အခန်း ၁၁၄၀
Vol. 55 Ch. 1140
အခန်း(၁၁၄၀)အကျိုးဆက်
ချင်ယွမ်ဖုန်းက ခေါင်းကို အသာအယာခါယမ်းလိုက်ရင်း “ငါ သူတို့ကို မတွေ့ခဲ့ဘူး” ဟု ဆိုချေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုအကြောင်းအရင်းကို သေချာမသိကြသေးသော သံယုကြယ်မှ ပညာရှင်အချို့က မချင့်မရဲဖြင့် တိုးတိုးတိတ်တိတ် ရေရွတ်လိုက်ကြသည်မှာ “ကြယ်အရှင်သခင်နဲ့ ဆရာသခင်တို့က အခုအချိန်ဆို အပြင်ကို ထွက်လာသင့်ပြီလေ။ လျှို့ဝှက်နယ်မြေကလည်း ပိတ်တော့မှာ။ တကယ်လို့ သူတို့ အမြန်မထွက်လာရင် နောက်ထပ် အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး”
ချင်ယွမ်ဖုန်းက စကားများများမပြောတော့ပေ။ ထိုလူများသည် အခြေအနေမှန်ကို မသိသေးဟန်ရှိရာ ယင်းက သူတို့အား ပို၍ ရှင်းပြမနေချင်တော့ခြင်းပင်။ မြောင်ကျင်း လျှို့ဝှက်နယ်မြေ ပိတ်သိမ်းရန် အချိန်မှာ အလွန်နီးကပ်နေပြီ ဖြစ်တန်ရာသည်။ တကယ်လို့ ကြယ်အရှင်သခင်နှင့် ဆရာသခင်တို့သာ ယခုထိ ထွက်မလာနိုင်သေးပါက သူတို့သည် မည်သည့်အခါမျှ ပြန်လည်ထွက်ခွာနိုင်တော့မည် မဟုတ်ချေ။
“လူတွေအမြန်လွှတ်ပြီး ရှာခိုင်းလိုက်ပါဦး”
တစ်ယောက်က အကြံပြုသော်လည်း မည်သူမျှ မသွားရဲကြပေ။ အကြောင်းမူကား လျှို့ဝှက်နယ်မြေက မကြာမီ ပိတ်တော့မည် ဖြစ်ပေရာ တကယ်လို့ သူတို့သာ ကြယ်အရှင်သခင်ကို ရှာဖွေရန် မြောင်ကျင်း လျှို့ဝှက်နယ်မြေ၏ ဒုတိယအလွှာထဲသို့ ဝင်ရောက်သွားပါက တွေ့ရှိရန် မည်မျှကြာမြင့်မည်ကို မသိနိုင်သောကြောင့်ပင်။
ထွက်ခွာရမည့် အချိန်ကို လွဲချော်သွားပါက လျှို့ဝှက်နယ်မြေ ပိတ်သိမ်းပြီးနောက် မည်သို့သော ထူးဆန်းသည့် အန္တရာယ် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။ လျှို့ဝှက်နယ်မြေ ပိတ်သွားပြီးနောက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ မရှိသလောက် ရှားပါးသည်ဟု ပြောစမှတ်ပြုကြသည်။
ထို့ကြောင့် မည်သူမျှ အထဲသို့ မဝင်ချင်ကြတော့ပေ။
“ကြယ်အရှင်သခင်နဲ့ ဆရာသခင်တို့က... အထဲကို အလွန်အကျွံ နက်နက်ရှိုင်းရှိုင်း ဝင်သွားလို့... အပြင်ကို မလွတ်မြောက်နိုင်တော့တာလား” သူတို့ထဲမှ တစ်ယောက်က တုန်ရီသောအသံဖြင့် ဆိုလိုက်သည်။
ထိုသို့သော စကားမျိုးကိုသာ ပြောထွက်သွားသော်လည်း သူ၏စကားထဲ၌ ပါဝင်သော အနက်အဓိပ္ပာယ်ကို လူတိုင်း နားလည်နိုင်ကြပေသည်။ အပြင်သို့ မလွတ်မြောက်နိုင်တော့ခြင်း ဆိုသည်မှာ သေဘေးနှင့် ကြုံတွေ့ရပြီဟူသော သဘောပင် ဖြစ်တန်ရာသည်။
