အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း ၁၃၁ - လျောင်ကျဲကျီယိ။
ဝေ့ဝူသည် တရုတ်စာနှင့် သင်္ချာကျောင်းသုံးစာအုပ်များကို ထုတ်ယူကာ ဖွင့်လိုက်သည်။
ရုတ်တရက် ထိုစာအုပ်နှစ်အုပ်သည် ဝါးတားတားအလင်းလုံးနှစ်လုံးအဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်းနှင့် လူသားပုံသဏ္ဌာန်များ ပေါ်လာကာ အဖြူရောင်ဝိညာဉ်လေးများအလား ထင်မှတ်ရသည်။
"ဝိညာဉ်လား မဟုတ်ဘူး... ဒီစာအုပ်နှစ်အုပ်က ကျင့်ကြံခြင်းလျှို့ဝှက်ချက်ကျမ်းတွေမှ မဟုတ်တာ ဘယ်လိုလုပ် ဝိညာဉ်လို့ ခေါ်လို့ရမှာလဲ။ စာအုပ်ဝိညာဉ်လို့ ခေါ်တာက ပိုမှန်လိမ့်မယ်။"
ဝေ့ဝူသည် ထိုစာအုပ်ဝိညာဉ်နှစ်ကောင် စကားပြောနိုင်မလား သိချင်သဖြင့် စမ်းမေးကြည့်လိုက်သည်။
သူ အံ့ဩသွားရသည်မှာ တရုတ်စာအုပ်ဝိညာဉ်က စကားစပြောလာခြင်းပင်။
"ကျွန်တော်တို့က စာအုပ်တွေရဲ့ ဝိညာဉ်တွေပါ။ မသိနားမလည်မှုကို စားသုံးပြီး ဗဟုသုတ အသိပညာတွေကို ထုတ်ပေးပါတယ်။"
ဝေ့ဝူ မှင်တက်သွားရ၏။ အသိပညာဗဟုသုတဆိုသည်မှာ သူ အရှိဆုံးလိုအပ်နေသည့် အရာပင်ဖြစ်ရာ မိမိစိတ်ထဲသို့ အသိပညာများ ထည့်သွင်းပေးရန် စာအုပ်ဝိညာဉ်များကို တောင်းဆိုလိုက်သည်။
တရုတ်စာအုပ်ဝိညာဉ်က သူ၏နဖူးဆီသို့ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ရာ ဝေ့ဝူသည် မိမိစိတ်ထဲတွင် အသစ်အဆန်းတစ်ခုခု ရောက်ရှိလာကြောင်း ခံစားလိုက်ရသည်။
"ကျွန်တော်တို့ အသိပညာတွေကို သခင်ရဲ့စိတ်ထဲ ထည့်ပေးလိုက်ပြီ။ ဒါပေမဲ့ သခင်ကိုယ်တိုင် ပြန်လေ့လာရဦးမှာပါ။"
ဝေ့ဝူက ညည်းတွားလိုက်၏။
"ငါ့ဘာသာကိုယ်တိုင် ပြန်လေ့လာရဦးမယ် ဟုတ်လား။ ဒါဆို မင်းတို့က ငါ့အတွက် ဘာအသုံးဝင်မှာလဲ။"
စာအုပ်ဝိညာဉ်က ပြောပြလိုက်သည်။
