အခန်း ၁၇၀
Vol. 17 Ch. 170
(170) ပဟေဠိဆန်သော မစ်ရှင်
ကျိ.. ကျိ..
သင်တန်းသားများ စိုးရိမ်နေကြစဉ်မှာပင် မလှမ်းမကမ်းမှ ထူးဆန်းသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မကြာမီ အမည်းရောင်လူရိပ်တစ်ခု ပေါ်ထွက်လာတော့၏။
ထိုအရိပ်၏ ခန္ဓာကိုယ်မှာ ခြေလက်များကို ကွေးညွတ်၍မရသကဲ့သို့ သန်မာတောင့်တင်းနေသော်လည်း မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အရှိန်နှုန်းဖြင့် သူတို့အနားသို့ တဖြည်းဖြည်း တိုးကပ်လာခဲ့သည်။
သူသည် အနားသို့ ချဉ်းကပ်လာသည်နှင့် တစ်စုံတစ်ခုသော အနံ့ကို ရရှိနေသကဲ့သို့ ပတ်ဝန်းကျင်ကို တရှုံ့ရှုံ့ နမ်းရှိုက်နေပြီး လှုပ်ရှားမှုများကလည်း အလွန်တရာ ဆန်းကျယ်လွန်းနေသည်။
သင်တန်းသားအားလုံး၏ ခံစားချက်များက တင်းမာသွားကြတော့၏။
“ဒါ... ဒါ ဘာကြီးလဲ”
“ငါလည်း မသိဘူး... အဲဒီအကောင်က အရမ်းမြန်ပြီး သူ့ရဲ့လှုပ်ရှားမှုတွေက အရမ်းထူးဆန်းနေတယ်၊ အားလုံး သတိထားကြ”
…
သင်တန်းသားအချို့မှာ ခန္ဓာကိုယ်များကို တင်းထားရင်း ချဉ်းကပ်လာသော အရိပ်ကို စိုက်ကြည့်လျက် ၎င်းတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြပေသည်။
ယုတ္တိဗေဒအရ ဆိုရလျှင် သူတို့က အထူးစစ်ဆင်ရေးအဖွဲ့ထဲသို့ ဝင်ရောက်ကာစသာ ရှိသေးသောကြောင့် လက်နက်ကိုင်ဆောင်ခွင့် မရှိကြသေးချေ။
သို့သော် ဤမစ်ရှင်တွင်တော့ သူတို့အားလုံးတွင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရန် လက်နက်များကို တပ်ဆင်နိုင်ခဲ့သည်။
အစပိုင်းတွင်တော့ လူတိုင်းက လက်နက်အစစ်များကို ကိုင်တွယ်ရန်စိတ်လှုပ်ရှားနေခဲ့ကြသည်။
သို့သော် ယခုအချိန်တွင်တော့ အထက်လူကြီးများက သူတို့ကို လက်နက်များ တပ်ဆင်ပေးခြင်းမှာ သူတို့က မိစ္ဆာများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းကိုသိထား၍ ဖြစ်လိမ့်မည်ဟု နားခည်လာခဲ့ကြသည်။
ထို့အတွက်ကြောင့်သာ သူတို့က အစဉ်အလာကို ချိုးဖောက်၍ လက်နက်အားလုံးကို ပေးခဲ့ခြင်းဖြစ်ပေ၏။
“မလှုပ်နဲ့!”
သင်တန်းသားများ အားလုံး ထိတ်လန့်နေချိန်တွင် ရှေ့တန်း၌ ပုန်းနေတဲ့ မာစတာဟူက ပြောလာသည်။
“အဲဒါက ဖုတ်ကောင်တွေပဲ.. ကျည်မဖောက်နိုင်ဘူး ၊ သူတို့ကို သတိပေးသလိုဖြစ်သွားမယ်၊ ဒါကို ငါကိုင်တွယ်မယ်!”
မာစတာဟူ၏ အသံက တိုးနေသော်လည်း အလွန်တင်းမာနေသည်။
ဖုတ်ကောင်လား။
ဖာ့ခ်!
