အခန်း ၂၅၀၆
Vol. 179 Ch. 2506
အခန်း (၂၅၀၆)
နောက်ဆုံးသော အားထားရာ
ရုတ်တရက် ထွက်ပေါ်လာသည့် လင်းရီ၏ အသံက အာယာနဲ မစ်ဆူကို ထိတ်လန့်တုန်လှုပ်သွားစေပြီး သူမတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ကာ နှလုံးခုန်နှုန်းတို့ မြန်ဆန်လာစေသည်။
သူမ ဘာပြန်ပြောလို့ ပြောရမှန်းတောင် မသိတော့ချေ။
“ လူကြီးမင်းလင်း ….”
လင်းရီက ထိုင်ခုံကို ကျောမှီရင်း အာယာနဲ မစ်ဆူ၏ မျက်ဝန်းများထဲသို့ စိုက်ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ လေသံဖြင့် မေးလိုက်၏။
“ မင်း အခု ဘယ်သွားမလို့ လုပ်နေတာ …”
ညင်သာသည့် လေသံဖြင့် လင်းရီ ထပ်မေးလိုက်သည့် မေးခွန်းက အာယာနဲ မစ်ဆူကို တစ်ကိုယ်လုံးရှိ အမွှေးများ အားလုံး ထောင်ထသွားစေတော့၏။
“ ကျွန်မ … ကျွန်မ …. “
ရှိစုမဲ့စု သတ္တိလေးများဖြင့် အာယာနဲ မစ်ဆူ ရှင်းပြဖို့ ကြိုးစားချင်သော်ငြား လင်းရီ၏ အကြည့်တို့က သူမကို မသက်မသာ ဖြစ်နေစေလေသည်။
အဆိုပါ နက်ရှိုင်းသည့် မျက်ဝန်းများက ထက်ရှသည့် ဓားတစ်စင်းနှယ် သူမ၏ စိတ်ကို တစ်လွှာခြင်း ခွဲခြမ်းစိတ်ဖြာနေသကဲ့သို့ ရှိ၏။
“ ကျွန်မ … ထွက်သွားချင်တယ် … ဒါမှပဲ ရှင် အန္တရာယ်ကင်းကင်းနဲ့ ထွက်သွားနိုင်မှာ ….”
“ ငါ ဒီအရှုပ်ထုပ်ထဲက ထွက်ဖို့ မိန်းမတစ်ယောက်က အနစ်နာခံပေးမှ ဖြစ်မယ်လို့ မင်း အတည်ကြီး ထင်နေတာလား ….”
“ ဒါပေမယ့် … ဒါပေမယ့် အခု တစ်ခြားနည်းလမ်းမှ မရှိတာ …” အာယာနဲ မစ်ဆူက လေသံဖျော့ဖျော့ဖြင့် ဆိုလိုက်သည်။
“ ဒါဆို မင်းကိုယ်မင်း အဖမ်းခံလိုက်တာနဲ့ပဲ အဆင်ပြေသွားပြီလို့ရော ထင်လား ….”
“ ကျွန်မမှာ အာဏာရှိတဲ့လူတွေနဲ့ အပေးအယူ လုပ်ထားတဲ့ လျှို့ဝှက်ဖိုင်မှတ်တမ်းတွေ ရှိတယ် … တကယ်လို့ သူတို့ ရှင့်ကို လွှတ်ပေးဖို့ ငြင်းဆန်နေမယ်ဆိုရင် အရာအားလုံးကို ဖွင့်ချပြပစ်လိုက်မယ် … အဆိုးဆုံးဖြစ်လှ အားလုံးအတူ ပျက်စီးရုံပေါ့ … ကျွန်မ စိတ်ပိုင်းဖြတ်ပြီးသား ….”
