← Chapters

နိုးထလာခြင်း (၁)

Vol. 97 Ch. 1337

နိုးထလာခြင်း (၁)

Vol. 97 Ch. 1337

တောင်ကြားထဲ၌ ကျောက်သားလူသား ဝမ်လင်းသည် အဘိုးအိုအသွင်ကနေ လူငယ်တစ်ယောက်အသွင်သို့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ သူသည် ကျောက်တုံးရုပ်တုအဖြစ် မပြောင်းလဲသွားခင်က ပုံပန်းအသွင်အတိုင်း ပြန်ဖြစ်လာခဲ့သည်။ လီချန်မေသည် ထိုကျောက်လူသားကို ကြည့်နေမိ၏။ သူမ ကြည့်မိချိန်တိုင်း သူမသည် ဝမ်လင်းက သူမရှေ့တွင် ရပ်နေသလို ခံစားရမြဲပင်။

“နင် ငါ့ကို လိုက်ပို့ပေးမယ်လို့ ကတိပေးထားခဲ့တယ်…” လီချန်မေသည် သူမကိုယ်သူမ ပြောသလိုလို၊ ဝမ်လင်းကို ပြောသလိုလို ခပ်တိုးတိုး ဆိုသည်။

သည်ခြောက်နှစ်တာအတွင်း သူမ၏စိတ်ထဲတွင် ဝမ်လင်းသည် မကြာဆိုသလို ပေါ်ပေါ်လာတာ၏။ သို့ရာတွင် တစ်ခါတစ်ရံမူ သူမကိုယ်သူမ မေးမိ၏။ အရာရာမှာ ဘာကြောင့် ခုလိုပုံစံမျိုး ဖြစ်လာခဲ့ရသနည်း။

သူမ ဘာကြောင့်ဟူ၍ နားမလည်နိုင်ပေ။ သို့သော် သူမ၏စိတ်နှလုံးထဲရှိ ဝမ်လင်း၏ပုံရိပ်ကမူ ပိုပို၍ ခိုင်မာလာခဲ့သည်။

လီချန်မေသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ သူမ၏လက်ချောင်းထိပ်များကို စုတ်ဖြဲကာ ဝမ်လင်း၏ကျောက်သားရုပ်တုပေါ်သို့ သွေးဖြင့် ဆက်လက်သွန်းလောင်းပေးနေသည်။

အချိန်သည် မသိမသာဖြင့် ကုန်လွန်သွားခဲ့ပြန်ပြီ။ မျက်စိတစ်မှိတ်အတွင်း နောက်တစ်နှစ် ကုန်လွန်သွားသည်။

သည်နှစ်အတွင်း ဝမ်လင်း၏ကျောက်သားရုပ်တု၏ သွေးကို စုပ်ယူနှုန်းက ပိုမြန်ဆန်လာ၏။ လီချန်မေသည် တစ်နေ့တွင် နာရီဝက်လောက်သာ အနားရတော့၏။ သူမ၏ သွေးများ အပြည့်အဝ ပြန်မသိုလှောင်နိုင်ခင်မှာပင် သူမသည် ထပ်မံ၍ သွန်းလောင်းပေးနေရတာ ဖြစ်သည်။

ဒီလိုဖြင့် ဤတစ်နှစ်တာအချိန်သည် ပြီးခဲ့သောခြောက်နှစ်ဆိုသော အချိန်ကာလနှင့် အတူတူလို ဖြစ်လာတော့၏။ သူမသည် သူမ၏အသက်ဓာတ်ကို ဆက်တိုက်ထုတ်ယူကာ ဝမ်လင်း၏ရုပ်တုကို သွေးဖြင့် အဆက်မပြတ် အားဖြည့်ပေးနေသည်။

သူမ၏သိုလှောင်နေရာလွတ်ထဲရှိ ဆေးလုံးများလည်း ပြောင်သလင်းခါလုနီးနီး ဖြစ်နေပေပြီ။ သူမသည် ၎င်းဆေးလုံးများကို စုပ်ယူကာ မူလစွမ်းအင်အဖြစ်ပြောင်းလဲပြီး သူမ၏အသက်ဓာတ်ကို ပြန်အားဖြည့်၏။

