အခန်း ၁၆၇
Vol. 17 Ch. 167
(167)
နည်းပြရှီ၏ အမိန့်ပေးမှုနှင့်အတူ ယှဉ်ပြိုင်ပွဲသည် စတင်ခဲ့ချေပြီ။
အစပိုင်းတွင် တစ်ဦးချင်း ယှဉ်ပြိုင်ခြင်းများသာ ဖြစ်ပေသည်။
ဗိုလ်မှူးယန်က ဤယှဉ်ပြိုင်ပွဲကို စီစဉ်ရခြင်း၏ ရည်ရွယ်ချက်မှာ ယန်ရိချန်အတွက် လက်စားချေရန်ဖြစ်ကြောင်း ယောင်ပင်း ကောင်းစွာသိရှိထား၏။
သူ့အနေဖြင့် ပြဿနာမရှာချင်သကဲ့သို့ အာရုံစိုက်ခံရခြင်းကိုလည်း မလိုလားချေ။
ထို့ကြောင့် အစပိုင်းတွင် အစွမ်းကို ထိန်းထားကာ စီနီယာ ပြိုင်ဘက်နှင့် သရေကျရုံမျှသာ ကစားလျက် ဟန်ပြလုပ်ရန်သာ ရည်ရွယ်ထားပေသည်။
သို့သော် မျှော်လင့်မထားဘဲ ဗိုလ်မှူးယန်က သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝမရှိချေ။
ထိုအတောအတွင်း ဟောင်ရှောက်ယာနှင့် တခြားသူများက ပြင်းထန်သော ဒေါသများဖြင့် ကြည့်ရှုနေကြရပေသည်။ ကျန်းကျယ်က ၎င်းတို့၏အသင်းဖော်ဖြစ်၍ ကျန်းကျယ်ကို ရိုက်နှက်ခြင်းက သူတို့ကိုယ်တိုင် အရိုက်က်ခံရခြင်းနှင့် တူရီပေ၏။
“နည်းပြ”
ကျန်းကျယ်က မြေပြင်ပေါ်သို့ ထပ်ခါတလဲလဲ လဲကျကာ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီလျက် နှာခေါင်းနှင့် မျက်လုံးပင် ခွဲခြားမရတော့သည်ကို မြင်တွေ့ရသောကြောင့် ဟောင်ရှောက်ယာက နောက်ဆုံးတွင် ဆက်လက်အောင့်အီးမထားနိုင်တော့ဘဲ ပြောဆိုလိုက်သည်။
“နည်းပြ... ဒါက ယှဉ်ပြိုင်ရုံသက်သက်ပဲမလား၊ လောင်အန်းက အလေးအနက် လုပ်လွန်းနေပြီ... ကျန်းကျယ်လည်း ဒဏ်ရာရနေပြီပဲလေ...”
“ဟုတ်ပါတယ်... ဒါက ယှဉ်ပြိုင်ရုံသက်သက်ပဲလေ၊ ဒီလောက်အထိ အတည်လုပ်ဖို့ မလိုပါဘူး မဟုတ်ဘူးလား၊ ကျန်းကျယ်လည်း ဒီလောက်အထိ လဲကျသွားပြီပဲ၊ သူ ရှုံးသွားတာ ထင်ရှားနေတာပဲကို ဘာလို့ မရပ်ပေးတာလဲ”
…
သူတို့အဖွဲ့၏ အဖွဲ့ဝင်များမှာ ဆက်လက်ကြည့်ရှုမနေနိုင်ကြတော့သောကြောင့် ဟောင်ရှောက်ယာ စကားစပြောလာသည်ကို မြင်ချိန်တွင် အားလုံးက ကန့်ကွက်စကားများ ဆိုကြတော့၏။
“ဒါက ယှဉ်ပြိုင်ရုံသက်သက်ပဲလေ၊ မင်းတို့တွေကရော ဘာလို့ ဒီလောက်တောင် စိုးရိမ်နေကြတာလဲ”
ဗိုလ်မှူးယန်မှာ နှာခေါင်းရှုံ့လျက် လှောင်ပြောင်ပြုံးကာ ပြောလာသည်။
“ငါတို့တွေသာ စစ်မြေပြင်မှာဆိုရင် ရန်သူက မင်းတို့ကို အနိုင်အရှုံးအကြောင်း ပြောနေဦးမှာမို့လို့လား၊ ဒီနေ့က မင်းတို့အတွက် ပထမဆုံး သင်ခန်းစာပဲ၊
စစ်မြေပြင်နဲ့ ရန်သူ့ရဲ့ရှေ့မှာ အနိုင်အရှုံးဆိုတာ မရှိဘူး၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းပဲ ရှိတယ်၊ နားလည်ကြလား”
