အခန်း ၁၁၅၁
Vol. 55 Ch. 1151
အခန်း(၁၁၅၁)ဓားကိုဆွဲထုတ်ကာ ကူညီခြင်း
ထိုသို့သော အရာများသည် ကြီးမားလှသော ဘေးအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပေရာ ချန်ယွမ်ဂိုဏ်း၏ သြဇာလွှမ်းမိုးမှု နယ်ပယ်အတွင်း၌ ယင်းတို့ကို အတိအလင်း တားမြစ်ထားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ချေသည်။
သို့သော် ကျူးဝမ်ဟွာသည် ထိုသို့သော အရာမျိုးကို သူ၏ ကိုယ်ပေါ်တွင် အမှန်တကယ် ဝှက်သိမ်းထားခဲ့ခြင်းပင်။ ထိုခဏ၌ ဖုန်ယွီသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးသာစီးဆင်းမှုများ ချက်ချင်း ရပ်တန့်သွားသည်ကို ခံစားလိုက်ရပြီးနောက် သူ၏ လှုပ်ရှားမှုများမှာလည်း ရုတ်တရက် တန့်သွားခဲ့ရတော့သည်။
ဤအခြေအနေတွင် ကျူးဝမ်ဟွာသည် သူ၏ သွေးစုပ်မှုန့် အာနိသင်ပြလာသည်ကို မြင်တွေ့လိုက်ရသဖြင့် မကောင်းဆိုးဝါးဆန်လှသော ရယ်မောသံကို ထုတ်ဖော်ရင်း အော်ဟစ်လိုက်၏။ "သူ့ကို သတ်စမ်း..."
ဖုန်ယွီ၏ အစွမ်းမှာ အလွန်တရာ ထက်မြက်လှသော်လည်း ယခုအခါတွင်မူ ဒဏ်ရာအပြင်းအထန် ရရှိထားသည့်အပြင် သွေးစုပ်မှုန့်ကြောင့် သွေးသားများ ပိတ်ဆို့ခံထားရပေရာ နတ်ဘုရားဝိညာဉ်စွမ်းအင်ကို ထပ်မံ စုစည်းရန် အလွန်ခက်ခဲနေခဲ့ချေသည်။ သူသည် ပြန်လည် ခုခံချင်သော်လည်း အားအင် ရှိမနေတော့ပေ။ ထိုအချိန်၌ ကျူးဝမ်ဟွာ၏ မျက်နှာတွင် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်ပေါက်နေခဲ့ပြီ ဖြစ်ရာ သူ၏ မျက်လုံးထဲတွင် ဖုန်ယွီမှာ သေလူတစ်ဦး ဖြစ်နေခဲ့ချေပြီ။
သူ၏ လက်ထဲရှိ နတ်ဘုရားဓားရှည်သည် ဖုန်ယွီ၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ဦးတည် ထိုးစိုက်လိုက်တော့သည်။
သို့သော် သူ၏ နတ်ဘုရားဓားရှည်က ရန်သူ့ထံသို့ ထိမှန်တော့မည့် ဆဲဆဲတွင် ရုတ်တရက် အဝေးတစ်နေရာမှ ထက်မြက်လှသော ဓားချီတစ်ချက် ပျံသန်းလာခဲ့ချေသည်။ ပြင်းထန်လှသော ပေါက်ကွဲသံနှင့်အတူ ယင်းက ကျူးဝမ်ဟွာ၏ လက်ထဲမှ နတ်ဘုရားဓားရှည်ကို တိုက်ရိုက် လွင့်စဉ်သွားစေခဲ့သည်။ ကျူးဝမ်ဟွာ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် အံ့အားသင့်ရိပ်များ ယှက်သန်းသွားခဲ့ပြီး သူ၏ နောက်ကွယ်ရှိ နောက်လိုက်များပင် ထိုဓားချီ ထွက်ပေါ်လာရာ အရပ်သို့ အံ့သြတုန်လှုပ်စွာ ကြည့်လိုက်မိကြတော့သည်။
ထို့နောက် အမှောင်ထုထဲမှ ချင်ယွမ်ဖုန်း၏ ပုံရိပ်သည် တိုက်ရိုက် ထွက်ပေါ်လာခဲ့ပြီး ထိုလူများ၏ ရှေ့မှောက်တွင် ရပ်တန့်ကာ သူတို့ကို ကြည့်ရင်း ပြောဆိုလိုက်၏။ "မင်းတို့တွေက အားနည်းတဲ့လူကို အုပ်စုဖွဲ့ အနိုင်ကျင့်ရတာ ကျင့်သားရနေပုံပဲ... ဒါကြောင့် ငါက အားနည်းတဲ့ဘက်ကနေ ပါဝင်ပေးရင်လည်း ပြဿနာမရှိဘူး မဟုတ်လား..." ပြောဆိုရင်း ချင်ယွမ်ဖုန်းသည် သူတို့ထံသို့ လှမ်းလျှောက်သွားခဲ့သည်။
