အခန်း ၂၅၀၉
Vol. 179 Ch. 2509
အခန်း (၂၅၀၉)
ပေါ်ထွက်လာသော အစီအစဉ်
“ နေဦး … ခဏလေး ….”
လုပေချိန်က လျိုဟုန်ကို စကားဖြတ်ပြောလိုက်ပြီး “ လင်းရီ ပြောတာ သူကိုယ်တိုင် ဒီကို ပျံသန်းလာမယ်ဆိုပြီလား ….”
“ ဟုတ်ကဲ့ …” လျိုဟုန် ခေါင်းညိတ်ပြီး အတည်ပြုပေးလိုက်သည်။
“ ဘာလို့ဆို အတွင်းမှာ ထိုင်နေတဲ့လူက လင်းရီလား … ဒါမှမဟုတ် ဂျပန်ကာကွယ်ရေးတပ်က တစ်စုံတစ်ယောက်လားဆိုတာကို မသိနိုင်ဘူးလေ … ဒီနည်းလမ်းနဲ့ သူတို့ဘက်က အရင်ရန်စတဲ့ သဘောမျိုး သက်ရောက်အောင် ထင်ယောင်ထင်မှား ဖန်တီးလို့ရတယ် … နောက်ပိုင်းကျရင် သူတို့အပေါ် ဆန့်ကျင်ပြီး နိုင်ငံရေးအရ အသာစီးယူလို့တောင် ရတယ် ….”
လုပေချိန်နှင့် လင်းကျင်ကျန်တို့နှစ်ဦးလုံး ကြက်သေသေသွားခဲ့ကြသည်။
ဤအစီအစဉ်က လုံးဝ ဩချရလောက်အောင် ကောင်းမွန်နေလေသည်။
သူတို့တွေက ပထမအလွှာပါးလေးကို ခန့်မှန်းနိုင်ခဲ့သော်လည်း ဒုတိယတစ်ခုကိုတော့ မခန့်မှန်းနိုင်ခဲ့ပေ။
“ အဲ့ကောင်စုတ်လေးရဲ့ ဦးနှောက်က ဘာကြောင့် ဒီလောက်တောင် ထက်မြက်နေပါလိမ့် … ငါတောင် မစဉ်းစားမိဘူး ….” လုပေချိန်က ရယ်မောရင်း ခေါင်းခါယမ်းလိုက်သည်။
“ ကျုပ်သွေးပါတာကြောင့်လေ …”
လုပေချိန် လင်းကျင်ကျန့်ကို မျက်လုံးလှန်လိုက်ပြီး လျိုဟုန်ကို ကြည့်လိုက်၏။
“ ဒီကိစ္စအပြင် သူတခြား ဘာပြောလာသေးလဲ ….”
“ မရှိတော့ပါဘူး … ကျုပ် အီးမေးလ်တွေ ပို့ကြည့်ပေမယ့် ဘာပြန်စာမှတော့ ရောက်မလာဘူး … ဆစ်ဂနယ်တွေ ပိတ်ခံလိုက်ရပြန်ပြီနဲ့တူတယ် ….”
“ ငါ ဒီကိစ္စ စီစဉ်လိုက်မယ် … မင်းတို့နှစ်ယောက်က လင်းရီ ဘက်ခြမ်းကို သေချာစောင့်ကြည့်ထား … သတင်းရတာနဲ့ ချက်ချင်း အကြောင်းကြား ….”
“ ဟုတ်ကဲ့ ….”
နှစ်ဦးက အလေးပြုပြီး ဂျစ်ကားထဲသို့ ဝင်ကာ ထွက်ခွာသွားခဲ့ကြသည်။
“ ကောင်စုတ်လေးကတော့ ကျုပ်ကို အရင်နေ့ရက်ဟောင်းတွေအကြောင်း သတိရအောင် လုပ်နေတော့တာပဲ ….” လင်းကျင်ကျန့် ပြုံးရွှင်လို့နေသည်။
“ F15 ဖိုက်တာဂျက်နဲ့ ပြန်လာခဲ့မယ်ဆိုပဲ ….. သတ္တိတော်တော်ကောင်းတဲ့ကောင် ….”