သို့ရာတွင် ထိုဆေးလုံးများ ဖြည့်တင်းပေးသော အသက်ဓာတ်မှာ သူမ သုံးစွဲသောအသက်ဓာတ်ကို မယှဉ်နိုင်ပေ။ ဆေးလုံးများသည်ပင် အကူမညီမဖြစ်တော့ပေ။ အကြောင်းမှာ လီချန်မေအဖို့ ထိုဆေးလုံးများကို ခြေဖျက်ဖို့ပင် အချိန်မရသောကြောင့်ပင်။ သူမသည် နေ့တိုင်း နာရီဝက်သာ အနားရသည် မဟုတ်လား။

လီချန်မေ၏မျက်နှာသည် ဖြူရောကာ သုန်မှုန်နေ၏။ သူမ၏မျက်လုံးတို့ကတော့ တောက်ပနေဆဲသာ။ သူမသည် ဤသို့ လုပ်ပေးနေရမှုအပေါ် ထိုက်တန်၏၊မတန်၏ မတွေးတော့ပေ။ သူမသည် ဤသို့ လုပ်ပေးချင်၏။ ထိုသို့ လုပ်ကိုလုပ်ပေမည်။ ယင်းအတွက်လည်း နောင်တ မရပေ။

ဝမ်လင်း၏ရုပ်တုကို သွေးဖြင် ခြုံလွှမ်းစေပြီးနောက် လီချန်မေသည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ အလျင်အမြန် ပါးစပ်ထဲ ထည့်လိုက်သည်။ သူမသည် ၎င်းဆေးလုံးကို ခြေဖျက်စုပ်ယူ၏။ နာရီဝက်ကြာပြီးနောက် သူမသည် ထပ်မံခြေဖျက်ခြင်း မပြုတော့ဘဲ ဆေးလုံးကို လွင့်ပါးပျောက်ကွယ်သွားစေသည်။ သူမသည် ဤကျောက်လူသားဝမ်လင်းကို သွေးဖြင့် သွန်းလောင်းပေးခြင်း မတိုင်ခင် မူလစွမ်းအင်အချို့အဝက်ကိုသာ ယင်းဆေးလုံးထံမှ ရလိုက်ခြင်း ဖြစ်နေ၏။

တစ်လ၊နှစ်လ၊သုံးလ၊ အမျိုးသမီးတစ်ယောက်၏ စွဲလမ်းမျု၊ ပြတ်သားမှုတို့က ရှစ်နှစ်တိုင်လာခဲ့ပေပြီ။

သူမသည် လီမူဝမ်ကဲ့သို့ ဝမ်လင်းကို နှစ်ရာချီ စောင့်မနေခဲ့၊ အထီးကျန်စွာဖြင့် ဂီတကို အဖော်ပြုမနေခဲ့ပါ။ သို့သော် သူမသည် လီမူဝမ်ကဲ့သို့ပင် တူညီသော စွဲလမ်းမှုကို ပိုင်ဆိုင်ထားသူသာ။

“နင် ငါ့တတိယမေးခွန်းကို မဖြေရသေးဘူး။ တတိယမေးခွန်းအတွက် နင့်ရဲ့ အဖြေကို ငါ ခုထိ မကြားရသေးဘူး…”

လီချန်မေသည် အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားလျက် ဝမ်လင်း၏ရုပ်တုကို သွေးဖြင့် အဆက်မပြတ် သွန်းလောင်းပေးနေတော့သည်။

ရှစ်နှစ်တာ ကုန်လွန်ခဲ့ပြီးနောက် သူမသည် နာရီဝက်ပင် အနားမရတော့ပေ။ ဝမ်လင်း၏ကျောက်ရုပ်တု စုပ်ယူနှုန်းသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်လာခဲ့ပေ၏။ ရုပ်တုသည် သွေးများ သွေးလွှမ်းပြီးပြီးချင်း အားလုံးနီးပါးကို စုပ်ယူပစ်လို့နေ၏။ ထိုအခါ လီချန်မေသည် သွေးများဖြင့် ထပ်မံသွန်းလောင်းပေးရပြန်သည်။

ထိုနည်းလမ်းက သူမကို ပို၍ မကျန်းမမာ ဖြစ်လာစေ၏။ သူမသည် အနားယူရန်ပင် အချိန်မရှိ ဖြစ်ရသည်။ သူသည် သူမ၏အသက်ကို ဆွဲဆန့်ထားနိုင်ဖို့အတွက် သူမ၏နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံခြင်းကိုသာ မှီခိုနေရလေ၏။

အမျိုးသမီးတစ်ယောက်သည် ထိုကဲ့သို့အရာများကို ပြုလုပ်နိုင်နေသည်။ ယင်းက ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်စေ သူမအတွက် အရေးမပါလှတော့ပါ။

