အခန်း ၁၆၉
Vol. 17 Ch. 169
(169)သူက တကယ် ကောင်းကင်ဘုံဧကရာဇ်ပဲ
မကြာမီ ဗိုလ်မှူးယန်တစ်ယောက် ဖုန်းပြောဆို၍ ပြီးဆုံးသွားခဲ့သည်။
သူက ဖုန်းကို နည်းပြဝမ်ထံသို့ ပြန်ပေးလိုက်ပြီး သူ၏နဖူးပြင်ထက်ရှိ ချွေးစေးများကို မသိမသာ သုတ်လျက် နည်းပြရှီအား လျင်မြန်စွာ အမိန့်ပေးလိုက်သည်။
“နည်းပြရှီ... လောင်အန်းကို ဆေးရုံပို့ဖို့ လူနှစ်ယောက် ချက်ချင်းရှာလိုက်၊ ကျန်တဲ့ကိစ္စတွေကို ငါ ကိုင်တွယ်မယ်”
နည်းပြရှီနှင့် နည်းပြဝမ်တို့သည် စကားတစ်ခွန်းမျှ မဆိုရဲကြဘဲ အချင်းချင်း အကြည့်ချင်းဖလှယ်လျက် လျင်မြန်စွာ သဘောတူလိုက်ကြပေသည်။
မကြာမီ လောင်အန်းကို ထမ်းစင်ဖြင့် ခေါ်ဆောင်သွားကြတော့၏။
ဗိုလ်မှူးယန်မှာ အထူးသင်တန်းသားအားလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပေသည်။
ထို့နောက် သူက အေးစက်စွာ ပြောလာသည်။
“ယောင်ပင်း... ရှေ့ကို တစ်လှမ်းတက်ခဲ့”
“ဟုတ်!”
“ငါ့နောက်ကို လိုက်ခဲ့”
“ဟုတ်!”
ယောင်ပင်းက သဘောတူညီပြီးနောက် ဗိုလ်မှူးရန်လည်း အပြင်သို့ ဦးဆောင်၍ ထွက်ခွာသွားခဲ့သည်။
ယောင်ပင်းလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားပြီး ဗိုလ်မှူးယန်နှင့်အတူ ဘတ်စကတ်ဘောကွင်းထဲမှ ထွက်ခွာသွားခဲ့လေ၏။
နေရာတွင်အထူးသင်တန်းသားတစ်စုနှင့် တပ်သားတစ်စုတို့သာ ကျန်ရစ်ခဲ့ကြတော့၏။
ယန်ရိချန်၏ နှလုံးသားထဲတွင် မျှော်လင့်ချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
သူ၏အစ်ကိုသည်က လူအများအပြား မမြင်တွေ့စေရန်အတွက် ယောင်ပင်းကို လျှို့ဝှက်စွာ ကိုင်တွယ်လိုသောကြောင့် အပြင်သို့ ခေါ်ထုတ်သွားခြင်း ဖြစ်ရမည်။
သူ၏အစ်ကိုက ယောင်ပင်း သူ့ကို ဤသို့ အနိုင်ကျင့်ခဲ့သည်ကို လွှတ်ထားမည် မဟုတ်ပေ။
*
“အစ်ကို... ဒါက ဘာသဘောလဲ၊ ဘာဖြစ်လို့ အဲဒီကောင်က ဒဏ်ရာဒဏ်ချက်မရှိဘဲ ပြန်သွားရတာလဲ”
ယန်ရိချန်က ဗိုလ်မှူးယန်ကို မြင်သည်နှင့် ချက်ချင်းပင် မေးခွန်းထုတ်တော့သည်။
“အစ်ကိုက ကျွန်တော့်အတွက် ကလဲ့စားချေပေးဖို့ လာတာမဟုတ်ဘူးလား၊ အခု ဘာဖြစ်သွားလဲ ကြည့်ဦး၊ လက်စားလည်း မချေရတဲ့အပြင် လူတစ်ယောက်တောင် ဆုံးရှုံးသွားပြီ၊ အစ်ကိုက ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား”
ဖြန်း!