“ တကယ်လို့ မင်းရဲ့ အဲ့လို ဖြေရှင်းနည်းလမ်းကသာ အလုပ်ဖြစ်မယ်ဆိုရင် ငါ အသုံးချပြီးတာ ကြာပြီပေါ့ …” လင်းရီ ပြောလိုက်ပြီး “ အခု ဂျပန်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေက မင်း ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးတယ် …. ဒီကိစ္စကို နောက်ကွယ်ကနေ အစစ်အမှန် ထိန်းချုပ်နေတဲ့လူက ဂျပန်အစိုးရ မဟုတ်ဘူး …. မင်း အဲ့ဒီ လျှို့ဝှက်ဖိုင်မှတ်တမ်းတွေကို အပေးအယူလုပ်ဖို့ သူတို့လက်ထဲ ထည့်ပေးလိုက်မယ်ဆိုရင်တောင် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး … နစ်နာဆုံးရှုံးရမယ့်လူက မစ်ဆူအုပ်စုနဲ့ ဂျပန်အစိုးရပဲ … ငါတို့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေအတွက် ဘာကောင်းကျိုးမှ ဖြစ်လာမှာ မဟုတ်ဘူး …”
အာယာနဲ မစ်ဆူ ကြက်သေသေသွားခဲ့၏။
ဤသည်ကို သူမ မျှော်လင့်မထားခဲ့ပေ။
“ ကျွန်မ … ကျွန်မ မှားမှန်း သိပါပြီ … နောက် ဒါမျိုး မစဉ်းစားတော့ပါဘူး …” အာယာနဲ မစ်ဆူက အမှားလုပ်ထားမိသည့် ကလေးလေး တစ်ဦးနှယ် နှုတ်ခမ်းစူပြီး ဝန်ခံလိုက်၏။
“ အိပ်တော့ … မိုးမလင်းသေးဘူး ….” လင်းရီ ညင်သာစွာ ဆိုလိုက်သည်။
“ အွန်း ….”
လင်းရီသည် အာယာနဲ မစ်ဆူ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။ သူ့လက်ဖဝါး နွေးနွေးက အာယာနဲ မစ်ဆူ၏ စိတ်ကို တစ်ဖြည်းဖြည်း ငြိမ်သက်စေပြီး သူမမှာ မကြာခင်မှာပဲ အိပ်မောကျသွားခဲ့တော့သည်။
လင်းရီလည်း မျက်လုံးမှိတ်လိုက်၏။ သို့သော် မျက်ခုံးနှစ်ဖက်ကတော့ တင်းကြပ်နေဆဲပင်။
ရှေ့တွင် စောင့်ကြိုနေသည့် အန္တရာယ်တို့က မည်မျှ ကြီးမားလဲဆိုတာ သူကိုယ်တိုင် အသိဆုံး ဖြစ်၏။
တစ္ဆေ၊ ညဉ့်တစ္ဆေနှင့် အမျိုးမျိုးသော နိုင်ငံခြား အဖွဲ့အစည်းများက သူ့အား လိုက်လံ ရှာဖွေနေကြသည်။
နောက်ပြီး အဖွဲ့တိုင်းကလည်း မခေသည့် အင်အားစုများဖြစ်ကာ လွယ်သည့်လူ တစ်ယောက်မှ မပါပေ။
၎င်းတို့ထဲက မည်သူမဆို ကျုံးဝေ့တပ်ဖွဲ့နှင့် ယှဉ်ပြိုင်နိုင်သည့် စွမ်းအား ရှိ၏။
ယခုအချိန်ကျတော့မှပဲ မနှစ်တုန်းက ပနားမားတွင် သူ ကြုံတွေ့ခဲ့ရသည့် အကျပ်အတည်းက လက်ရှိတစ်ခေါက်နှင့် ယှဉ်လျှင် ဘာမျှ မပြောပလောက်တော့သည်ကို သတိထားမိသွားသည်။
ဤတစ်ကြိမ်၌ … သူ မည်မျှအထိ တောင့်ခံထားနိုင်မလဲဆိုတာကို လင်းရီကိုယ်တိုင်လည်း မသေချာပေ။
အန္တရာယ်က အချိန်အခိုက်အတန့်မရွေး ပေါက်ကွဲထွက်လာဖို့ အဆင်သင့် ဖြစ်နေလျက်ရှိ၏။
ထိုလူများက အရူးများ မဟုတ်ကြပေ။
ရုတ်ချည်းဆိုသလို … လင်းရီ မျက်လုံးပွင့်လာသည်။
ဘေးသို့ ခေါင်းလှည့်ကြည့်လိုက်တော့ ကားပြတင်းပေါက် အပြင်ဘက်တွင် ညအမှောင်က ပိန်းပိတ်မှောင်မည်းနေလျက် ရှိပြီး ဧရာမ ကြီးမားလှသည့် အနက်ရောင်ရေခဲတုန်းကြီးက သူတို့ကို လုံးလုံးလျားလျား ဝန်းရံရစ်ပတ်ထားသည့်နှယ် ထင်ရ၏။
လင်းရီ မပြောတတ်ပေ။
မနက်ရောက်သည့် အချိန်၌ မည်သို့သော မုန်တိုင်းမျိုးက ကျရောက်လာမလဲဆိုတာ သူ တကယ်ပဲ မခန့်မှန်းတတ်ပေ။
မျက်လုံးကို တစ်ဝက်မှေးကျဉ်းရင်း လင်းရီ သူ့ဘာသူ ရေရွတ်လိုက်၏။
“ ဒီလိုဆို ….. တစ်နည်းတည်း ကျန်တော့တယ် ….”