ဟောင်ရှောက်ယာနှင့် တခြားသူများ၏ မျက်နှာများက တင်းမာလျက် ရှိပြီး တိတ်ဆိတ်နေကြသည်။
တစ်ဖက်မှယန်ရိချန်နှင့် တခြားအနည်းငယ်သော သူများသာလျှင် ကျယ်လောင်စွာ တုံ့ပြန်ကြသည်။
“နားလည်ပါပြီ”
သူတို့၏ လေသံထဲတွင် ဖုံးကွယ်မရသော ကျေနပ်သည့် အမူအရာများဖြင့် ပြည့်နှက်နေ၏။ မနေ့က ယောင်ပင်းနှင့် သူ၏အုပ်စုက စကားများငြင်းခုံခဲ့ကြသော်လည်း ယနေ့တွင် ၎င်းတို့ဘက်မှ ပွင့်လင်းစွာ ရပ်တညာပေးမည့်သူ ရှိနေချေပြီ။
ယောင်ပင်းနှင့် သူ၏အုပ်စုက မကျေနပ်လျှင်ပင် သူတို့၏ ဒေါသကို မျိုသိပ်ထားရလိမ့်မည်။
အဘယ်ကြောင့် ကျေနပ်ပီတိမဖြစ်ဘဲ နေနိုင်ပါမည်နည်း။
အထူးသဖြင့် ယန်ရိချန်ဖြစ်ပြီး သူ၏မျက်နှာက ပြုံးရယ်မတတ် ဖြစ်နေချေသည်။
ကျန်းကျယ်က ပထမဆုံးလူသာ ဖြစ်သေးကြောင်းကို သူ သိရှိထားပေသည်။
မကြာမီ ယောင်ပင်း၏ အလှည့် ရောက်လာတော့မည်။
သူ့အနေဖြင့် မနေ့ညက ယောင်ပင်း၏ ကောက်ကျစ်သော နည်းလမ်းများကြောင့် တစ်ညလုံး ပိတ်မိနေခဲ့သောကြောင့် သူ၏နောက်ကျောက ယခုထက်တိုင် နာကျင်နေဆဲ ဖြစ်၏။
မကြာမီ ယောင်ပင်းသာ ကွင်းထဲသို့ တက်လာပါက ကျန်းကျယ်ထက်ပင် ပိုမိုဆိုးရွားစွာ ခံစားရလိမ််မည်။
ဤသည်မှာ သူ့ကို ပြစ်မှားမိခြင်း၏ အကျိုးဆက်ပင် ဖြစ်ပေသည်။
“နည်းပြ... ကျွန်တော် ကျန်းကျယ်ရဲ့နေရာမှာ အစားဝင်ဖို့ တောင်းဆိုပါတယ်”
ဟောင်ရှောက်ယာက အရှေ့သို့ တက်လှမ်းလိုက်ပြီး နည်းပြရှီ၏အနားသို့ လျင်မြန်စွာ လျှောက်လှမ်းသွားကာ ပြောလာသည်။
“ဒီအတိုင်း ဆက်သွားရင် ကျန်းကျယ် သေသွားလိမ့်မယ်”
သူသည်က အသင်း၏ ခေါင်းဆောင်ဖြစ်၍ ကျန်းကျယ် သေဆုံးသွားမည့်အရေးကို ဤအတိုင်း ထိုင်ကြည့်မနေနိုင်ချေ။
နည်းပြရှီက ဟောင်ရှောက်ယာကို ကြည့်ရှုလိုက်ပြီးနောက် ဗိုလ်မှူးယန်ကို လှမ်းကြည့်လိုက်၏။
သူက ဗိုလ်မှူးရန်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။
ဗိုလ်မှူးယန်မှာ ဟောင်ရှောက်ယာကို ကြည့်ရှုလိုက်ပြီးနောက် သူ၏အကြည့်တို့က ယောင်ပင်းပေါ်သို့ ကျရောက်သွားကာ ပြောလာသည်။
“မင်းတို့ရဲ့ အဖွဲ့ထဲမှာ ယောင်ပင်းလို့ ခေါ်ရတဲ့ လူငယ်လေးတစ်ယောက် ရှိတယ်လို့ ကြားတယ်၊ သူက အတော်လေတော်ထက်မြက်ပြီး မီတာ ၃၅၀၀၀ တောင် ဆက်တိုက်ပြေးနိုင်တယ်ဆို.. နည်းပြရှီ... ဟုတ်
လား”
နည်းပြရှီလည်း သဘောပေါက်သွားပြီး ချက်ချင်းပင် ခေါင်းညိတ်ပြကာ ပြောလာသည်။
“ဗိုလ်မှူး... မှန်ပါတယ်”
“ကောင်းတယ်... အရမ်းကောင်းတယ်”
ဗိုလ်မှူးယန်က ခေါင်းညိတ်လျက် ပြုံးပြသော်လည်း သူ၏မျက်ဝန်းများထဲတွင် အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
