← Chapters

အခန်း ၁၁၅၄

Vol. 55 Ch. 1154

အခန်း ၁၁၅၄

Vol. 55 Ch. 1154

အခန်း(၁၁၅၄)

ချန်ယွမ်ဂိုဏ်း

“ဒီအရာက တကယ်ပဲ အဖိုးတန်လို့လား...”

ချင်ယွမ်ဖုန်းသည် ဤပစ္စည်းနှင့် ပတ်သက်၍ နားလည်သဘောပေါက်ခြင်း မရှိသေးပေရာ ရှောင်လင်အား အကဲဖြတ် ခွဲခြမ်းစိတ်ဖြာခိုင်းခြင်းလည်း မပြုလုပ်ရသေးချေ။ သို့သော် ဖုန်ယွမ်က ပြောဆိုသည်ကိုမူ သူ ကြားလိုက်ရ၏။

“ဒီအရာက နတ်ဘုရားနယ်ပယ်ထဲကို အသစ်တင်ကျံ ရောက်ရှိလာစ နတ်ဘုရားတွေအတွက် အရမ်းကို အသုံးဝင်တာပေါ့... သူတို့ရဲ့ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကို ခိုင်မာစေနိုင်တယ်လေ... ငါတို့ကတော့ အဲဒီအဆင့်ကို ကျော်ဖြတ်လာခဲ့ကြပြီ...”

ဤနေရာရှိ သိုင်းပညာရှင်များသည် နတ်ဘုရားအဆင့်သို့ မရောက်ရှိမီ ကျင့်ကြံခြင်း မြန်ဆန်လှသော်လည်း အခြေခံအုတ်မြစ်မှာမူ အလွန်တရာ ခိုင်မာမှု မရှိကြကြောင်း ချင်ယွုန်းဖုန်း သိရှိထားချေသည်။ အကယ်၍ ဤမြက်ပင်တွင် ထိုသို့သော အာနိသင် အမှန်တကယ် ရှိနေပါက ဤနေရာရှိ နတ်ဘုရားများအတွက် အမှန်တကယ်ပင် ကောင်းမွန်လှသော ရတနာတစ်ပါး ဖြစ်ပေလိမ့်မည်။

“ချော်ရည် မိစ္ဆာဖွတ်နဂါးကြီးက ဒီအရာကို အသုံးပြုမှာ မဟုတ်ဘူး...သူရဲ့ သားငယ်လေးတွေအတွက် စောင့်ကြပ်နေတာ ဖြစ်နိုင်တယ်...” ဟု ဖုန်ယွီက သုံးသပ်ပြလိုက်ချေသည်။

ချင်ယွမ်ဖုန်းက ဆိုလိုက်၏။ “ငါ့မှာတော့ အခုလောလောဆယ် ဒါကို သုံးဖို့ မလိုသေးဘူး... မင်းတို့ပဲ ယူလိုက်ကြပါ...”

ဖုန်ယွီသည် အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီးနောက် လက်ကို ဝှေ့ယမ်းလျက် ငြင်းပယ်လိုက်တော့သည်။ “မဖြစ်ဘူးလေ... ဒီအရာက ငါတို့အတွက် မလိုအပ်တော့ဘူး ဆိုပေမဲ့ ဈေးကွက်ထဲမှာတော့ အင်မတန် တန်ဖိုးကြီးလှတာ... နတ်ဘုရားနယ်ပယ်ကို ရောက်ခါစ သိုင်းပညာရှင် အများအပြားက ဤကဲ့သို့သော အရာကို လိုက်ရှာနေကြတာပေါ့... ဒါ့အပြင် သခင်လေးချင်က ချော်ရည် မိစ္ဆာဖွတ်နဂါးကြီးကို မောင်းထုတ်ပေးခဲ့တာ ဖြစ်လို့ ဒီအရာကို နင် လက်ခံရယူတာကသာ အမှန်ကန်ဆုံး ဖြစ်လိမ့်မယ်...”

