အခန်း ၁၁၄၉
Vol. 55 Ch. 1149
အခန်း(၁၁၄၉)
"ငါ ထွက်သွားပြီးတဲ့နောက်မှာတော့... ဒီအရာက အရာရာကို ဖြေရှင်းမပေးနိုင်ပေမဲ့ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါ မင်းကို ကူညီပေးနိုင်လိမ့်မယ်..."ချင်ယွမ်ဖုန်းက ပြောလိုက်ချေသည်။
ကွီလင်းသည် သူက ချင်ယွမ်ဖုန်းကို တားဆီး၍ မရနိုင်မှန်း သိထားသဖြင့် ခေါင်းကိုသာ ညိတ်ပြရင်း မေးလိုက်၏။ "နောက်ပြီးရင် မင်း ဘယ်ကို ဆက်သွားဖို့ ပြင်ဆင်ထားလဲ..."
ချင်ယွမ်ဖုန်းသည် လွန်ခဲ့သော အချိန်အနည်းငယ်က ပိဖူကျန့်ထံမှ သတင်းစကား တစ်ခု ရရှိထားခဲ့သည်။ ယင်းက ကျုံးကျဲကြယ်ပေါ်တွင် ယမမင်းမျိုးနွယ်စု၏ ခြေရာလက်ရာများ ရှိနေနိုင်သည်ဟူ၍ ဖြစ်ပေရာ သူက ထိုကျုံးကျဲကြယ်သို့ သွားရောက်ရန် စိတ်ကူးထားသဖြင့် ကွီလင်းအား ခရီးစဉ်အကြောင်း မေးမြန်းလိုက်ခြင်း ဖြစ်ချေသည်။
ကွီလင်းက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ "ကျုံးကျဲကြယ်က သံယုကြယ်ထက်တောင် ပိုပြီး ကျယ်ပြောလှတယ်... အင်အားစုတွေကလည်း ရှုပ်ထွေးပွေလီလှသလို မသေမျိုးဂိုဏ်းတွေလည်း အများကြီး ရှိနေတာ... မင်း အဲဒီကို တကယ်သွားဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ သေချာပေါက် ဂရုစိုက်ရလိမ့်မယ်..."
ယခုအခါ ကျူးရှန်းအမြောက်ကို သန့်စင်ပြီးဖြစ်ရာ ၎င်း၏ စွမ်းပကားမှာ အဆမတန် တိုးတက်လာခဲ့ပြီး သူကိုယ်တိုင်လည်း မိုးကြိုးစွမ်းအင် အမြောက်အမြားကို စုပ်ယူထားနိုင်ခဲ့သဖြင့် သူ၏ အစွမ်းမှာလည်း ကောင်းကင်သို့ ထိုးတက်မတတ် တိုးတက်လာခဲ့ချေပြီ။ ထို့အပြင် သူ၏ ကျင့်စဉ်အဆင့်မှာလည်း ကုဇေကြယ်မှ သံယုကြယ်သို့ ရောက်ရှိချိန်အတွင်း စစ်မှန်သော နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ ချင်ယွမ်ဖုန်းအနေဖြင့် သူ၏ ဘေးကင်းလုံခြုံရေးအတွက် လောလောဆယ် စိုးရိမ်ပူပန်ခြင်း မရှိပေ။
ထို့နောက် ကွီလင်းသည် ကျုံးကျဲကြယ်သို့ သွားရာ လမ်းကြောင်းပြမြေပုံကို ထုတ်ပြလိုက်ရာ ချင်ယွမ်ဖုန်းသည် ယင်းထဲမှ ကြယ်တာရာ လမ်းကြောင်းများကို မှတ်သားလိုက်ပြီး ထိုနေရာသို့ ဦးတည်ရန် ပြင်ဆင်လိုက်တော့သည်။ သို့သော် ချင်ယွမ်ဖုန်း စတင်ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်မှာပင် ချန်ယွီသည် သူ၏ အနားမှ မခွာဘဲ ကပ်လိုက်နေသည်ကို သတိပြုမိသွားသဖြင့် သူမဘက်သို့ လှည့်ကာ မေးလိုက်၏။ "ဘာလဲ... နင်ပါ ငါ့နောက်ကို လိုက်ချင်နေတာလား..."
