← Chapters

အခန်း ၂၅၀၈

Vol. 179 Ch. 2508

အခန်း ၂၅၀၈

Vol. 179 Ch. 2508

အခန်း (၂၅၀၈)

တစ်ခုတော့ ခန့်မှန်းနိုင်ခဲ့တယ် ၊ ဒါပေမယ့် ကျန်တာတွေတော့ မပါခဲ့ဘူး

ရန်ကျင်း။

လုပေချိန်သည် ခြံဝန်းထဲတွင် ရေနွေးကြမ်းသောက်နေလျက်ရှိပြီး လေးထောင့်စားပွဲ အသေးလေးပေါ်တွင်တော့ ဂျပန်နိုင်ငံ မြေပုံတစ်ခုကို ခင်းကျင်းထား၏။ ၎င်းမြေပုံပေါ်တွင် ဂျပန်၏ နေရာအသေးစိတ်ကို ဖော်ပြထားပြီး အသေးငယ်ဆုံးသော တည်နေရာလေးတစ်ခုကိုပင် ထိမ်ချန်ထားခြင်း မပြုပေ။

ဤသည်က ကျုံးဝေ့တပ်ဖွဲ့၏ အတွင်းသုံးမြေပုံဖြစ်ပြီး ခြောက်လတစ်ကြိမ်တိုင်းတွင် Update ပြုလုပ်ထားကာ ဈေးကွက်များအတွင်း ဝယ်ယူ၍ မရနိုင်သော အဆင့်မြင့် အချက်အလက်များ ပါဝင်နေသည်။

လုပေချိန်၏ မျက်ဝန်းများက မြေပုံပေါ်တွင် အကြည့်အာရုံ စူးစိုက်နေရင်း ရေနွေးကြမ်းခွက်ကို လက်တစ်ဖက်ဖြင့် ကောက်ယူလိုက်၏။ နှုတ်ခမ်းနှင့် တေ့လိုက်သည့် အချိန်အခိုက်အတန့်မှာပဲ အနောက်ဘက်မှ တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို ခံစားမိလိုက်လေသည်။

နောက်လှည့်ကြည့်လိုက်တော့ သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အနောက်မှ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူက ရှည်လျားထူပျစ်သည့် မုတ်ဆိတ်မွှေးများနှင့် အင်္ကျီအဝတ်စားကလည်း မသပ်မရပ်ဖြစ်နေသည်။

လုပေချိန် မျက်မှောင်ကြုတ်သွားခဲ့၏။ လင်းကျင်ကျန့်ကို ယခုလိုအချိန်၊ ယခုလို နေရာမျိုးတွင် မြင်တွေ့ရလိမ့်မည်ဟု သူ အနည်းငယ် မျှော်လင့်မထားခဲ့မိပေ။

“ ဆိုတော့ … မင်းက အမြဲတမ်း တိတ်တိတ်လေး လာပြီး တိတ်တိတ်လေးပဲ ပြန်သွားတတ်တာလားကွ ဟမ် … “ လုပေချိန် မှတ်ချက်ပြုလိုက်၏။

“ လူကို တမင် ကြွားလုံးထုတ်နေသလားပဲ …”

လင်းကျင်ကျန့်က လုပေချိန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ကိုယ့်အိမ်ကိုယ်ယာနှယ် ရေနွေးကြမ်းခွက်ကို ကောက်ယူပြီး သူ့ဘာသူ တစ်ခွက် ငှဲ့လိုက်သည်။

“ အဲ့လိုတော့ မပြောစမ်းပါနဲ့ … အပြင်ကကောင်တွေက တော်တော် မခေတာ ခိုးဝင်လာဖို့တောင် တော်တော်လေး အားထုတ်လိုက်ရတယ် …” လင်းကျင်ကျန့်က ရယ်သွမ်းရင်း စကားအကြောင်းအရာကို ချက်ချင်း ပြောင်းလဲလိုက်သည်။

“ ဂျပန်အကြောင်း ဘာသတင်းထူးသေးလဲ …”