“အကယ်၍ အခြားလူကို မပေးချင်ဘူး ဆိုရင်လည်း ဒီရတနာကို ဖျံသန်းခြင်း ကောင်းကင်မြို့တော်မှာ သွားရောက် ရောင်းချလို့ ရတာပေါ့... အဲဒီနေရာမှာ နတ်ဘုရားဂိုဏ်းတွေ အများကြီး ရှိပြီး လူအများအပြားက ဤအရာကို ရယူချင်နေကြတာ...” ဟု ဖုန်ယွမ်က ဝင်ရောက် ပြောဆိုလိုက်ပြန်သည်။

“ဖျံသန်းခြင်း ကောင်းကင်မြို့တော် ဟုတ်လား...” ချင်ယွမ်ဖုန်းသည် ၎င်းတို့နှစ်ဦးကို အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော အကြည့်ဖြင့် ကြည့်လိုက်ချေသည်။

“ဖျံသန်းခြင်း ကောင်းကင်မြို့တော်ဆိုတာ ကျုံးကျဲကြယ်ပေါ်မှာ အကြီးမားဆုံး မြို့တော်ကြီး ဖြစ်ပြီး နတ်ဘုရားတွေ အများဆုံး စုဝေးရာ နေရာလည်း ဟုတ်တယ်... အဲဒီမှာ နတ်ဘုရားဂိုဏ်းတွေ အများကြီး ရှိတာပေါ့...” ဟု ဘေးမှ ချန်ယွီက ရှင်းပြလိုက်သည်။ “မင်းပဲ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်လို့ ဒီအစိမ်းရောင် ကြယ်တာရာမြက်ပင်ကို လက်ခံလိုက်ပါ...”

ချင်ယွမ်ဖုန်းသည် ထပ်မံ၍ မငြင်းပယ်တော့ဘဲ အစိမ်းရောင် ကြယ်တာရာမြက်ပင်ကို တိုက်ရိုက် သိမ်းဆည်းလိုက်တော့သည်။ ထို့နောက် သူ ခဏမျှ တွေးတောလိုက်ပြီး ထိုမောင်နှမနှစ်ဦးကို ပြန်လည် ပို့ဆောင်ပေးပြီးပါက ဖျံသန်းခြင်း ကောင်းကင်မြို့တော်သို့ ဦးတည်သွားရောက်ရန် ဆုံးဖြတ်လိုက်ချေသည်။

---

လူစုသည် ကြီးမားလှသော တောင်တန်းကြီး အများအပြားကို ထပ်မံ ဖြတ်သန်းခဲ့ကြရသည်။ မကြာမီမှာပင် ချင်ယွမ်ဖုန်းသည် ရှေ့ရှိ တောင်ထိပ်များထက်တွင် ခန့်ညားထည်ဝါလှသော အဆောက်အအုံများ ပေါ်ထွက်လာသည်ကို ရှာဖွေတွေ့ရှိလိုက်ရချေသည်။ ဖုန်ယွီ၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။ “ရှေ့မှာက ချန်ယွမ်ဂိုဏ်းရဲ့ နယ်မြေပဲ...”

သူ စကားပြောဆိုပြီးနောက် အားလုံးသည် ချန်ယွမ်ဂိုဏ်းရှိရာ အရပ်သို့ ခြေလှမ်းများကို ချက်ချင်း မြှင့်လိုက်ကြတော့သည်။ ချင်ယွမ်ဖုန်း ထိုနေရာသို့ ရောက်ရှိလာသည့် အခါမှသာ ဤနေရာသည် အမှန်တကယ်ပင် ကြီးမားလှသော မြို့တော်ကြီး တစ်ခုဖြစ်ပြီး ကောင်းကင်ယံထက်တွင် နတ်ဘုရားအများအပြား လူးလာပျံသန်းနေကြသည်ကို သတိပြုမိလိုက်ရတော့သည်။ ချန်ယွမ်ဂိုဏ်းသည် နတ်ဘုရားဂိုဏ်းတစ်ခုမျှသာ ဖြစ်သော်လည်း ဤနေရာကို ရေတွက်၍မရနိုင်သော နှစ်ကာလများစွာ တိုင်အောင် စောင့်ကြပ်လာခဲ့ခြင်း ဖြစ်သည်။ ဤနတ်ဘုရားဂိုဏ်း တည်ရှိနေခြင်းကြောင့် နတ်ဘုရားအများအပြား ဤနေရာတွင် စုဝေးလာခဲ့ကြပြီး ကြီးမားလှသော မိသားစုကြီး အများအပြားပင် ပေါ်ပေါက်လာခဲ့ရချေသည်။