"လောကမှာ စာသင်ချင်ပေမဲ့ လမ်းစမရှိလို့ စာအုပ်တစ်အုပ်ဝယ်ဖို့ ပိုက်ဆံကို ပင်ပင်ပန်းပန်း စုဆောင်းနေရတဲ့သူတွေ ဘယ်လောက်တောင် များလဲဆိုတာ သခင်သိရဲ့လား။ သူတို့တွေဟာ ဖယောင်းတိုင်မီးနဲ့ ပိုးစုန်းကြူးအလင်းနဲ့ဆီးနှင်းအလင်းတွေနဲ့ စာကြည့်ခဲ့ကြရတယ်။ သူတို့မှာ စာသင်ရမှာကို မကြောက်ကြဘူး သင်စရာစာ မရှိမှာကိုပဲ ကြောက်ကြတာ။"
ဝေ့ဝူ ဆွံ့အသွားသည်။ သူသည် မိမိစိတ်ထဲရှိ အလင်းလုံးများကို စမ်းသပ်စစ်ဆေးကြည့်ရာ ထိုအရာများသည် သာမန်ဗဟုသုတများသာ ဖြစ်ပြီး ကျင့်ကြံခြင်းအတတ်ပညာများ မဟုတ်ကြောင်း တွေ့လိုက်ရသည်။
"ဒါဆို မင်းတို့ရဲ့ ပစ်မှတ်က သာမန်လူသားတွေပေါ့။"
စာအုပ်ဝိညာဉ်က ခေါင်းညိတ်ပြ၏။
"ကျွန်တော်တို့ သခင့်ကိုပေးတဲ့ အသိပညာတွေက စွမ်းအင်လိုအပ်ပါတယ်။ ကျွန်တော်တို့က သာမန်လူတွေကို သင်ယူခွင့်အခွင့်အလမ်းတွေ ပေးပြီး မသိနားမလည်မှုတွေကို စားသုံးတာပါ။ သူတို့တွေ ပိုပြီးသင်ယူလေလေကျွန်တော်တို့ ပိုသန်မာလာလေလေ ဖြစ်ပြီး လူတွေကို ပိုကူညီနိုင်လေလေပါပဲ။ အကယ်၍ ဘယ်သူမှ မသင်ယူချင်တော့ဘူးဆိုရင် ကျွန်တော်တို့လည်း ပျက်သုဉ်းသွားပါလိမ့်မယ်။"
ဝေ့ဝူသည် စာအုပ်ဝိညာဉ်နှစ်ကောင်ကို မချီးကျူးဘဲမနေနိုင်တော့ဘဲ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်လေသည်။
စာအုပ်ဝိညာဉ်များကလည်း ပြန်လည်အရိုအသေပေးကာ သာမန်လူသားများကို ရှာဖွေရန်အသိပညာများ မျှဝေရန်နှင့် မသိနားမလည်မှုများကို တွန်းလှန်ရန် ရုတ်တရက် ပျောက်ကွယ်သွားကြတော့၏။
ဤစာအုပ်နှစ်အုပ်သည် သူ၏ကျင့်ကြံခြင်းလုပ်ငန်းစဉ်အတွက် အသုံးမဝင်သော်လည်း လောကရှိ လူသားများကို ကူညီပေးနိုင်သည်ဟူသော အချက်က ဝေ့ဝူကို များစွာစိတ်သက်သာရာ ရစေသည်။
ကျင့်ကြံခြင်းလောကရှိ သာမန်လူသားအများစုသည်လည်း ကမ္ဘာမြေကလူများကဲ့သို့ပင် ဘဝကို လွယ်လွယ်ကူကူ ဖြတ်သန်းနေရသည်မဟုတ်ပေ။
တရုတ်စာနှင့် သင်္ချာစာအုပ်များကို လွှတ်လိုက်ပြီးနောက် ဝေ့ဝူသည် ထန်ကဗျာသုံးရာစာအုပ်ကို ထုတ်ယူလိုက်ပြန်၏။