သင်တန်းသားများ ချက်ချင်း အံ့သြထိတ်လန့်သွားကြသည်။
သူတို့ကို ဖုတ်ကောင်တွေကိုကိုင်တွယ်ဖို့ စေလွှတ်လိုက်တာလား။
ယန်ရိချန်၏ ကြောက်ရွံ့မှုအဆင့် : +၁၀၀၀၀။
ဟောင်ရှောက်ယာ၏ ကြောက်ရွံ့မှုအဆင့် : +၅၀၀၀။
တုမင်ယွမ်၏ ကြောက်ရွံ့မှုအဆင့် : +၁၀၀၀၀။
ကျန်းကျယ်၏ ကြောက်ရွံ့မှုအဆင့် : +၁၀၀၀၀။
…
မာစတာဟူမှ သူတို့တို့ထံသို့ ဦးတည်ပြေးဝင်လာသော အမှောင်ရိပ်မှာ ဖုတ်ကောင်တစ်ကောင်ဖြစ်ကြောင်း ပြောလိုက်သည့်စကားကို ကြားလျှင် သင်တန်းသားများ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်များမှာ ချက်ချင်းထိုးတက်သွားတော့၏။
ယောင်ပင်း၏ စနစ်မျက်နှာပြင်ပေါ်ရှိ ကြောက်ရွံ့ခြင်းလယ်ဗယ်မှာလည်း အဆက်မပြတ် မြင့်တက်သွား၏။
သင်တန်းသားများ၏ ခန္ဓာကိုယ်ပေါ်တွင် ချွေးစေးများ ထွက်လာကြသည်။
သူတို့အနေဖြင့် ဖုတ်ကောင်များကို တီဗီထဲတွင်သာ မြင်ဖူးခဲ့ကြသော်လည်း အပြင်တွင် ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရလိမ့်မည်ဟု မတွေးမိခဲ့ကြပေ။
ထို့အပြင် ထိုဇွန်ဘီမှာလည်း သူတို့ထံသို့ မနားတမ်းပြေးလာကာ နီးကပ်လာနေလေပြီ။
“ဖာ့ခ်... နည်းပြရှီက အခွင့်အရေးရရင် လစ်ထွက်ဖို့ပြောခဲ့တာ မဆန်းတော့ပါဘူး”
ယန်ရိချန်က သူနှင့် အနီးဆုံးတွင်ရှိသော တုမင်ယွမ်အား အသံတိုးတိုးနှင့်ပြောလိုက်ပြီးနောက် မဆဲဘဲ မနေနိုင်တော့ပေ။
“... ဒီတစ်ခါ ငါတို့ ရင်ဆိုင်ရတာက ဖုတ်ကောင်တွေလား!”
တုမင်ယွမ်သည်လည်း ကြောင်အမ်းသွား၏။
အတော်ကြာမှ သူသည် စကားပြန်ပြောနိုင်တော့သည်။
“ခေါင်းဆောင်... အခွင့်အရေးရရင် ငါတို့ ထွက်ပြေးကြမယ်! ဖုတ်ကောင်တွေက ကျည်ဆံကိုတောင် မကြောက်ကြဘူး... ငါတို့ လုံးဝ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး၊
နည်းပြရှီကလည်း ငါတို့ကို ထွက်ပြေးဖို့ ပြောထားမှတော့ ဒီတစ်ခါ သူတို့ရဲ့ ပစ်မှတ်က ယောင်ပင်းကို ကိုင်တွယ်ဖို့ဆိုတာ သေချာတယ်...”
တာဝန်နှင့် နှိုင်းယှဉ်ပါက သူတို့၏ အသက်မှာ ပို၍ အရေးကြီးပေ၏။
ထို့အပြင် နည်းပြရှီကလည်း ကြိုတင် ညွှန်ကြားထားပြီး ဖြစ်၏။
ထို့ကြောင့် အရိပ်များက ဖုတ်ကောင်ဖြစ်သည်ဟု ကြားလိုက်သည်နှင့် တုမင်ယွမ်နှင့် ယန်ရိချန်တို့က ချက်ချင်းပင် လစ်ထွက်ရန် ဆုံးဖြတ်လိုက်ကြ၏။
ထို့အပြင် သူတို့က ထိုသတင်းကို တခြားအဖွဲ့ဝင်များထံ တိုးတိုးတိတ်တိတ် လက်ဆင့်ကမ်းလိုက်ပြီး ဖုတ်ကောင်နှင့် မာစတာဟူတို့ သတိမပြုမိမီ စခန်းအတွင်းမှ အမြန်ဆုံး ထွက်ပြေးကြရန် ပြောခဲ့ကြသည်။
သူတို့အနေဖြင့် ယောင်ပင်း၏ အဖွဲ့မှလွဲ၍ လူတိုင်းကို အကြောင်းကြားခဲ့ကြသည်။
ယနေ့ညတွင် ယောင်ပင်းနှင့် သူ၏ အဖွဲ့ အသက်ပျောက်သွားပါက အကောင်းဆုံး ရလဒ် ဖြစ်လိမ့်မည်။
ကျိ.. ကျီ...