“ငါတို့က ယှဉ်ပြိုင်ကြမှာဆိုတော့လည်း အားကောင်းတဲ့သူအချင်းချင်းပဲ ယှဉ်ပြိုင်ကြတာပေါ့၊ ဒါဆိုရင် ဘယ်လိုလဲ... ယောင်ပင်းက ကျန်းကျယ်ရဲ့နေရာမှာ အစားဝင်လိုက်မလား”
ကျန်းကျယ်က အစပြုခြင်းမျှသာ ဖြစ်၏။
ဗိုလ်မှူးရန် အမှန်တကယ် မြင်တွေ့လိုသောအရာက ယောင်ပင်းကိုရိုက်နှက်မည့်မြင်ကွင်းကိုသာ ဖြစ်ပေ၏။
ယောင်ပင်းနှင့် ကျန်းကျယ်က အနီးစပ်ဆုံး ဖြစ်ကြောင်းနှင့် ယောင်ပင်း ကျန်းကျယ်ကို အမြဲတစေ ဂရုစိုက်ပေးကြောင်းကို သူ သိရှိထားပေသည်။
ထို့ကြောင့် သူက ကျန်းကျယ်ကို အရင်ဆုံး စတင်ခိုင်းခြင်း ဖြစ်၏။
ယောင်ပင်းနှင့် ကျန်းကျယ်က ဤမျှအထိ နီးစပ်ကြသည့်အတွက် ကျန်းကျယ် အရိုက်ခံရသည်ကို မြင်လျှင် ယောင်ပင်းလည်း ဒေါသထွက်လာမည် မဟုတ်ပါလား။
ယောင်ပင်းသာ ဒေါသထွက်လာပါက သူ၏အစွမ်းကို ထိန်းထားနိုင်တော့မည် မဟုတ်ချေ။
ယောင်ပင်းသာ စစ်တပ်ထဲတွင် လူတစ်ယောက်ကို အမှန်တကယ် သတ်မိသွားပါက သူ၏ပြစ်မှုသည်က အလွယ်တကူဖြင့် ရှင်းလင်းနိုင်မည့်အရာမျိုး မဟုတ်တော့ပေ။
သူ မလာရောက်မီက ဗိုလ်မှူးကြီးယွီချီက ယောင်ပင်းကို သင်ခန်းစာပေးရန်နှင့် ဒုက္ခရောက်အောင်သာ လုပ်ရန် ပြောခဲ့ပေသည်။
သို့သော်လည်း ဗိုလ်မှူးယန်၏ ရည်ရွယ်ချက်သည်က ထိုမျှမကပေ။
ထို့ကြောင့် ကျန်းကျယ်ကို သေလုမျောပါး ရိုက်နှက်ပြီးနောက် ဗိုလ်မှူးယန်က ယောင်ပင်းကို တိုက်ပွဲထဲသို့ ဝင်ရောက်ရန် တောင်းဆိုလိုက်ခြင်း ဖြစ်ပေ၏။
သူ ယောင်ပင်း၏နာမည်ကို ပြောလိုက်သည့် ထိုခဏ၌ပင် ဘတ်စကတ်ဘောကွင်းတစ်ခုလုံး၏ လေထုက ချက်ချင်း တင်းမာသွားတော့၏။ ယန်ရိချန်နှင့် သူ၏အသင်းဖော်များက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြပြီး ဟောင်ရှောက်ယာနှင့် သူ၏အုပ်စုမှာတော့ အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။
ဗိုလ်မှူးယန်မှာ သူ၏ရာထူးအာဏာကို အသုံးပြု၍ ပုဂ္ဂိုလ်ရေးအရ ကလဲ့စားချေရန် ပြုလုပ်နေခြင်း ဖြစ်နိုင်ချေများကြောင်း လူတိုင်း သိရှိထားကြသည်။
“ဗိုလ်မှူး... ကျွန်တော်က ယောင်ပင်းပါ”
ဗိုလ်မှူးန်၏ ခေါ်ဆိုခြင်းကို ခံရပြီးနောက် ယောင်ပင်း ချက်ချင်းပင် ရှေ့သို့ လှမ်းလိုက်ပြီး ခေါင်းကိုမတ်လျက် ကြေညာလိုက်သည်။
“ဒါပေမဲ့... ကျွန်တော် ကျန်းကျယ်ရဲ့နေရာမှာ အစားမဝင်နိုင်ပါဘူး”
ယောင်ပင်း၏ စကားများက လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။ ဗိုလ်မှူးယန်မှာ ခဏမျှ ကြောင်အသွားပြီးနောက် ချက်ချင်းပင် မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့လဲ”