ထိုအချိန်တွင် ကွီရှူး၏ မျက်နှာအမူအရာမှာ အနည်းငယ် မိန်းမောတွေဝေသွားချေသည်။ တကယ်လို့ သူ၏ဖခင်နှင့် ဆရာသခင်တို့သာ အထဲ၌ သေဆုံးသွားခဲ့လျှင် သူ ဘာဆက်လုပ်ရမည်နည်း။ သူသည် ဖခင်ဖြစ်သူက သူ့အား နောက်ထပ် ကြယ်အရှင်သခင်အဖြစ် ကြေညာပေးမည့်အချိန်ကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး ဆရာသခင်မှာလည်း သူ၏ အားကိုးရဆုံးသော နောက်ခံအင်အားကြီး ဖြစ်ပေသည်။ တကယ်လို့ ထိုနှစ်ယောက်လုံးသာ မတော်တဆ ဘေးဒုက္ခကြုံရလျှင် သူ ဘာဆက်လုပ်ရတော့မည်နည်း။
မြောင်ကျင်း လျှို့ဝှက်နယ်မြေ ပိတ်သိမ်းရန် အချိန် နီးကပ်လာသည်နှင့်အမျှ လူတိုင်းက သိစိတ်ဖြင့်ပင် ထွက်ပေါက်ဆီသို့ ရွှေ့လျက် ဝေးလံသော နေရာဆီသို့ မျှော်ကြည့်ကာ ကြယ်အရှင်သခင်နှင့် ဆရာသခင်တို့ ပြန်လာမည့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသော်လည်း မည်သည့်လူရိပ်လူခြည်မျှ မတွေ့ရချေ။
“စောင့်မနေကြနဲ့တော့”
အတန်ကြာတွင် ကွီလင်းက ရုတ်တရက် ဆိုလိုက်သည်မှာ “လျှို့ဝှက်နယ်မြေက ပိတ်တော့မှာ။ အဖေနဲ့ ဆရာသခင်တို့က ဘယ်အချိန်မှာ ပြန်လာရမလဲဆိုတာ မသိဘဲ နေမလား။ အခု အခြေအနေက တစ်ခုပဲ ရှိတော့တယ်။ သူတို့ အထဲမှာ သေဆုံးသွားခဲ့ပြီ။ ငါတို့ အမြန် ပြန်ကြရအောင်”
“ဘာ”
လူတိုင်း၏ စိတ်ထဲ၌ ထိုသို့သော အတွေးမျိုး ရှိနေကြသော်လည်း ကွီလင်းက ယင်းကို ဒိန်းခနဲ ဝုန်းခနဲ ရှင်းရှင်းလင်းလင်း ပြောချလိုက်သည့်အခါ ဟန်ဆောင်ပန်ဆောင် အံ့အားသင့်သွားကြရသည်။ သို့သော်လည်း သူတို့ တကယ်ပင် မယုံကြည်နိုင် ဖြစ်နေကြရခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သံယုကြယ်၏ ကြယ်အရှင်သခင်နှင့် ဆရာသခင်တို့ အထဲ၌ သေဆုံးသွားခြင်းမှာ သူတို့ မတွေးရဲစရာ အကြောင်းကိစ္စ ဖြစ်သောကြောင့်ပင်။
“ငါ့မှာ တခြား ရည်ရွယ်ချက် ရှိလို့ မဟုတ်ပါဘူး။ သခင်လေး ကွီလင်းရဲ့ စကားကို အခြေခံပြီး တွက်ချက်ကြည့်တာပါ။ ဒါကလည်း ဖြစ်နိုင်ခြေ တစ်ခုပဲလေ” ချင်ယွမ်ဖုန်းက ဆိုလိုက်သည်မှာ “လျှို့ဝှက်နယ်မြေက ပိတ်တော့မှာ။ ငါတို့ အပြင်ကို ထွက်ကြစို့”
ကွီရှူးမှာမူ ယခုအချိန်တွင် အရှင်သခင်မဲ့နေသော ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေချေပြီ။ ဖခင်နှင့် ဆရာသခင် မရှိတော့ပါက သူ ဘာတတ်နိုင်ဦးမည်နည်း။ သို့သော် သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်စဉ် စိတ်ကူးများ ရုတ်တရက် ပြောင်းလဲသွားသည်။
