← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

(166) တရားမျှတပြီး ပွင့်လင်းမြင်သာသော ကလဲ့စားချေခြင်း

တုမင်ယွမ်တို့အားလုံးက ယန်ရိချန်၏ဘက်တွင် ရှိနေကြသည်။

သူတို့အနေဖြင့် ယောင်ပင်းကို အပြစ်ပေးကာ မောင်းထုတ်လိုပါက ဤအခွင့်အရေးကို အရယူရမည်ဖြစ်ကြောင်း နားလည်ထားကြ၏။

နည်းပြဝမ်က မျက်မှောင်ကြုတ်လျက် ယောင်ပင်းကို တင်းမာစွာ မေးမြန်းလိုက်သည်။

“ယောင်ပင်း.. ဘာဖြစ်ခဲ့တာလဲ”

ကျန်းကျယ်နှင့် တခြားသူများက ထို ရင်တမမဖြင့် အသက်ရှူအောင့်ထားကြသည်။

“နည်းပြ... ယန်ရိချန်က ကျွန်တော့်ကို မဟုတ်မတရား စွပ်စွဲနေတာ၊ သူက ကျွန်တော် သူ့လက်နှစ်ဖက်လုံးကို အဆစ်ဖြုတ်လိုက်တယ်လို့ ပြောတယ်... ဒါပေမဲ့ နည်းပြကိုယ်တိုင်လည်း မြင်တဲ့အတိုင်းပဲလေ သူ့လက်တွေက အကောင်းအတိုင်းရှိနေတုန်းပဲ”

ယောင်ပင်း အပြစ်ကင်းစင်သည့်မျက်နှာဖြင့် ပြောလိုက်သည်။

“ဒါဆို ယန်ရိချန်က မင်း သူ့ကို အိပ်ဆောင်ထဲမှာ တစ်ညလုံး မတ်တတ်ရပ်ခိုင်းထားတယ်လို့ ပြောတာကရော ဘာလဲ”

“ကျွန်တော်လည်း မသိဘူး၊ ဖြစ်နိုင်တာကတော့... ယန်ရိချန်မှာ သူကိုယ်တိုင်လည်း မသိတဲ့ အိပ်ပျော်ရင်း လမ်းလျှောက်တတ်တဲ့ ရောဂါမျိုး ရှိနေတာ ထင်တယ်”

ယောင်ပင်း၏ စကားများက ယန်ရိချန်ကို အလွန်အမင်း ဒေါသထွက်စေသောကြောင့် သွေးအန်မတတ် ဖြစ်ရချေသည်။ နည်းပြဝမ် မေးမြန်း၍ မဆုံးသေးမီမှာပင် သူက ဆဲဆိုလာတော့သည်။

“ယောင်ပင်း... မင်း ခွေးကောင်.. ငါကတော့ အိပ်ပျော်ရင်း လမ်းလျှောက်တဲ့ရောဂါ လုံးဝမရှိဘူး၊ မင်းပဲ အိပ်ပျော်ရင်း လမ်းလျှောက်နေတာ...”

ဒေါသအရှိန်ကြောင့် ယန်ရိချန်၏ စကားများပင် အထောက်အထားမရှိဘ် ဗရမ်းပတာ ဖြစ်လာခဲ့၏။

“ယန်ရိချန်... မင်းရဲ့ အပြောအဆိုကို ဆင်ခြင်စမ်း”

နည်းပြဝမ်က ယန်ရိချန်ကို စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်ပြီးနောက် ယောင်ပင်းဘက်သို့ လှည့်၍ ပြောလာသည်။

“ယောင်ပင်း... မင်း ယန်ရိချန်ကို ရိုက်ခဲ့တယ်ဆိုတာ တုမင်ယွမ်နဲ့ တခြားသူတွေ အားလုံး သက်သေပြနိုင်တယ်၊ စစ်တပ်ထဲမှာ ကိုယ့်အသင်းဖော်အချင်းချင်း ကိုယ်ထိလက်ရောက် ကျူးလွန်ရင် ဘယ်လိုအကျိုးဆက်တွေ ရှိလာမလဲဆိုတာ မင်းသိလား”

ယန်ရိချန်နှင့် တုမင်ယွမ်တို့သည်လည်း ချက်ချင်းပင် စိတ်အားတက်ကြွသွားကြပေသည်။ သူတို့အားလုံးက သက်သေများ ရှိနေကြသောကြောင့် ယောင်ပင်း မည်သို့ ငြင်းဆန်ရန် ကြိုးစားမည်ကို စောင့်ကြည့်ကြရုံသာ ရှိတော့၏။