ယန်ရိချန် ဗိုလ်မှူးယန်၏ အနားသို့ ပြေးလွှားရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ဗိုလ်မှူးယန်က စကားတစ်ခွန်းမျှ မဆိုဘဲ သူ၏မျက်နှာကို ရိုက်နှက်ပစ်လိုက်ပေသည်။
ဗိုလ်မှူးယန်မှာ ထိုရိုက်ချက်တွင် အားပြင်းပြင်း အသုံးပြုခဲ့ချေသည်။
ယန်ရိချန်အနေဖြင့် သူ၏မျက်နှာထက်တွင် ပူလောင်သည့် နာကျင်မှုကို ခံစားလိုက်ရလေ၏။
သူ ကြောင်အသွားပြီးနောက် သူ၏မျက်နှာကို အသည်းအသန် အုပ်ကိုင်လျက် မေးမြန်းသည်။
“အစ်ကို... ကျွန်တော့်ကို ဘာလို့ ရိုက်တာလဲ၊ ယောင်ပင်းက ကျွန်တော့်ကို အနိုင်ကျင့်တာလေ၊ အစ်ကိုက ကျွန်တော့်ဘက်က ရပ်တညာမပေးတဲ့အပြင် ကျွန်တော့်ကိုတောင် ပြန်ရိုက်နေသေးတယ်၊ အစ်ကိုက ဗိုလ်မှူး မဟုတ်ဘူးလား၊ အဲဒီ အထူးသင်တန်းသားလေးကိုတောင် မကိုင်တွယ်နိုင်ဘဲနဲ့ ကျွန်တော့်အပေါ် လာပြီး ဒေါသပုံချနေတယ်”
ဖြန်း!
ယန်ရိချန် စကားပင် မဆုံးသေးမီမှာပင် ဗိုလ်မှူးယန်၏ မျက်နှာက မည်းမှောင်သွားပြီး နောက်ထပ် ရိုက်ချက်တစ်ခု ကျရောက်လာပြန်ပေသည်။
ဤတစ်ကြိမ်တွင် ရိုက်ချက်က ယန်ရိချန်၏ ကျန်ရှိနေသော မျက်နှာတစ်ခြမ်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်ခဲ့ခြင်း ဖြစ်၏။
ယခုအချိန်တွင် ယန်ရိချန်၏ မျက်နှာသည် မီးလောင်နေသကဲ့သို့ ပူလောင်လျက် နာကျင်မှုမှာ အလွန်အမင်း ဆိုးရွားလှသည်။
“အစ်ကို... ရူးနေတာလား”
သူ၏အစ်ကိုဖြစ်သူထံမှ နှစ်ကြိမ်တိုင်တိုင် အရိုက်ခံရသောကြောင့် ယန်ရိချန်၏ အလိုလိုက်ခံထားရသော သခင်လေးဗီဇာ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။
“ကျွန်တော့်ကို ဘာလို့ ရိုက်ရတာလဲ”
ဗိုလ်မှူးရန်မှာ သူ့ကို စိုက်ကြည့်လျက် အေးစက်စွာ မေးမြန်းသည်။
“ခုနက ငါ့ဆီကို ဘယ်သူ ဖုန်းခေါ်ခဲ့လဲဆိုတာ မင်းသိလား”
ယန်ရိချန် သူ၏မျက်နှာကို ကာကွယ်ထားရင်း စိတ်ဆိုးမာန်ဆိုးဖြင့် မေးမြန်းသည်။
“ဘယ်သူမို့လို့လဲ၊ တကယ်ပဲ ကောင်းကင်ဘုံဧကရာဇ် ကိုယ်တိုင်မို့လို့လား”
သူ၏စကားများက ဗိုလ်မှူးယန်ကို ဒေါသထွက်စေသောကြောင့် မျက်နှာ မည်းမှောင်သွားကာ ယန်ရိချန်ကို ထပ်မံရိုက်နှက်ရန် လက်ကို မြှောက်လိုက်ပေသည်။
သို့သော်လည်း ယန်ရိချန်၏ မျက်နှာက အရိုက်ခံရသောကြောင့် ဖူးရောင်နေသည်ကို မြင်တွေ့ရချိန်တွင် လက်ကို ပြန်လည်နှိမ့်ချလိုက်ပြီး အေးစက်စွာ ပြောလာသည်။
“ခုနက ငါ့ဆီကို ဖုန်းခေါ်ခဲ့တဲ့သူက ဗိုလ်ချုပ်ကြီးမိုလီချန်ပဲ”
ဗိုလ်ချုပ်ကြီးမိုလီချန် ဟုတ်လား။
ယန်ရိချန် ချက်ချင်းပင် ဆွံ့အသွားရချေပြီ။
ဗိုလ်ချုပ်ကြီးမိုကို သူ သေချာပေါက် သိရှိထားသည်။
သခင်ကြီးမို၏ ဒုတိယသားဖြစ်သူ မိုလီချန်သည် စစ်တပ်ထဲသို့ ဝင်ရောက်ကတည်းက လျင်မြန်စွာ ရာထူးတက်လှမ်းခဲ့ပြီး ငယ်ရွယ်စဉ်မှာပင် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။
မကြာမီတွင်လည်း ရာထူးထပ်တက်နိုင်ချေ ရှိပေသည်။