ယန်ရိချန်နှင့် တခြားသူများ ဆွေးနွေးပြီးသွားချိန်မှာပင် တကျိကျိအသံများမှာ ပိုမို နီးကပ်လာခဲ့၏။
“မိစ္ဆာကောင်!”
ထိုအရိပ် နီးကပ်လာသည်နှင့် မာစတာဟူပ အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး ထိုအရိပ်ထံသို့ ဝိညာဉ်နှိပ်ကွပ် အင်းစာရွက်တစ်ရွက်ကို ပစ်လွှတ်လိုက်သည်။
ရှူး...
အင်းစာရွက်မှာ လေထဲတွင် အလိုအလျောက် မီးလောင်ကျွမ်းသွားလေ၏။
အင်းစာရွက်သည် ပြာကျသွားပြီးနောက် ရွှေရောင် တောက်ပသော “နှိပ်ကွပ်” စာလုံးအဖြစ် ပြောင်းလဲသွားကာ အမည်းရောင်အရိပ်ထံသို့ လျှင်မြန်စွာ လွင့်သွားခဲ့သည်။
“အာ..ဝူး...!”
တိုက်ခိုက်ခံလိုက်ရသော အရိပ်က နာကျည်းစွာ အော်ဟစ်လိုက်ပြီး ထိုနေရာ၌ပင် ပိတ်မိသွားခဲ့လေ၏။
“အာဝူး...! အာ...ဝူး...!”
ထိုဖုတ်ကောင်က ပိတ်မိသွားပြီးနောက်တွင် မနားတမ်း အော်ဟစ်ညည်းတွားနေသည်။
ထိုအော်သံမှာ နားထောင်ရဆိုးလွန်းပြီး ကြားရသူများ၏ ကျောရိုးတလျောက်စိမ့်သွားစေကာ မွေးညင်းများပသ်ထသွားစေ၏။
ယောင်ပင်းမှလွဲ၍ အထက်တန်းကျောင်းသားများ ဖြစ်ကြသော သင်တန်းသားများမှာ ဤကဲ့သို့သော အရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
ထို့ကြောင့် ကြောက်လန့်တကြားဖြင့် ထိုနေရာ၌ပင် ငြိမ်ကုပ်နေကြပြီး မလှုပ်ရှားရဲကြတော့ပေ။
“ငါ့တပည့် ... ငါ့ရဲ့ မက်မွန်ဓားကို ယူပြီး ဒီဖုတ်ကောင်ရဲ့ နှလုံးသားကို ထိုးစိုက်လိုက်စမ်း!”
ဖုတ်ကောင် ပိတ်မိသွားသည်ကို မြင်သော်လည်း မာစတာဟူက သတိမပေါ့ဆခဲ့ပေ။ သူက ကိုယ်ပေါ်မှ ဓားတစ်လက်ကို ဆွဲထုတ်ကာ ဘေးနားရှိ တာအိုဘုန်းကြီးငယ်ထံ ပစ်ပေးလိုက်ပြီး တိုးတိုးပြောလိုက်၏။
“သေချာသတိထား! အနားမှာ ဒီလိုကောင်တွေ အများကြီး ရှိသေးတယ်... ဒီတစ်ကောင်ကို အရင် ရှင်းလိုက်!”
တာအိုဘုန်းကြီးငယ်သည်လည်း ခေါင်းညိတ်ကာ မက်မွန်ဓားကို ကိုင်ပြီး ဖုတ်ကောင်ရှိသည့်နေရာသို့ လျင်မြန်စွာသွားခဲ့သည်။
သင်တန်းသားများမှာတော့ ထိတ်လန့်လွန်းသောကြောင့် မျက်နှာများ ဖြူလျော်နေကြပြီး ခန္ဓာကိုယ်များကလည်း တုန်ရင်နေကြလေသည်။
မာစတာဟူက ဤအခြေစိုက်စခန်း၌ သူတို့ရှေ့မှ ဖုတ်ကောင်တစ်ကောင်တည်းသာ ရှိနေခြင်းမဟုတ်ဘဲ ဘေးပတ်ဝန်းကျင်၌ တခြားဖုတ်ကောင်ပေါင်း မြောက်မြားစွာ ရှိနေကြောင်း ပြောခဲ့သည် မဟုတ်ပါလား။
ကျိ.. ကျိ.. ကျိ..
