အခန်း ၂၅၀၇
Vol. 179 Ch. 2507
အခန်း (၂၅၀၇)
အတုအယောင် လုပ်လို့ မရနိုင်တဲ့ လွမ်းဆွတ်မှု
“ နင်လည်း ပြန်တော့ …”
ချင်းဟန်တို့ သုံးဦး ထွက်ခွာသွားခဲ့ပြီးနောက် ကျီချင်းရန်က ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ပြောလိုက်သည်။
“ ငါ့အတွက် မပူနဲ့ … ငါ အဆင်ပြေတယ် …”
“ ဒါပေမယ့် အစ်မကျီရဲ့ ကိုယ်ဝန်က ရှစ်လကျော်နေပြီလေ … နေ့တိုင်းနေ့ ဒီလိုမျိုး စိတ်ပူနေလို့ ဘယ်ဖြစ်မှာလဲ …”
ဟော်ယွမ်ယွမ်က စိတ်ပူပန်သည့် မျက်နှာအမူအရာနှင့် ကျီချင်းရန်ကို နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်သည်။
“ တကယ်လို့ ကိုယ့်အတွက်ကိုယ် မစဉ်းစားချင်ဘူးဆိုရင်တောင် ကလေးအတွက်တော့ စဉ်းစားပေးသင့်တယ်လေ ….”
“ ငါ သိတယ် … နင် ပူစရာ မလိုဘူး …” ကျီချင်းရန် ခွန်းတုံ့ပြန်လိုက်ပြီး “ လင်းရီရဲ့ အခြေအနေကို ငါ သဘောပေါက်တယ် .. သူ ဒုက္ခရောက်မှာ မဟုတ်ဘူး ….. ကလေးကို အဖေမရှိတဲ့ ကလေးတစ်ယောက် ဖြစ်စေချင်မှာ မဟုတ်ဘူး …”
ဟော်ယွမ်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး ဘာပြောလို့ ပြောပေးရမှန်း မသိတော့ချေ။
ကျီချင်းရန်က သူမကိုယ်သူမ နှစ်သိမ့်ရန်အတွက် အကောင်းဘက်က တွေးကြည့်နေမှန်း သူမ နားလည်နေသည်။
သို့သော် ထိုသို့ လုပ်လိုက်၍လည်း မည်သည့်အရာမျှ ပြောင်းလဲသွားမှာ မဟုတ်ချေ။
လင်းရီ မည်မျှပင် အစွမ်းအစ ရှိစေကာမူ သူက လူသားတစ်ဦး ဖြစ်နေဆဲ ဖြစ်၏။ နောက်ပြီး စစ်ပွဲတွင် ညှာတာမှု ဟူသည် မရှိပေ။
“ လောလောဆယ် ဒီအကြောင်း မပြောကြစို့ … အပြင်ထွက်ပြီး စိတ်ပြေလက်ပျောက် ရှုခင်းလေးဘာလေး ကြည့်ကြရအောင် ….”
“ ငါနည်းနည်း ပင်ပန်းနေပြီ … သွားပြီး နားလိုက်ဦးမယ် …”
ကျီချင်းရန်က ခါးနောက်ကျောကို လက်ဖြင့် ထောက်ပြီး ထရပ်ဖို့ ကြိုးစားလိုက်၏။ ဤသည်ကို မြင်တော့ ဟော်ယွမ်ယွမ်က ကျီချင်းရန်ကို မတ်တပ်ရပ်ဖို့ ကူညီပေးလိုက်သည်။
“ နင်လည်း ပြန်လိုက်တော့ … ငါ ခဏလေးလှဲနေလိုက်တာနဲ့ အဆင်ပြေသွားမှာပါ ….”