သို့သော်လည်း မိုလီချန်သည်က အမည်ခံသက်သက်မျှသာ မဟုတ်ချေ။ သူ၏ရာထူးများမှာ သူကိုယ်တိုင်၏ အစွမ်းအစများဖြင့်သာ ဒုံးပျံကဲ့သို့ အရှိန်အဟုန်ဖြင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေ၏။
ထိုအချက်ကပင် သူ့ကို အမှန်တကယ် လေးစားစရာဖြစ်စေသည်။
သူ့အစ်ကို ပြောခဲ့တာက... ဖုန်းခေါ်ခဲ့လူက ဗိုလ်ချုပ်ကြီးမိုလီချန် ဟုတ်လား။
“ဒါဆို ဗိုလ်ချုပ်ကြီးမိုက အစ်ကို့ကို ဘာပြောလဲ”
ယန်ရိချန်မှာ စဉ်းစားတွေးတောနိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားလျက် ရှုပ်ထွေးစွာ မေးမြန်းလိုက်ပေသည်။
ဗိုလ်မှူးရန်၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။
“သူက ငါ့ကို ယောင်ပင်းကို လုံးဝ မထိခိုက်စေနဲ့လို့ ပြောတယ်”
ယန်ရိချန် မှင်သက်သွားရ၏။
ဗိုလ်ချုပ်ကြီးမိုလီချန်ကိုယ်တိုင် သူ၏အစ်ကိုထံသို့ ဖုန်းခေါ်ဆိုပြီး ယောင်ပင်းကို မထိခိုက်စေရန် ပြောခဲ့သည်လား။
ဒါက ဘာကို ဆိုလိုတာလဲ။
ဤသည်မှာ အထူးစစ်ဆင်ရေးအဖွဲ့အတွင်း၌ သူတို့အနေဖြင့် ယောင်ပင်းကို လုံးဝ ထိခိုက်အောင် မပြုလုပ်နိုင်တော့ကြောင်း ဆိုလိုခြင်း ဖြစ်ပေသည်။
“ယောင်ပင်းက မိုမိသားစုနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိတယ်လို့ အရင်က ကြားဖူးပေမဲ့ ငါ သိပ်ပြီး သတိမထားမိခဲ့ဘူး၊ အထက်တန်းကျောင်းသားလေးတစ်ယောက်က မိုမိသားစုနဲ့ နီးစပ်အောင် ဘယ်လို အစွမ်းအစမျိုး ရှိနိုင်မှာလဲလို့ ငါ တွေးခဲ့မိတာ”
ဗိုလ်မှူးယန်မှာ ခါးသီးစွာ ပြုံးလျက် ဆက်ပြောလာသည်။
“အခုကြည့်ရသလောက်တော့ ကောလာဟလတွေက အမှန်ပဲ ဖြစ်ရမယ်၊ အဲဒီယောင်ပင်းနဲ့ မိုမိသားစုရဲ့ ဆက်ဆံရေးက တကယ်ထူးခြားတယ်၊
ရိချန်... မင်း အဲဒီကောင်ကို နောက်တစ်ခါ သွားပြီး မဆွရဲနဲ့တော့.. နားလည်လား၊ ဗိုလ်ချုပ်ကြီးက သူ့ကို မထိဖို့ တားမြစ်ထားတာကို ထားလိုက်ဦး၊ မင်းသာ သူ့ကို ထိခိုက်နိုင်ရင်တောင် မင်းက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
ထိုအချက်က အဓိက သော့ချက်ပင် ဖြစ်ပေ၏။
ဗိုလ်မှူးယန်မှာ သူအနေဖြင့် ခင်မင်မှုအရ ယှဉ်ပြိုင်ခြင်းဟူသော ခေါင်းစဉ်အောက်တွင် ယောင်ပင်းကို သင်ခန်းစာပေးရန် အကြောင်းပြချက် ရှာဖွေနိုင်ခဲ့ခြင်းကို စိတ်ထဲ၌ တိုးတိုးတိတ်တိတ် သက်ပြင်းချမိပေသည်။
မဟုတ်ပါက သူဒ ဗိုလ်မှူးရာထူးကိုပင် ထိန်းထားနိုင်လိမ့်မည် မဟုတ်ချေ။
“အစ်ကို... ဒါဆို ကျွန်တော်တို့က ဒီအတိုင်းပဲ လွှတ်ထားရတော့မှာလား”
ယန်ရိချန် မကျေနပ်သော အမူအရာဖြင့် မေးမြန်းသည်။
“ဒါပေမဲ့ အဲဒီကောင်က မောက်မာလွန်းတယ်၊ ကျွန်တော် မကျေနပ်ဘူး”
ယောင်ပင်းက သူ့ကို လူအများရှေ့တွင် အရှက်ခွဲခဲ့ပြီး တစ်ညလုံး မတ်တတ်ရပ်ခိုင်းထားခဲ့သည်။
ယခုအချိန်တွင် သူ့ကို ဤအတိုင်း လွှတ်ထားရမည်လား။
ယန်ရိချန် ဤဒေါသကို မမျိုသိပ်နိုင်ချေ။
“ရိချန်... ငါ့စကားကို နားထောင်စမ်း...”