***
ကျိုးဟိုင်။
ကျင်းလု ဟိုင်းဝေးလမ်းပေါ်၌ အနီရောင် ဟွန်ဒါ Type-R တစ်စင်းက ကျိုးဟိုင်မြို့ဘက်သို့ အရှိန်ပြင်းစွာ ဦးတည်မောင်းနှင်လာနေသည်။
ကားက မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် အရှိန်ကိုလည်း ဖြည်းဖြည်းချင်း လျော့ချလိုက်သည်။
ကားထဲတွင် ထိုင်နေသည့်လူက အနက်ဝတ်နှင့် အမျိုးသား ဖြစ်၏။ မပြောင်းလဲသည့် သူ့အနက်ရောင် ဂျက်ကတ်ကို ဝတ်ဆင်ထားကာ တစ်ကိုယ်လုံးကို လည်း တင်းကြပ်စွာ ဖုံးကွယ်ထားသည်။
ဤတစ်ကြိမ်တွင်တော့ သူ့မျက်နှာကို လူပြက် မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားခြင်း မပြုတော့ဘဲ အနက်ရောင်မာ့စ်နှင့် နေကာမျက်မှန်ကိုသာ တပ်ထားလျက်ရှိ၏။
ဟွာရှလူမျိုးများ စဉ်းစားတွေးခေါ်သည့် ပုံစံအရ … အကယ်၍ လူတစ်ယောက်က ဤကဲ့သို့ ဝတ်စားဆင်ယင်ထားမည်ဆိုလျှင် ကိုယ်က မကောင်းမှု မပြုလုပ်ထားလင့်ကစား ၊ လူအများ၏ အာရုံစူးစိုက်မှုကို ခံရမည်က မလွဲမသွေပင်။
အနက်ဝတ်နှင့် အမျိုးသားသည်လည်း ဤသည်ကို နားလည်နေပုံရပြီး လူထူထပ်သည့် နေရာများကို အချိန်အများစုတွင် ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားနေသည်။
သို့သော် ၎င်းက ရဲအရာရှိကို ရှောင်ရှားနေသည်လော ၊ ဒါမှမဟုတ် လူထူထပ်သည့် နေရာကို ရှောင်ရှားနေသည်လော ဆိုတာတော့ ပြောဖို့ ခဲယဉ်း၏။
ဒူ ဒူ ဒူ ….
ကားက မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် ဖုန်းတုန်ခါသည့် အသံက ထွက်ပေါ်လာခဲ့သည်။
အနက်ဝတ်နှင့်လူက ကားကို လူပြတ်သည့် လမ်းကြားလေး တစ်ခုထဲသို့ မောင်းဝင်လာပြီး လမ်းနံဘေး၌ ထိုးရပ်လိုက်၏။
ပြီးနောက် Armset ထဲရှိ အဖြူရောင် သေတ္တာလေးကို ထုတ်ယူပြီး ညင်သာစွာ ဖွင့်လိုက်ရာ အတွင်း၌ ဖုန်းတစ်လုံးက ထွက်ပေါ်လာသည်။
မော်ဒယ်လ်အဟောင်းဆိုသော်လည်း ဖုန်းကတော့ အသစ်အတိုင်းပင်။
ဖုန်းနောက်ကျောဘက်တွင် မနှင်းဖြူနှင့် လူပုလေး ခုနစ်ယောက် စတစ်ကာကို ကပ်ထားပြီး အနည်းငယ်တော့ ဝါကျင်ကျင်နိုင်နေပြီ ဖြစ်၏။ သို့သော်လည်း အဆင်ပြေပါသည်။
အနက်ဝတ်နှင့်လူက ဖုန်းဖြေလိုက်၏။
တစ်ဖက်ရှိ အသံရှင်က ဩရှသံအက်အက်ဖြင့် ဖြစ်နေပြီး တစ်စုံတစ်ယောက်က သူ့လည်ပင်းကို ညှစ်ထားနေသည့်နှယ် ခြောက်သွေ့အေးစက်နေသည်။