ကျူးဝမ်ဟွာနှင့် အခြားလူများသည် အလွန်တရာ အံ့အားသင့်သွားကြချေသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် ချင်ယွမ်ဖုန်း၏ အရှိန်အဝါကို အနည်းငယ်မျှပင် မရိပ်မိခဲ့ဘဲ သူက ရုတ်တရက် ပေါ်ပေါက်လာခဲ့သောကြောင့်ပင်။ ကျူးဝမ်ဟွာသည် မျက်မှောင်ကြုတ်လိုက်ပြီး ချင်ယွမ်ဖုန်းအား ချက်ချင်း အော်ဟစ်မေးမြန်းလိုက်၏။ "ကောင်လေး... မင်းက ဘယ်သူလဲ..." စောစောက ချင်ယွမ်ဖုန်း၏ ဓားချီက သူ၏ လက်ထဲမှ နတ်ဘုရားဓားရှည်ကို လွင့်စဉ်သွားစေခဲ့စဉ်ကတည်းက ချင်ယွမ်ဖုန်း၏ စွမ်းအားမှာ သာမန်မဟုတ်မှန်း သူ ခံစားမိထားခဲ့ခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။ "ငါက လမ်းကြုံဖြတ်သန်းလာတဲ့ လူတစ်ယောက်ပါ... မတရားတာ မြင်လို့ ဝင်ကူညီပေးတာ..."
ထိုအချိန်၌ အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေကြသော မောင်နှမနှစ်ဦးဖြစ်သည့် ဖုန်ယွီနှင့် ဖုန်ယွမ်တို့သည် ချင်ယွမ်ဖုန်း ပေါ်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် သူတို့၏ မျက်လုံးများထဲတွင် ကျေးဇူးတင်ရိပ်များ ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။ သို့သော် ဖုန်ယွမ်က စိုးရိမ်စိတ်ဖြင့် ပြောဆိုလိုက်သေး၏။ "မိတ်ဆွေ... ငါတို့ရဲ့ အခြေအနေက နည်းနည်း ရှုပ်ထွေးတယ်... ကူညီပေးတာ ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မင်းရဲ့ ဘေးကင်းရေးအတွက် ဒီနေရာကနေ အမြန်ဆုံး ထွက်သွားစေချင်တယ်... ဒီလူတွေက အင်အားလည်းများပြီး အစွမ်းလည်း ထက်ကြတယ်... မင်း တစ်ယောက်တည်းနဲ့ သူတို့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး..."
"အဲလိုလား..."
အတိအကျပင် ထိုစဉ် အခြားထက်မြက်လှသော အရှိန်အဝါတစ်ခု ထပ်မံ ရိုက်ခတ်လာခဲ့ပြီး ချန်ယွီ၏ ပုံရိပ်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့ချေသည်။ သူမ ပေါ်လာသည်နှင့် ကျူးဝမ်ဟွာ၏ နောက်ကွယ်ရှိ နောက်လိုက်အချို့ကို ချက်ချင်း တိုက်ခိုက်လိုက်ရာ ထိုလူများကို ချက်ချင်း လွင့်စဉ်သွားစေခဲ့သည်။
ကျူးဝမ်ဟွာသည် တုန်လှုပ်သွားခဲ့၏။ နောက်ထပ် ပညာရှင်တစ်ဦး ပုန်းအောင်းနေခဲ့သေးသည်လား။ သို့သော် သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပတ်ပတ်လည်ရှိ သူ၏ နောက်လိုက်များကို တစ်ချက် ကြည့်လိုက်သည်။ အနည်းဆုံးတော့ ထိုလူများမှာ ဒဏ်ရာရထားခြင်း မရှိသေးပေ။ သူ၏ ရှေ့မှောက်တွင် ရန်သူနှစ်ဦး ထပ်မံ ပေါ်ပေါက်လာခဲ့သော်လည်း ထိုသူတို့ကို ကိုင်တွယ်ရန်မှာ ပြဿနာမရှိနိုင်ချေ။ ထို့ကြောင့် ကျူးဝမ်ဟွာက ပြောဆိုလိုက်၏။ "မင်းတို့တွေ သေတွင်းမရှာတာ အကောင်းဆုံးပဲ... မဟုတ်ရင် မင်းတို့ကိုပါ ဒီနေရာမှာတင် တစ်သက်လုံး အိပ်ပျော်သွားအောင် ငါ လုပ်ပစ်မယ်..."