ချန်ယွီက ပြန်ပြောလိုက်သည်။ "ငါကော ကျုံးကျဲကြယ်ကို သွားလို့မရဘူးလား..."
ချင်ယွမ်ဖုန်း ပြုံးလိုက်မိသည်။ သေချာပေါက် သူမ သွား၍ ရသည်ပေါ့။ ချန်ယွီ စိတ်ထဲတွင် ဘာကို တွေးတောနေသည်ကို သူ သေချာမသိသော်လည်း ချန်ယွီသာ သူ၏ အနားတွင် ရှိနေပါက ဖန်ယွမ်သည် တျန်ယွမ်ကြယ်သို့ ပြန်ရန် အလောတကြီး ဖြစ်နေလိမ့်မည် မဟုတ်မှန်း ချင်ယွမ်ဖုန်း နားလည်ထားပေရာ သူက သူမကို ငြင်းဆန်ခြင်း မပြုတော့ပေ။ သူက ပြောလိုက်၏။ "ငါနဲ့အတူ ရှိနေတုန်း မမျှော်လင့်တဲ့ အန္တရာယ်တစ်ခုခု ကြုံလာခဲ့ရင်တော့ ငါ တာဝန်မယူနိုင်ဘူးနော်..."
"နင့်ကိုယ်နင် အရင် ကြည့်ပါဦး..."
ထိုသို့ ပြောဆိုရင်း သူတို့နှစ်ဦးသည် ပျံသန်းခြင်း မှော်ရတနာကို စတင်လှုံ့ဆော်ကာ ကျုံးကျဲကြယ်ဆီသို့ တိုက်ရိုက် ဦးတည်ပျံသန်းသွားကြတော့သည်။ ဤနေရာမှ ကျုံးကျဲကြယ်သို့ ခရီးလမ်းမှာ အတော်ပင် ကွာလှမ်းလှရာ ထိုနေရာသို့ လျင်လျင်မြန်မြန် ရောက်ရှိနိုင်ရန် ပိုမိုမြန်ဆန်သော ပျံသန်းခြင်း မှော်ရတနာ လိုအပ်ပေသည်။ သူတို့နှစ်ဦးသည် ခရီးနှင်ခဲ့ပြီးနောက် ရက်ဝက်ခန့်အကြာတွင်မှ စိမ်းလန်းစိုပြည်လှသော ကြယ်စုကမ္ဘာကြီးကို မြင်တွေ့လိုက်ရပြီး ထိုကြယ်ပေါ်သို့ ဆင်းသက်လိုက်ကြတော့သည်။
ထိုနေရာသို့ ရောက်ရှိလာသည်နှင့် ချင်ယွမ်ဖုန်းသည် ဤနေရာ၏ ပတ်ဝန်းကျင် အနေအထားမှာ အလွန်တရာ ကောင်းမွန်လှသည်ဟု မချီးကျူးဘဲ မနေနိုင်တော့ပေ။ ကုန်းမြေအားလုံးနီးပါးကို စိမ်းလန်းသော သစ်တောသစ်ပင်များက ဖုံးလွှမ်းထားချေသည်။ သူတို့နှစ်ဦးသည် သိပ်သည်းလှသော တောအုပ်တစ်ခုထဲသို့ တိုက်ရိုက်သက်ဆင်းလိုက်ကြရာ ရောက်ရောက်ချင်းမှာပင် ဤနေရာ၏ နတ်ဘုရားဝိညာဉ်စွမ်းအင်မှာ အလွန်တရာ သိပ်သည်းကြွယ်ဝနေသည်ကို ခံစားလိုက်ရသည်။
သို့သော် ချန်ယွီက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ပြောလိုက်၏။ "ငါတို့ ရောက်လာတဲ့ ဒီနေရာမှာ မိစ္ဆာသားရဲတွေ အများကြီး ရှိနေပုံရတယ်..."
ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။ "ငါ့အစွမ်းက အခုဆိုရင် အများကြီး တိုးတက်လာပြီ... ငါ့ကိုယ်ငါလည်း စမ်းသပ်ကြည့်ချင်နေတာ... ဘယ်လို မျက်စိမရှိတဲ့ မိစ္ဆာသားရဲက ငါ့ကို လာပြီး ရန်စရဲသလဲ ကြည့်ရသေးတာပေါ့..." ထိုသို့ ပြောပြီးနောက် သူတို့နှစ်ဦးသည် သိပ်သည်းလှသော တောအုပ်နက်ကြီးထဲသို့ တိုက်ရိုက် ဝင်ရောက်လျှောက်လှမ်းသွားကြတော့သည်။ ထိုသိပ်သည်းလှသော တောအုပ်မှာ အဆုံးမဲ့သကဲ့သို့ ထင်ရသော်လည်း ချန်ယွီ၏ လမ်းညွှန်မှုအောက်တွင် သူတို့နှစ်ဦးသည် မှန်ကန်သော လမ်းကြောင်းအတိုင်း ဦးတည်သွားနေကြချေသည်။
ဤနေရာရှိ အချို့သော မိစ္ဆာသားရဲများသည် စစ်မှန်သော နတ်ဘုရားနယ်ပယ်၏ အလယ်အလတ်နှင့် အဆင့်မြင့်အဆင့်များသို့ ရောက်ရှိနေကြပြီး အလွန်တရာ အစွမ်းထက်ကြသည်ဟု ဆိုကြသည်။ ထို့ပြင် တောအုပ်ထူထပ်သော ဒေသများစွာ ရှိနေသဖြင့် ထိုမိစ္ဆာသားရဲများသည် ယင်းတို့ထဲတွင် ပုန်းအောင်းနေကြပေလိမ့်မည်။ ချန်ယွီသည် ဤနေရာ၏ ဖုံးကွယ်နေသော ဘေးအန္တရာယ်များကို သိရှိထားသဖြင့် လမ်းတစ်လျှောက်တွင် ဂရုစိုက်ရန် ချင်ယွမ်ဖုန်းကို အစဉ်တစိုက် သတိပေးနေခဲ့သည်။
သူတို့နှစ်ဦး သိပ်သည်းလှသော တောအုပ်ကို ဖြတ်ကျော်သွားစဉ် အချို့သော မိစ္ဆာသားရဲများမှာ လန့်ဖျပ်သွားကြသော်လည်း သူတို့၏ စွမ်းအားက ထိုနှစ်ဦးကို မယှဉ်နိုင်သဖြင့် ထွက်ပေါ်လာခြင်း မပြုရဲကြချေ။ ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းသည် ရှေ့ဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာသော ခုနစ်ရောင်ခြယ် မင်္ဂလာအလင်းတန်းများကို လှမ်းမြင်လိုက်ရသဖြင့် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ "အဲဒါ ဘာကြီးလဲ..."
သူက ရှေ့ဘက်ဆီသို့ လက်ညှိုးထိုးပြလိုက်၏။ ချန်ယွီသည် သူညွှန်ပြရာဘက်သို့ ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော အရိပ်အယောင်များ ပေါ်ပေါက်လာပြီး ပြောလိုက်သည်။ "ငါတို့ ဒီတစ်ခေါက် ကံကောင်းပုံရတယ်... ခုနစ်ရောင်ခြယ် မင်္ဂလာသားရဲနဲ့ တကယ်ဆုံရတာပဲ..."
ချင်ယွမ်ဖုန်းသည် ခုနစ်ရောင်ခြယ် မင်္ဂလာသားရဲဟူသည် မည်သို့သော အရာမှန်း မသိသေးသော်လည်း ချန်ယွီ၏ အံ့အားသင့်နေသော မျက်နှာအမူအရာအရ ထိုသတ္တဝါသည် သေချာပေါက် အလွန်တရာ တန်ဖိုးကြီးမားလှပေမည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် ထိုနေရာဆီသို့ လျင်မြန်စွာ ပြေးဝင်သွားကြတော့သည်။ သို့သော် သူတို့နှစ်ဦး ထိုနေရာသို့ ရောက်ရှိလုနီးပါး အချိန်တွင် ထိုခုနစ်ရောင်ခြယ် မင်္ဂလာအလင်းတန်းမှာ ရုတ်တရက် ကွယ်ပျောက်သွားခဲ့လေပြီ။
ချန်ယွီ၏ မျက်နှာမှာ တစ်စုံတစ်ယောက်က မိမိ၏ အနှစ်သက်ဆုံး ကစားစရာကို လုယူသွားသကဲ့သို့ အနည်းငယ် ပျက်ယွင်းသွားပြီး ခပ်ဆတ်ဆတ် လေသံဖြင့် ဆိုလိုက်၏။ "မကောင်းတော့ဘူး... တစ်ယောက်ယောက်က ငါတို့ထက် လက်ဦးပြီး ခုနစ်ရောင်ခြယ် မင်္ဂလာသားရဲကို သတ်လိုက်ပြီ ထင်တယ်..."
