခွဲ ပြေးပြီးနောက် သူ့အနေဖြင့် အိပ်ရေးဝဝ အိပ်စက်ရန်သာ ဆန္ဒရှိနေခဲ့လေပြီ။
ယခုအခါ ယန်ရိချန်သည်က အဆောင်အတွင်း၌ မလှုပ်မယှက် မတ်တတ်ရပ်နေရသောကြောင့် သူသည်လည်း နောက်ဆုံးတွင် အေးအေးဆေးဆေး အိပ်စက်နိုင်ချေပြီ။
“ယောင်ပင်း... မင်းလို ခွေးမသား.. ငါ့ကို အခုပဲ လွှတ်ပေးစမ်း၊ ကြားလား.. ငါ မင်းကို ငါးမိနစ် အချိန်ပေးမယ်၊ မင်း ငါ့ကို အခုပဲ မလွှတ်ပေးရင် သေဖို့သာ ပြင်ထားတော့”
“မင်း ငါ့ကို ဒီလိုမျိုး ဆက်ဆံရဲရင် မနက်ဖြန် မင်းကို အထုတ်ခံရအောင် လုပ်ပစ်မယ်၊ မင်း ငါပြောတာကို ကြားလား။း”
…
စတင်ချိမ်5ကတည်းက ဤမျှ ကြီးမားသော အရှုံးကို ခံလိုက်ရသဖြင့် ယန်ရိချန်တစ်ယောက် အလွန်အမင်း ဒေါသထွက်နေခဲ့ပြီး ယောင်ပင်းအား အဆက်မပြတ် အော်ဟစ်ဆဲဆိုနေခဲ့သည်။
သို့သော်လည်း ယောင်ပင်းက သူ့ကို လုံးဝ လျစ်လျူရှုထားပြီး အိပ်စက်ခြင်းနှင့် သူလုပ်ဆောင်ချင်သည့်အရာများကိုသာ ပြုလုပ်နေခဲ့သဖြင့် သူ့ကို လုံးဝ အဖက်မလုပ်ပေ။
သူ၏ အဖွဲ့ဝင်များသည်လည်း သူ့ကို ခိုးကြောင်ခိုးဝှက်သာ လှမ်းကြည့်ကြပြီး မည်သူမျှ ရှေ့သို့တိုး၍ သူ့အား ကူညီရန် မရဲဝံ့ကြပေ။
ဤသည်က ယန်ရိချန်အား သွေးအန်လုမတတ် ဖြစ်သွားစေချေသည်။
သူ ပို၍ ဇဝေဇဝါ ဖြစ်ရသည်မှာ ယောင်ပင်းက နှစ်ပတ်လုံးလုံး တိတ်ဆိတ်စွာ နေထိုင်ခဲ့သဖြင့် သူ့ဘက်မှ ယောင်ပင်း၏ တည်ရှိမှုကိုပင် သတိမပြုမိခဲ့ခြင်း ဖြစ်သည်။
သူ့အနေဖြင့် ဆန့်ကျင်ဘက်အုပ်စုတွင် ဟောင်ရှောက်ယားကသာ အသန်မာဆုံး ပြိုင်ဘက် ဖြစ်လိမ့်မည်ဟူ၍ ထင်မှတ်ထားခြင်းဖြစ်၏။
ဆန့်ကျင်ဘက်အုပ်စုတွင် အသန်မာဆုံး ပြိုင်ဘက်မှာ ယောင်ပင်း ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ဆိုရလျှင် သူ ယောင်ပင်း လှုပ်ရှားသည်ကိုပင် သေသေချာချာ မမြင်လိုက်ရပါချေ။ ယောင်ပင်းက သူ၏ လက်မောင်းနှစ်ဖက်စလုံးကို လွယ်ကူစွာ ဖြုတ်ပစ်လိုက်ခြင်း ဖြစ်ပေသည်။
ထို့အပြင် သူသည်က အဆောင်အတွင်း၌ လှုပ်ရှား၍မရဘဲ ထိုနေရာတွင် တောင့်တောင့်ကြီး မတ်တတ်ရပ်နေရသည် မဟုတ်ပါလော။
“ယောင်ပင်း... မင်း စောင့်နေလိုက်စမ်းပါ”
ဤသို့ တွေးမိသောအခါ ယန်ရိချန်က ဒေါသတကြီး ပြောလိုက်သည်။
“မနက်ဖြန်ကျလို့ မင်း ဒီနေရာကနေ အထုတ်မခံရဘူးဆိုရင် ငါ ယန်ရိချန်ဆိုတဲ့ နာမည်ကို မင်းရဲ့ မျိုးရိုးနာမည်အတိုင်း ပြောင်းပစ်မယ်!”
*