“ အဲ့တာကြောင့် သူ မက်ဆေ့ချ် ပို့လာခဲ့တာပဲလေ …” လင်းကျင်ကျန့် ရေနွေးကြမ်း တစ်ကျိုက် သောက်လိုက်ပြီး “ ကျုပ် အထင် ဒီသတင်းက သူ့ကို လုံခြုံရေး အရ ကာကွယ်ပေးခိုင်းချင်တာကြောင့် မဟုတ်ဘဲ နောက်ကလိုက်လာမယ့် ရန်သူတွေကို ကြားဖြတ်ပေးရင်း သူ ပြန်ဆုတ်လာမယ့် လမ်းကြောင်းအတွက် ထောက်ပံ့ပေးစေချင်လို့ ဖြစ်မယ် …”
“ ငါလည်း အဲ့လောက်တော့ နားလည်ပါတယ် … သူ ပျံသန်းလာပြီဆိုတာနဲ့ အနောက်က လိုက်လာမယ့်လူတွေ ပါလာမှာ ကျိန်းသေပေါက်ပဲ ….” လုပေချိန်က ခွက်ကို ပေါ့ပါးစွာ မွေ့လိုက်ရင်း “ စိတ်ဝင်စားဖို့တော့ ကောင်းလာနေပြီ ဟားဟား … ငါ့သွေးတွေတောင် ဆူပွက်လာသလိုပဲ …”
“ အမှန်ပဲ … ကျုပ်တောင် ဒီလိုမျိုး မခံစားရတာ နှစ်တွေ အတော်ကြာနေပြီ ….” လင်းကျင်ကျန့် မတ်တပ်ထရပ်ပြီး ပျင်းရိစွာ အညောင်းဆန့်လိုက်သည်။ “ နောက်ဆက်တွဲ ကိစ္စတွေ အတွက် ကျုပ်အကူအညီကို မလိုတော့ဘူးလို့ ထင်တယ် … ကျုပ် ပြန်တော့မယ်….”
လုပေချိန် ခေါင်းညိတ်လိုက်၏။ လင်းကျင်ကျန့်လည်း လှည့်ထွက် ထွက်ခွာသွားလေသည်။
“ မင်း အသက် ငါးဆယ့်ငါး ရှိပြီ မဟုတ်လား ….”
လင်းကျင်ကျန့်၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး အပြင်ဘက်တွင် လှုပ်ခတ်နေသည့် သစ်ရွက်များကို ကြည့်ရင်း မြေပြင်ပေါ်သို့ သူ၏ ပုံရိပ်က အရိပ်ကျရောက်နေသည်။
“ ဟွာရှ လပြက္ခဒိန်နဲ့ဆို ငါးဆယ့်ခြောက်ဖြစ်မှာ ….”
“ အဘိုးတောင် ဖြစ်လာတော့မယ် … မင်း အနားယူဖို့ မစဉ်းစားသေးဘူးလား ….”
“ စဉ်းစားဖူးတယ် … ဒါပေမယ့် အဖြေမထွက်ဘူး … ဒါကြောင့် မစဉ်းစားတော့ဘူး …”
“ အနားယူဖို့ မစဉ်းစားတော့ဘူးပေါ့ … မင်းရဲ့ အရွယ်က ငယ်တော့တာ မဟုတ်ဘူးနော် ….”
“ အနားယူဖို့ဆိုတာ မဖြစ်နိုင်ဘူး ….”
“ လင်းရီလည်း ကြီးပြင်းလာပြီ … မင်းနေရာကိုတောင် တစ်ဖြည်းဖြည်း အစားထိုးဝင်လာနိုင်တော့မယ် ….”
“ ဟားဟားဟား ….”