"ဟင်..." ချင်ယွမ်ဖုန်း ဆွံ့အသွားမိသည်။ သူတို့ ဤမျှ ဝေးကွာသော ခရီးကို နှင်လာခဲ့စဉ်အတွင်း မည်သူ့ကိုမျှ မတွေ့ခဲ့ရဘဲ နောက်ဆုံးတွင် မင်္ဂလာသားရဲတစ်ကောင်နှင့် တွေ့ဆုံရခါမှ အခြားသူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်တဲ့လား။ သူတို့နှစ်ဦးသည် အခြေအနေကို စဉ်းစားရင်း ထိုနေရာဆီသို့ ခြေလှမ်းများကို ပိုမိုမြန်ဆန်စွာ အရှိန်မြှင့်လိုက်ကြတော့သည်။ သူတို့နှစ်ဦး ထိုနေရာသို့ နီးကပ်လာသောအခါ ချင်ယွမ်ဖုန်း၏ မျက်နှာရိပ်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး ပြောလိုက်၏။ "ရှေ့မှာ တိုက်ခိုက်သံတွေ ကြားနေရသေးတယ်... တိုက်ပွဲက မပြီးသေးဘူးထင်တယ်..."
ပြောပြီးသည်နှင့် သူတို့နှစ်ဦးသည် မိမိတို့၏ အရှိန်အဝါများကို လျင်မြန်စွာ ဖုံးကွယ်လိုက်ပြီး ထိုနေရာသို့ တိတ်တဆိတ် ကပ်သွားကြတော့သည်။
---
ထိုစဉ် သူတို့၏ မျက်စိရှေ့မှောက်တွင် နတ်ဘုရားကျင့်ကြံသူ တစ်စုသည် ဖြည်းညှင်းစွာ ပေါ်ပေါက်လာခဲ့သည်။ ထိုကျင့်ကြံသူများသည် အုပ်စုနှစ်စု ကွဲပြားနေကြချေသည်။ တစ်ဖက်တွင် လူအင်အား ပိုမိုများပြားပြီး ၎င်းကို မျက်ဝန်းများမှ အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေကာ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဦးဆောင်ထားသည်။ သူ၏ နောက်ကွယ်တွင်တော့ အစောပိုင်းအဆင့် နတ်ဘုရား ဆယ်ဂဏန်းကျော် လိုက်ပါလာကြသည်။
ထိုလူငယ်၏ ဆန့်ကျင်ဘက်တွင်တော့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သော နတ်ဘုရားကျင့်ကြံသူ နှစ်ဦး ရပ်တန့်နေကြချေသည်။ အမျိုးသားကျင့်ကြံသူ၏ ကျင့်စဉ်အဆင့်မှာ အလယ်အလတ်နှင့် အဆင့်မြင့်အဆင့် နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူက အမျိုးသမီးကျင့်ကြံသူကို နောက်ကွယ်မှ အကာအကွယ် ပေးထားသည်။
"ဖုန်ယွီ... မင်္ဂလာသားရဲကို ချက်ချင်း လက်လွှဲပေးစမ်း... မဟုတ်ရင်တော့ မင်း ဒီနေရာမှာပဲ အသက်ပျောက်သွားရလိမ့်မယ်..." အလင်းမဲ့သော မျက်ဝန်းများ ရှိသည့် လူငယ်သည် ဆန့်ကျင်ဘက်မှ လူငယ်ကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောဆိုလိုက်သည်။
ဖုန်ယွီဟု ခေါ်သော လူငယ်က ပြန်လည်တုံ့ပြန်လိုက်၏။ "ကျူးဝမ်ဟွာ... မင်း ဒီလောက်အထိ အရှက်မရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဒီမင်္ဂလာသားရဲကို ငါက အရင် သတ်ခဲ့တာ... ဘာဖြစ်လို့ ငါက မင်းကို လက်လွှဲပေးရမှာလဲ..." သူသည် နတ်ဘုရားကျင့်ကြံသူ ဆယ်ဂဏန်းကျော်ကို ရင်ဆိုင်နေရသော်လည်း သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပေ။