ယောင်ပင်း စကားပြောလိုက်သည့်အချိနန် ဘတ်စကတ်ဘောကွင်းအတွင်းရှိ လူတိုင်း အံ့ဩသွားကြပေသည်။
ယောင်ပင်းက ဤမျှအထိ တိုက်ရိုက်နှင့် ပြတ်သားစွာ ငြင်းဆန်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားကြချေ။
အံ့ဩဆုံးသူမှာ ဗိုလ်မှူးယန် ဖြစ်၏။
သူ မလာခင်က နည်းပြဝမ်က ယောင်ပင်းနှင့် ကျန်းကျယ်တို့မှာ အနီးစပ်ဆုံးဖြစ်ကြောင်း၊ ယောင်ပင်းက ကျန်းကျယ်ကို အမြဲတစေ ဂရုစိုက်ပေးပြီး ကျန်းကျယ်အတွက် အကြိမ်ပေါင်းများစွာ ရပ်တည်ပေးခဲ့ဖူးကြောင်း သူ့ကို အထူးတလည် ပြောခဲ့ပေသည်။
ကျန်းကျယ်သာ အနိုင်ကျင့်ခံရလျှင် ယောင်ပင်း လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ကျန်းကျယ်မှာ သေလုမြောပါး အရိုက်ခံထားရပြီး ဟောင်ရှောက်ယာပင် သူ၏နေရာတွင် အစားဝင်ကာ လောင်အန်းကို တိုက်ခိုက်ရန် ပြောနေသော်လည်း ကျန်းကျယ်နှင့် နီးစပ်သော ယောင်ပင်းကတော့ အစားဝင်ရန် ငြင်းဆန်နေချေသည်။
နည်းပြဝမ်၏ အချက်အလက်များက မှားယွင်းနေခြင်းလား။
ဗိုလ်မှူးယန်မှာ သူ၏ဘေးရှိ နည်းပြဝမ်ကို စိုက်ကြည့်လိုက်ပြီးနောက် ထပ်မံမေးမြန်းသည်။
“ဘာဖြစ်လို့လဲ”
သူက မေးမြန်းပြီးနောက်တွင်မှသာ ထိုသို့မေးခြင်းက မသင့်တော်ဟု ခံစားမိသောကြောင့် ချက်ချင်းပင် ဖြည့်စွက်ပြောလာသည်။
“ဒါက အမိန့်ပဲ၊ စစ်သားဆိုတာ အမိန့်ကို နာခံရမယ်၊ မင်းက ဘယ်လိုသတ္တိနဲ့ အမိန့်ကို ဖီဆန်ရဲတာလဲ”
ဗိုလ်မှူးတစ်ဦးအနေဖြင့် သူသည် အထူးသင်တန်းသားတစ်ဦး၏ သဘောထားကို မေးမြန်းနေရန် မလိုချေ။
“ဗိုလ်မှူး... ကျွန်တော် မဖီဆန်ရဲပါဘူး”
ယောင်ပင်းက လေးစားသော အမူအရာဖြင့် ခေါင်းခါပြလိုက် သည်။
“မဖီဆန်ရဲဘူး ဟုတ်လား၊ မင်းက လောင်အန်းကို မနိုင်မှာ ကြောက်နေတာလား”
ယောင်ပင်း၏ လေးစားသော သဘောထားကို မြင်သောကြောင့် ဗိုလ်မှူးယန်၏ မျက်နှာထားသည် အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။ ထို့နောက် သူက မေးမြန်းသည်။
“ဒါမှမဟုတ် မင်း ကျန်းကျယ်ရဲ့နေရာမှာ အစားမဝင်ချင်တာလား”
“နှစ်ခုလုံး မဟုတ်ပါဘူး”
ယောင်ပင်း ခေါင်းကို ထပ်မံခါယမ်းပြပြန်ပေသည်။
“ဒါဆိုရင် ဘာဖြစ်လို့လဲ”
ဗိုလ်မှူးယန်၏ မျက်မှောင်များ ကြုတ်သွားပြီး သူ၏မျက်နှာတွင် စိတ်မရှည်သော အရိပ်အယောင်များ ပေါ်လွင်လာသည်။
ဤနေရာတွင် လူအများအပြား ရှိမနေပါက သူ့အနေဖြင့် ဒေါသပေါက်ကွဲနေလောက်ပြီ ဖြစ်၏။
ဤယောင်ပင်းက ဗိုလ်မှူးဖြစ်သော သူ့ကို လှောင်ပြောင်နေခြင်းလား။
“ဗိုလ်မှူး...”