သူတို့ ပြန်လည် ရောက်ရှိလာပြီးနောက် အားလုံးသည် ချန်ယွမ်ဂိုဏ်းရှိရာသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားခဲ့ကြသည်။

ချန်ယွမ်ဂိုဏ်းသည် မြင့်မားလှသော တောင်ကြီးတစ်လုံးပေါ်တွင် တည်ရှိပြီး ၎င်း၏ အဆောက်အအုံ အားလုံးမှာ တောင်ကမ်းပါးယံများထက်တွင် လွင့်မျော ဆိုင်းသီနေသည့်အလား ထင်မှတ်ရကာ မြူခိုးမြူငွေ့များ လွှမ်းခြုံနေခဲ့ချေသည်။ ဂိုဏ်း၏ တံခါးဝသို့ ရောက်ရှိသောအခါ အားလုံးသည် ကောင်းကင်ယံမှ အောက်သို့ ဆင်းသက်လိုက်ကြရ၏။ ချန်ယွမ်ဂိုဏ်းအတွင်း၌မူ အရေးကြီးသော ကိစ္စရပ် မရှိပါက ယေဘုယျအားဖြင့် ပျံသန်းခြင်းကို ခွင့်မပြုပေ။ ဤသည်မှာ နတ်ဘုရားဂိုဏ်းအတွင်းရှိ နိယာမတစ်ခု ဖြစ်သကဲ့သို့ တပည့်များအနေဖြင့် နတ်ဘုရားဂိုဏ်းအပေါ် ရိုသေလေးစားမှုကို ပြသရာလည်း ရောက်ချေသည်။

ဖုန်မိသားစုမှ မောင်နှမနှစ်ဦး ဂိုဏ်းတံခါးဝသို့ ရောက်ရှိလာသည့်အခါ တံခါးဝတွင် စောင့်ကြပ်နေသော လူငယ်တစ်ဦးသည် ၎င်းတို့ထံသို့ လျှောက်လှမ်းလာခဲ့သည်။ ဖုန်ယွမ်ကို ကြည့်ရင်း ထိုလူငယ်၏ မျက်လုံးများအတွင်း၌ လောဘရိပ် အနည်းငယ် ထွက်ပေါ်လာခဲ့ပြီးနောက် ကမန်းကတန်းပင် ပြောဆိုလိုက်၏။ “စီနီယာအစ်မ ဖုန်ယွမ်... နင် ပြန်လာပြီလား...”

ဖုန်ယွမ်သည် သူ့အပေါ် မည်သည့်စိတ် ခံစားချက်မျှ မရှိပေရာ ပြန်လည် တုံ့ပြန်ခြင်း မပြုတော့ဘဲ ချင်ယွမ်ဖုန်းနှင့် ချန်ယွီတို့ကို ဦးဆောင်လျက် ဂိုဏ်းတံခါးအတွင်းသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားခဲ့တော့သည်။ သို့သော် ထိုစဉ်မှာပင် ထိုလူသည် ချင်ယွမ်ဖုန်းနှင့် ချန်ယွီ၏ ရှေ့မှောက်သို့ ရုတ်တရက် ပိတ်ဆို့ရပ်တန့်လိုက်ပြီးနောက် ဆိုလိုက်၏။ “ငါတို့ ချန်ယွမ်ဂိုဏ်းဝင် မဟုတ်တဲ့ တပည့်တွေကို တောင်ပေါ် ဝင်ခွင့်မပြုဘူး...”