“ အရင် ဆယ်နာရီလောက်တုန်းကတော့ သူ့ဘက်က သတင်းတစ်ချို့ ရသေးတယ် … အဲ့တုန်းက သူ လုံခြုံတယ် … ဒါပေမယ့် အခုကတော့ …၊ ဘယ်သူသိနိုင်မှာ …”

“ ကျုပ် ကြားမိတာတော့ ဂျပန်တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေးအမိန့်အောက် ရောက်နေပြီဆို …” လင်းကျင်ကျန့် မေးမြန်းလိုက်သည်။

လုပေချိန် ခေါင်းညိတ်လိုက်၏။ သူ့လေသံက တဖြည်းဖြည်း လေးနက်လာသည်။

“ လေဆိပ်အားလုံးကို စစ်တပ်က ထိန်းချုပ်ထားတယ် …. လေယာဉ်စီးမယ့် ခရီးသွားတိုင်းကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေ လုပ်နေတယ် … ကာဂိုသင်္ဘောတွေ အကုန်လုံးလည်း ခရီးစဉ်ကို ရပ်ဆိုင်းထားရတယ် … ဂျပန်က ပနားမားလို မဟုတ်ဘူး … တစ်ခြားနိုင်ငံတွေနဲ့ ကုန်းမြေနယ်နိမိတ် ထိစပ်နေတာမျိုး မရှိဘူး … သူတို့ အခုလုပ်ပုံနဲ့ တစ်နိုင်ငံလုံးက လှောင်အိမ်တစ်လုံးလိုကို ဖြစ်သွားခဲ့ပြီ … အပြင်ကို ဘယ်သူမှ ထွက်လို့ မရတော့ဘူး ….”

“ အဲ့ခွေးမသားတွေက တော်တော်တတ်နေကြတာပဲ ဟက် …” လင်းကျင်ကျန့်က မထီမဲ့မြင် လေသံမျိုးဖြင့် ဆိုရင်း လက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက်၏။

“ ခင်များရဲ့ လက်ဖက်ခြောက်က တော်တော်ကောင်းတာပဲ အဘိုးကြီးလု ….”

“ မင်း မစိုးရိမ်ဘူးလား ….”

“ သူက ကျုပ်သားပဲဟာ … သတ်ဖို့ အဲ့လောက် မလွယ်ပါဘူး ….”

လင်းကျင်ကျန့်သည် လင်းရီအပေါ် ခမ်းခမ်းနားနား ပြုလုပ်ပြဖို့ မျှော်လင့်မထားပေ။ သူ အသက်ရှင်နေဖို့ပဲ မျှော်လင့်၏။

“ အမှန်ပဲ … သူ့ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ပြန်လာနိုင်ဖို့က ပြဿနာ မရှိဘူး … ဒါပေမယ့် သူက အဲ့လို အခွင့်ကောင်းမျိုးကို မဖမ်းဆုပ်ခဲ့ဘူး …” လုပေချိန် ပြောဆိုလိုက်သည်။ “ ပြီးတော့ မင်းနားလည်ထားရမှာ … မနှစ်တုန်းက ပနားမားမှာ သူ့ဘေးနားမှာ လေ့ကျင့်ထားတဲ့ အသင်းဝင်ကောင်းတွေ ရှိတယ် … အခု သူ့ဘေးမှာက သူ့ကိုယ်သူတောင် မကာကွယ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ပဲ ရှိတယ် … ဒါက လုံးဝ ဝန်ထုပ်ဝန်ပိုးကြီးပဲ …”

လင်းကျင်ကျန့်၏ လှုပ်ရှားမှုများက လေထဲတွင် ရပ်တန့်သွား၏။

အစွမ်းအစရှိသည့် အသင်းတစ်သင်းနှင့် ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်သည့် အမျိုးသမီးတစ်ယောက်။