ယောင်ပင်းက တည်ငြိမ်စွာ ပြောလာသည်။
“တိုက်ပွဲထဲမှာ အနိုင်အရှုံးဆိုတာ မရှိဘူး၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းပဲ ရှိတယ်လို့ ဗိုလ်မှူး အခုလေးတင် ပြောခဲ့တယ်လေ၊ အဲဒါကြောင့် ကျွန်တော် လက်လွန်ပြီး လောင်အန်းကို သတ်မိသွားမှာ စိုးလို့ပါ”
တိတ်ဆိတ်သွားချေပြီ။
သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြင်းပင် ဖြစ်၏။
ဘတ်စကတ်ဘောကွင်းအတွင်းရှိ လူတိုင်း၏ မျက်နှာထက်တွင် အမူအရာအမျိုးမျိုး ဖြစ်ပေါ်နေကြသည်။
ဗိုလ်မှူးယန်၊ နည်းပြရှီနှင့် နည်းပြဝမ်တို့၏ မျက်နှာများက ချက်ချင်းပင် မှောင်မှောင်မည်းသွားကြတော့၏။
မျက်နှာအပျက်ဆုံးသူမှာ ဗိုလ်မှူးယန် ဖြစ်ပေသည်။
ယောင်ပင်းက လောင်အန်းကို ကြောက်ရွံ့သောကြောင့် ကျန်းကျယ်၏နေရာတွင် အစားဝင်ရန် ငြင်းဆန်ခြင်းဖြစ်သည်ဟု သူ အစောပိုင်းက ထင်မြင်ခဲ့ပေသည်။
သို့သော် ယောင်ပင်းက လောင်အန်းကို သတ်မိသွားမည်ကို ကြောက်၍ ကွင်းထဲမဝင်ခြင်းဖြစ်ကြောင်း ပြောလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ယောင်ပင်းက မောက်မာလွန်းသည်။
လောင်အန်း၏ မျက်နှာသည်လည်း ချက်ချင်းပင် မည်းမှောင်သွားပြီး သူ၏မျက်ဝန်းများထဲတွင် ရန်လိုမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
တိုက်ခိုက်ခြင်းပင် မစတင်ရသေးသော ကလေးတစ်ယောက်က သူ့ကို သတ်ပစ်မည်ဟု အဘယ်ကြောင့် ပြောရဲရသနည်း။
ယောင်ပင်းဟု အမည်ရသော ဤကောင်လေးသည် အလွန်အမင်း မောက်မာလွန်းပေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယန်ရိချန်နှင့် သူ၏အုပ်စုက စည်းကမ်းကို ဂရုမစိုက်ဘဲ လှောင်ပြောင်သရော်သော စကားများကို ဆူညံစွာ အော်ဟစ်ကြတော့သည်။
“ယောင်ပင်း... မင်း မောက်မာလွန်းနေပြီ၊ တိုက်ပွဲတောင် မစရသေးဘူး၊ မင်းက ဘယ်လိုသတ္တိနဲ့ လောင်အန်းကို သတ်မယ်လို့ ပြောရဲတာလဲ”
“ဟုတ်တယ်၊ မင်း လှုပ်ရှားလိုက်တာနဲ့ လောင်အန်းရဲ့ လက်ချက်နဲ့ သေလုမျောပါးဖြစ်သွားမှာ.. လေလုံးထွားမနေနဲ့၊ မြန်မြန် တိုက်စမ်းပါ”
*