ချင်ယွမ်ဖုန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့ရချေသည်။

ဖုန်ယွမ်သည် ချက်ချင်းပင် ခေါင်းကို လှည့်လိုက်ပြီး ထိုလူကို အော်ဟစ်လိုက်တော့သည်။ “ယန်ရှု... နင် ဘာသဘောလဲ... ငါ ခေါ်လာတဲ့လူက ဝင်လို့မရဘူး ဟုတ်လား...”

ယန်ရှု ဟု အမည်ရသော ထိုလူသည် အားနာဟန် အပြုံးတစ်ခုကို အတင်းအကျပ် လုပ်ယူလိုက်ပြီးနောက် ဆိုလိုက်၏။ “ ဖုန်ယွမ်... ငါ တကယ်ပဲ တောင်းပန်ပါတယ်... ဒါပေမဲ့ ငါ့ရဲ့ အဓိက တာဝန်က ဂိုဏ်းတံခါးကို စောင့်ကြပ်ဖို့ဆိုတာ နင်လည်း သိတာပဲလေ... အထက်က ညွှန်ကြားချက်တွေ ရှိတယ်... ငါတို့ ချန်ယွမ်ဂိုဏ်းဝင် မဟုတ်တဲ့လူ ဆိုရင် ဝင်ခွင့်ကို ငြင်းပယ်ရမယ်လို့လေ... ဒါကြောင့် ညီမလေး ဖုန်ယွမ်အနေနဲ့ နားလည်ပေးရမယ်...”

ဖုန်ယွမ်သည် ၎င်းက သူမကို 'ညီမလေး' ဟု ထပ်တလဲလဲ ခေါ်ဝေါ်နေသည်ကို ကြားရသဖြင့် လွန်စွာ ရွံရှာ စက်ဆုပ်မိသွားခဲ့ပြီး အန်အန်ထွက်မတတ် ခံစားလိုက်ရချေသည်။ သို့သော် သူမသည် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရှိသေးသဖြင့် သူ့ကို ပြောဆိုလိုက်၏။ “ဒီနှစ်ယောက်က ငါ့ရဲ့ ကျေးဇူးရှင်တွေပဲ... သူတို့က ငါ့အသက်ကို ကယ်တင်ပေးခဲ့တာ... သူတို့က ချန်ယွမ်ဂိုဏ်းဝင် မဟုတ်ရင်တောင် ငါတို့ဂိုဏ်းရဲ့ စည်းမျဉ်းအရ ကျေးဇူးတရားကို ပြန်ဆပ်ရမယ် မဟုတ်ဘူးလား... ဟွန်း... အကယ်၍ နင်က အတင်းအကျပ် ပိတ်ဆို့နေဦးမယ် ဆိုရင်တော့ ငါလည်း ဂိုဏ်းတူ ညီအစ်ကို စိတ်ဓာတ်ကို ထောက်ထားနေတော့မှာ မဟုတ်ဘူး...”

ပြောဆိုပြီးနောက် သူမသည် ချင်ယွမ်ဖုန်းနှင့် ချန်ယွီ၏ လက်များကို တိုက်ရိုက် ဆွဲယူကာ ဂိုဏ်းတံခါးအတွင်းသို့ ဦးဆောင် ဝင်ရောက်သွားခဲ့တော့သည်။

ဖုန်ယွီသည် နောက်ကွယ်မှ ယန်ရှုကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဆိုလိုက်၏။ “တာဝန်ကျေပွန်တာက နတ်ဘုရားဂိုဏ်းအပေါ်မင်းရဲ့ သစ္စာရှိမှုကို ပြသတာ မှန်ပေမဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်...”

ယန်ရှု၏ အကြည့်များသည် ချက်ချင်းပင် မှေးမှိန် အေးစက်သွားခဲ့ပြီးနောက် ဆိုလိုက်တော့သည်။ “နင်တို့ မောင်နှမနှစ်ယောက်က စည်းမျဉ်းကို မလိုက်နာဘူးပေါ့... ဒီကိစ္စကို အကြီးအကဲဆီ ချက်ချင်း သတင်းပို့မယ်...”