ကျီချင်းရန်က သူမကို အတင်းအကြပ် ပြန်ခိုင်းနေတာ မြင်တော့ ဟော်ယွမ်ယွမ်လည်း ခေါင်းမာမာနှင့် ဆက်မနေရစ်တော့ချေ။ သို့သော် မထွက်ခွာမီ စိတ်ပူပူနှင့် အကြောင်းမျိုးစုံကို မှာကြားနေခဲ့လေသည်။
သူမ အခန်းထဲကို ပြန်ရောက်တော့ ကျီချင်းရန်က အိပ်ရာပေါ်တွင် မှီထိုင်လိုက်ပြီး နားထင်နှစ်ဖက်ကို လက်ဖြင့် ဆက်တိုက် နှိပ်နယ်နေလျက် ရှိ၏။
ဘာတွေ ဖြစ်နေမှန်းတော့ သူ မသိ။ သို့သော် ဤရက်ပိုင်းအတွင်း ခေါင်းကိုက်သည့် ဝေဒနာက ပိုပိုပြီး ပြင်းထန်လာသည်။
ခပ်ပြင်းပြင်းလေး ပွတ်သပ်နှိပ်နယ်ပေးလိုက်တော့မှသာ အဆင်ပြေသွားတတ်၏။
သူမ၏ စိတ်ခံစားချက်များသည်လည်း အနှီ ခေါင်းကိုက်ဝေဒနာကဲ့သို့ပင်။
တစ်ခါတစ်ရံ ပိုကောင်းလာလိုက်၊ တစ်ခါတစ်ရံ ပိုဆိုးလာလိုက်။
နောက်ဆုံး … ကျီချင်းရန် လက်လျှော့လိုက်တော့သည်။ အိပ်ရာပေါ်တွင် တိတ်တဆိတ် ထိုင်နေရင်း မချိတင်ကဲ ဝေဒနာက တစ်ကိုယ်လုံး အနှံ့ ဝင်ရောက်တိုက်ခိုက်နေသည်ကို ခွင့်ပြုထားလိုက်တော့သည်။
မျက်ရည်တစ်စက် ကျဆင်းလာသည့်အချိန် …
နောက်ဆက်တွဲ မျက်ရည်စက်တို့က မိုးသည်းထန်သလို ဆက်တိုက် ကျဆင်းလာသည်။
မျက်ရည်များက လွတ်လပ်စွာ ကျဆင်းနေသော်လည်း ကျီချင်းရန်၏ အသံမှာမူ လုံးဝ တိတ်ဆိတ်နေလျက်ရှိသည်။
အချိန်တစ်ခုကြာပြီးသည့်နောက် ဘေးရှိ ဖုန်းကို ကျီချင်းရန် ကောက်ယူလိုက်၏။
သို့သော် ပြန်ချလိုက် ၊ ကောက်ယူလိုက်နှင့် အချိန်အတော်ကြာအောင် ချီတုံချတုံ ဖြစ်နေမိလေသည်။
နောက်ဆုံး စိတ်ထဲ လွန်ဆွဲနေပြီးနောက် သူမ၏ အတွင်းရေးမှူးထံ ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
“ ဟဲလို ဥက္ကဌကျီ …”
“ အတွင်းရေးမှူးလျန်ရဲ့ ဖုန်းနံပါတ် စုံစမ်းပေးစမ်းပါ …”
“ ဟုတ်ကဲ့ရှင့် …”
ဖုန်းချပြီးနောက် ကျီချင်းရန်က အိပ်ရာထက်တွင် တိတ်တဆိတ် ထိုင်နေရင်း မျက်လုံးများအား မှိတ်ထား၏။ အချိန်စက်ဝန်းသည်လည်း ရပ်တန့်သွားသယောင်ပင်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် အတွင်းရေးမှူးက သူမထံသို့ စာတိုမက်ဆေ့ချ် ပို့လာခဲ့၏။
ယင်းက ဖုန်းနံပါတ်တစ်ခုပင်။
နံပါတ်ကို စိုက်ငေးကြည့်ရင်း ကျီချင်းရန် ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားနေမိသည်။
သူမ၏ လက်က တစ်ချိန်လုံး တုန်ယင်နေပြီး နောက်ဆုံး …
ဖုန်းကို ဘေးသို့ ပစ်ချထားလိုက်၏။
အားအင်ချိနဲ့စွာဖြင့် အိပ်ရာကို မှီရင်း သူမ၏ နှုတ်ခမ်းများကလည်း ဖြူလျော်နေသည်။
သို့သော် အဆုံး၌ … မျက်လုံးများ ပြန်ပွင့်လာပြီး စောနလေးတင် ပစ်ချလိုက်သည့် ဖုန်းထံသို့ အကြည့်ရောက်သွားခဲ့၏။
ဖုန်းကို ပြန်ယူပြီး နံပါတ်ကို နှိပ်လိုက်သည်။
****
ရန်ကျင်း။
“ ဟယ်လို … ဘယ်သူလဲ …”
