အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း ၁၃၅ - တောင်ကွယ်နောက်သို့ နေဝင်သွားချိန်။
နာရီအနည်းငယ်ကြာ ပျံသန်းပြီးနောက် ၎င်းတို့သည် ယင်ယန်မြို့ သို့ ရောက်ရှိလာကြလေ၏။
ပိုင်မိသားစုဝင်များကို သတင်းပို့ပြီးနောက် ၎င်းတို့အား အနားယူရန် ပိုင်မျှော်စင်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။
သို့သော် ဤနေရာသို့ ရောက်ရှိလာချိန်တွင် ဝေ့ဝူသည် သူ၏စိတ်အာရုံပင်လယ်ထဲရှိ တန်ကဗျာသုံးရာမှာ တုံ့ပြန်မှုများ ရှိနေသည်ကို သတိပြုမိလိုက်၏။
ယခင်က တန်ကဗျာသုံးရာသည် အလင်းလုံးပေါင်း သုံးရာကျော်အဖြစ် ပြောင်းလဲကာ သူ၏စိတ်အာရုံပင်လယ်ထဲတွင် ငြိမ်သက်စွာ တည်ရှိနေခဲ့သော်လည်း ယခုအချိန်တွင်မူ ၎င်းတို့သည် လှုပ်ရှားရုန်းကန်ကာ မငြိမ်မသက် ဖြစ်လာကြလေသည်။
သေချာလေ့လာကြည့်ပြီးနောက် ဝေ့ဝူသည် ဤအလင်းလုံးများသည် အခြားသူများ၏ ဆွဲဆောင်မှုကို ခံနေရပြီး အပြင်သို့ ရုန်းထွက်ချင်နေကြကြောင်း တွေ့ရှိလိုက်ရ၏။
သို့သော် ဝေ့ဝူ၏ ခွင့်ပြုချက်မရှိဘဲ ၎င်းတို့သည် ငြိမ်သက်စွာသာ နေကြရရှာသည်။
သူသည် စိတ်ထဲတွင် တွေးတောနေမိသည်။
“ဒီတန်ကဗျာသုံးရာရဲ့ တကယ့်အသုံးဝင်ပုံက ဘာလဲ။ ဒီဖြစ်စဉ်က ဘာကို ကိုယ်စားပြုတာလဲ။ ဒီလူတွေနဲ့ ဘာပတ်သက်မှုရှိလို့လဲ။ တကယ်လို့ ငါ အလင်းလုံးတစ်လုံးကို လွှတ်ထုတ်လိုက်ရင် ဘာဖြစ်လာနိုင်မလဲ။”
အဖြေကို မသိရသေးသဖြင့် သူသည် ပိုင်မျှော်စင်ရှိ နေအိမ်တစ်ခုတွင် လောလောဆယ် အနားယူနေလိုက်၏။
နောက်တစ်နေ့ ညနေစောင်းအချိန်တွင် ယင်ယန်မြို့ပြင်ရှိ တာ့ယွမ်တောင်သို့ သွားရန် လူတစ်ဦးက လာရောက်အကြောင်းကြားခဲ့သည်။
အကြောင်းမှာ ကြယ်စုဆောင်းခြင်းအစည်းအဝေးစတင်တော့မည်ဖြစ်သောကြောင့်ပင်။
ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့ အပြင်သို့ ထွက်လာကြသောအခါ ကောင်းကင်ယံရှိ ကြီးမားလှသော ပိုင်မျှော်စင်ထဲမှ လူအများအပြားသည် ကြယ်ပျံတန်းများကဲ့သို့ အရှိန်အဝါဖြင့် ပျံသန်းထွက်ခွာနေကြသည်ကို မြင်တွေ့ရပြီး အတော်ပင် အနုပညာဆန်လှပေသည်။
ရင်းနှီးသူများမှာ ကောင်းကင်ယံတွင် စကားစမြည်ပြောဆိုရင်း အတူတကွ သွားလာနေကြသဖြင့် အလွန်စည်ကားလှပေ၏။
ယင်ယန်မြို့တွင် ပျံသန်းခြင်းကို ပိတ်ပင်ထားသော်လည်း ယခုအချိန်တွင်မူ ပိုင်မိသားစုက ထိုပိတ်ပင်ချက်ကို ရုပ်သိမ်းပေးထားသည်။
ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့လည်း ပိုင်မျှော်စင်မှ ပျံသန်းထွက်ခွာကာ တာ့ယွမ်တောင်သို့ ဦးတည်သွားခဲ့ကြ၏။
တာ့ယွမ်တောင်သည် သာမန်တောင်ထိပ်များနှင့်မတူဘဲ ပတ်ပတ်လည်တွင် မြင့်မားပြီး အလယ်တွင် နိမ့်ဆင်းနေကာ ကြီးမားသော ပန်းကန်လုံးကြီးတစ်လုံးနှင့် တူလှလေသည်။
သူ၏ ယခင်ဘဝနှင့်ဆိုလျှင် သဘာဝအားကစားကွင်းကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
ယခုအချိန်တွင် မီးထွန်းလင်းပေးရန်အတွက် ထိုပန်းကန်လုံးပုံသဏ္ဌာန်အထက်တွင် ကြီးမားသော အလင်းလုံးဖြူကြီးတစ်လုံးကို ဆွဲဆန့်ချိတ်ဆွဲထား၏။
ပတ်ပတ်လည်ရှိ တောင်နံရံများပေါ်တွင် လူအများအပြား နေရာယူထားကြပြီး ထိုနေရာသည် ဆူညံသံများဖြင့် သက်ဝင်လှုပ်ရှားနေကြသည်။
အရသာရှိသော စားသောက်ဖွယ်ရာများနှင့် သစ်သီးဖျော်ရည်များကိုမူ မရေမတွက်နိုင်သော ကျောက်စိမ်းလင်ဗန်းများဖြင့် သယ်ဆောင်ကာ ပတ်ပတ်လည် ပျံသန်းနေစေရာ စားသုံးလိုသူများသည် မိမိတို့ဘာသာ အလွယ်တကူ ယူဆောင်စားသုံးနိုင်ကြပေသည်။
ဤနေရာတွင် အင်အားစုအမြောက်အမြား ရှိနေကြပြီး မိသားစုများ အချင်းချင်း ဆက်သွယ်ပြောဆိုကြသည့်အခါ ရှေ့က နာမည်တွဲ၍ ခေါ်ဆိုလေ့ရှိကြသည်။
ဥပမာအားဖြင့် ဝေ့မိသားစုကို ချန်ချွမ် ဝေ့မိသားစုဟု ခေါ်ဆိုရမည်ဖြစ်ပြီး မဟုတ်ပါက လောကတွင် မျိုးနွယ်စုပေါင်း ထောင်ချီရှိကာ မျိုးရိုးအမည်များမှာ ကန့်သတ်ချက်ရှိသဖြင့် အလွယ်တကူ ရောထွေးသွားနိုင်သောကြောင့်ပင်။
မကြာမီပင် ပထမအကြီးအကဲ ပိုင်ဒူခွေသည် ပိုင်မိသားစုဝင်တစ်စုနှင့်အတူ ရောက်ရှိလာပြီး မြင့်မားသောနေရာတစ်ခုတွင် ဆင်းသက်လိုက်ကြ၏။
“သောက်ကြပါဦး။”
လူတိုင်း ခွက်မြှောက်လိုက်ကြသည်။
“အားလုံးပဲ... ကျွန်တော်တို့ရဲ့ အဓိကဂိုဏ်းမကြီးက စစ်ပွဲဖြစ်ပွားနေတုန်းပဲ နောက်တန်းလည်း သက်ရောက်မှုရှိနေတယ်။ ပြီးခဲ့တဲ့ကာလတုန်းက သွေးမြစ်ဂိုဏ်းနဲ့ ကျိုးမိသားစု တို့က အခွင့်ကောင်းယူပြီး ပြဿနာရှာခဲ့လို့ ကျွန်တော်တို့ရဲ့ အခြေအနေက ပိုပြီး ခက်ခဲခဲ့ရတယ်။ ရန်သူကို မတွန့်မဆုတ်ဘဲ သစ္စာရှိရှိ ခုခံပေးခဲ့ကြတဲ့ မင်းတို့အားလုံးကို အားကိုးခဲ့ရတာပါ။ ပိုင်မိသားစုက မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်။”