ဤနှစ်ခုက ကွဲပြားခြားနားသည့် ကိစ္စရပ်နှစ်ခုပင်။

ဂျပန်၏ လက်ရှိအခြေအနေအရ အခြေအနေတို့ကလည်း ပိုပိုပြီး ရှုပ်ထွေးလာနေသည်။

“ မင်းဘက်ခြမ်းကရော ဘာသတင်းထူးသေးလဲ …” လုပေချိန် မေးမြန်းစပ်စုလိုက်သည်။

“ မားမွန်း၊ Halke Cavalry ၊ Black forest ၊ God’s army ၊ ဖရီးမေဆင် … ဒီအဖွဲ့အစည်းက အဖွဲ့ဝင်တွေအကုန်လုံး ဂျပန်ထဲကို ထိုးဖောက်ဝင်ရောက်လာကြပြီ …. ကျုပ် ဒီကို လာတော့တောင် နှစ်ဖွဲ့ကို ဖြုတ်ခဲ့ရသေးတယ် … မဟုတ်ရင် အစောကြီးကတည်းက ရောက်ပြီးတာ ကြာပြီ …”

လင်းကျင်ကျန့်က ခွေးခြေထောက်ခုံပေါ်တွင် ထိုင်ရင်း ပခုံးတွန့်ပြလိုက်၏။

“ အစကတော့ ဒီတိုင်း ဘေးကထိုင်ပြီးပဲ ပွဲကြည့်မလို့ လုပ်နေတာ … အခု ပြဿနာများတဲ့ အဲ့မိန်းမက အနားမှာရှိနေတယ်ဆိုတော့ ကိစ္စတွေက ကိုင်တွယ်လို့ မလွယ်လောက်တော့ဘူး …”

လုပေချိန်၏ မျက်နှာအမူအရာ လေးလံသွားခဲ့သည်။ အနှီ အဖွဲ့အစည်း တစ်ခုချင်းစီတိုင်းက ပိုကာအဖွဲ့အစည်းနှင့် တန်းတူအဆင့်အတန်းမျိုး ရှိကြ၏။

လက်ရှိ ဂျပန်၏ အခြေအနေက သူ ထင်မှတ်ထားသည်ထက်ပင် ပို၍ ပရမ်းပတာတွေ ဖြစ်နေပြီး သူတို့တွေ စိတ်ကူးယဉ်ထားသည်ထက်ကို ပို၍ အန္တရာယ်များနေလေသည်။

ထိုသို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု သူ ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့မိချေ။

ဓားသွားဖျားတွင် ရှင်သန်နေထိုင်သူတိုင်းအတွက်ကတော့ ရှေးဟောင်းလက်ရေးစာမူ၏ ဆွဲဆောင်မှုက ရူးသွပ်ချင်စရာကောင်းလောက်အောင် ပြင်းထန်နေသည်။

“ ကြည့်ရတာတော့ ကျုပ်တို့တွေ ဖြေရှင်းနည်းလမ်းတစ်ခုခု ရှာရတော့မယ့်ပုံပဲ … မဟုတ်ရင် ကျုပ်အသက်ကြီးလာတဲ့အချိန် ဘယ်သူက ဂရုစိုက်ပေးတော့မှာ ….”

“ ပြဿနာက သူ့ စိတ်က မင်းထက်ပိုပြီး ပြတ်သားနေတာပဲ … သူ့ရဲ့ စည်းချက်ကို ငါတောင် မလိုက်မီနိုင်တဲ့ အချိန်တွေ အများကြီး ရှိတယ် …”

“ အဲ့လို ဉာဏ်များတာက ကျုပ်အတိုင်းပဲလေ ဟားဟား ….”

“ အရှက်မရှိတာလည်း မင်းလိုပဲ … “ လုပေချိန် ရယ်မောလိုက်၏။

လင်းကျင်ကျန့် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ရင်း “ တခြားအကြောင်း ပြောကြတာပေါ့ … ခင်များ သူနဲ့ အဆက်အသွယ်ရသေးလား …”

“ ဘာသတင်းမှ မရသေးဘူး …. တစ်နိုင်ငံလုံးကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ကျယ်ကျယ်ပြန့်ပြတ် ဖြတ်တောက်ထားပုံရတယ် … “ လုပေချိန် ပြောလိုက်ပြီး “ သူ တစ်ခြားနေရာတစ်ခုကို ပြောင်းသွားတော့မှ ဆယ်သွယ်ဖို့ ဖြစ်ရင်ဖြစ်နိုင်လိမ့်မယ် …”