သူမသည် စဉ်းစားနိုင်စွမ်းပါ မဲ့ရ၏။ မည်သည့်အရာကိုမျှ မတွေးတော့ပေ။ သူမ၏မှတ်ဉာဏ်များထဲရှိ ဝမ်လင်း၏ပုံရိပ်ကသာ သူမစိတ်ထဲတွင် တဖျပ်ဖျပ် ဖြစ်ပေါ်ကာ သည်ရှစ်နှစ်တာကို ခုလိုမျိုး ပေးဆပ်နိုင်ဖို့အတွက် တွန်းအား ဖြစ်နေတော့သည်။

သို့ရာတွင် ကြောက်မက်ဖွယ်အကောင်းဆုံးက ကိုးနှစ်မြောက် ဖြစ်၏။ ဝမ်လင်း၏ကျောက်ရုပ်တု၏ စုပ်ယူနှုန်းမှာ အံ့မခန်းအဆင့် ရောက်လာနေပြီ ဖြစ်သည်။ သူမ သွေးဖြင့် သွန်းလောင်းပေး၍ မပြီးသေးခင်မှာပင် အစောပိုင်းသွန်းလောင်းပေးခဲ့သော သွေးအစိတ်အပိုင်းက ပျောက်ကွယ်သွားခဲ့ပေပြီ။

ထိုအရာက လီချန်မေ၏အကန့်အသတ်ထက် ပို၏။ သူမသည် သူမ၏လက်နှစ်ဖက်လုံးကို အသုံးပြုလျှင်ပင် ထိုစုပ်ယူနှုန်းကို အမှီလိုက်မဖြည့်တင်းနိုင် ဖြစ်ရ၏။ ထိုအချက်ကို သိလာသည့်နောက် သူမ၏ အမူအရာမှာ ခါးသက်ထိတ်လန့်လာတော့၏။ သူမသည် တစ်စက်လေးပင် တွေဝေမနေဘဲ သူမ၏လျှာကို ကိုက်ချကာ သူမ၏သွေးအဆီအနှစ်ကို အသုံးပြုလိုက်သည်။

သွေးအဆီအနှစ်မှာ ကျင့်ကြံသူတစ်ယောက်အတွက် အလွန်အရေးကြီးလှ၏။

သူမသည် သူမ၏လျှာထိပ်ကနေ သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်ပြီးနောက် သူမ၏လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး ၎င်းကို သွေးမြူအဖြစ်ပြောင်းကာ ထိုကျောက်ရုပ်တုအား ဖုံးလွှမ်းစေသည်။ ယင်းကဲ့သို့အဆုံးရောက်နည်းလမ်းကို အသုံးပြုတော့မှသာ သူမသည် မြန်ဆန်သောစုပ်ယူနှုန်းကို ထိန်းထားနိုင်တော့၏။

သို့ရာတွင် သူမ သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်ချိန်တိုင်း သူမ၏မျက်နှာသည် ပိုပို၍ ဖြူရောလာခဲ့၏။သူမသည် အရိုးနှင့်အရေပြားသာ ကျန်တော့ဟန် ပေါက်နေသည်။ သူမ၏ အရင်တုန်းက အလှတရားပင် အခုချိန်တွင် ကင်းမဲ့နေပေပြီ။

သို့ရာတွင် ထိုအရာများမှာ ကိုးနှစ်မြောက်၏ နှစ်ဝက်တွင် ထပ်မံ ပြောင်းလဲသွားပြန်သည်။ ဝမ်လင်း၏စုပ်ယူနှုန်းမှာ တိုးလာ၏။ သူမ၏ လျှာထိပ်မှ သွေးအဆီအနှစ် သွန်းလောင်းပေးတာပင် မလုံလောက်တော့ချေ။

လီချန်မေ၏ခန္ဓာကိုယ်သည် အလွန်အမင်း အားနည်းနေပြီ။ သူမ၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုပင် ဖြစ်ပေါ်လာ၏။ သို့ရာတွင် သူမသည် အံတင်းတင်းကြိတ်ထားကာ လက်ဝေ့ယမ်းသည်။ ထိုအခါ ငွေရောင်ဓားတိုတစ်လက် ပေါ်လာပြီး သူမ၏ နှလုံးသားကို သူမဘာသာ ထိုးစိုက်ချလိုက်တော့သည်။