စာအုပ်ကို ဖွင့်လိုက်သည်နှင့် တစ်အုပ်လုံးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ မြင့်မြတ်သောအသိစိတ်ပင်လယ်ထဲသို့ တိုးဝင်သွားတော့သည်။
ဝေ့ဝူသည် မိမိစိတ်တွင်းကို ပြန်လည်ကြည့်ရှုရာ ထိုစာအုပ်သည် စာအုပ်ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ကဗျာတစ်ပုဒ်စီ ပါဝင်သည့် အလင်းလုံးပေါင်း ရာချီအဖြစ် ပြောင်းလဲသွားကြောင်း တွေ့ရ၏။
သူ အချိန်အတော်ကြာ စမ်းသပ်ကြည့်သော်လည်း ထိုအလင်းလုံးများကို အသက်သွင်း၍မရသော်လည်း ၎င်းတို့သည် သူ၏ခန္ဓာကိုယ်ကို ဘာအန္တရာယ်မှ မပေးချေ။
"စနစ် ကိုပဲ မေးကြည့်ရမလား။ မဟုတ်ရင် ဒီအရာက ငါ့ခေါင်းထဲရှိနေတော့ ဘယ်လိုမှ စိတ်မအေးရဘူး။"
ဝေ့ဝူသည် ခဏမျှ ထပ်စောင့်ရန် ဆုံးဖြတ်လိုက်၏။
စနစ်သည် သူ၏ နောက်ဆုံးလက်နက်ဖြစ်ရာ တတ်နိုင်သမျှ မသုံးဘဲနေမည်ဖြစ်သည်။
နောက်တစ်ခုမှာ မြေပုံစာအုပ်ဖြစ်၏။ ကျင့်ကြံခြင်းလောကသို့ ရောက်ရှိလာချိန်တွင် ၎င်းသည် ဗလာစာအုပ် ဖြစ်သွားခဲ့သည်။
ဝေ့ဝူသည် ၎င်းကို ပိုင်ဆိုင်ခွင့်ရယူရန်စမ်းသပ်ကြည့်ရာ အောင်မြင်သွားသည်။ ထို့နောက် ဝိညာဉ်စွမ်းအင်ဖြင့် အသက်သွင်းလိုက်သောအခါ မြေပုံပေါ်တွင် ပုံစံများ စတင်ပေါ်ပေါက်လာ၏။
အနီးကပ်ကြည့်ရှုလိုက်သောအခါ ၎င်းသည် တောင်တစ်ခု၏ မြေပုံဖြစ်ကြောင်း သိလိုက်ရသည်။ ထို့အပြင် သူ၏ အသိစိတ်ကို မြေပုံထဲသို့ ပေါင်းစပ်လိုက်သောအခါ သစ်တောများနှင့် စမ်းချောင်းများကဲ့သို့သော အသေးစိတ်အချက်အလက်များကို သူ၏ယခင်ဘဝက 3D မြေပုံတစ်ခုကဲ့သို့ မြင်တွေ့နိုင်ခဲ့သည်။
"ဒါက ငါခန့်မှန်းထားတာနဲ့ အတော်လေးတူတာပဲ။"
မြေပုံကို အသုံးပြုရန်အတွက် အသုံးပြုသူသည် သတ်မှတ်ထားသော နေရာတစ်ခုသို့ သွားရောက်ကာ ၎င်းဒေသ၏ ပထဝီဝင်အချက်အလက်များကို ရယူရန် အသက်သွင်းရမည်ဖြစ်၏။
မြေပုံထဲတွင် ဧရိယာမည်မျှအထိ ဆံ့ဝင်နိုင်မည်နည်းဆိုလျှင်...