မကြာမီမှာပင် သင်တန်းသားများအနေဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှ ကြက်သီးထဖွယ်ကောင်းလောက်အောင် ထူးဆန်းသည့် အော်ဟစ်သံပေါင်း မြောက်မြားစွာကို ကြားလိုက်ကြရပေသည်။
“နားထောင်ကြည့်လိုက်... အဲဒီ အသံတွေ အများကြီးရှိနေတယ်၊ ပြီးတော့ ပိုပြီးတော့လည်း နီးကပ်လာနေပြီ”
“သွားပြီ... ငါတို့တွေ ဖုတ်ကောင်တွေရဲ့ ဝိုင်းတာကို ခံလိုက်ရပြီ ထင်တယ်...”
“ဘုရားရေ... ဖုတ်ကောင်တွေ ဟုတ်လား၊ သေစမ်း... ငါတို့တော့ သေပြီပဲ”
ပတ်ဝန်းကျင်မှ ထူးဆန်းသော အသံများကို ကြားရသောကြောင့် သင်တန်းသားများအနေဖြင့် ရင်တထိတ်ထိတ်ဖြင့် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုနေကြပြီး ကြောက်ရွံ့မှုကြောင့် တုန်ရင်ကာ အော်ဟစ်ငိုယိုလုမတတ် ဖြစ်နေကြသည်။
ဖုတ်ကောင်တစ်ကောင်တည်းနှင့်တင် သူတို့ကို သေလုမတတ် ခြောက်လှန့်နိုင်နေပြီပင်။
ဤမျှအထိ များပြားလှသော အကောင်များဆိုလျှင် မည်သို့ဖြစ်လာမည်နည်း။
အသံများအရ ဖုတ်ကောင်များက သူတို့ကို ဝိုင်းရံထားကြပြီးဖြစ်ကြောင်း ထင်ရှားနေသည်။
သူတို့ အသက်ရှင်လျက် ထွက်ခွာနိုင်ပါဦးမည်လား။ သူတို့က ဖုတ်ကောင်များ၏ ဝိုင်းရံကိုက်ဖြတ်ခြင်းကို ခံရတော့မည် မဟုတ်ပါလား။
“အား...”
“ဆရာ... ကယ်ပါဦး”
သင်တန်းသားများ ထိတ်လန့်ခြောက်ခြားနေချိန်မှာပင် မလှမ်းမကမ်းမှနေ၍ တာအိုဘုန်းကြီးငယ်၏ ထိတ်လန့်တုန်လှုပ်သည့် အကူအညီတောင်းသံ ထွက်ပေါ်လာသည်။
“သူ ကျွန်တော့်ကို ဖမ်းထားပြီ!”
ဤသည်မှာ လုံးဝ ကံဆိုးမိုးမှောင်ကျခြင်းသာ ဖြစ်ပေသည်။
သင်တန်းသားများက တုန်ရင်နေကြပြီး လှည့်ကြည့်လိုက်ကြလျှင်မူလက ပိတ်မိနေသော ဖုတ်ကောင်က လက်တစ်ဖက်ကို ဆန့်ထုတ်လျက် တာအိုဘုန်းကြီးငယ်ကို တင်းကျပ်စွာ ဖမ်းဆွဲထားကြောင်း တွေ့လိုက်ရသည်။
ဖုတ်ကောင်က ၎င်း၏ပါးစပ်ကို ဖြဲကာ ဘုန်းကြီးငယ်၏ လည်ပင်းဆီသို့ လှမ်းဟပ်နေလေပြီ။
သူ့၏သွားက လည်ပင်းနဲ့ထိရန် လက်မအနည်းငယ်မျှသာ လိုတော့သည်။ ဖုတ်ကောင်က ဘုန်းကြီးငယ်၏ လည်ပင်းကို ကိုက်ဖြတ်ကာ သွေးချင်းချင်းနီသော အပေါက်တချို့ကို ချန်ရစ်ခဲ့တော့မည်ပင်။
သို့သော်လည်း ဝိညာဉ်ဖိနှိပ်အဆောင်က ထိရောက်မှု ရှိနေသေးပုံရသည်။
ဖုတ်ကောင်မှာ ဘုန်းကြီးငယ်၏ လည်ပင်းကို ထိအောင် ကြိုးစားနေသော်လည်း အမှန်တကယ် ကိုက်ဖြတ်နိုင်ခြင်း မရှိသေးချေ။
သို့သော်လည်း ၎င်း၏ ရှည်လျားလှသော လက်သည်းများက ဘုန်းကြီးငယ်၏ ခန္ဓာကိုယ်ထက်တွင် သွေးစိမ်းများထွက်စေမည့် ကုတ်ခြစ်ရာပေါင်း မြောက်မြားစွာကို ချန်ရစ်ခဲ့ပြီးဖြစ်၏။