“ မင်း အခုလောက်ဆို ကျိုးဟိုင် ရောက်နေပြီမလား …”
အနက်ဝတ်နှင့်လူက စခရင်ကို အသာခေါက်လိုက်၏။
အတည်ပြုဖို့အတွက် … တစ်ချက် ။
“ ပစ်မှတ်ရဲ့ အသေးစိတ် အချက်အလက်တွေအကုန် မင်းဖုန်းထဲ ပို့ထားပြီးပြီ … သူ့ကို မြန်နိုင်သမျှ မြန်မြန် ပြန်ခေါ်လာခဲ့ … မင်းမှတ်ထားရမှာက သူ့ကို ကာကွယ်ပေးနေတဲ့လူတွေက ပေါ့သေးသေး မဟုတ်ဘူးဆိုတာပဲ … ဒီတော့ စစ်ဆင်ရေး ထမ်းဆောင်နေတဲ့အချိန် သတိထား … ဘာအမှားအယွင်းမှ ဖြစ်သွားလို့ မရဘူး …”
အနက်ဝတ်နှင့်လူက ဖုန်းစခရင်ကို နောက်တစ်ကြိမ် ထပ်နှိပ်ရင်း တစ်ဖက်လူ၏ စကားကို တုံ့ပြန် ဖြေဆိုလိုက်၏။
“ ငါကတော့ မင်းကို အမြဲတမ်း ယုံပါတယ် … သွားပြီး မြန်မြန်ကိုင်တွယ်လာခဲ့…. ပြီးတာနဲ့ မြန်မြန်ပြန်လာ … ဂျပန်မှာ မင်းအတွက် လုပ်စရာ ကိစ္စတွေက စောင့်နေသေးတယ် …”
ထုံးစံအတိုင်း ဖုန်းစခရင်ကို နောက်တစ်ကြိမ် ထပ်နှိပ်လိုက်သည်။
ဖုန်းချပြီးနောက် အနက်ဝတ်နှင့်လူက အီးမေးလ်ကို ဖွင့်ကြည့်လိုက်၏။
သုံးမိနစ်ခန့်ကြာပြီးနောက် ပါရှိသည့် အသေးစိတ် အချက်အလက်များအားလုံးကို အလွတ်ကျက်မှတ်ပြီး ဖုန်းကို ပြန်သိမ်းဆည်းလိုက်၏။
သို့သော် မသိမ်းမီ ဖုန်းကို လက်ဗွေရာ မကျန်ရစ်စေရန် အထပ်ထပ်အခါခါ သုတ်နေပြီး တန်ဖိုးကြီး အရာဝတ္ထု တစ်ခုကို ကိုင်တွယ်နေသည့်နှယ် ဂရုစိုက်လွန်းနေသည်။
လက်ဗွေရာတစ်ချက်လေးမျှ မကျန်ရစ်တော့သည့် အခါမှသာ ဖုန်းကို သေချာပြန်သိမ်းထားလိုက်သည်။
အရာအားလုံး ပြီးစီးပြီးနောက် အနက်ဝတ်နှင့်လူက သူ့ Type Rကို စက်ပြန်နှိုးပြီး ကျီချင်းရန်၏ အိမ်ဘက်သို့ မောင်းထွက်သွားခဲ့၏။
***
ကျီချင်းရန်၏ နေအိမ်အတွင်း၌။
ချင်းဟန်၊ ကောင်းကျုံးယွမ်၊ လျန်ကျင်းမင်နှင့် ဟော်ယွမ်ယွမ်တို့အားလုံး တစ်နေရာတည်းတွင် အတူစုစည်းနေကြ၏။
လက်ရှိ အဖြစ်အပျက်က မနှစ်တုန်းက ပနားမား အဖြစ်အပျက်ကို ပြန်လည် သတိရသွားစေပြီး ဒီဂျာဗူး ဖြစ်နေသည့်နှယ် ခံစားနေရလေသည်။
ထိုစဉ်တုန်းကလည်း သူတို့တွေ ယခုလိုပဲ စုဝေးပြီး ကူကယ်ရာမဲ့စွာ စိုးရိမ်ပူပန်နေခဲ့ကြရတာ ဖြစ်၏။
“ ဘာသတင်းမှ မရသေးဘူးလား ….” ကျီချင်းရန် တိုးတိုးလေး မေးလိုက်၏။
ယခုဆို လင်းရီ ထွက်သွားခဲ့သည်မှာ နှစ်လကျော်သွားခဲ့ပြီ ဖြစ်၏။
ကျီချင်းရန်၏ ဝမ်းဗိုက်သည်လည်း တစ်ဖြည်းဖြည်း ကြီးထွားလာပြီး ကိုယ်ဝန်က မွေးခါနီး အဆင့်သို့တိုင် နီးကပ်လာနေပြီ ဖြစ်၏။