ဗိုလ်မှူးယန်မှာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ယန်ရိချန်၏အနားသို့ အသံကိုနှိမ့်၍ ပြောဆိုလိုက်သည်။
“အဲဒီကောင်ကို သေစေချင်တာ ငါတို့တစ်ယောက်တည်း မဟုတ်ဘူး... မကြာခင်မှာ သူ သေရလိမ့်မယ်၊ ဒီအတိုင်းပဲ စောင့်ကြည့်နေလိုက်”
ပင်းဟိုင်မြို့ရှိ အလွန် ထူးဆန်းသော အခြေစိုက်စခန်းတစ်ခု။
သန်မာတောင့်တင်းသော ခန္ဓာကိုယ်များ ရှိကြသည့် အမည်းရောင်လူရိပ်တချို့က မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အရှိန်နှုန်းဖြင့် အခြေစိုက်စခန်းအတွင်း၌ ဟိုမှသည်သို့ ပျာယာခတ် လှုပ်ရှားနေကြသည်။
အခြေစိုက်စခန်းရှိ ဝန်ထမ်းအမြောက်အမြားသည်လည်း ထိုလူရိပ်များ လှုပ်ရှားသွားလာနေသည်ကို အရိပ်ထဲမှနေ၍ ရင်တမမဖြင့် စောင့်ကြည့်နေကြရ၏။
ဒိုင်း!
ဒိုင်း ဒိုင်း !
…
ထိုလူရိပ်များ ရောက်ရှိရာ နေရာတိုင်းတွင် သေနတ်သံများ ဟိန်းထွက်လာခဲ်သည်။
သို့သော်လည်း ကျည်ဆန်များက သူတို့အပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိသကဲ့သို့ ဖြစ်နေပြီး သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အော်ဟစ်ညည်းတွားသံများသာ ပဲ့တင်ထပ်ကျန်ရစ်ခဲ့ပေသည်။
နာရီဝက်ခန့်အတွင်းမှာပင် အခြေစိုက်စခန်းတစ်ခုလုံး၌ ရုပ်အလောင်းအမြောက်အမြားသည် ပြန့်ကျဲလဲကျသွားလေပြီ။
ရုပ်အလောင်းတိုင်း၏ လည်ပင်းတွင် သွေးချင်းချင်းနီနေသော အပေါက်တချို့ ရှိနေပြီး သွေးများ ပန်းထွက်နေကြ၏။
အခြေစိုက်စခန်းတစ်ခုလုံးသည် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်ကာ ထိတ်လန့်ခြောက်ခြားမှုများ ဖုံးလွှမ်းသွားတော့သည်။
“အားလုံး ထွက်ပြေးကြစမ်း၊ ဒီကောင်တွေက ကျည်ဆန်ကိုမကြောက်ဘူး၊ ပုန်းစရာနေရာ ရှာကြ”
“မြန်မြန်... အထက်လူကြီးကို အကြောင်းကြားပြီး စစ်ကူတောင်းကြစမ်း”
“စစ်ကူ တောင်းကြ...”