“ သူ နောက်ဘာဆက်လုပ်မလဲဆိုတဲ့အကြောင်း စဉ်းစားကြည့်ကြတာပေါ့ …”

“ ငါတော့ ဖြစ်နိုင်ချေ တော်တော်များများကို စဉ်းစားဖူးတယ် … ဒါပေမယ့် အောင်မြင်နိုင်တာတော့ တစ်ခုမှ မတွေ့မိဘူး …”

လုပေချိန်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး လင်းကျင်ကျန့်ထံသို့လည်း တစ်လိပ်ကမ်းလိုက်သည်။ လင်းကျင်ကျန့်က တစ်လိပ်ဆွဲထုတ်လိုက်ပြီး သူ့ဘာသူ မီးညှိလိုက်၏။

“ လေကြောင်းလမ်းနဲ့ ရေကြောင်းလမ်းတွေ အကုန် ချိတ်ပိတ်ခံထားရတယ် … သူ ထွက်ပြေးလွတ်မြောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး …”

လင်းကျင်ကျန့်က စီးကရက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး “ ချိတ်ပိတ်ထားတာက ခရီးသည်တင်တဲ့ လေကြောင်းလိုင်းတွေနဲ့ ရေကြောင်းလမ်းတွေပဲမလား …”

“ အင်း … ဒါပေမယ့် အဲ့လောက်နဲ့တင် လုံလောက်နေပြီ …”

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် လင်းကျင်ကျန့်က သူ့စီးကရက်မှ ပြာများကို လက်ညှိုးဖြင့် ခါချလိုက်ပြီး “ တကယ်တော့ ဂျပန်က ထွက်သွားဖို့ နောက်တစ်နည်းရှိသေးတယ် …”

“ နောက်တစ်နည်း ဟုတ်လား ….”

လင်းကျင်ကျန့် ခေါင်းညိတ်လိုက်၏။

“ ဒါပေမယ့် ဒီနည်းလမ်းက နည်းနည်းတော့ ရူးသွပ်ရာကျတယ် … တွေးကြည့်ရုံနဲ့တင် ကျုပ် အရေပြားတွင် ကျိန်းစပ်လာသလိုပဲ …”

လုပေချိန်၏ မျက်လုံးတို့ ပြူးကျယ်သွားပြီး “ မင်း … အဲ့နည်းလမ်းအကြောင်း ပြောချင်နေတာတော့ မဟုတ်ဘူးမလား …”

“ အမှန်ပဲ … ကိုယ်ပိုင် ကာကွယ်ရေးတပ်က လေယာဉ်တွေကတော့ သုံးလို့ရနေတုန်းပဲလေ …”

(ဂျပန်က စစ်တပ်ဖွဲ့စည်းခွင့် မရှိ‌ပါဘူး။ လက်ရှိအချိန်ထိပေါ့။ သူတို့မှာ ကိုယ်ပိုင် ကာကွယ်ရေးတပ်ပဲ ရှိပါတယ်။ ဂျပန်ရဲ့ လုံခြုံရေးကို တာဝန်ယူပေးထားတာကတော့ အမေရိကန်တွေပါ။ )

နှစ်ဦးမှာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ အချင်းချင်း ရှော့ခ်ရပြီး မယုံကြည်နိုင်မှုများကို တစ်ယောက်၏ မျက်ဝန်းထဲ တစ်ယောက်က မြင်တွေ့နေရလေသည်။

စစချင်းတုန်းကတော့ လုပေချိန်သည် ဤနည်းလမ်းက သမာရိုးကျမဆန်ဘဲ မိုက်ရူးရဲဆန်လွန်းသည်ဟု ခံစားနေရ၏။

သို့သော် စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့စိတ်ပြောင်းသွားခဲ့သည်။

လင်းရီက သာမန်ဦးနှောက်ဉာဏ်နှင့် သွားပြီး အကဲဖြတ်လို့မရသည့် လူတစ်ဦး ဖြစ်၏။ သူ့အတွေးတွေကို မည်သူကမျှ ခန့်မှန်းလို့မရချေ။