သူမ၏နှလုံးသားတွင် သွေးအဆီအနှစ် ရှိနေဆဲပင်။ ပြင်းထန်သောနာကျင်မှုက သူမ၏ခန္ဓာကိုယ်ကို တုန်ခါစေသည်။ သို့ရာတွင် ထိုအရာများက သူမကို မရပ်တန့်စေပါ။ သို့သော် သူမ ပို၍ အားနည်းလာခဲ့သည်။

ထိုအံ့မခန်းနည်းလမ်းကို အသုံးပြုနေရင်း လီချန်မေသည် ကိုးနှစ်မြောက်ကို ဖြတ်ကျော်လာပြီး ဆယ်နှစ်ထဲ ဝင်လာ၏။

“ရှေးဟောင်းအသံ ပြောခဲ့တဲ့အတိုင်းဆို ငါသာ ဆယ်နှစ်တိတိ တောင့်ခံနိုင်ခဲ့ရင် သူ နိုးထလာနိုင်မယ့် အခွင့်အရေး ရှိတယ်တဲ့။ အခုဆို ဒီနှစ်ဟာ ဆယ်နှစ်မြောက်ပဲ…”

လီချန်မေသည် လွန်ခဲ့သောကိုးနှစ်အတွင်း အတော်လေး ပြောင်းလဲသွားခဲ့ပေပြီ။ ဆယ်နှစ်မြောက် ရောက်လာသည့်အခါတွင် သူမ၏လျှာထိပ်ဖျားနှင့်နှလုံးသားတို့မှ သွေးအဆီအနှစ်သည် ကျောက်တုံးကို ထပ်မံ ဖုံးလွှမ်းပစ်ရန် မလုံလောက်တော့ပေ။

လီချန်မေက သူမ၏မူလစိတ်ဝိညာဉ်တာအိုသွေးကို အသုံးပြုရန်ပါ ရွေးချယ်လာ၏။ မူလစိတ်ဝိညာဉ်တာအိုသွေးသည် သူမ၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော တာအိုအပေါ် သူမ၏နားလည်မှု ဖြစ်၏။ သူမ၏ အခြေခံအုတ်မြစ်ဖြစ်၏။ သူမသည် ၎င်းကို သန့်စင်ကာ အော်ရာတစ်ခုအဖြစ် အတင်းအကြပ် ထုတ်ယူသည်။ ၎င်းသည် သွေးမဟုတ်သော်လည်း များစွာ ပိုအဖိုးတန်ပြီး လီချန်မေပိုင်ဆိုင်သမျှ အရာရာဆိုလည်း ဟုတ်သည်။

သည်နောက်ဆုံးနှစ်တွင်‌တော့ လီချန်မေသည် တွေဝေမိ၏။ သို့ရာတွင် သူမ ဝမ်လင်း၏ရုပ်တုကို ကြည့်မိသည့်အခါတွင်တော့ ထိုတွေဝေမှုသည် ပွင့်လန်းသောအပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

“နင့်ရဲ့ စိတ်ထဲမှာ တခြားအမျိုးသမီးတစ်ယောက် ရှိနေတာပဲ။ ငါ သူမနေရာကို မလုယူပါဘူး။ ဒါမှမဟုတ် နင့်ကို ရွေးချယ်ရအောင်လည်း ငါ မလုပ်ပါဘူး။ နင်က သူမအတွက် နှစ်ပေါင်းများစွာ ခံစားခဲ့ရတယ်လို့ ငါ ထင်တယ်။ ငါ နင့်ကို ဘယ်လိုလုပ် အတင်းအကြပ် ဖြစ်စေနိုင်ပါ့မလဲ…”

“ဒီကမ္ဘာမှာ ဘယ်လိုမှ ရှင်းမပြနိုင်တဲ့ အရာတွေဆိုတာ ရှိစမြဲပဲ။ နင့် စိတ်ထဲက အမျိုးသမီးဆိုလည်း အခု ငါ နင့်အပေါ်မှာ လုပ်ပေးသလိုမျိုး နင့်ကို လုပ်ပေးမယ်ဆိုတာ ငါ ယုံတယ်။ သူမက ငါ့ထက်တောင် သာချင်သာဦးမှာ…”

“မူပင်းမေတောင် အဖြစ်အပျက်တွေကို သိရှိလာခဲ့ရင် ဒီနေရာကို ရောက်လာခဲ့ပြီး သူမလည်း ငါ့လိုမျိုး လုပ်ပေးမှာပဲ။ ငါ ဘာမှ မမျှော်လင့်ထားပါဘူး။ ငါ ငါ့နှလုံးသားထဲက ပုံရိပ်ကို ပြီးပြည့်စုံစေရုံပါပဲ။ နင်က လေထဲကငှက်တစ်ကောင်၊ ငါကတော့ ရေထဲကငါးတစ်ကောင်ပေါ့…။ ဒီနှစ်တွေမှာ ငါ အများကြီး တွေးဖြစ်တယ်။ အတော်များများကိုလည်း နားလည်ခဲ့တယ်…”