သူသည် နောက်ထပ် ဝိုင်တစ်ခွက်ကို ထပ်မံသောက်သုံးလိုက်၏။
ပထမအကြီးအကဲ ပိူင်ဒူခွေသည် ရှည်လျားစွာ စကားပြောဆိုပြီး ဝိုင်အတော်များများ သောက်သုံးပြီးနောက် လူတိုင်းကို ထိုင်ရန် ဖိတ်ခေါ်ကာ ကချေသည်များကို တက်လာရန် လက်ဝေ့ယမ်းလိုက်သည်။
ဤကချေသည်များသည် ကောင်းကင်ယံတွင် လေဟာနယ်ထဲမှ ပျံသန်းထွက်ပေါ်လာကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ဖြင့် ကောင်းကင်တွင် ကပြနေကြခြင်းဖြစ်ရာ ၎င်းတို့အားလုံးသည် မန်ရှင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
၎င်းတို့၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုစားမှာ အပြစ်ပြောစရာမရှိအောင် လှပလှပေသည်။
ဘိုးဘေး ဝေ့ချွမ်ဟဲသည် ဝိုင်ကို သောက်ရင်း ပြောလိုက်သည်။
“ဝူအာ... မင်း ဘယ်တော့ ဇနီးတစ်ယောက် ခေါ်လာမှာလဲ။”
ဝေ့ဝူ သဘောကျစွာ ရယ်မောလိုက်၏။
သီချင်းဆို ကပြဖျော်ဖြေမှုများ ပြီးဆုံးသွားသောအခါ ဤဒေသရှိ မျိုးဆက်သစ်လူငယ်များ အချင်းချင်း လက်ရည်စမ်း ယှဉ်ပြိုင်ကြမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။
အသက်ကန့်သတ်ချက်မှာ အသက်သုံးဆယ်အောက် ဖြစ်သော်လည်း အများစုမှာ မန်ရှင်းအဆင့်သို့ မရောက်ရှိကြသေးချေ။
ပိုင်မိသားစု ထျန်းဓားဂိုဏ်းနှင့် အခြားအင်အားစုကြီး အနည်းငယ်တွင်သာ ဤမျှ ထူးချွန်သော လူငယ်များ ရှိကြပေသည်။
ဤအတောအတွင်း ဒုတိယအကြီးအကဲ ပိုင်ယွဲ့ရှင်းနှင့် စတုတ္ထအကြီးအကဲ ပိုင်ဟူချန်တို့ နှစ်ဦးစလုံးသည် မျက်ရိပ်ပြကာ ဝေ့ဝူအား စင်ပေါ်သို့ တက်ရန် အချက်ပြခဲ့ကြ၏။
သို့သော် ဝေ့ဝူသည် အရိုအသေပေးရုံသာ ပြုလုပ်ပြီး ခေါင်းခါပြလိုက်လေသည်။
သူ၏ စွမ်းအားနှင့်ဆိုလျှင် ဤလူများနှင့် သွားရောက်ယှဉ်ပြိုင်ခြင်းမှာ ကြက်အုပ်ထဲတွင် မောင်မင်းကြီးသား ကြိုးကြာငှက်တစ်ကောင် ရောက်နေသကဲ့သို့ အားနည်းသူကို နှိပ်စက်ရာ ရောက်ပေလိမ့်မည်။
ပိုင်ကျန့်ဟန် ပင်လျှင် သူ၏ လှုပ်ရှားမှုအနည်းငယ်ကို တောင့်ခံနိုင်မည်မဟုတ်ချေ။
ထို့ကြောင့် ဤကဲ့သို့သော လက်ရည်စမ်းပွဲမှာ သူ့အတွက် အဓိပ္ပာယ်မရှိလှဘဲ အိမ်ရှင်၏ မျက်နှာကိုသာ ဖြတ်သလို ဖြစ်သွားနိုင်သဖြင့် အကျိုးမရှိသော အလုပ်တစ်ခုသာဖြစ်သည်။
မည်သူက ထင်ထားမည်နည်း။ ပိုင်ကျန့်ဟန်သည် လူတစ်ဦးကို အနိုင်ယူပြီးနောက် ရုတ်တရက် ဤဘက်သို့ ဓားဖြင့် ဝေ့ယမ်းကာ ပြောလိုက်သည်။