ယခင်တုန်းကကဲ့သို့ပင်၊ သူ၏ တကယ့်ပစ်မှတ်က ရိုကိုဆူကာ ဖြစ်လိမ့်မည်ဟု မည်သူက တွေးထင်မိခဲ့လိမ့်မည်နည်း။

“ ဒါပေမယ့် ဒီ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ဆိုတာက တော်တော်လေးတော့ စိန်ခေါ်မှုများမှာနော် …” လုပေချိန်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ ခင်များအတွက် လုပ်ရခဲယဉ်းနေရင် ကျုပ်နဲ့ လွှဲထားလိုက် …” လင်းကျင်ကျန့်က နောက်ထပ် ဆေးလိပ်တစ်လိပ်ကို တိတ်တဆိတ် မီးညှိလိုက်ပြီး “ ကျုပ်သူ့ကို အရှေ့အလယ်ပိုင်းမှာ လေယာဉ်ဆင်းဖို့ တစ်နေရာ ရှာပေးနိုင်တယ် … တစ်ခုတည်းသော ပြဿနာက သူနဲ့ ဆက်သွယ်ချိတ်ဆက်ဖို့ပဲ ….”

“ သူ တကယ်ပဲ အဲ့လိုလုပ်ဖို့ စီစဉ်နေမယ်လို့ မင်းထင်တယ်ပေါ့ …” လုပေချိန်က လက်ဖက်ရည်ကို တစ်ကျိုက်သောက်ရင်း ရယ်ချင်သွားခဲ့သည်။

“ သူ့အတွေးတွေကို ခန့်မှန်းဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ … သူ့စိတ်ထဲမှာ လုံးဝ ကွဲပြားခြားနားတဲ့ နောက်အစီအစဉ်တစ်ခု ရှိနေတာလည်း ဖြစ်နိုင်တာပဲလေ …”

“ ကျုပ်ကတော့ မထင်ဘူး … ဒီနည်းလမ်းတစ်ခုတည်းက လက်ရှိမှာ တစ်ခုတည်းသော ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းပဲ …” လင်းကျင်ကျန့် ပခုံးတွန့်ပြလိုက်ပြီး “ ဒါပေါ့ … တကယ်လို့ သူ့ဘက်က ပိုကောင်းတဲ့ ဖြေရှင်းနည်းလမ်းရှိလာမယ်ဆိုလည်း ပိုအဆင်ပြေတာပေါ့ …”

လုပေချိန်က နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး အနီးနားဝန်းကျင်တွင် ဆေးလိပ်မီးခိုးငွေ့တို့က ထူထဲစွာ ရစ်သိုင်းလာသည်။

“ မင်းပြောတာလည်း မှန်ပါတယ် … လောလောဆယ် ဒီအတိုင်း စီစဉ်ထားကြတာပေါ့ … ငါတို့ ဆက်သွယ်နိုင်တာနဲ့ သူ့ကို ဒီအစီအစဉ်အကြောင်း ရှင်းပြလိုက်မယ် …”

“ အကြံကောင်းပဲ …”

နှစ်ဦးသား စကားကောင်းနေစဉ်မှာပဲ စစ်စိမ်းရောင် ဂျစ်ကားသုံးစင်းက သူတို့ဘေးနား ထိုးရပ်လာခဲ့၏။

ခေတ္တကြာပြီးနောက် လျိုဟုန်နှင့် နင်ချဲ့တို့က ယာဉ်ပေါ်မှ ဆင်းလာခဲ့ကြသည်။

လင်းကျင်ကျန့် ရှိနေတာကို မြင်တော့ နှစ်ဦးလုံး သိသိသာသာ အံ့အားသင့်သွားခဲ့ကြလေသည်။

၎င်းထံမှ မသိမသာ ထုတ်လွှတ်နေသည့် ဖိအားများက သူတို့နှစ်ဦးလုံးကို မသက်မသာ ဖြစ်နေစေတော့၏။

လင်းကျင်ကျန့်က သူတို့နှစ်ယောက်ရောက်လာသည်ကို အသိအမှတ်ပြုသည့်အနေဖြင့် အသာခေါင်းညိတ်ပြလိုက်သည်။