ယခုအချိန်တွင် ထိုသို့သော အရာများကို တွေးတောနေ၍ ဘာထူးမည်နည်း။ မည်သို့ ဆက်လက် ရုန်းကန်ရမည်ကို တွေးတောခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ထိုသို့ တွေးတောရင်း သူသည် မိမိပတ်ဝန်းကျင်ရှိ သံယုကြယ်မှ ပညာရှင်များကို ကြည့်လိုက်သည်။ တကယ်လို့ သူ၏ဖခင်နှင့် ဆရာသခင်တို့သာ ဤနေရာ၌ သေဆုံးသွားခဲ့ပါက ထိုလူများသည် သံယုကြယ်၏ ထိပ်သီး အင်အားစုများ ဖြစ်လာကြပေလိမ့်မည်။
“ဒါဖြင့်ရင် လူတိုင်း ဒီမှာ စောင့်မနေကြနဲ့တော့။ ဒါမှမဟုတ်ရင် ဘယ်သူပဲဖြစ်ဖြစ် လျှို့ဝှက်နယ်မြေ ပိတ်တဲ့အချိန်မှာ မထွက်သွားနိုင်ရင် သေဘေးပဲ ကြုံရလိမ့်မယ်။ ငါတို့ ပြင်ဆင်ကြရအောင်။ ပြန်ရောက်ပြီးရင် သံယုကြယ်ပေါ်မှာ ပရမ်းပတာ မဖြစ်စေဖို့အတွက် ဒီသတင်းကို ယာယီ ပိတ်ဆို့ထားကြရမယ်” ကွီရှူးက ဆိုလိုက်သည်။
သံယုကြယ်၏ သခင်လေးအကြီးဆုံးမှာ ဤနေရာ၌ မရှိဘဲ သခင်လေးနှစ်မှာလည်း အာဏာမရှိပေ။ ကြယ်အရှင်သခင်၏ တတိယမြောက်သားဖြစ်သော ကွီရှူး၏ စကားမှာ အတိုင်းအတာတစ်ခုအထိ အလေးအနက် ရှိနေဆဲပင်။ သူက ဦးဆောင်၍ မြောင်ကျင်း လျှို့ဝှက်နယ်မြေမှ ထွက်ခွာသွားရာ လူတိုင်းကလည်း ချက်ချင်းပင် သူ၏ နောက်ကွယ်မှ လိုက်ပါလျက် အပြင်ဘက်သို့ ဦးတည်သွားကြတော့သည်။
ချင်ယွမ်ဖုန်းက မိမိပတ်ဝန်းကျင်ရှိ လူများကို တစ်ချက်ကြည့်လိုက်ပြီး သူတို့နှင့်အတူ လိုက်ပါလျက် အပြင်သို့ ထွက်ခွာခဲ့ချေသည်။
---
ကြယ်အရှင်သခင် နန်းဆောင်ကြီးသို့ ပြန်ရောက်သောအခါ လေထုမှာ အနည်းငယ် လေးလံဖိစီးနေသည်။ မည်သူမျှ စကားများများမပြောကြဘဲ လျှို့ဝှက်နယ်မြေ လမ်းကြောင်း ပိတ်သိမ်းသွားသည်ကို ကြည့်နေကြသည်။ ကြယ်အရှင်သခင်နှင့် ဆရာသခင်တို့မှာ ပြန်လည်ရောက်ရှိမလာခဲ့ကြပေ။ ထိုအချိန်တွင် ထိုနှစ်ယောက်လုံး ပြန်မလာနိုင်တော့သည်ကို သူတို့ ချက်ချင်း နားလည်လိုက်ကြချေပြီ။ ယင်းထဲတွင် သံယုကြယ်၏ အချို့သော ပညာရှင်များလည်း ပါဝင်နေသည်။
ဒါသည် သံယုကြယ်၏ ကြီးမြတ်သော ပညာရှင်ကြီး နှစ်ယောက် ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်ကြောင်း ညွှန်ပြနေခြင်းပင်။
“လူတိုင်း အခုပဲ ပြန်ကြပါဦး။ ပြီးတော့ ငါ အခုတင် ပြောခဲ့တဲ့ စကားကို မှတ်ထားကြပါ” ကွီရှူးက သူတို့အား ထပ်မံ သတိပေးလိုက်သည်။
လူတိုင်းက ခေါင်းညိတ်ပြကြပြီးနောက် တိတ်ဆိတ်စွာ ထွက်ခွာသွားကြတော့သည်။