“ဝေ့သခင်လေးမှာ ထူးခြားတဲ့ ပါရမီနဲ့ နက်နဲတဲ့ စွမ်းအားတွေ ရှိတယ်လို့ ကျွန်တော် ကြားဖူးပါတယ် စင်ပေါ်တက်ပြီး တိုက်ပွဲတစ်ပွဲလောက် ဆင်နွှဲရအောင်လား။”
ဝေ့ဝူသည် လက်ညှိုးတစ်ချက် တောက်လိုက်ကာ နတ်ဘုရားကို အသုံးပြု၍ ဤဓားစွမ်းအင်ကို ဖျက်ဆီးပစ်လိုက်ပြီး ငြင်းပယ်လိုက်သည်။
“ကျွန်တော်က ပိုင်သခင်လေးရဲ့ ပြိုင်ဘက်မဟုတ်မှန်း ကိုယ့်ကိုယ်ကိုယ် သိလို့ အရှက်မကွဲချင်ပါဘူး။”
လူတစ်ဦးက လှမ်းအော်သည်။
“ဝေ့သခင်လေး... ပွဲပျက်အောင် မလုပ်ပါနဲ့ မြန်မြန် စင်ပေါ်တက်ခဲ့စမ်းပါ။”
ဤအချိန်သည် လူငယ်များ၏ အချိန်ဖြစ်သဖြင့် ရုတ်တရက် လူအများအပြားက အော်ဟစ်အားပေးကြပြီး ဝေ့ဝူ စင်ပေါ်တက်ရန် ဝိုင်းဝန်းတွန်းအားပေးကြတော့လေသည်။
အချို့နေရာများတွင်လည်း အထူးသဖြင့် အမျိုးသမီးများကြားတွင် ရယ်မောသံများ ထွက်ပေါ်လာလေ၏။
ဝေ့ဝူ ထပ်မံငြင်းပယ်ရန် ပြင်စဉ်မှာပင် သူ၏ မျက်လုံးများ လည်သွားကာ အလယ်ဗဟိုသို့ ပျံသန်းသွားခဲ့တော့သည်။
သူ၏ စိတ်အာရုံပင်လယ်ထဲတွင် အလင်းလုံးတစ်လုံးမှာ တုန်ခါနေပြီး ၎င်းသည် ပိုင်ကျန့်ဟန်ထံသို့ ဦးတည်နေခြင်း ဖြစ်သည်။
သူက တွေးလိုက်သည်။
ပိုင်ကျန့်ဟန်ကို သုံးပြီး စမ်းသပ်မှုတစ်ခု ဘာလို့ မလုပ်ကြည့်ရမှာလဲ။
အထက်တွင် ထိုင်နေသော ဒုတိယအကြီးအကဲ ပိုင်ယွဲ့ရှင်းက ပြုံးလိုက်သည်။
“ကျန့်ဟန် အရှက်ကွဲမသွားဘူးမလား။”
ပထမအကြီးအကဲ ပိုင်ခူခွေက ပြော၏။
“သူတို့နှစ်ယောက်လုံး ရွှေနန်းတော်ထဲမှာ ရှိသင့်တယ် ဝေ့ဝူက နယ်ပယ်တစ်ခု ပိုမြင့်နေပေမဲ့ ကျန့်ဟန်ရဲ့ ကျင့်စဉ် မန္တန်နဲ့ မှော်ရတနာတွေက ဝေ့ဝူထက် သာသင့်တယ်။”
“ဒါကတော့ အတည်ပြောလို့မရဘူး။ ဝေ့မိသားစုရဲ့ နောက်ကွယ်က အင်အားစုက မန်ရှင်း အဆင့် ၉ ရုပ်သေးတစ်ရုပ်တောင် ထုတ်ပေးနိုင်တာဒီလိုအရာတွေကို ကတ်သီးကတ်သတ် လုပ်ပါ့မလား။ ငါ့အမြင်တော့ ကျန့်ဟန် ရှုံးလိမ့်မယ်။”
လူတိုင်း၏ အကြည့်များ ရောက်ရှိနေသော အလယ်ဗဟိုတွင် ဝေ့ဝူ စင်ပေါ်တက်လာသည်ကို မြင်သောအခါ ပိုင်ကျန့်ဟန်၏ အရှိန်အဝါ မှာ ရုတ်တရက် မြင့်တက်လာခဲ့သည်။
ဝေ့ဝူက အလျင်အမြန် ပြောလိုက်၏။
“ခဏနေဦး။”
“ပြောစရာရှိလို့လား။”
“ဒီလိုအခြေအနေမျိုးမှာ ကျွန်တော် ကဗျာတစ်ပုဒ်လောက် ရွတ်ဆိုချင်လို့ပါ။”
“?”