“နည်းပြ... အဲဒီကောင်တွေက ကျွန်တော်တို့ကို အမြဲတမ်း အထင်သေးပြီး ပြဿနာရှာနေတာကို နည်းပြလည်း သိသားပဲ”

ယောင်ပင်းက နစ်နာသူတစ်ဦးကဲ့သို့ ဖြစ်နေဆဲဖြစ်ပြီး ဆက်လက်ပြောလာသည်။

“ကျွန်တော် ယန်ရိချန်ကို မထိခိုက်ခဲ့ပါဘူး၊ ကျန်းကျယ်နဲ့ ဟောင်ရှောက်ယာတို့ သက်သေပြနိုင်ပါတယ်”

ယောင်ပင်း စကားပြောပြီးသည်နှင့် ကျန်းကျယ်က ပထမဆုံး ပြောလာသည်။

“နည်းပြ... ကျွန်တော် ယောင်ပင်းအတွက် သက်သေခံနိုင်ပါတယ်၊ သူ ယန်ရိချန်ကို မတိုက်ခိုက်ခဲ့ပါဘူး”

“ဟုတ်ပါတယ်... ယန်ရိချန်က မောက်မာပြီး ဗိုလ်ကျတတ်တယ်၊ သူ့ရဲ့ဆွေမျိုးထဲက စစ်တပ်ထဲမှာ အရာရှိဖြစ်နေတဲ့သူတွေရှိတယ်လို့ ကြားတယ်၊

သူ ကျွန်တော်တို့ကို အနိုင်မကျင့်တာကိုပဲ ကျေးဇူးတင်ရမယ်၊ ကျွန်တော်တို့ထဲက ဘယ်သူကများ သူ့ကို လက်ဖျားနဲ့တောင် တို့ရဲမှာလဲ”

ဟောင်ရှောက်ယာကလည်း ယန်ရိချန်ကို အေးစက်စွာ စိုက်ကြည့်လျက် ပြောလာသည်။

“ယန်ရိချန်က ယောင်ပင်းကို အမြဲတမ်း မကြည်ဘူး၊ သူက ယောင်ပင်းကို အဖွဲ့ထဲကနေ မောင်းထုတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်ဖူးတယ်”

“နည်းပြ... သူ မနေ့ညကလည်း ယောင်ပင်းကို အထူးတပ်ဖွဲ့ထဲကနေ ထွက်သွားခိုင်းမယ်လို့ ပြောသေးတယ်”

“နည်းပြ... ယန်ရိချန်က မောက်မာလွန်းတယ်၊ နည်းပြအနေနဲ့ ယောင်ပင်းဘက်က ရပ်တည်ပေးရမယ်..”

…

တုမင်ယွမ်နှင့် တခြားသူများက ယန်ရိချန်ဘက်မှ သက်သေခံနေကြသကဲ့သို့ ယောင်ပင်းဘက်မှ ကျန်းကျယ်နှင့် တခြားသူများကလည်း အရှုံးမပေးဘဲ သက်သေအဖြစ်ရှိနေကြသည်။

“သက်သေခံရုံပဲ၊ အဲဒါမျိုးကတော့ ဘယ်သူမဆို လုပ်နိုင်တာပဲလေ”

နည်းပြဝမ်၏ မျက်နှာက အလွန်အမင်းအုံ့မှိုင်းသွားခဲ့သည်။

ယန်ရိချန်က ထူးဆန်းစွာ ပြုမူနေခြင်းဖြစ်ကြောင်းကို သူ ခံစားမိသည်။ ယောင်ပင်းအနေဖြင့် ယန်ရိချန်အပေါ် တစ်ခုခု ပြုလုပ်ခဲ့သည်ဟုလည်း သူ ယုံကြည်သည်။

သို့သော်လည်း ယန်ရိချန်က လက်ရှိတွင် အကောင်းအတိုင်း ဖြစ်နေသောကြောင့် မည်သည့်သက်သေအထောက်အထားမျှ ရှာမတွေ့နိုင် တော့ပေ။

မတတ်သာသည့်အဆုံးတွင် နည်းပြဝမ်က နှစ်ဖက်လုံးကို ကြိမ်းမောင်းပြီး အေးစက်စွာ ပြောလာခဲ့သည်။