ထိုစကားကြားတော့ လင်းကျင်ကျန့်က ယုံကြည်ချက် အပြည့်ဖြင့် အားပါးတရ အော်ရယ်လိုက်ပြီး မောက်မာစွာဖြင့် “ ကျုပ်က ကျုပ်သားအတွက် ဖယ်ပေးရမယ် ဟုတ်လား … ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး … ကျုပ်ညီကိုတွေကို ဦးဆောင်ပြီး တိလိရာ့ကျွန်းကို သိမ်းပိုက်ရဦးမှာ ….”
လင်းကျင်ကျန့် ထွက်ခွာသွားခဲ့ပြီး လုပေချိန်က ထွက်ခွာသွားသည့် သူ့နောက်ကျောပုံရိပ်ကို ငေးမောကြည့်နေခဲ့သည်။
နောက်ဆုံးတွင်တော့ သူ ခါးသက်စွာ ရယ်မောရုံမျှသာ တတ်နိုင်လေသည်။
စီးကရက်တိုကို ခြေထောက်ဖြင့် နင်းချေရင်း လုပေချိန် ဖုန်းထုတ်ပြီး နံပါတ်စိမ်းတစ်ခုကို နှိပ်လိုက်၏။
“ အကြီးအကဲလု ….”
အခြားတစ်ဖက်ရှိ အသံပိုင်ရှင်၏ လေသံမှာ တည်ကြည်နေပြီး ယုံကြည်ချက် အပြည့်ရှိနေသည်။
တစ်နည်းအားဖြင့် မှီခိုအားထား၍ ရနိုင်သည်ဟူသော ခံစားချက်တို့ ခံစားနေရစေသည်။
“ မင်းဘက်ခြမ်းမှာ အခြေအနေ ဘယ်လိုရှိလဲ ….”
“ အားလုံး ပုံမှန်ပါပဲ … ခေါင်းဆောင်လင်းဆီက ဘာသတင်းမှ မရတာကလွဲလို့ပေါ့ ….”
“ တစ်လောကလုံးတောင် သူ့ကို မရှာနိုင်တာ မင်း ရှာမတွေ့သေးတာ မဆန်းပါဘူး … မင်းအပြစ်တော့လည်း မဟုတ်ပါဘူး ….” လုပေချိန်က ရယ်မောပြောဆိုလိုက်ပြီး “ ငါ ခဏနေကျရင် မင်းကို လိပ်စာတစ်ခု ပို့ပေးလိုက်မယ် …. သူ့ နောင် လှုပ်ရှားမှုတွေက အဲ့ဒီ ဧရိယာတစ်ဝိုက်နားမှာ ဖြစ်လိမ့်မယ် … သေချာ စောင့်ကြည့်ထား … မင်းသူ့ကို တွေ့ရင် တွေ့ရလိမ့်မယ်….”
“ နားလည်ပါပြီ ….”
****
လင်းကျင်ကျန့်က လုပေချိန်၏ ခြံဝန်းထဲကနေ သက်တောင့်သက်သာ အမူအရာဖြင့် အပြင်သို့ ထွက်လာသည်။
သူ အပြင်သို့ ခြေလှမ်းချလိုက်သည်နှင့် အနက်ရောင် ဟွန်ဒါတစ်စင်းက ဖြည်းညင်းစွာ မောင်းနှင်လာခဲ့၏။
လင်းကျင်ကျန့် ကားတံခါးဖွင့်ပြီး အနောက်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ရှေ့ခန်းတွင် စုန့်ကျင်းမင်နှင့် Ace of spades တို့ ရှိနေသည်။
“ ဘာတွေများ ဖြစ်လာခဲ့တာ ခေါင်းဆောင်ကြီး … မျက်နှာက ပြုံးလို့ ရွှင်လို့ပါလား ….” Ace of Spades က မေးမြန်းလိုက်၏။
“ သားကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတော့ အဖေဖြစ်တဲ့ငါက ဂုဏ်ယူမိတာပေါ့ကွ ဟားဟားဟား ….”