ထိုအချိန် အခိုက်အတန့်၌ လျန်ရူရွှယ်သည် ကျိုးဟိုင်ရှိ သူမ၏ အလုပ်များအားလုံးကု ဘေးချိတ်ထားပြီး ကိုယ်ဝန်ကြောင့် ရန်ကျင်းရှိ လျန်မိသားစု အိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
သို့သော် အရေးကြီးသည့် အလုပ်များကိုတော့ အိမ်ကနေတစ်ဆင့် ဆက်လက်ကိုင်တွယ်နေဆဲပင်။
“ ဟယ်လို …”
အနည်းငယ်မျက်မှောင်ကြုတ်ပြီး ဖုန်းကို ပြန်ကြည့်လိုက်တော့ တစ်ဖက်က ဖုန်းမချသေးသည်ကို လျန်ရူရွှယ် သတိပြုမိလိုက်သည်။
ဤသည်က သူမ၏ သီးသန့်ဖုန်းလိုင်းဖြစ်၏။ လူအများစုက ဤနံပါတ်ကို မသိကြပေ။
သူမ ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။ အဘယ်ကြောင့် တစ်ဖက်လူက ဖုန်းခေါ်လာပြီး စကားမပြောဘဲ နှုတ်ဆိတ်နေရသနည်း။
“ ကျွန်မပါ … ကျီချင်းရန် …”
လျန်ရူရွှယ် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့၏။ ကျီချင်းရန် ဖုန်းခေါ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့မိချေ။
သူမလို လူတစ်ယောက်က ဆွံ့အသွားပြီး ဘာပြန်ပြောလို့ ပြောရမှန်း မသိသည့် အခြေအနေက တကယ့်ကို ရှားရှားပါးပါး ဖြစ်၏။
“ ဟယ်လို ဥက္ကဌကျီ ….”
“ ရှင် … သူ့အကြောင်း ဘာသတင်းရသေးလဲ …”
“ ဟိုဘက်နဲ့က အဆက်အသွယ်ပြတ်နေတာ … ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ့်နာရီလောက်တုန်းကတော့ မက်ဆေ့ချ်တွေ ပို့လာသေးတယ် … သူ အန္တရာယ်ကင်းပါတယ် … စိုးရိမ်ဖို့ မလိုပါဘူး ….”
နှစ်ဦးလုံး အတန်ငယ်ကြာအောင် နှုတ်ဆိတ်သွားခဲ့ကြသည်။ မည်သည့်ဘက်ခြမ်းကမျှ စကားမဆိုကြချေ။ ဒါမှမဟုတ် … ဘာပြောလို့ ပြောရမှန်း မသိသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
“ ခဏလေးနော် … အချိန်လည်း နည်းနည်းကြာနေပြီဆိုတော့ သတင်းအသစ်များ ရှိမလား သွားမေးလိုက်ဦးမယ် …”
ကျီချင်းရန် သဘောတူသည်ကို စောင့်မနေတော့ဘဲ လျန်ရူရွှယ်သည် ဖုန်းကို ဘေးသို့ ခေတ္တချထားပြီး အခန်းထဲမှ ထွက်ခွာသွားခဲ့၏။
ထွက်ခွာသွားရင်း အလောတကြီးနိုင်သည့် စိတ်ခံစားချက်တို့က ဖြည်းညင်းစွာ ကွယ်ပျောက်စပြုနေသည်။
သူမ၏ နှလုံးသားက နာကျင်လွန်း၍ ထုံကျဉ်နေသောကြောင့်လား ဆိုတာကိုတော့ မရေရာခဲ့ပေ။
ကျီချင်းရန်၏ လွမ်းဆွတ်မှုများက အထွတ်အထိပ်သို့ ရောက်မနေခဲ့ဘူးဆိုလျှင် သူမထံသို့ ဖုန်းခေါ်လာမည် မဟုတ်သည်မှာ ကျိန်းသေသည်။
သူမ၏ မေတ္တာတရားက အခြားလူတိုင်းထက်ကို နက်ရှိုင်းနေခဲ့တော့၏။
“ အို… ဘာလို့ အပြင်ထွက်လာရတာလဲကွယ် … အိမ်သာ သွားမလို့လား … ဘွားဘွား ကူညီပေးမယ် …”
လျန်ရူရွှယ် အပြင်ထွက်လာတာကို မြင်တော့ အဘွားလုပ်သူက ထရပ်လာပြီး သူမကို ကူညီပေးဖို့ ဟန်ပြင်သည်။
“ မဟုတ်ဘူးဘွားဘွား … သမီး အဖိုးကို မေးစရာလေး ရှိလို့ …”
သတင်းစာဖတ်နေသည့် လျန်ရှန့်ဟော်က သူ့မြေးမလေးကို လှည့်ကြည့်လာသည်။
“လင်းရီ အကြောင်းလား …”
လျန်ရူရွှယ် ခေါင်းညိတ်လိုက်သည်။ “ ဘာသတင်းထူးသေးလဲ ….”