ချင်ယွမ်ဖုန်းလည်း မိမိ၏ နေအိမ်သို့ ပြန်လာခဲ့သည်။ ယခုအခါ ကွီရှူး အားကိုးခဲ့သော ကြယ်အရှင်သခင်နှင့် ဆရာသခင်တို့ နှစ်ယောက်လုံး အထဲ၌ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သူသည် မိမိ၏ နောက်ခံ အင်အားစုများကို ဆုံးရှုံးခဲ့ရပြီး ချင်ယွမ်ဖုန်းဆီသို့သာ စိတ်အာရုံ ပြန်လည် လှည့်ပတ်လာနိုင်တော့သည်။
ယခုအခါ သူသည် ချင်ယွမ်ဖုန်းအား မိမိဘက်ပါအောင် ဆွဲဆောင်သိမ်းသွင်းရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
ချင်ယွမ်ဖုန်း မိမိ၏ နေအိမ်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် ကွီရှူးသည် လူများကို ခေါ်ဆောင်လျက် ရိုသေလေးစားစွာဖြင့် ရောက်ရှိလာပြီး ချင်ယွမ်ဖုန်းထံသို့ လက်ဆောင်ပစ္စည်း အပုံလိုက်ကို ယဉ်ကျေးပျူငှာစွာ ဆက်သလာခဲ့သည်။
“သခင်လေး ကွီရှူး... မင်းက အားနာစရာကောင်းအောင် ရက်ရောလွန်းနေပြီ” ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။
ကွီရှူးက ပြုံးလိုက်ရင်း “ညီအကိုချင်... ငါ့ကို ဒီလို အားနာနေဖို့ မလိုပါဘူး။ ငါတို့တွေ အတူတူ နေထိုင်ခဲ့ကြတာ ဒီလောက်တောင် ကြာပြီပဲ။ သူငယ်ချင်းတွေလို့ သတ်မှတ်လို့ရတာပေါ့။ ဒါတွေက ငါ့ရဲ့ စေတနာ အနည်းအကျဉ်းပါပဲ။ မင်းနဲ့ မိန်းကလေး ချန်ယွီတို့ မြောင်ကျင်း လျှို့ဝှက်နယ်မြေထဲမှာ ဒဏ်ရာရခဲ့တယ်လို့ ငါ ကြားသိရလို့။ ဒါကြောင့် ဒီလက်ဆောင်တွေထဲမှာ ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ နှင်းဝိညာဉ်ဆေးလုံးတွေ အများကြီး ပါဝင်ပါတယ်။ မင်း အမြန်ဆုံး ပြန်လည် နေကောင်းလာဖို့ မျှော်လင့်ပါတယ်... ပြီးတော့...”
ထိုနေရာသို့ အရောက်တွင် ကွီရှူးက စကားကို အနည်းငယ် ဖြတ်လိုက်ရင်း ပြုံးလျက် ဆက်ပြောသည်မှာ “သံယုကြယ်ရဲ့ ကြယ်အရှင်သခင် ရာထူး ခန့်အပ်ပွဲကလည်း နီးကပ်လာပြီဆိုတော့... ညီအကိုချင်အနေနဲ့... မင်းရဲ့ ညီလေးကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတာပေါ့”
ချင်ယွမ်ဖုန်းကမူ သူ မည်သို့ တွေးတောနေသည်ကို သဘာဝကျကျ သိရှိပြီးသား ဖြစ်သော်လည်း သူ့အား မျက်စိထဲပင် ထည့်မထားချေ။
တကယ်လို့ ကြယ်အရှင်သခင်အဖြစ် တစ်ယောက်ယောက်ကို ရွေးချယ်ရမည်ဆိုပါက ချင်ယွမ်ဖုန်းအနေဖြင့် ကွီလင်းက ပို၍ သင့်တော်သည်ဟု ထင်မြင်မိသည်။ ကွီလင်းနှင့် သူ၏ ဆက်ဆံရေးမှာလည်း ထူးခြားပြီး သူသည် လျှို့ဝှက်ဆန်းကြယ် ကောက်ကျစ်သော လူစားမျိုး မဟုတ်ပေ။ ကွီရှူးမှာမူ စိတ်သဘောထား ခန့်မှန်းရ ခက်ခဲလှသည်။ သို့သော်လည်း ယခုအချိန်တွင် ကွီရှူးသည် သံယုကြယ်ပေါ်၌ ဩဇာအာဏာ အတော်အတန် ကြီးမားနေဆဲ ဖြစ်သောကြောင့် ချင်ယွမ်ဖုန်းက သူ့အား တိုက်ရိုက် မငြင်းပယ်ခဲ့ပေ။ သူနှင့်အတူ ယဉ်ကျေးပျူငှာစွာ စကားအနည်းငယ် နှုတ်ဆက်လဲလှယ်ပြီးနောက် သူ ယူဆောင်လာခဲ့သော ပစ္စည်းများကို လက်ခံလိုက်ချေသည်။