“စကားမများကြနဲ့တော့၊ လေ့ကျင့်ရေးဆင်းဖို့ အပြင်ထွက်ကြမယ်... ယန်ရိချန်... မင်း နေလို့မကောင်းရင် အိပ်ဆောင်ထဲမှာပဲ နားနေလိုက်၊ တခြားသူတွေအားလုံး ငါ့နောက်က လိုက်ခဲ့ကြ”

ဤသို့ပြောရင်း နည်းပြဝမ်က ယန်ရိချန်ကို မျက်စိတစ်မှိတ် ပြလိုက်ပေသည်။

ထိုနေရာသည်က နည်းပြများ၏ အိပ်ဆောင်နှင့် မဝေးလှသောကြောင့် ယန်ရိချန်အနေဖြင့် ဤနားချိန်ကို အသုံးပြု၍ သူ၏အစ်ကိုထံသို့ ဖုန်းခေါ်ဆိုနိုင်သည်။

ယန်ရိချန်၏အစ်ကိုက ဗိုလ်မှူးတစ်ဦး ဖြစ်၏။ သူတို့က ယောင်ပင်းကို အထူးတပ်ဖွဲ့ထဲမှ မောင်းထုတ်ချင်ပါက ယန်ရိချန်၏အစ်ကိုတစ်ဦးတည်းဖြင့် ဤကိစ္စကို ကိုင်တွယ်နိုင်သည်။

ယန်ရိချန် ခဏမျှ ကြောင်အသွားသော်လည်း နည်းပြဝမ်၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။ သူက ချက်ချင်းပင် ဗိုက်ကိုနှိပ်လျက် ပြောလာသည်။

“နည်းပြ... ကျွန်တော် ဗိုက်သိပ်မကောင်းလို့၊ အိပ်ဆောင်ထဲမှာပဲ နားနေဖို့ တောင်းဆိုပါတယ်”

မကြာမီ နည်းပြဝမ်က တခြားသော အထူးသင်တန်းသားများကို ခေါ်ဆောင်ကာ အိပ်ဆောင်အပြင်သို့ ထွက်ခွာသွားခဲ့သည်။

နည်းပြဝမ်နှင့် တခြားသူများ ထွက်ခွာသွားပြီးနောက် ယန်ရိချန်က နည်းပြရှီနှင့် နည်းပြဝမ်တို့၏ အိပ်ဆောင်သို့ အမြန်ပြေးသွားကာ ဖုန်းတစ်လုံး ငှားရမ်းလျက် သူ၏အစ်ကိုထံသို့ ဖုန်းခေါ်လိုက်သည်။

“ယောင်ပင်းလား”

သူ၏အစ်ကိုက ဖုန်းလိုင်းတစ်ဖက်မှ လှောင်ပြောင်ရယ်မောလျက် ပြောလာသည်။

“ရိချန်... စိတ်မပူနဲ့၊ ငါ မင်းအတွက် လက်စားချေပေးမယ်”

ယန်ရိချန် မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်သန်းလျက် စိတ်ကျေနပ်စွာဖြင့် ဖုန်းချလိုက်လေသည်။

နောက်တစ်နေ့။

အခြေစိုက်စခန်း၏ ဘတ်စကတ်ဘောကွင်း။

နည်းပြရှီနှင့် နည်းပြဝမ်တို့သည် ဘေးချင်းယှဉ်လျက် မတ်တတ်ရပ်ကာ စောင့်ဆိုင်းနေကြသည်။

နည်းပြရှီက အသံကိုနှိမ့်၍ နည်းပြဝမ်အား မေးမြန်းသည်။

“ဗိုလ်မှူးယန်က ဘယ်အချိန်ရောက်မယ်လို့ ပြောလဲ”

ဗိုလ်မှူးယန်မှာ အထူးစစ်ဆင်ရေးအဖွဲ့၏ သင်တန်းသားများနှင့် ယှဉ်ပြိုင်ကစားရန် သူ၏လူများကို ခေါ်ဆောင်လာမည်ဖြစ်ကြောင်း အမိန့်ပေးညွှန်ကြားခဲ့သည်။

ထို့ကြောင့် နည်းပြရှီက ချက်ချင်းပင် ဘတ်စကတ်ဘောကွင်းသို့ အမြန်လာကာ စောင့်ဆိုင်းနေခြင်း ဖြစ်ပေ၏။