"အဲလိုလား..." ချင်ယွမ်ဖုန်း စကားပြောပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ ချက်ချင်းပင် လှိုင်းတံပိုးကဲ့သို့ ထိုးတက်လာခဲ့တော့သည်။
ထိုခဏ၌ ကျူးဝမ်ဟွာသည် သူ၏ ရှေ့မှောက်ရှိ လူငယ်၏ ကျင့်ကြံခြင်း အဆင့်မှာ အဆင့်မြင့်အဆင့် နတ်ဘုရားထက်ပင် ပိုမိုအစွမ်းထက်နေကြောင်း ရုတ်တရက် သတိပြုမိသွားခဲ့ချေသည်။ သူ၏ ကျင့်ကြံမှုမှာ စစ်မှန်သော နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီလော။ ထိုသို့ တွေးတောမိလိုက်သည်နှင့် ကျူးဝမ်ဟွာ၏ ပါးစပ်မှာ အနည်းငယ် တုန်ခါသွားခဲ့သော်လည်း သူက လေသံမာမာဖြင့်ပင် ပြောဆိုလိုက်သေး၏။ "ကောင်လေး... မင်း ငါက ဘယ်သူလဲဆိုတာ သိရဲ့လား... ဒီနေရာမှာ လမ်းကြုံဖြတ်သန်းလာတဲ့လူသက်သက်ပဲ ဖြစ်ပြီး ငါ့ကို လာပြစ်မှားရဲတယ်ပေါ့... မင်းကို မရှုမလှ သေစေရမယ်လို့ ငါ အာမခံတယ်..."
ကျူးဝမ်ဟွာသည် ချန်ယွမ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ပြီး ဖုန်ယွီကဲ့သို့ပင် အထူးချွန်ဆုံး တပည့်တစ်ဦး ဖြစ်ချေသည်။ ၎င်းအပြင် သူတို့၏ ကျူးမိသားစုသည်လည်း ချန်ယွမ်ဂိုဏ်း၏ သြဇာလွှမ်းမိုးမှု နယ်ပယ်အတွင်း၌ ကြီးမားလှသော အာဏာကို ပိုင်ဆိုင်ထားကြပေရာ သာမန်အားဖြင့် မည်သူမျှ သူ့ကို မပြစ်မှားရဲကြချေ။ အကယ်၍ ချင်ယွမ်ဖုန်းသည် လမ်းကြုံဖြတ်သန်းလာသူမျှသာ ဖြစ်ပါက သူ၏ မိသားစု အရှိန်အဝါကို သေချာပေါက် ကြောက်ရွံ့သွားလိမ့်မည်ဟု သူ ယုံကြည်ထားခဲ့သဖြင့် ဤအချက်ကို အသုံးချကာ ချင်ယွမ်ဖုန်းအား ခြောက်လှန့် မောင်းထုတ်ရန် ကြိုးစားခြင်း ဖြစ်တန်ရာသည်။
သို့သော် ချင်ယွမ်ဖုန်းက ခပ်ဖွဖွမျှသာ ပြုံးလိုက်ပြီး ပြောဆိုလိုက်၏။ "မင်းက ဘယ်သူလဲဆိုတာ ငါ ဂရုစိုက်စရာ မလိုပါဘူး... ငါ သိတာကတော့ မင်းစောစောက ပြောခဲ့တဲ့ စကားက သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတာပဲ... မင်းသာ ဒီနေရာမှာ သေသွားပြီး မင်းကို ဒီက မိစ္ဆာသားရဲတွေ စားဖို့ ငါ ပစ်ထားလိုက်ရင် မင်းကို ငါ သတ်ခဲ့တယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ..."