သံယုကြယ်၏ အခြေအနေမှာ ယခုအခါတွင် ခန့်မှန်းရ ခက်ခဲသော အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ပြီ ဖြစ်တန်ရာသည်။
ကွီရှူးသည် သံယုကြယ်ပေါ်၌ အကြီးမားဆုံးသော အာဏာကို ဆုပ်ကိုင်ထားဆဲ ဖြစ်သော်လည်း သူ၏ အစ်ကိုဖြစ်သူ သခင်လေး ကွီရှန်းမှာလည်း မသေးလှသော ပြိုင်ဘက်တစ်ဦး ဖြစ်ပေသည်။ သူ၏ ဆရာမှာလည်း သံယုကြယ်၏ တရားဥပဒေစိုးမိုးရေး အရာရှိတစ်ဦး ဖြစ်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ ဆရာသခင်ထက် အနည်းငယ် နိမ့်ကျသော်လည်း သူတို့၏ စွမ်းအားချင်းမှာ ယှဉ်နိုင်လောက်ပေသည်။ ယခုအခါ ကွီရှူးအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာ သခင်လေး ကွီရှန်းပင် ဖြစ်ချေသည်။
ထို့ကြောင့် ကွီရှူးသည် သခင်လေး ကွီရှန်း ပြန်မလာမီ သံယုကြယ်၏ အရေးကြီးသော ပညာရှင်အားလုံးကို မိမိဘက်ပါအောင် သိမ်းသွင်းရန် ပြင်ဆင်နေခြင်းပင်။ လောကဝတ်အရ သူ၏ စိတ်ထဲ၌ မိမိဘက်ပါအောင် အားသွန်ခွန်စိုက် အဆွဲဆောင်သင့်ဆုံး လူမှာ ချင်ယွမ်ဖုန်း ဖြစ်ပေသည်။ အကြောင်းမူကား ခေါင်းသုံးလုံးပါ ရေခဲမြွေကြီးကို သတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်မှာ သူ၏ မှတ်ဉာဏ်ထဲ၌ ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်သောကြောင့်ပင်။
ထို့အပြင် ဤတစ်ကြိမ် မြောင်ကျင်း လျှို့ဝှက်နယ်မြေ ခရီးစဉ်အတွင်း ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်မှာ စစ်မှန်သော နတ်ဘုရားနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့ပြီဟု ကောလာဟလများ ထွက်ပေါ်နေပေရာ ဒါသည် အံ့ဩမှင်သက်စရာ ကောင်းလှပေသည်။
ထို့ကြောင့် သူသည် ချင်ယွမ်ဖုန်းအား မိမိဘက်ပါအောင် ဆွဲဆောင်နိုင်သရွေ့ သူ၏ အစ်ကိုကြီး ပြန်လာလျှင်ပင် သူသည် မည်သို့မျှ နိမ့်ကျသွားမည် မဟုတ်ချေ။
---
ကွီရှူး ထွက်ခွာသွားပြီး မကြာမီမှာပင် ကွီလင်းလည်း ရောက်ရှိလာခဲ့သည်။
“ငါ့ရဲ့ အစ်ကိုသုံးက အခုတင်ပဲ နောက်တစ်ခေါက် လာသွားပြန်ပြီလား” ကွီလင်းက မေးလိုက်သည်။
ချင်ယွမ်ဖုန်းက သူ့အား ပြုံးပြလိုက်ရင်း “မင်း သိသားပဲ” ဟု ဆိုချေသည်။
ကွီလင်းကလည်း နားလည်မှုရှိရှိ ပြုံးလိုက်ပြီးနောက် “သခင်လေးချင်ရဲ့ အမြင်က ဘယ်လိုရှိလဲ သိပါရစေ” ဟု ဆိုလိုက်တော့သည်။