“ ငါ အီးမေးလ်တွေ အများကြီး ပို့ထားတယ် … ဒါပေမယ့် စာပြန်မလာဘူး … ဆစ်ဂနယ်တွေ ပိတ်ဆို့ခံထားရတာ ကျိန်းသေတယ် …”
လျန်ရူရွှယ် အံ့အားသင့်သွား၏။
“ ဂျပန်အစိုးရက သူဘယ်မှာ ရှိလဲတောင် သေချာ မသိသေးတာကို ဖုန်းလိုင်းတွေ ပိတ်ဆို့ထားတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
“ ငါ့အထင်တော့ … မြို့ပြင် နေရာတော်တော်များများကို ဖုန်းလိုင်းတွေ အကုန် ဖြတ်ချထားတာ ဖြစ်လိမ့်မယ် … ကျေးလက်ဘက်တွေကိုတောင် သွားပြီး သက်ရောက်မှု ရှိလိမ့်မယ် …”
လျန်ရှန့်ဟော်က သတင်းစာကို အောက်သို့ချထားပြီး သက်ပြင်းချလျက် ဆိုလိုက်သည်။
“ ဒါကောင်းတာတော့ မဟုတ်ဘူး … အစိုးရက လင်းရီနဲ့ တော်တော်လေး နီးကပ်နေပြီလို့ ဆိုလို့ရတယ် … အချိန်မရွေး အသက်အန္တရာယ် ရှိလာနိုင်တယ် …”
လျန်ရူရွှယ်၏ မျက်နှာ ဖြူဖျော့သွားပြီး ဒယိမ်းဒယိုင် ဖြစ်လုနီးပါး ဖြစ်သွားခဲ့ရ၏။
လျန်ရှန့်ဟော်မှာ အရေးတကြီး ပြေးလာပြီး သူမကို ထိန်းထားပေးလိုက်ရသည်။
“ မင်း ဘာတွေ ဖြစ်နေတာလဲ … ဒီလောက်လေးက မင်းကို ပြိုလဲသွားစေနိုင်တယ်ပေါ့ …” လျန်ရှန့်ဟော် ဆူငေါက်လိုက်ပြီး “ မင်း ကိုယ့်အခြေအနေကိုယ် နားမလည်ဘူးလား … မင်းသာ လဲကျသွားရင် ဘာဖြစ်သွားမယ်ထင်လဲ …”
“ သမီး နားလည်တယ် …”
လျန်ရူရွှယ် အားဖျော့စွာ ခွန်းတုံ့ပြန်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်စွာဖြင့် အခန်းထဲသို့ ပြန်လာခဲ့ကာ ဖုန်းကို ပြန်ကောက်ကိုင်လိုက်သည်။
“ လောလောဆယ်တော့ ဘာသတင်းအသစ်မှ မသိရသေးဘူး … ဒါပေမယ့် သတင်းမသိရတာလည်း သတင်းကောင်းပဲလေ … မကောင်းတာ တစ်ခုခု ဖြစ်တယ်ဆို သတင်းတွေက ချက်ချင်း ရောက်လာတတ်နေကြပဲ ဟုတ်တယ်မလား ….”
“ ကျေးဇူးတင်ပါတယ် …”
ဤတစ်ကြိမ်တွင်တော့ လျန်ရူရွှယ် တိတ်ဆိတ်သွားရမည့် အလှည့်ပင်။
“ ကျွန်မလည်း ကျေးဇူးတင်ပါတယ် ….”