…
သေနတ်သံများ၊ အော်ဟစ်သံများနှင့် ပြေးလွှားသံများက လေထုထဲတွင် ပြည့်နှက်နေခဲ့သည်။
အခြေစိုက်စခန်းသည် လုံးဝ ပျက်စီးယိုယွင်းလျက် ရှိချေပြီ။
ထိုလူရိပ်များကတော့ သိုးအုပ်ထဲ ရောက်နေသော ဝံပုလွေများကဲ့သို့ လွတ်လပ်စွာ လှည့်လည်ကျက်စားနေကြဆဲ ပင်။
ထိတ်လန့်တုန်လှုပ်မှုများက အခြေစိုက်စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
နောက်တစ်နေ့။
ည ၈ နာရီ။
တခြားသော အခြေစိုက်စခန်းတစ်ခု။
အထူးသင်တန်းသား တစ်ဆယ့်နှစ်ဦးလုံးက မမြင်နိုင်သော နေရာများတွင် ပုန်းကွယ်နေကြသည်။
တာအိုဘုန်းကြီးတစ်ပါးနှင့် သူ၏တပည့်ဖြစ်သူတို့သည်လည်း ၎င်းတို့၏ရှေ့တွင် မတ်တတ်ရပ်လျက် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြလေ၏။
သင်တန်းသားတချို့မှာ ရင်တထိတ်ထိတ်ဖြင့် ဘေးဘီသို့ ဝေ့ဝဲကြည့်ရှုနေကြပြီး သူတို့၏ ခံတွင်းများကလည်း အကြောင်းရင်းမရှိဘဲ ခြောက်ကပ်နေကြသည်။
ယန်ရိချန်၏ ကြောက်ရွံ့ခြင်းတန်ဖိုး: ၅၀၀။
ဟောင်ရှောက်ယာ၏ ကြောက်ရွံ့ခြင်းတန်ဖိုး: ၅၀၀။
တုမင်ယွမ်၏ ကြောက်ရွံ့ခြင်းတန်ဖိုး: ၁၀၀၀။
…
ယောင်ပင်း၏ မျက်နှာပြင် အောက်ခြေ ညာဘက်ထောင့်ရှိ ကြောက်ရွံ့ခြင်းတန်ဖိုးသည် ဒုံးပျံကဲ့သို့ အရှိန်အဟုန်ဖြင့် ထိုးတက်နေပေသည်။
ဤသင်တန်းသားများ စိုးရိမ်ထိတ်လန့်နေကြခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
သူတို့၏ အထက်လူကြီးများက ဤအခြေစိုက်စခန်းသို့ မစ်ရှင်တစ်ခု ဆောင်ရွက်ရန် လာခြင်းဖြစ်ကြောင်းသာ ပြောခဲ့ပြီး မည်သည့်မစ်ရှင်ဖြစ်ကြောင်းကိုတော့ ပြောပြခဲ့ခြင်း မရှိပေ။
မစ်ရှင်တာဝန်ပေးအပ်ချိန်က အထက်လူကြီးများက သူတို့အား ကူညီပေးရန် အစွမ်းအစထက်မြက်သော ပုဂ္ဂိုလ်များဟုခေါ်သော တာအိုဘုန်းကြီးနှစ်ပါးကိုပါ ထည့်သွင်းပေးလိုက်ခြင်းက သူတို့ကို ပိုမိုဝေခွဲမရ ဖြစ်စေသည်။
အသက်ကြီးသော တာအိုဘုန်းကြီးကို မာစတာဟူဟု ခေါ်သည်။
တခြား အသက်ငယ်သော တာအိုဘုန်းကြီးမှာတော့ မာစတာဟူ၏ တပည့် ဖြစ်ပေသည်။
မစ်ရှင်တစ်ခုကို တာဝန်ပေးအပ်ချိန်တွင် တာအိုဘုန်းကြီးကို ထည့်သွင်းပေးလိုက်ခြင်းက သင်တန်းသားတိုင်းကို မသက်မသာ ဖြစ်စေသည်။
မည်သို့သောမစ်ရှင်မျိုးတွင် တာအိုဘုန်းကြီးကို ခေါ်ဆောင်လာတတ်ကြောင်းကို လူတိုင်း သိရှိထားကြသည် မဟုတ်ပါလား။
သူတို့ တာဝန်ပေးအပ်ခံရသော မစ်ရှင်သည်က တစ်စုံတစ်ခုသော အမင်္ဂလာကိစ္စများနှင့် ပတ်သက်ဆက်နွှယ်နေနိုင်သည်ပင်။
*