မြေပုံတစ်ခုလုံးသည် တစ်စတုရန်းမီတာခန့် ကျယ်ပြန့်သွား၏။ ယခုလေးတင် မှတ်တမ်းတင်ထားသောတောင်သည် အမှန်တကယ်တွင် ပတ်လည် လီ တစ်ရာ ရှိသော်လည်း မြေပုံပေါ်တွင် အနားအလျား နှစ်စင်တီမီတာရှိသည့် လေးစတုရန်းစင်တီမီတာ နေရာကိုသာ ယူထားသဖြင့် စကေးမှာ ၁:၂,၅၀၀,၀၀၀ ဖြစ်ပေသည်။
တစ်နည်းအားဖြင့် မြေပုံတစ်ခုလုံးသည် ပတ်လည် လီ ၂,၅၀၀,၀၀၀ ရှိသော ဒေသတစ်ခုလုံးကို ငုံမိနိုင်သည်။
"အကယ်၍ ပတ်လည် လီ ၅,၀၀၀ ဆိုရင် မိသားစုပတ်ဝန်းကျင်က အင်အားစုအတော်များများကို လွှမ်းခြုံဖို့ လုံလောက်ပြီ။"
သူသည် မြေပုံကို လောလောဆယ် သိမ်းဆည်းထားလိုက်ပြီး အချိန်ရသောအခါ အနီးနားတစ်ဝိုက်ရှိ ပထဝီဝင်အချက်အလက်များကို မှတ်တမ်းတင်ရန် ခရီးထွက်မည်ဟု တွေးလိုက်၏။
နောက်ဆုံးတစ်ခုမှာ လျောင်ကျဲကျီယိ (ရှေးဟောင်းတရုတ်တစ္ဆေဝတ္ထု) ဖြစ်သည်။
ကျင့်ကြံခြင်းလောကသို့ ရောက်လာသော်လည်း ဤစာအုပ်သည် သိပ်မပြောင်းလဲဘဲ သာမန်စက္ကူကဲ့သို့သာ ထိတွေ့၍ ရနေဆဲဖြစ်သည်။
သူ စာအုပ်ကို ဖွင့်လိုက်၏။
ရုတ်တရက် စာအုပ်ထဲမှ လေပြင်းနက်ကြီးတစ်ချက် တိုက်ခတ်လာလေသည်။
သူ့လက်ထဲတွင် ပူပြင်းလှသော အပူရှိန်တစ်ခု ခံစားလိုက်ရသဖြင့် ဝေ့ဝူသည် နာကျင်စွာ အော်ဟစ်၍ စာအုပ်ကို လွှင့်ပစ်လိုက်လေသည်။
စာအုပ်သည် လေထဲတွင် ဝဲပျံနေပြီး ဆန်းပြားသော တံခါးပေါက်တစ်ခုအလား အနက်ရောင်အလင်းများ ထွက်ပေါ်နေကာ စာအုပ်ထဲမှ လေပြင်းနက်များ ဆက်တိုက် စီးဆင်းလာဘသည်။
ထို့နောက် ချက်ချင်းဆိုသလို ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်လာ၏။
"ဂျိဂျိ... ဂျေဂျေ... ခြေခြေ... ဝူဝူ..."
၎င်းသည် သရဲတစ္ဆေပေါင်း သောင်းချီ၍ ပြိုင်တူငိုကြွေးနေသံနှင့် တူလှသဖြင့် ဝေ့ဝူ၏ နှလုံးသားကို တုန်လှုပ်စေပြီး ဝိညာဉ်ကို ခြောက်ခြားသွားစေ၏။
သူ ဒုက္ခရှာမိပြီဆိုတာကို ရိပ်မိလိုက်ပြီဖြစ်သည်။ နောက်ဆုံးတွင် စာအုပ်ထဲမှ ခေါင်းတစ်လုံး ပြူထွက်လာလေသည်။
ဒါက ဘာခေါင်းကြီးလဲ။
သွေးချင်းချင်းနီကာ ပုပ်ပွနေပြီး အရေပြားမရှိသော...