ကျူးဝမ်ဟွာသည် ချက်ချင်းပင် ဆွံ့အသွားခဲ့ရချေသည်။ ဤစကားများမှာ သူကိုယ်တိုင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး သူ စီစဉ်ထားခဲ့သော အတွေးများ ဖြစ်သော်လည်း သူ လုံးဝ မမျှော်လင့်ထားသည်မှာ သူ၏ ရှေ့မှောက်ရှိ စိမ်းသက်လှသော လူငယ်က ဤစကားများကို သူ၏ ကိုယ်ပေါ်သို့ ပြန်လည် အသုံးချလာခြင်းပင်။ သူသည် ချင်ယွမ်ဖုန်း၏ အစွမ်းကို အနည်းငယ်မျှ စိုးရိမ်ထိတ်လန့်သွားခဲ့ရတော့သည်။
သူသည် ခဏမျှ စဉ်းစားလိုက်ပြီး ယခုအချိန်တွင် ရပ်တန့်လိုက်ပါက မနောက်ကျသေးဟု တွေးတောလိုက်မိသည်... သို့သော် ထိုစဉ် ဖုန်ယွမ်က သူ့ကို ပြတ်သားလှသော မျက်နှာထားဖြင့် စိုက်ကြည့်ကာ ပြောဆိုလိုက်၏။ "ကျူးဝမ်ဟွာ... မင်း ငါတို့ မောင်နှမနှစ်ယောက်ကို ဒီလောက်အထိ ဒဏ်ရာရအောင် လုပ်ခဲ့တယ်... ဒီနေ့ ဒီကိစ္စကို ငါ သေချာပေါက် ဂိုဏ်းအကြီးအကဲဆီ တိုင်တန်းမှာ... အဲဒီအခါကျရင် သူက မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်..."
ထိုအကြောင်းကို ကြားလိုက်ရသည်နှင့် ကျူးဝမ်ဟွာသည် အခြေအနေများ မဟန်တော့မှန်း ချက်ချင်း ရိပ်မိသွားခဲ့ချေသည်။ အကယ်၍ ချန်ယွမ်ဂိုဏ်း၏ အကြီးအကဲသာ ဤအကြောင်းကို သိရှိသွားပါက သူ၏ မိသားစုတစ်ခုလုံးပင် ပါဝင်ပတ်သက်သွားနိုင်ပေသည်။ ထိုသို့ဆိုလျှင် သူသည် မိသားစုအတွင်း၌ အပြစ်သားတစ်ဦး ဖြစ်လာပေလိမ့်မည်။ သူ၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မည်းသွားခဲ့ပြီး ပြောလိုက်၏။ "ဟင်း... ငါက မင်းတို့ကို လွှတ်ပေးမလို့ ကြံခါမှ မင်းတို့က အဆိုးအကောင်းကို မသိတတ်ကြဘူးပဲ... အဲဒီလိုဆိုမှတော့ မင်းတို့ကို ငါ လုံးဝ ပေးမထွက်နိုင်တော့ဘူး... အားလုံး ဒီနေရာမှာပဲ သေကြပေတော့..." ပြောပြီးသည်နှင့် သူသည် သူ၏ လူများကို ချက်ချင်း တိုက်ခိုက်ရန် စေခိုင်းလိုက်တော့သည်။
---
ဖုန်ယွမ်သည် သူမ၏ နတ်ဘုရားဓားရှည်ကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးဝင်ရန် ပြင်လိုက်သော်လည်း ချန်ယွီက သူမ၏ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး ပြောဆိုလိုက်၏။ "ညီမလေး... စိတ်မလောပါနဲ့... ဒီလို အရေးမပါတဲ့ အမှိုက်ကောင်တွေကို ငါပဲ ရှင်းလိုက်ပါ့မယ်..."
ဖုန်ယွီက ဆိုလိုက်၏။ "စီနီယာ... မင်း သူတို့ကို တကယ် ကိုင်တွယ်နိုင်မှာ သေချာရဲ့လား..."
ချန်ယွီက ပြောလိုက်၏။ "ငါ့ကို စီနီယာလို့ မခေါ်ပါနဲ့... ငါ့ရဲ့ စွမ်းအားက မင်းတို့နဲ့ သိပ်မကွာပါဘူး... မင်းတို့ရဲ့ အခု အခြေအနေက သိပ်ဆိုးနေတာမို့ ဘေးမှာပဲ သွားနားနေလိုက်ပါ..."