နှစ်ဦးလုံး တုံ့ပြန် ခေါင်းညိတ်ပြလိုက်ကြပြီး လျိုဟုန်က “ အကြီးအကဲလု … ကျုပ်တို့ လင်းရီဆီက သတင်းရပါပြီ …”

“ သူ ဘာပြောလဲ …” လုပေချိန် သူ့ခွက်ကို အောက်သို့ အလျင်အမြန်ချပြီး‌ ဂရုတစိုက် အနေအထားဖြင့် ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းညွှတ်လာခဲ့သည်။

လင်းကျင်ကျန့်သည်ပင် လျိုဟုန်ထံသို့ အာရုံစူးစိုက်သွားခဲ့ပြီး လင်းရီ၏ အခြေအနေအကြောင်း သိချင်စိတ် ပြင်းပြနေသည်။

“ သူ့အစီအစဉ်က နည်းနည်းတော့ ရူးသွပ်ချင်စရာပါပဲ …” လျိုဟုန် မယုံကြည်နိုင်သည့်အမူအရာဖြင့် ရယ်ကျဲကျဲ ပြောဆိုလိုက်ပြီး “ အီးမေးလ်ထဲမှာ သူပြောထားတာက F15 ဖိုက်တာဂျက်ကို သိမ်းပိုက်ဖို့ ကြံရွယ်ထားတယ်လို့ ပြောလာတယ် ….”

မျက်လုံးနှစ်စုံမှာ အကြည့်ချင်း ဖလှယ်မိလိုက်ကြပြီး … ထို့နောက် ကျယ်လောင်စွာ ရယ်မောသွားခဲ့ကြသည်။

“ မင်းမြင်လား … ငါပြောပါတယ် … ငါ သိနေတယ်လေ ….”

လုပေချိန်မှာ အားပါးတရ ရယ်မောနေပြီး မျက်နှာထက်ရှိ အရေးအကြောင်းတို့မှာ ရယ်မောနေသည့် မျက်နှာအမူအရာကြောင့် ပို၍ပင် ရှုံ့တွသွားခဲ့တော့၏။

လျိုဟုန်နှင့် နင်ချဲ့တို့မှာ တစ်ယောက်ကိုယ်တစ်ယောက် အံ့အားသင့်စွာ အကြည့်ဖလှယ်မိသွားခဲ့ကြပြီး လျိုဟုန်က အလိုက်သင့်လေး မေးမြန်းလိုက်သည်။

“ အကြီးအကဲလုက ဒီလို ဖြစ်လာမယ်ဆိုတာ ခန့်မှန်းထားပြီးသားလား ….”

လုပေချိန်က ရယ်ရင်းတန်းလန်း ခေါင်းညိတ်လိုက်သည်။

နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြ၏။ လင်းရီ၏ ရှေ့ဆက်တွဲ အစီအစဉ်ကို ခန့်မှန်းမိလိမ့်မည်လို့ သူတို့တွေ မျှော်လင့်မထားခဲ့ပါချေ။ လင်းရီ၏ အတွေးများက ခန့်မှန်းရလွယ်ကူသည့် အရာမဟုတ်ပေ။

သို့သော် ပြန်စဉ်းစားကြည့်လိုက်ပြန်တော့လည်း … နှစ်ဦး၏ အစွမ်းအစဖြင့် ထိုသို့ ကောက်ချက်ချနိုင်သည်ကလည်း အတော်လေး ဖြစ်နိုင်ပါသည်။

“ အကြီးအကဲတို့က ခန့်မှန်းထားနိုင်ပြီးသားဆိုတော့ ကျုပ် လိုရင်းပဲ ပြောတော့မယ် … “ လျိုဟုန် ပြောဆိုလိုက်ပြီး “ လင်းရီက သူ F15 ကို မောင်းလာတဲ့အချိန် ကျုပ်တို့ရဲ့ လေကြောင်းကာကွယ်ရေးတပ်တွေကို ကြားဖြတ်စေချင်နေပါတယ် …”

All Chapters