“ဗိုလ်မှူးယန် ပြောထားတဲ့ အချိန်အရဆိုရင်တော့ နောက်ဆယ်မိနစ်လောက်နေရင် ရောက်လာလိမ့်မယ်”

နည်းပြဝမ်က သူ၏လက်ပတ်နာရီကို ကြည့်ကာ နည်းပြရှီအား တိုးတိုးကပ်၍ ပြောလာသည်။

“ဒီနေ့ကိစ္စတွေကို လုံးဝ လျှို့ဝှက်ထားရမယ်၊ ဗိုလ်မှူးကြီးယွီချီရဲ့ ရည်ရွယ်ချက်က အဲဒီကောင်လေးကို သင်ခန်းစာပေးဖို့နဲ့ နည်းနည်းလောက် ဒုက္ခရောက်အောင် လုပ်ဖို့ပဲ၊ သူက အဖွဲ့ထဲကနေ အခုချက်ချင်း ထွက်လို့မရသေးဘူး၊ ဗိုလ်မှူးကြီးယွီချီမှာ တခြားအစီအစဉ်တွေ ရှိသေးတယ်”

နည်းပြရှီက တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြကာ ပြောလာသည်။

“နားလည်ပြီ... နည်းပြလီကိုတော့ မျက်စိဒေါက်ထောက်ကြည့်ထားလိုက်”

သူက နည်းပြလီကို အစိုးရိမ်ဆုံး ဖြစ်ပေ၏။

တခြားအရာအားလုံးကတော့ သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပေသည်။

“စိတ်မပူပါနဲ့၊ ငါ သူ့ကို စောင့်ကြည့်ထားပါ့မယ်”

နည်းပြဝမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် တံခါးဝဘက်သို့ ကြည့်ကာ အသံကို ပိုနှိမ့်၍ ပြောလာသည်။

“သူတို့ ပြန်လာကြပြီ”

သူ၏စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် အပြင်ဘက်မှ စည်းချက်ကျသော ခြေသံများက ဟိန်းထွက်လာတော့၏။

မကြာမီ ယန်ရိချန်နှင့် ဟောင်ရှောက်ယာတို့ ဦးဆောင်သော အထူးစစ်ဆင်ရေး သင်တန်းသားနှစ်ဖွဲ့သည်က ဘတ်စကတ်ဘောကွင်းအတွင်းသို့ ဝင်လာကြပြီး ၎င်းတို့၏ရှေ့တွင် လျင်မြန်စွာ ရပ်တန့်လိုက်ကြပေသည်။

နည်းပြရှီက သင်တန်းသားအားလုံးကို ဝေ့ဝဲကြည့်ရှုကာ အမိန့်ပေးသောအသံဖြင့် ပြောလာသည်။

“မင်းတို့ အထူးစစ်ဆင်ရေးအဖွဲ့ထဲကို ရောက်နေတာ လဝကငလောက်ရှိပြီ၊ အများစုက ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေပဲ လုပ်ခဲ့ရပြီး စစ်သားတွေနဲ့ မယှဉ်ပြိုင်ခဲ့ရသေးဘူး၊ ဒီနေ့မှာတော့ စစ်သားတစ်ဖွဲ့ကို အထူးဖိတ်ခေါ်ထားတယ်၊

ပထမအချက်က မင်းတို့နဲ့ ယှဉ်ပြိုင်ဖို့ဖြစ်ပြီး ဒုတိယအချက်ကတော့ လမ်းညွှန်မှုပေးဖို့ပဲ၊ မင်းတို့အနေနဲ့ နှိမ့်ချစွာ သင်ယူပြီး စီနီယာစစ်သားတွေကို အကြံဉာဏ်တောင်းကြရမယ်၊ နားလည်ကြလား”

“ဟုတ်ကဲ့၊ နားလည်ပါတယ်”

သင်တန်းသားများ၏ အသံက ကျယ်လောင်ပြတ်သားလျက် ရှိပြီး လူတိုင်းက အံ့ဩပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်နေကြသည်။

ယန်ရိချန်တစ်ဦးတည်းသာလျှင် ယောင်ပင်းကို မှုန်မှိုင်းသော မျက်နှာထားဖြင့် ကြည့်ရှုနေပြီး သူ၏မျက်ဝန်းများထဲတွင် ကျေနပ်ပီတိဖြစ်မှုများဖြင့် ပြည့်နှက်နေ၏။