“သွားပြီး သတင်းပို့လိုက်လေ...” ဖုန်ယွီက မထူမခြားပင် ပြန်လည် ပြောဆိုလိုက်၏။

---

ထိုအချိန်၌ ချန်ယွမ်ဂိုဏ်း၏ အကြီးအကဲ ခန်းမဆောင်အတွင်း၌မူ အကြီးအကဲ အားလုံးနီးပါးသည် တံခါးပိတ် ကျင့်ကြံနေကြဆဲ ဖြစ်သည်။ ဖုန်မိသားစု မောင်နှမနှစ်ဦး ဂိုဏ်းတံခါးအတွင်းသို့ ဝင်ရောက်လာပြီးနောက် ၎င်းတို့သည် အကြီးအကဲ ခန်းမဆောင်ရှိရာသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားခဲ့ကြသည်။ ထိုစဉ်မှာပင် အကြီးအကဲများအနက် အသက်အရွယ် အတော်အတန် ပျိုမြစ်ပုံရသော အကြီးအကဲ တစ်ဦးသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်ချေသည်။

ထိုလူသည် အသက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်အရွယ်ခန့်မျှသာ ရှိပုံရသော်လည်း ကျင့်ကြံခြင်းကြောင့် ဖြစ်တန်ရာသည်၊ သူ၏ အသက်အရွယ် အစစ်အမှန်ကိုမူ ခွဲခြားသိမြင်နိုင်ခြင်း မရှိပေ။ သူ၏ အရေပြားမှာ ဖြူစင်နူးညံ့နေခဲ့ပြီး သူ၏ ဝတ်စားဆင်ယင်မှုမှာမူ အမျိုးသမီးတစ်ဦးကဲ့သို့ အနည်းငယ် ဆွဲဆောင်မှုရှိနေခဲ့ချေသည်။

“ဖုန်ယွီ... ဖုန်ယွမ်... နင်တို့ ပြန်လာကြပြီလား...”

ထိုလူသည်ကား အခြားသူမဟုတ်ဘဲ ဖုန်ယွီနှင့် ဖုန်ယွမ်တို့၏ ဆရာသခင် ဖြစ်သကဲ့သို့ ချန်ယွမ်ဂိုဏ်း၏ အကြီးအကဲ တစ်ဦးလည်း ဖြစ်သော ဝူချင်းဖုန်း ပင် ဖြစ်ချေသည်။ သူသည် အတော်အတန် ပျိုမြစ်ပုံရသော်လည်း သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာမူ စစ်မှန်သော နတ်ဘုရားနယ်ပယ်၏ အဆင့်မြင့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အမှန်တကယ်ပင် လျှော့တွက်၍မရနိုင်သော ပညာရှင်ကြီး တစ်ဦး ဖြစ်သည်။

ချန်ယွမ်ဂိုဏ်း၏ အကြီးအကဲများသည် ယေဘုယျအားဖြင့် စစ်မှန်သော နတ်ဘုရားနယ်ပယ်၏ အဆင့်မြင့်အဆင့်တွင် ရှိကြပြီး ရွှေရောင်နတ်ဘုရား အဆင့်သို့ နီးကပ်နေပြီဖြစ်သော ထိပ်သီး ပညာရှင်ကြီးများ ဖြစ်ကြချေသည်။

၎င်းတို့၏ ဆရာသခင်၏ အသံကို ကြားရသောအခါ ဖုန်ယွီနှင့် ဖုန်ယွမ်တို့သည် အဓိက ခန်းမဆောင်အတွင်းသို့ ကမန်းကတန်း လျှောက်လှမ်းဝင်ရောက်သွားခဲ့ကြပြီး ဝူချင်းဖုန်းကို ရိုသေလေးစားစွာဖြင့် ဆိုလိုက်ကြ၏။ “ဆရာသခင်ကို ဂါရဝပြုပါတယ်...”