တာအိုဘုန်းကြီးငယ်မှာ ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး နာကျင်မှုကို ခံစားနေရသောကြောင့် လုံးဝ ခြောက်ခြားသွားချေပြီ
သူသည် သူ၏ဓားကိုလည်း ဘေးသို့ ပစ်ချလိုက်ပြီး ရှုံ့မဲ့နေသောမျက်နှာဖြင့် မာစတာဟူထံသို့ အကူအညီတောင်းခံနေခဲ့သည်။
“မင်းက ဘယ်လိုတောင် ဂရုမစိုက်ဘဲ နေရတာလဲ”
မာစတာဟူမှာ တာအိုဘုန်းကြီးငယ်၏ အခြေအနေကို မြင်ချိန်တွင် စိုးရိမ်ပူပန်ကာ ဒေါသလည်း ထွက်သွားရသည်။ သူသည်က ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ပေါ်မှ ကောက်ကွေးသော ဓားကဲ့သို့သော ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်ပြီး သူ၏လက်ချောင်းကို ကိုက်ကာ သွေးများကို ဓားသွားပေါ်သို့ သုတ်လိမ်းလေ၏။
ထို့နောက် ဖုတ်ကောင်နှင့် တာအိုဘုန်းကြီးငယ်တို့ရှိရာသို့ အမြန်ပြေးလွှားသွားတော့၏။
ကျိ.. ကျိ..
မာစတာဟူ ပြေးထွက်သွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်မှ အသံပေါင်း မြောက်မြားစွာက ပေါက်ကွဲထွက်လာတော့သည်။
မာစတာဟူ ခေါင်းကို လှည့်ကြည့်လိုက်လျှင် အမည်းရောင်အရိပ်ပေါင်း မြောက်မြားစွာက သူ့ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်ကို မြင်တွေ့လိုက်ရပေသည်။
“မကောင်းတော့ဘူး၊ ဒီမှာ ပိတ်မိနေတာက သူတို့ရဲ့ ခေါင်းဆောင် ဖြစ်မယ်၊ ဒါကို အမြန်ဆုံး ရှင်းမှ ဖြစာမယ်”
မာစတာဟူ ခပာတိုးတိုးရေရွတ်လိုက်ပြီး တခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူလက်ထဲမှ ပစ္စည်းကို ဖုတ်ကောင်ထံသို့ ပစ်ပေါက်လိုက်တော့၏။
ထိုပစ္စည်းက လေထဲတွင် ဖြတ်သန်းသွားချိန်တွင် သွေးကဲ့သို့နီရဲသော အလင်းတန်းတစ်ခုကို ဖြာထွက်လာစေကာ ကြယ်တံခွန်တစ်ခုကဲ့သို့ လှုပ်ရှားသွား၏။
ထို့နောက် ဖုတ်ကောင်၏ခေါင်းဆီသို့ ရုတ်တရက် ထိုးဖောက်တော့မည်ပင်။
သို့သော် ထိုပစ္စည်းက ဖုတ်ကောင်ကို ထိုးဖောက်တော့မည့်ဆဲဆဲတွင် သင်တန်းသားများ ပုန်းကွယ်နေသည့် နေရာမှ အမည်းအရိပ်တစ်ခုက ရုတ်တရက် ထွက်လာပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် ဖုတ်ကောင်နှင့် တာအိုဘုန်းကြီးငယ်တို့ထံသို့ ပျံသန်းသွားတော့မည့် ဓားကဲ့သို့သော ထိုပစ္စည်းကို ဖမ်းဆွဲလိုက်သည်။
ထိုပစ္စည်းပေါ်ရှိ နီရဲသောအလင်းတန်းသည်လည်း ချက်ချင်းပင် ကွယ်ပျောက်သွားရချေပြီ။
ထိုအချိန်မှာပင် ပိတ်မိနေသော ဖုတ်ကောင်ပေါ်ရှိ ဝိညာဉ်ဖိနှိပ်အဆောင်သည်လည်း ရုတ်တရက် ပျက်စီးသွားခဲ့ရတော့သည်။
*