လီချန်မေသည် ဝမ်လင်း၏ကျောက်ရုပ်တုကို ကြည့်နေရင်း နူးညံ့စွာ ပြုံးသည်။ သူမသည် မျက်လုံးမှိတ်လိုက်၏။ သူမ မျက်လုံးမှိတ်လိုက်ချိန်တွင် သူမ၏မူလစိတ်ဝိညာဉ်သည် စတင်၍ ရွှေ့လျားလာပြီး သူမ၏မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ပေါ်လာလေသည်။ တာအိုသွေးသည် တစ်စက်ပြီးတစ်စက် ပျံသန်းထွက်လာကာ ဝမ်လင်း၏ရုပ်တုကို ဖုံးလွှမ်းသည်။

လီချန်မေသည် မြေခသည့်ပန်းလေးတစ်ပွင့်အလား။ သူမသည် သွေးခြောက်လာနေ၏။ သို့ရာတွင် သည်ဆယ်နှစ်မြောက်မှာ အလွန်ကြာမြင့်လှဟန် ထင်ရသည်။ ကိုးလမြောက်၌ သူမသည် မျက်လုံးဖွင့်လာကာ ကျောက်ရုပ်တုကို ကြည့်သည်။ သူမသည် အချိန်အကြာကြီး စဉ်းစားနေ၏။

သူမသည် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ ကောင်းကင်ထက်သို့ ကြည့်၏။

လီချန်မေသည် သူမ၏ခေါင်းကို ညင်သာစွာ ယမ်းပြီး သူမ၏လည်တိုင်မှ ကျောက်စိမ်းလည်ဆွဲတစ်ခုကို ချွတ်ယူပြီး ကျောက်ရုပ်တုပေါ်သို့ ၎င်းလည်ဆွဲကို ချိတ်ဆွဲပေးသည်။ ယင်းကျောက်စိမ်းလည်ဆွဲသည် သူမ၏အသက်စိတ်ဝိညာဉ်ပင်။

“ငါအရာအားလုံးပေးဆပ်ပြီးတာတောင် ငါနင့်ကို နောက်သုံးလတော့ ကူညီမပေးနိုင်တော့ဘူး။ ငါ မလုပ်ပေးနိုင်တော့ဘူး။ တိုက်ပွဲကွင်းပြင်ကို သွားရောက်ခဲ့ပြီး နတ်ဆိုးကလန်ရဲ့ အသိအမှတ်ပြုတာ ခံရတဲ့ ကျင့်ကြံသူတစ်ယောက်ဟာ သူတို့ရဲ့ စိတ်ဝိညာဉ်သွေးကို မြင့်မြတ်တဲ့အကြီးအကဲတစ်ယောက်က ထုတ်ယူထားတယ်။ ဒီစိတ်ဝိညာဉ်သွေးဟာ ပြန်သိုလှောင်နိုင်တယ်။ သူတို့ သေသွားတာနဲ့ သူတို့ရဲ့ စိတ်ဝိညာဉ်ဟာ ပြန်ဖြစ်ပေါ်လာမှာ။ အဲ့ကျင်ရင် သူတို့ဟာ ပြန်လည်မွေးဖွားလာပြီး ထပ်မံ ကျင့်ကြံနိုင်လိမ့်မယ်။ ငါလည်း သူတို့ရဲ့ အသိအမှတ်ပြုတာကို ခံထားရတဲ့ သူတစ်ယောက် ဖြစ်တယ်။ ငါ့ရဲ့ စိတ်ဝိညာဉ်သွေးကို ထုတ်ယူခံထားရတယ်။ ဒီသွေးဟာ နင့်ကို နောက်သုံးလကို ဖြတ်ကျော်နိုင်ဖို့အတွက် ကူညီပေးနိုင်လောက်မှာပါ…”

လီချန်မေသည် ဝမ်လင်း၏ရုပ်တုကို ကြည့်၏။ အချိန်အတန်ကြာပြီးမှ သူမ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