ချင်ယွမ်ဖုန်းနှင့် ချန်ယွီတို့သည်လည်း မကြာမီမှာပင် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုစဉ်မှာပင် တံခါးပိတ် ကျင့်ကြံခြင်းမှ နိုးထလာခဲ့သော အကြီးအကဲများအနက် တစ်ဦးသည် ထိုနှစ်ဦးကို ကြည့်ရင်း ဖုန်ယွီကို ပြောဆိုလိုက်တော့သည်။ “ဖုန်ယွီ... ဒီနှစ်ယောက်က ငါတို့ ချန်ယွမ်ဂိုဏ်းရဲ့ တပည့်တွေ မဟုတ်ကြဘူး မဟုတ်လား... သူတို့ကို ဘာလို့ ခေါ်လာတာလဲ...”

သူ စကားပြောဆိုလိုက်သည့်အခါ သူ၏ မျက်နှာထက်တွင် မကျေမနပ် ဖြစ်နေသော အရိပ်အယောင်အချို့ ပေါ်ထွက်နေခဲ့ချေသည်။

ထိုလူသည်ကား ချန်ယွမ်ဂိုဏ်း၏ အကြီးအကဲများ ကောင်စီမှ မဟာအကြီးအကဲ ဖြစ်ပြီး ပုံမှန်အားဖြင့် လွန်စွာ စည်းကမ်းကြီးလှသူ ဖြစ်သည်။ မဟာအကြီးအကဲ၏ မေးမြန်းမှုကို ကြားရသောအခါ ဖုန်ယွီသည် ကမန်းကတန်းပင် ရှင်းပြလိုက်၏။ “မဟာအကြီးအကဲ... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့... ငါနဲ့ ငါ့ညီမ အပြင်မှာ သားရဲတွေ သွားရောက် အမဲလိုက်တဲ့အချိန်တုန်းက အပြင်ဘက်မှာ သေလုမျောပါး ဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်... ကံကောင်းထောက်မစွာနဲ့ သူတို့နှစ်ယောက်စလုံးက ငါတို့ကို ကယ်တင်ဖို့အတွက် ရဲရဲဝံဝံ ကူညီပေးခဲ့ကြတာပါ...”

ထို့နောက် ဖုန်ယွမ်ကလည်း ဝင်ရောက် ပြောဆိုလိုက်ပြန်သည်။ “သူတို့နှစ်ယောက်စလုံးက လူကောင်းတွေပါ... ဒါက သခင်လေး ချင်ယွမ်ဖုန်း ဖြစ်ပြီး... ဒီအစ်မကြီးကတော့ တျန်ယွမ်ကြယ်က သံတမန် ဖြစ်တဲ့ ချန်ယွီ လို့ ခေါ်ပါတယ်...”

မဟာအကြီးအကဲသည် ချင်ယွမ်ဖုန်း၏ အမည်ကို ကြားရသောအခါ မျက်နှာထက်တွင် ဇဝေဇဝါ ဖြစ်နေသော အရိပ်အယောင်များ ရှိနေသေးသော်လည်း ချန်ယွီ၏ အမည်နှင့် အထူးသဖြင့် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း အဆင့်အတန်းကို ကြားသိလိုက်ရပြီးနောက်တွင်မူ သူ၏ မျက်နှာထက်ရှိ တင်းမာမှုများသည် အနည်းငယ် လျော့ပါးသွားခဲ့ရချေသည်။

ဝူချင်းဖုန်း၏ ချောမောလှသော မျက်နှာထက်တွင်မူ သူ၏ တပည့်များ အပြင်ဘက်၌ သေလုမျောပါး ဖြစ်ခဲ့ရကြောင်း ကြားသိလိုက်ရသဖြင့် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့ပြီးနောက် ဆိုလိုက်တော့သည်။ “မင်းတို့ မောင်နှမနှစ်ယောက် ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ... အပြင်မှာ အစွမ်းထက်တဲ့ မိစ္ဆာသားရဲနဲ့ ကြုံတွေ့ခဲ့ရလို့လား...”

All Chapters