ကြည့်ရသည်မှာ အလွန်ပင် ရင်နင့်စရာကောင်းလှ၏။
ထိုစဉ် ကောင်းကင်ယံ၌ လင်းယုန်ပုံသဏ္ဌာန် မိစ္ဆာသားရဲတစ်ကောင် ပျံသန်းသွားသည်။ စာအုပ်ထဲမှ လက်နက်ကြီးတစ်ဖက် ထွက်လာပြီး မိစ္ဆာသားရဲကို ဖမ်းဆွဲကာ ၎င်း၏အတောင်ပံမွေးများကို ဆုတ်ဖြဲ၍ မိမိမျက်နှာပေါ်တွင် ကပ်လိုက်၏။
ထို့နောက် အမွှေးအတောင်များ ဖုံးလွှမ်းနေသော မျက်နှာတစ်ခု ပေါ်လာသည်။ ထိုမိစ္ဆာသည် စာအုပ်ထဲမှ လုံးဝထွက်လာခဲ့၏။ ၎င်း၏ ကိုယ်ခန္ဓာတည်ဆောက်ပုံသည် လူသားတစ်ဦးနှင့် မခြားနားသော်လည်း ရုပ်ဝတ္ထုအစစ်အမှန်မဟုတ်ဘဲ ဝါးတားတားဝိညာဉ်အသွင်သာ ဖြစ်သည်။
ဝေ့ဝူ တိုက်ခိုက်ရန် မပြင်ရသေးမီ စာအုပ်ထဲမှ နောက်ထပ်အရာတစ်ခု ပြူထွက်လာပြန်သည်။ ၎င်းမှာ ဖယောင်းရောင်ကဲ့သို့ ဖြူဖျော့သော မျက်နှာ ညှို့ဓာတ်ပြည့်ဝသော မျက်ဝန်းများနှင့် ကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်လေ၏။
သူမ၏ နောက်ကွယ်မှ သန်မာထွားကျိုင်းသော လူမည်းကြီးတစ်ဦး ကပ်လျက်ပါလာသည်။ ၎င်း၏ရုပ်သွင်ကို ကြည့်ရသည်မှာ အမျိုးသမီးအင်္ဂါရပ်များ ရှိသော်လည်း အနည်းငယ် ကြမ်းတမ်းခက်ထန်နေ၏။
သို့သော် ထိုသူ စကားပြောလိုက်သည်နှင့် ဝေ့ဝူသည် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။
"ရှောင်ချန်... မင်း ဒီကိုရောက်ရင်တောင် ငါ့လက်ခုပ်ထဲက မလွတ်နိုင်သေးပါဘူး။"
ထိုအသံသည် ယောကျာ်းသံလည်း မဟုတ်မိန်းမသံလည်း မဟုတ်ဘဲ ကြားရသည်မှာ အလွန်စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှ၏။
ဝေ့ဝူ ထိတ်လန့်သွားရလေသည်။
"ရှောင်ချန်နဲ့ တောင်မည်းမိစ္ဆာအိုကြီးပဲ။ ဒါဆို စောစောက ထွက်လာတဲ့ကောင်က အရေပြားခြယ်သစ္ဆေထဲက မိစ္ဆာဖြစ်ရမယ်။"
"ဝုန်းးးး"
ကောင်းကင်ယံရှိ လျောင်ကျဲကျီယိစာအုပ်သည် ပေါက်ကွဲထွက်သွားသလို ဖြစ်ကာ အရာအောက်များစွာ ဆက်တိုက် ပျံထွက်လာ၏။
ခဏချင်းအတွင်းမှာပင် ငပြည်တံခါးပွင့်သွားသကဲ့သို့ မရေမတွက်နိုင်သော မိစ္ဆာတစ္ဆေများ ကခုန်နေကြပြီး ကောင်းကင်ကြီးတစ်ခုလုံးပင် ခြောက်ကပ်မှောင်မှိုက်သွားရလေသည်။
ထိုအရာများသည် လူသားပုံသဏ္ဌာန်ဖြစ်စေသားရဲပုံသဏ္ဌာန်ဖြစ်စေ အလွန်ဆန်းပြားပြီး ထူးဆန်းလှ၏။