လီချန်မေသည် ဓားပျံကိုးလက်ကို ထုတ်ယူကာ တောင်ကြားပတ်လည်တွင် ဓားအစီအရင်တစ်ခုကို ချမှတ်၏။ ဤက သူမ၏အစွမ်းထက်ဆုံး ရတနာဖြစ်သည်။ ယင်းရတနာက သူမ တိုက်ပွဲကွင်းပြင်တွင် မရေမတွက်နိုင်သော ကြမ်းကြုတ်သည့်သားရဲများကို သတ်နိုင်ဖို့အတွက် ကူညီပေးခဲ့သည်။

ထိုဓားအစီအရင်ကို နေရာချပြီးနောက် လီချန်မေသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်၏။ သူမ၏အားနည်းသောခန္ဓာကိုယ်ဖြင့် သူမသည် ဆေးလုံးများကို မြိုချကာ ဆယ်နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကြားထဲကနေ ထွက်လာတော့သည်။ သူမသည် အဆင့်ကိုးဒေသရှိ နတ်ဆိုးကလန်ထံ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။

“ငါ့မှာ အချိန်သိပ်မရှိတော့ဘူး။ ငါ့အသက်စိတ်ဝိညာဉ်ကျောက်စိမ်းပြားဟာ တစ်လပဲ တောင့်ခံနိုင်မှာ။ ဒါ့ကြောင့် ငါဟာ စိတ်ဝိညာဉ်သွေးကို တစ်လအတွင်း ရဖို့ လိုပြီ။ အင်း ဒါပေမဲ့လည်း ဒီစိတ်ဝိညာဉ်သွေးဟာ ရရှိနိုင်ဖို့ မလွယ်ကူလှဘူး…”

လီချန်မေသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ကြယ်များကြားတွင် ကွယ်ပျောက်သွားတော့သည်။ သူမသည် ဝမ်လင်း၏ ရုပ်တုကို မယူဆောင်သွားခဲ့ပေ။ လွန်ခဲ့သောသုံးနှစ်က ဤရုပ်တုမှာ ဒီအရိုင်းကုန်းမြေနှင့် တစ်သားတည်း ဖြစ်သွားခဲ့ဟန် တူသည်။

လီချန်မေ ထွက်ခွာသွားပြီးနောက် သူမသည် ဘယ်တော့မှ ပြန်မလာတော့ပေ။

နောက်ထပ်သုံးလ ကုန်လွန်သွားခဲ့လေပြီ။ တောင်ကြားထဲတွင် လီချန်မေ မရှိတော့သည့်အတွက် ထိုတောင်ကြားမှာ သာ၍ အထီးကျန်ဆန်လာသည်။ ကြမ်းကြုတ်သောသားရဲများ၏အော်သံများမှာလည်း ပို ပြင်းထန်လာ၏။ သူတို့သည် တောင်ကြားအနားသို့ ရောက်လာကြသည်။

သို့ရာတွင် ဓားအစီအရင်၏ တည်ရှိမှုကြောင့် တောင်ကြားအတွင်း ဝင်ရောက်သော ကြမ်းကြုတ်သောသားရဲများသည် ထိတ်လန့်တကြား အော်ဟစ်ကာ သေဆုံးသွားရလေ၏။ ထိုအခါ သားရဲများသည် တဖြည်းဖြည်း နောက်ပြန်ဆုတ်ကာ တောင်ကြားအနားသို့ ချဉ်းကပ်မလာဝံ့ကြတော့ချေ။

တစ်ရက်၊နှစ်ရက်၊သုံးရက်…မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်တာ ကုန်လွန်သွား၏။

လီချန်မေသည် ချန်ထားခဲ့သော ကျောက်စိမ်းပြားသည် နူးညံ့စွာလင်းလက်မှုကို ပေးစွမ်းလာသည်။ လီချန်မေသည် ဤနေရာကနေ ဘယ်တော့မှ မထွက်ခွာသွားပဲ ဝမ်လင်း၏ကျောက်ရုပ်တုကို အားဖြည့်ပေးနေသည့်အလား။

သူ၏ဆယ်နှစ်တာ အားစိုက်ထုတ်မှု၊သူမ၏စိတ်နှလုံး၊သူမ၏နွေးထွေးမှုတို့ကို ထိန်းသိမ်းထားသော ဤကျောက်စိမ်းပြားသည် အားတစ်ခုအဖြစ် အသွင်ပြောင်းကာ ဝမ်လင်းကို အဖော်ပြုပေးလေသည်။

ဆယ့်တစ်ရက်မြောက်၊ဆယ့်နှစ်ရက်မြောက်၊ ရက်နှစ်ဆယ်မြောက်။

***

All Chapters