ဤသို့ ယှဉ်ပြိုင်ခြင်းဟု ခေါ်ဆိုသောအရာသည်က ယောင်ပင်းကို သင်ခန်းစာပေးရန်အတွက်သာ ဖြစ်ကြောင်း သူ သိရှိထားပေသည်။

ယန်ရိချန်အနေဖြင့် မနေ့က ယောင်ပင်း၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည့် အကြောင်းအရာအားလုံးကို သူ၏အစ်ကိုဖြစ်သူထံသို့ ပြောခဲ့ပြီးဖြစ်၍ သူ၏အစ်ကိုကလည်း လက်စားချေပေးရန် ချက်ချင်း သဘောတူခဲ့ခြင်း ဖြစ်ပေသည်။

ယောင်ပင်းမှာတော့ ဤအကြောင်းကို လုံးဝ မသိရှိခဲ့ချေ။

ယန်ရိချန်တစ်ယောက် ယောင်ပင်း အရိုက်ခံရမည့် မြင်ကွင်းကို စိတ်အားထက်သန်စွာဖြင့် မျှော်လင့်စောင့်စားနေမိသည်။

မကြာမီ ယန်ရိချန်၏အစ်ကိုဖြစ်သူ ဗိုလ်မှူးရန် ဦးဆောင်သော တပ်ဖွဲ့သည် အခြေစိုက်စခန်း၏ ဘတ်စကတ်ဘော အားကစားရုံအတွင်းသို့ ဝင်ရောက်လာကြတော့၏။

ဗိုလ်မှူးယန်နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ အားကစားရုံအတွင်းသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် နည်းပြရှီက ချက်ချင်းပင် ရင်ဘတ်ကို မတ်လျက် အော်ဟစ်လိုက်သည်။

“လက်ခုပ်တီးကြစမ်း၊ ဗိုလ်မှူးယန်နဲ့ တပ်ဖွဲ့တွေကို ကြိုဆိုကြ”

ထို့ကြောင့် အားမန်အပြည့်ပါသော လက်ခုပ်သံများက ဘတ်စကတ်ဘော အားကစားရုံအတွင်း၌ ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့သည်။

သို့သော်လည်း သင်တန်းသား ဆယ့်နှစ်ဦး၏ မျက်နှာထက်ရှိ အမူအရာများကတော် အမျိုးမျိုး ကွဲပြားသွားလေပြီ။

“ဗိုလ်မှူးယန်” ဆိုသည့် အမည်ကို ကြားလိုက်ရသောကြောင့် တခြားသင်တန်းသား ဆယ့်တစ်ဦးသည်လည်း အကြောင်းအရင်းကို ချက်ချင်းပင် နားလည်သွားကြပေသည်။

ဤဗိုလ်မှူးယန်မှာ ယန်ရိချန်နှင့် ဆွေမျိုးတော်စပ်နိုင်လောက်သည်။

ယောင်ပင်းအနေဖြင့် မနေ့က ယန်ရိချန်နှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ယနေ့တွင် ဗိုလ်မှူးယန်က တပ်ဖွဲ့ကို ခေါ်ဆောင်ကာ သူတို့နှင့် ယှဉ်ပြိုင်ရန် ရောက်ရှိလာချေပြီ။

ပတ်သက်ဆက်နွှယ်မှုက ပြောစရာမလိုဘဲနှင့် ထင်ရှားနေခဲ့သည်။

သို့သော်လည်း သင်တန်းသားများ၏ တုံ့ပြန်မှုမျာ့ကတော့ အလွန်ကွဲပြားနေကြ၏။ ယန်ရိချန်၏အဖွဲ့သည်က ယောင်ပင်း၏အဖွဲ့ အရိုက်ခံရမည့်အရေးကို မျှော်လင့်လျက် စိတ်လှုပ်ရှားနေကြပြီး ယောင်ပင်း၏အဖွဲ့ဝင်များမှာတော့ တိုက်ပွဲဝင်ရန် အသင့်ပြင်လျက် စိုးရိမ်မှုများနှင့် တည်ကြည်နေကြသည်။

အဆုံးသတ်တွင် ဤသည်က ကြိုတင်ကြံစည်ထားသော ယှဉ်ပြိုင်ပွဲတစ်ခုသာ ဖြစ်ပေ၏။

*

All Chapters