ပိုင်ကျန့်ဟန်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
“ဒါဆိုလည်း ရွတ်ဆိုပါ။”
အောက်က ကြည့်နေသော လူများက ရယ်မောကြသည်။
တိုက်ပွဲမစခင် ကဗျာရွတ်တယ်ဆိုတာ ထုံယွမ်ဂိုဏ်းက စာပေပညာရှင် အဘိုးကြီးတွေတောင် ဒီလောက်အထိ ဟန်ဆောင်မှာ မဟုတ်ဘူး မဟုတ်လား။
“အဟမ်း။”
ဝေ့ဝူက စတင်လိုက်တော့၏။
“တောင်ကွယ်နောက်သို့ နေဝင်သွားချိန် မြစ်ဝါမြစ်သည် ပင်လယ်တွင်းသို့ စီးဝင်လေသည်။ မိုင်ပေါင်းထောင်ချီ အမြင်ကျယ်စေရန် ပိုမိုမြင့်မားသော အထပ်သို့ တက်လှမ်းပါ။”
တစ်ချိန်တည်းမှာပင် သူသည် အလင်းလုံးကို တိတ်တဆိတ် ထုတ်လွှတ်လိုက်၏။
အလင်းလုံးသည် သူ၏စိတ်အာရုံပင်လယ်မှ ထွက်ခွာသွားသော်လည်း ၎င်းတွင် ပုံသဏ္ဌာန်မရှိသဖြင့် အခြားသူများ မမြင်နိုင်ဘဲ ပိုင်ကျန့်ဟန်ထံသို့ ပျံသန်းသွားခဲ့တော့သည်။
ပိုင်ကျန့်ဟန်သည် မူလက တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့သော်လည်း ဤ ငှက်မျှော်စင်သို့ တက်ခြင်ကဗျာကို ကြားလိုက်ရသောအခါ သူ ရုတ်တရက် ကြက်သေ သေသွားခဲ့သည်။
“ဒါ... ဒါ တကယ့် ကဗျာကောင်းပဲ မဟုတ်ဘူးလား။”
အောက်က လူတစ်ဦးက မချီးကျူးဘဲ မနေနိုင် ဖြစ်သွား၏။
“ငါ ကဗျာနဲ့ သီချင်းတွေကို လေ့လာလာခဲ့တဲ့ သက်တမ်း ၁၂၀ အရဆိုရင် ဒါဟာ တကယ်ကို ကဗျာကောင်းတစ်ပုဒ်ပဲ။”
“ငါ ဒီကဗျာကို တစ်ခါမှ မကြားဖူးဘူး ဒီကောင်လေး ကိုယ်တိုင် ရေးတာများလား။”
“ငါတော့ မယုံဘူး။ သူက ဒီလိုကဗျာမျိုး ရေးနိုင်ပါ့မလား။ ဒါဆိုရင် သူ အာဏာရှင်ဂိုဏ်းတွေရဲ့ တပည့်အဖြစ် အလုခံရမှာပေါ့။”
လူတစ်ဦးက တိုက်ရိုက် လှမ်းမေး၏။
“ဝေ့သခင်လေး... ဒီကဗျာကို မင်းကိုယ်တိုင် ရေးတာလား။”
ဤလောကတွင် ဤကဗျာကို မည်သူမျှ မသိကြသော်လည်း ဝေ့ဝူသည် စာပေခိုးယူသူတစ်ဦးအဖြစ် နာမည်မကြီးချင်သဖြင့် ပြောလိုက်သည်။
“ကျွန်တော် ရေးတာမဟုတ်ပါဘူး ကဗျာပေါင်းချုပ်တစ်ခုထဲမှာ တိုက်တိုက်ဆိုင်ဆိုင် မြင်ဖူးခဲ့တာပါ။ ကဗျာခေါင်းစဉ်က ငှက်မျှော်စင်သို့ တက်ခြင်း ဖြစ်ပြီး စာဆိုကတော့ ဝမ်ကျိဟွမ် ဖြစ်ပါတယ်။”
“အော်... ဒါဆိုရင်တော့ ဟုတ်ပြီ။”
“ဒါဆို မင်း ဒီကဗျာကို ရွတ်ဆိုရတဲ့ နက်နဲတဲ့ အဓိပ္ပာယ်က ဘာလဲ။”
ဝေ့ဝူ စကားမပြောနိုင်မီမှာပင် ပိုင်ကျန့်ဟန် ရှိရာနေရာ၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူသည် ကောင်းကင်ယံတွင် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ နောက်ကွယ်တွင် အလင်းအချို့ ပေါ်လာကာ တောင်တန်းများ မြစ်ကြီးများ ပြန်လာသော ငှက်များနှင့် ဝင်လုဆဲဆဲ နေမင်းကြီးတို့၏ ပုံရိပ်များ ဖြည်းဖြည်းချင်း ထင်ဟပ်လာသည်ကို မြင်တွေ့လိုက်ရ၏။