အလွန်ဆုံး တစ်လလောက်သာလျှင် အချိန် ကျန်ရစ်တော့သည်။
သို့သော် သူမ၏ အခြေအနေက ထင်ထားသလောက်တော့ ကောင်းမွန်မနေပေ။
ညတိုင်း မနက်အရုဏ်တက်မှ အိပ်ပျော်နိုင်ပြီး နေ့စဉ်နေ့တိုင်း အပြင်းအထန် ခေါင်းကိုက်သည့် ဝေဒနာကိုလည်း ခံစားနေရသည်။ သို့သော် ဆေးတော့ မသောက်ဝံ့။ သူမကိုယ်သူမ အတင်းအကြပ် တောင့်ခံနေသည်။
“ ဥက္ကဌကျီ … ဒါ ငါ့ အမှားပါ … ငါ အစကတည်းက အစ်ကိုရီကို အကူအညီ မတောင်းခဲ့သင့်တာ …”
ကောင်းကျုံးယွမ် တောင်းပန်တိုလျှိုးစွာ ဆိုလိုက်သည်။
“ နင့် အပြစ်မဟုတ်ပါဘူးလေ …” ကျီချင်းရန် တိုးညှင်းစွာ ခွန်းတုံ့ပြန်လိုက်ပြီး “ အခုဟာက အထက်အမိန့် … နင်တို့ကြောင့် မဟုတ်ဘူးဆိုလည်း သူ ကျိန်းသေပေါက် သွားမှာပဲ …. သူက အဲ့လို လူစားမျိုးပဲ …”
အားလုံး တိတ်ဆိတ်သွားခဲ့ကြ၏။ ချင်းဟန်နှင့် လျန်ကျင်းမင်တို့က ဘေးတွင် မတ်တပ်ရပ်နေရင်း ဆေးလိပ်တွေ တစ်လိပ်ပြိးတစ်လိပ် အဆက်မပြတ် သောက်နေကြသည်။
ဘာမျှ မဆိုကြသော်လည်း ရင်ဘက်ထဲတွင်တော့ လေးလံနေလျက် ရှိသည်။
Ocean Symphony သင်္ဘောခရီးစဉ်ကို သူတို့တွေကပဲ အကောင်အထည် ဖော်ပေးခဲ့တာ ဖြစ်ပြီး
ယခု လင်းရီ အန္တရာယ်ကြုံနေရတော့ ကြံရာပါဖြစ်သည့် သူတို့ကိုယ်သူတို့ အပြစ်မကင်းသည့်နှယ် ခံစားနေရလေသည်။
“ ကဲပါ … အားလုံးပဲ … အဲ့လောက်ထိလည်း စိုးရိမ်မနေကြပါနဲ့ … မနှစ်တုန်းကတောင် သည့်ထက်ကြီးမားတဲ့ အခက်အခဲကြီးကို ကျော်လွှားနိုင်ခဲ့သေးတာပဲဟာ ဒီတစ်ကြိမ်လည်း ဖြတ်ကျော်နိုင်မှာပါ ….”
ကျီချင်းရန်က နှစ်သိမ့်စကားဆိုလိုက်၏။
“ အစ်မရယ် ….”
ဟော်ယွမ်ယွမ် မျက်ရည်ဝဲသွားပြီး “ နင်က ဘာလို့ ငါတို့ကို ပြန်ပြီး နှစ်သိမ့်ပေးနေရတာလဲ ….”
“ ငါတို့ကိုက ဒီတိုင်း အတွေးလွန်နေတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့ … မစ်ရှင်တွေ ထမ်းဆောင်တဲ့အချိန်မှာ သူတို့ဖုန်းကို ပိတ်ထားနေကြပဲလေ … ငါတို့ ဆက်သွယ်လို့ မရတာ သာမန်ပါပဲ …”
ဟော်ယွမ်ယွမ်က အမျိုးသား သုံးဦးကို ကြည့်ပြီး
“ နင်တို့ ပြန်ကြတော့ … ငါ ဒီမှာ ခဏနေလိုက်ဦးမယ် …”
ချင်းဟန်တို့ သုံးဦးလုံး တစ်ယောက်ကိုယ်တစ်ယောက် ကြည့်ရင်း စိတ်ဓာတ်ကျကျဖြင့် ကျီချင်းရန်၏ အိမ်မှ ထွက်ခွာသွားကြတော့၏။