ယခုတစ်ခေါက်တွင် သူနှင့် သူ၏ ညီမဖြစ်သူ ဖုန်ယွမ်တို့သည် ဤသိပ်သည်းလှသော တောအုပ်ထဲသို့ သားရဲအမဲလိုက်ရန် လာရောက်ခဲ့ကြပြီး မမျှော်လင့်ဘဲ ခုနစ်ရောင်ခြယ် မင်္ဂလာသားရဲနှင့် တိုးခဲ့ခြင်း ဖြစ်သည်။ ဤခုနစ်ရောင်ခြယ် မင်္ဂလာသားရဲ၏ တန်ဖိုးမှာ အလွန်တရာ မြင့်မားလှပြီး ကျင့်ကြံခြင်းအတွက် သော်လည်းကောင်း၊ နတ်ဆေးလုံးများ ဖော်စပ်ရန် သော်လည်းကောင်း အလွန်ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိပေသည်။ သို့သော် မမျှော်လင့်ဘဲ သူနှင့် သူ၏ ညီမ ဖုန်ယွမ်တို့ ဤခုနစ်ရောင်ခြယ် မင်္ဂလာသားရဲကို သတ်ဖြတ်ပြီးခါစ၊ ထိုသားရဲနှင့် တိုက်ခိုက်စဉ် ဒဏ်ရာရရှိထားသော အချိန်တွင်မှ ကျူးဝမ်ဟွာနှင့် သူ၏ အပေါင်းအပါများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ချေသည်။
အကယ်၍ သူသာ ဒဏ်ရာမရရှိထားပါက ဤလူများကို သူ၏ မျက်စိထဲ၌ပင် ထည့်ထားလိမ့်မည် မဟုတ်ပေ။
"ဘာဖြစ်လို့ လက်လွှဲပေးရမှာလဲ ဟုတ်လား..." ကျူးဝမ်ဟွာသည် မရယ်ဘဲ မနေနိုင်တော့ဘဲ ဆိုလိုက်၏။ "ဖုန်ယွီ... မင်းရဲ့ ကျင့်စဉ်အဆင့်က ကောင်းမွန်တယ်ဆိုတာ ငါ ဝန်ခံပါတယ်... ဒါပေမဲ့ အခုအချိန်မှာ မင်းက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါဦးမလား..." သူ စကားပြောနေစဉ် သူ၏ မျက်ဝန်းများထဲတွင် ဖုန်ယွီအပေါ် အထင်သေးကဲ့ရဲ့မှုများ ပြည့်နှက်နေခဲ့သည်။ သာမန်အချိန်များတွင် ဆိုပါက သူသည် ကျင့်စဉ်အဆင့် အလယ်အလတ်နှင့် အဆင့်မြင့်အဆင့် နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေသော ဤအစွမ်းထက် ပညာရှင်ကို သတိထားရပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ တစ်ဖက်လူမှာ ဒဏ်ရာရရှိထားပြီ ဖြစ်ရာ သူသည် တစ်ဖက်လူကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။
သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ရေနှင့်မီးကဲ့သို့ ပြင်းထန်နေပုံရချေသည်။
အမှန်စင်စစ် သူတို့နှစ်ဦးလုံးသည် ကျုံးကျဲကြယ်မှ မိသားစုကြီးများ၏ တပည့်များ ဖြစ်ကြပြီး ချန်ယွမ်ဂိုဏ်းထဲသို့ အတူတူ ဝင်ရောက်ထားကြသူများ ဖြစ်သည်။ သူတို့သည် သာမန်နေ့ရက်များတွင်လည်း နတ်ဘုရားဂိုဏ်းအတွင်း သဟဇာတမဖြစ်ကြပေရာ ယခုကဲ့သို့ ဆုံတွေ့ချိန်တွင် တိုက်ခိုက်ယှဉ်ပြိုင်ကြသည်မှာ သဘာဝကျလှပေသည်။ ဖုန်ယွီ၏ ရင်ထဲတွင်တော့ အမှန်တကယ်ပင် စိုးရိမ်တုန်လှုပ်မှုများ စတင်ဖြစ်ပေါ်နေခဲ့ချေပြီ။