၎င်းသည် အမှန်တကယ်ပင် ရူပါရုံဖြစ်စဉ် တစ်ခုကို ထင်ဟပ်နေခြင်းဖြစ်ပြီး ကဗျာထဲတွင် ဖော်ပြထားသည့် အချက်များနှင့် ကွက်တိ ကိုက်ညီနေလေသည်။
ယခုအချိန်တွင် ပိုင်ကျန့်ဟန်သည် ထိုရူပါရုံဖြစ်စဉ်များ ဝန်းရံခြင်း ခံထားရပြီး အေးချမ်းကာ မြင့်မြတ်သော ခံစားချက်မျိုး ရှိနေ၏။
ဒုတိယအကြီးအကဲ ပိုင်ယွဲ့ရှင်းသည် ရုတ်တရက် တည်ကြည်သော မျက်နှာထား ဖြစ်သွားသည်။
“ကျန့်ဟန်က... တာအိုသိမြင်ခြင်းရနေတာလား။”
ပထမအကြီးအကဲ ပိုင်ဒူခွေကလည်း ခေါင်းညိတ်လိုက်၏။
“ဒါတွေက တာသိမြင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရူပါရုံဖြစ်စဉ်တွေပဲ။”
“ကျန့်ဟန်က မန်ရှင်း အဆင့် ၂ ရဲ့ အထွတ်အထိပ်မှာ ရှိနေတာ အခု သူ တာသိမြင်ခြင်း ရနေပြီဆိုတော့ တတိယအဆင့်ကို ဖောက်ထွက်တော့မှာလား။”
ပိုင်မိသားစုဝင်များသည် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ကြပြီး အခြားသူများ နှောင့်ယှက်ခြင်းမပြုနိုင်စေရန် ပိုင်ကျန့်ဟန်ကို ကာကွယ်ရန် လူလွှတ်လိုက်ကြ၏။
ဝေ့ဝူသည်လည်း ထိုသဲလွန်စကို မြင်တွေ့လိုက်ရပြီး တွေးတောမိသွားသည်။
“ဒါဆို တန်ကဗျာသုံးရာရဲ့ အသုံးဝင်ပုံက ဖောက်ထွက်ခါနီး ကျင့်ကြံသူတွေကို တရားသိမြင်ခြင်း ရစေတာကိုး။ ဒါပေမဲ့ ကဗျာတိုင်းက ပစ်မှတ်ရှိတယ် ၎င်းက တစ်ဖက်လူရဲ့ ကျင့်စဉ် အတွေ့အကြုံတွေနဲ့ ကိုက်ညီမှသာ အာနိသင်ရှိမှာ။”
သူသည် လူအုပ်ကြီးကို စကြည့်လိုက်ရာ လူအတော်များများမှာ သူ၏စိတ်အာရုံပင်လယ်ထဲရှိ အလင်းလုံးများနှင့် ပဲ့တင်ထပ်နေကြပြီး မန်ရှင်းအဆင့်၏ အထက်ပိုင်း အဆင့်သုံးဆင့်တွင် ရှိနေသူများပင် မနည်းလှပေ။
အထူးသဖြင့် ပထမအကြီးအကဲ ပိုင်ဒူခွေသည် ကဗျာတစ်ပုဒ်ကို ဆွဲငင်နေခြင်း ဖြစ်သည်။ အကယ်၍ အလင်းလုံးကို လွှတ်ထုတ်လိုက်လျှင် သူ ဝိညာဉ်သန္ဓေနယ်ပယ်သို့ ဖောက်ထွက်သွားနိုင်မည်လော။
သို့သော် ဝေ့ဝူသည် အကြောင်းပြချက်မရှိဘဲ ဤကဲ့သို့သော ကောင်းမှုမျိုးကို သဘာဝကျကျ လုပ်ဆောင်မည်မဟုတ်ပေ။
ထို့ပြင် တန်ကဗျာသုံးရာသည် ကုန်ဆုံးသွားနိုင်သော ပစ္စည်းများဖြစ်ရာ ငှက်မျှော်စင်သို့ တက်ခြင်းကဗျာကို ပေးပို့ပြီးနောက် သူ၏ဦးနှောက်ထဲတွင် အလင်းလုံးတစ်လုံး လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
ပိုင်ကျန့်ဟန်သည် အလယ်ဗဟိုတွင် ဖောက်ထွက်နေသောကြောင့် အစည်းအဝေးကို ခေတ္တရပ်နားခဲ့ရပြီး ပိုင်မိသားစုက တောင်းပန်စကား ဆိုခဲ့၏။
သို့သော် မည်သူမျှ ထွက်မသွားကြဘဲ ပိုင်ကျန့်ဟန် ဘာဖြစ်လာမည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။
တစ်နာရီအကြာတွင်...