မြေခွေးများ၊ မြေခွေးအနွယ်ဝင်များ၊ ပန်းမိစ္ဆာများ၊ မြွေနဂါးမများ၊ သရဲတစ္ဆေများ၊ ခေါင်းပြတ်အလောင်းများ... တစ်ကောင်ပြီးတစ်ကောင် ပေါ်လာရာ ဝေ့ဝူသည် အေးစိမ့်လှသော ယင်စွမ်းအင်ကို ပြင်းထန်စွာ ခံစားလိုက်ရရသည်။
သို့သော် ခြွင်းချက်မရှိဘဲ ၎င်းတို့အားလုံးတွင် ရုပ်ဝတ္ထုခန္ဓာကိုယ်မရှိကြချေ။ အားလုံးက ဝါးတားတားဝိညာဉ်ပုံစံများသာ ဖြစ်ပြီး ၎င်းတို့သည် ဝိညာဉ်လိပ်ပြာများလား သို့မဟုတ် အခြားအရာများလားဆိုသည်ကို သူ မခွဲခြားနိုင်ပေ။
"ဘယ်က မိစ္ဆာတွေ သောင်းကျန်းနေတာလဲ။"
ရုတ်တရက် အော်ဟစ်သံတစ်ခု ကြားလိုက်ရသည်။ ၎င်းမှာ ဤနေရာမှ လှုပ်ရှားမှုကို အာရုံခံမိပြီး အပြေးအလွှား ရောက်ရှိလာသော ပိုင်ရှင်းယန် ပင် ဖြစ်၏။
ထိုမိစ္ဆာများနှင့် သရဲတစ္ဆေများသည် ဝေ့ဝူကို ဦးညွှတ်အရိုအသေပေးကြသည်ကို သူ မြင်လိုက်ရသည်။
"ကျွန်တော်တို့ကို အသက်ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ်အရှင်။"
ပြောပြီးသည်နှင့် ၎င်းတို့သည် အခိုးအလျှံနက်များအဖြစ် ပြောင်းလဲကာ အရပ်ရပ်သို့ ပျံလွင့်ပျောက်ကွယ်သွားကြရာ ဝေ့ဝူတစ်ယောက်တည်း ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့တော့လေ၏။
"ပြဿနာတတ်တော့မယ်..."
ဝေ့ဝူ၏ နှလုံးသားသည် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး စိတ်မအေးနိုင်သေးပေ။
"ဒီ လျောင်ကျဲကျီယိ စာအုပ်ထဲက မိစ္ဆာတွေ ကျင့်ကြံခြင်းလောကကို ရောက်လာတော့ ဘာတွေလုပ်ကြမလဲ။ လူတွေ သတ်ကြမှာလား။ မကောင်းတာတွေ လုပ်ကြမှာလား။"
သူ သတိထားမိသည်မှာ စာအုပ်ထဲမှ မိစ္ဆာများသာ ထွက်လာပြီး ယန်ချီရှာ ဝမ်ရှန်း ဝမ်ကျီဖူ သို့မဟုတ် ယွမ်ဖုန်း ကဲ့သို့သော အခြားလူသားဇာတ်ကောင်များ ပါမလာခြင်းပင်။
"ဒီမိစ္ဆာတွေရဲ့ စွမ်းအားက... သူတို့မှာ ရုပ်ခန္ဓာမရှိတော့ ငါလည်း အကဲမဖြတ်တတ်ဘူး။"
"ဝေ့ဝူ... ဘယ်လိုမိစ္ဆာက ဒီမှာ ပြဿနာရှာနေတာလဲ။"
ပိုင်ရှင်းယန်က သူ၏ဘေးတွင် ဆင်းသက်လိုက်၏။ ဝေ့ဝူကလည်း မိမိမသိကြောင်း ထိုမိစ္ဆာများသည် ရုတ်တရက် ပေါ်လာပြီး ရုတ်တရက် ပြန်ပျောက်သွားကြောင်းသာ ပြောနိုင်ခဲ့လေသည်။