"သူတို့နဲ့ အချိန်ဖြုန်းမနေနဲ့... ငါပဲ ရှင်းလိုက်မယ်..." ချင်ယွမ်ဖုန်းက ရှေ့သို့ တစ်လှမ်းတက်ကာ ပြောလိုက်ပြီး သူ၏ စကားလုံးများထဲတွင် မြန်မြန်ဆန်ဆန် အဆုံးသတ်လိုသော ဆန္ဒများ ထင်ဟပ်နေခဲ့ချေသည်။
ချန်ယွီသည် သူ၏ စွမ်းအားကို သိရှိထားပေရာ ခေါင်းညိတ်လိုက်ပြီး ပြောဆိုလိုက်၏။ "ကောင်းပြီ... ဒီလူတွေကို မင်းပဲ လွှဲပေးလိုက်တော့မယ်..."
ထို့နောက် ချင်ယွမ်ဖုန်းသည် ကျူးဝမ်ဟွာနှင့် အခြားလူများထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည်။ ထိုအချိန်၌ ကျူးဝမ်ဟွာသည် ချင်ယွမ်ဖုန်း တစ်ဦးတည်းသာ သူတို့ထံသို့ လျှောက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရချေသည်။ ဤကောင်လေးက တစ်ယောက်တည်းနဲ့ သေတွင်း လာရှာနေတာလား။ ထိုသို့ တွေးတောရင်း သူသည် သူ၏ လက်ထဲမှ နတ်ဘုရားဓားရှည်ကို ချက်ချင်း နှိုးဆွကာ ချင်ယွမ်ဖုန်းထံသို့ တိုက်ခိုက်လိုက်တော့သည်။
သို့သော် သူ စတင်လှုပ်ရှားလိုက်သည့် ထိုခဏ၌ပင် ချင်ယွမ်ဖုန်းသည် သူ၏ ဓားညွှန်းလက်ချောင်းကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လှသော ဓားချီတစ်ချက် ချက်ချင်း ထိုးထွက်လာခဲ့ချေသည်။ ဤဓားချီမှာ အေးစက်လှသော မီးလျှံအရှိန်အဝါကဲ့သို့ ဖြစ်ပြီး ရန်သူ၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။ ရန်သူ့လက်ထဲမှ နတ်ဘုရားဓားရှည်သည် ရှေ့သို့ပင် မထိုးစိုက်ရသေးမီ နတ်ဘုရားဓားရှည် တစ်လက်လုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ပြင်းထန်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
ထိုအေးစက်လှသော ဓားချီသည် အကန့်အသတ်တစ်ခုကို ဖောက်ထွင်းသွားခဲ့ပုံရပြီး ကျူးဝမ်ဟွာ၏ ခန္ဓာကိုယ်သို့ ထိမှန်သွားသည်နှင့် သူ၏ ပါးစပ်မှ စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ရချေသည်၊ ယင်းက တောက်လောင်နေသော မီးလျှံများဖြင့် အပူလောင်ခံလိုက်ရသကဲ့သို့ပင်။ သူသည် နောက်သို့ လွင့်စဉ်သွားခဲ့ရုံသာမက သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဖြူဖွေးလှသော နှင်းမြူလွှာတစ်ခု ချက်ချင်း ဖုံးလွှမ်းသွားခဲ့ရတော့သည်။
သူ၏ နောက်ကွယ်ရှိ နောက်လိုက်များသည် ဝင်ရောက် တိုက်ခိုက်ရန် ကြံရွယ်ထားကြသော်လည်း သူတို့ မလှုပ်ရှားရသေးမီမှာပင် ကျူးဝမ်ဟွာ လွင့်စဉ်သွားသည်ကို မြင်တွေ့လိုက်ကြရပေရာ ၎င်းတို့သည် အံ့အားသင့်လွန်းသဖြင့် ပါးစပ်များ ပြူးကျယ်သွားခဲ့ကြရချေသည်။ ထို့နောက်မှ သတိပြန်ဝင်လာကြပြီး ချင်ယွမ်ဖုန်းအား ဝိုင်းဝန်း တိုက်ခိုက်ရန် ကြိုးစားလိုက်ကြတော့သည်။