ရူပါရုံဖြစ်စဉ်သည် ဖြည်းည်းချင်း မှိန်ဖျော့သွားခဲ့သော်လည်း ပိုင်ကျန့်ဟန်၏ အရှိန်အဝါမှာ ပိုမိုအားကောင်းလာခဲ့တော့၏။
နောက်ဆုံးတွင် အရာတစ်ခု ကွဲအက်သွားသည့်အလား ဖောက်ဟူသော အသံနှင့်အတူ သူ၏ဦးခေါင်းထိပ်မှ စွမ်းအင်တစ်ခု ကောင်းကင်သို့ ဟိန်းထွက်သွားခဲ့သည်။
“မန်ရှင်း အဆင့် ၃။”
ရောက်ရှိနေသူအားလုံး အံ့ဩတုန်လှုပ်သွားကြလေသည်။
သူ တကယ်ပဲ ဖောက်ထွက်သွားခဲ့ပြီ။
“သခင်လေး ပိုင်ကျန့်ဟန် အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်။”
ပိုင်ကျန့်ဟန်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ဝမ်းမြောက်မှုများကြားမှ ဝေ့ဝူရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။
ထို့နောက် သူသည် ဦးညွှတ်လိုက်သည်။
“ကျွန်တော့်ကို လမ်းညွှန်ပေးတဲ့အတွက် အစ်ကိုဝေ့ကို ကျေးဇူးတင်ပါတယ်။”
ဝေ့ဝူသည် မှော်သစ်သီးတစ်လုံးကို စားနေရင်း ကြောင်အမ်းသွားကာ စိတ်ထဲတွင် တွေးလိုက်မိသည်။
မင်းက ငါ့ထက် အသက်ကြီးတာကို ငါ့ကို အဲ့လိုခေါ်ရင် ဝါစဉ်တွေ ရှုပ်ကုန်တော့မှာပေါ့။
ပိုင်ကျန့်ဟန်၏ လုပ်ရပ်နောက်တွင် အကြည့်များစွာ ရောက်ရှိလာခဲ့၏။
၎င်းတို့ မတွေးဘဲ မနေနိုင် ဖြစ်သွားကြသည်မှာ ဝေ့ဝူသည် ပိုင်ကျန့်ဟန် ဖောက်ထွက်တော့မည်ကို ကြိုတင်မြင်တွေ့ခဲ့ရသဖြင့် သူ့ကို ကူညီရန် နိမိတ်ကဗျာတစ်ပုဒ် ရွတ်ဆိုခဲ့ခြင်းလော။
အကယ်၍ ထိုသို့သာဆိုလျှင် ဝေ့ဝူသည် ဒဏ္ဍာရီလာ စာဆိုကြီးများနှင့် နှိုင်းယှဉ်နိုင်ပြီး သူ၏စကားလုံးများဖြင့်ပင် လူများ၏ ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။
ဤအချက်ကို တွေးမိလိုက်သောအခါ အသားထူသော လူငယ်အချို့သည် တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြတော့သည်။
“ဝေ့သခင်လေး... ကျွန်တော့်ကိုလည်း ကဗျာတစ်ပုဒ်လောက် ချီးမြှင့်ပေးပါဦး။”