ပိုင်ရှင်းယန်က သူ၏မုတ်ဆိတ်မွေးကို သပ်ရင်း မေးလိုက်၏။
"ဝေ့ဝူ မင်း ဒဏ်ရာရသွားသေးလား။"
ဝေ့ဝူက ခေါင်းခါပြလိုက်သည်။
"ဒါဆိုရင်တော့ ဒီကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ဦး။ ဒီစစ်ဆင်ရေးပြီးရင် ဒုတိယအကြီးအကဲဆီ ငါ တင်ပြလိုက်မယ်။ ငါတို့ ပိုင်မိသားစုပိုင်နက်ထဲမှာ ဘယ်လိုဖြစ်ပြီး မိစ္ဆာတွေ ဒီလောက်အများကြီး ပေါ်လာရတာလဲ။"
ပိုင်ရှင်းယန်သည် တောင်တန်းများကို လှည့်ပတ်ကြည့်ရှုသော်လည်း ဘာမှမတွေ့သဖြင့် ပြန်လည်ထွက်ခွာသွားလေသည်။
ဝေ့ဝူမှာမူ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်မိ၏။ အကယ်၍ ဤမိစ္ဆာများသည် လောကကြီးကို ဖျက်ဆီးရန် ထွက်သွားကြပါက သူသည် ကြီးလေးသော အပြစ်ကို ကျူးလွန်မိခြင်း ဖြစ်ပေလိမ့်မည်။
ဤအချိန်တွင် သူသည် ကမ္ဘာမြေ၌ ရှိစဉ်က Cthulhu ဝတ္ထုဖြစ်သော At the Mountains of Madnessကို ဖတ်ပြီး ရင်တုန်ပန်းတုန် ဖြစ်ခဲ့ရသည်ကို မမှတ်မိဘဲမနေနိုင်တော့ပေ။
ယခုပြန်စဉ်းစားကြည့်လျှင် သူ့ကို ကြောက်လန့်စေခဲ့သည်မှာ "At the Mountains of Madness" မဟုတ်ဘဲ "လျောင်ကျဲကျီယိ" ဖြစ်နေခဲ့သည်လော။
ဝေ့ဝူ အလွန်စိတ်မသက်မသာ ဖြစ်နေကာ တင်ပလ္လင်ခွေထိုင်ပြီး ဤအခြေအနေကို မည်သို့ကုစားရမည်ကို စဉ်းစားနေလေ၏။
"တောက်... နောက်တစ်ခါကျရင် ငါ နတ်ဘုရားကျမ်းစာအုပ်တွေ ယူလာပြီး ဒီမိစ္ဆာတွေကို အကုန်ပြန်ဖမ်းခိုင်းမယ်။"
"ဟုတ်သားပဲ။ ကျုန်းခွေကျမ်း ရှိသေးတယ်မဟုတ်လား။ နောက်တစ်ခါကျရင် တစ္ဆေဖမ်းနတ်ဘုရား ကျုန်းခွေကို ခေါ်လာခဲ့မယ်။"
ဤသို့ဖြင့် သူသည် ကမ္ဘာမြေမှ ယူဆောင်လာခဲ့သော အရာအားလုံး၏ အသုံးဝင်ပုံကို သိရှိသွားခဲ့ပြီဖြစ်ပြီး မျိုးစေ့များနှင့် သစ်သီးဝလံဟင်းသီးဟင်းရွက်များသာ ကျန်တော့သည်။
သူသည် စီးကရက်တစ်လိပ်ကို မီးညှိကာ ပိုင်မိသားစုထံမှ သတင်းကို စောင့်ဆိုင်းရင်း စိတ်ပျက်လက်ပျက်ဖြင့် ကျင့်ကြံခြင်းကို စတင်လိုက်တော့၏။
ခြောက်နာရီခန့် ကြာပြီးနောက်တွင်မူ အသံပို့လွှတ်သည့် ကျောက်စိမ်းပြားက လှုပ်ရှားလာခဲ့ပြန်သည်။