နှစ်ဦးလုံး မည်သူမျှ ဖုန်းမချကြ။ စက္ကန့်သုံးဆယ်ကျော်လောက် နှစ်ဖက်လုံး တိတ်ဆိတ်နေပြီးနောက်တွင်မှ လျန်ရူရွှယ်သည် အတင်းသတ္တိမွေးပြီး ဖုန်းကို ချပစ်လိုက်သည်။
ထိုအချိန်အခိုက်အတန့်မှာပဲ သူမ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသည့်နှယ် ခံစားလိုက်ရလေသည်။
ကျီချင်းရန်လည်း ထူးမခြားနားပင်။
အိပ်ရာပေါ်သို့ ဘုတ်ခနဲ လဲကျသွားပြီး ခွန်အား တစ်အောင်စချင်းစီတိုင်းက ခန္ဓာကိုယ်ပြင်ပသို့ စုပ်ယူခံလိုက်ရသည့်နှယ် မျက်နှာတစ်ပြင်လုံး ဖြူဖပ်ဖြူလျော် ဖြစ်နေတော့သည်။
“ ရန်ရန် …”
ထိုအချိန်မှာပဲ စုန့်လန်၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့၏။
“ ဘာဖြစ်လို့လဲ အမေ ….”
မျက်လုံးထောင့်ရှိ မျက်ရည်များအား သုတ်ရင်း ကျီချင်းရန် ပြန်ထူးလိုက်၏။ သူမ၏ မျက်ရည်များကို မိခင်ဖြစ်သူအား မတွေ့စေလိုပေ။
ချလပ် …
တံခါး တွန်းပွင့်လာခဲ့ပြီး စုန့်လန်က ဧရာမ ပန်းစည်းကြီးတစ်ခုကို သယ်လာပြီး အထဲသို့ ရောက်လာသည်။
ပန်းစည်းက အဖြူရောင် နှင်းဆီပန်းများ ဖြစ်၏။ ခမ်းခမ်းနားနား အလှဆင်ထားပြီး အတော်လေး ဈေးကြီးမှာတော့ ကျိန်းသေသည်။
“ ဒါတွေက ဘာတွေလဲ …”
“ ငါ အခုလေးတင် အမှိုက်ပစ်ဖို့ဆိုပြီး အပြင်ထွက်သွားတာ ပြန်လာတော့ တံခါးဝမှာ ပန်းစည်းအကြီးကြီး တစ်ခု ရှိနေတာ တွေ့လိုက်ရတယ်လေ … သမီးအတွက် ထင်လို့ ယူလာခဲ့ပေးတာ …”
“ သမီးအတွက်လား ….”
ကျီချင်းရန် အံ့အားသင့်သွား၏။ သူမ ကိုယ်ဝန် ရလာပြီးကတည်းက ထိုသို့သော ပစ္စည်းများကို လက်မခံခဲ့ပေ။
လူအများစုက နှင်းနီဆီများ လက်ဆောင်ပို့တတ်ကြသော်လည်း အဖြူရောင် နှင်းဆီကိုတော့ ပထမဆုံးအကြိမ်ပင်။
“ ငါက အဘွားကြီး ဖြစ်နေပြီလေ …. ငါ့အတွက် မဟုတ်တာတော့ သေချာတာပေါ့ …” စုန့်လန်က အရွှန်းဖောက်သည့် လေသံဖြင့် ဆိုလိုက်၏။
“ ငါ့အထင် လင်းရီ အလုပ်များလွန်းလို့ ပြန်လာဖို့ အချိန်မရှိတာကြောင့် ဒီပန်းတွေ ဝယ်ပြီး နင့်ဆီ ပို့ပေးလိုက်တာ ဖြစ်မယ် ….”
စုန့်လန်က ပြောပြောဆိုဆိုနှင့် နှင်းဆီပန်းများကို ကျီချင်းရန်လက်ထဲ ကမ်းပေးလိုက်သည်။
“ ရော့ … ဒါ နင့်ဟာတွေပဲ … “
ပြောဆိုပြီးနောက် စုန့်လန် ထွက်သွားခဲ့၏။ ကျီချင်းရန်မှာ အဖြူရောင် နှင်းဆီပန်းစီးကို လက်ထဲကိုင်ထားရင်း တိတ်တိတ်လေး စိုက်ကြည့်နေမိ၏။
ပေးပို့လာသူ၏ နာမည်ကို ရှာဖွေကြည့်သော်လည်း ပန်းစည်းတွင် မည်သည့် စာတိုကတ်ကမျှ ရှိမနေချေ။
သို့ပေမယ့် … ဤပန်းစည်းကို လင်းရီ ပို့လိုက်တာ မဟုတ်ကြောင်းတော့ သူမ သေချာနေသည်။
ငေးငိုင်စွာဖြင့် … ပန်းစည်းများကို စိုက်ကြည့်နေရင်း အတွေးနက်နေမိ၏။
“ ဘယ်သူပို့လိုက်တာလဲ …”