ထိုအချိန်အခိုက်အတန့်၌ လင်းကျင်ကျန့်သည် သူ၏ ဝမ်းသာအားရမှုကို ဖုံးကွယ်မထားဘဲ နာမည်ကြီး တက္ကသိုလ်သို့ တက်ရောက်ခွင့်ရသည့် ကလေးတစ်ဦး၏ ဖခင်တစ်ယောက်နှယ် ဂုဏ်ယူဝမ်းမြောက်လို့နေသည်။
“ အဲ့ကောင် ဘယ်လို မိုက်ရူးရဲဆန်တဲ့ အိုင်ဒီယာမျိုးတွေ ထုတ်လာပြန်လို့တုန်း ….” စုန့်ကျင်းမင်က ပါးစပ်တွင် စီးကရက်ကိုက်ရင်း မေးလိုက်၏။ ထို့နောက် ကားအင်ဂျင်ကို စက်နှိုးလိုက်သည်။
“ F15 ယာဉ်ကို ခိုးမောင်းပြီး ပြန်လာမယ်တဲ့ … တော်တော်လေး ရူးတဲ့ အကြံဉာဏ်ပဲ ဟုတ်တယ်မလား ….”
“ ဘယ်လို …”
နှစ်ဦးလုံး ကြက်သေသေသွားခဲ့ကြပြီး ခေတ္တမျှကြာအောင် မပြောနိုင်၊ မဆိုနိုင် ဖြစ်သွားခဲ့ကြသည်။
“ ဟေ့ကောင် ဟေ့ကောင် … မင်း စီးကရက် ပေါင်ပေါ်ကျနေပြီကွ …” Ace of Spades က လှမ်းအော်လိုက်၏။
“ သောက်ပဲ …”
စုန့်ကျင်းမင်က ပေါင်ပေါ် ကျနေသည့် ဆေးလိပ်တိုကို ပြတင်းပေါက်အပြင်သို့ လွင့်ပစ်လိုက်ပြီး ပေါင်ပေါ်ရှိ ပြာများအား လက်ဖြင့် ကမန်းကတမ်း ဖယ်သပ်လိုက်၏။
“ ဒီလို အကြံမျိုး စဉ်းစားရဲတာ တော်တော် သတ္တိကောင်းတဲ့ကောင်ပဲ ….” စုန့်ကျင်းမင် ခေါင်းခါယမ်းလိုက်သည်။
“ အန္တရာယ် အများဆုံး နေရာက အလုံခြုံဆုံး နေရာလည်း ဟုတ်တယ် ….” လင်းကျင်ကျန့် ပြောပြလိုက်ပြီး “ အများပြည်သူ ခရီးသွားနိုင်တဲ့ လမ်းကြောင်းတွေ၊ ကာဂိုယာဉ်တွေကို လော့ဒေါင်းအကုန်ချထားတဲ့အပြင် ဂျပန်က ကုန်းမြေ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာနလည်း မရှိဘူး … သူ့မှာ ဒီနည်းလမ်းကလွဲလို့ တစ်ခြား ရွေးချယ်စရာ မရှိဘူး …”
“ ငါတောင် သူ့ကို လေးစားစပြုလာပြီ …” Ace of spades လည်း ရယ်ပြီး ပြောလိုက်၏။
“ ဘယ်တတ်နိုင်မှာ … ငါ့သွေးပါနေတာကိုး ….”
လင်းကျင်ကျန့်က ဂုဏ်ယူစွာ ပြောလိုက်သည်။
အရင်နှစ်သုံးဆယ်က ဖခင်ဖြစ်သူသည် သားဖြစ်သူကို မျှော်လင့်ထားခဲ့ပြီး နှစ်သုံးဆယ်ကြာပြီးနောက် သားဖြစ်သူက ဖခင်ဖြစ်သူကို ဂုဏ်ယူစေခဲ့သည်။
လင်းကျင်ကျန့်က ကမ္ဘာတစ်လွှားတွင် လွှမ်းမိုးမှု ရှိသူ တစ်ဦး ဖြစ်စေဦးတော့ လင်းရီ၏ အောင်မြင်မှုများက သူ့ကို ဂုဏ်ယူဝံ့ကြွားစေစမြဲပင်။
“ ငါ သူ့ကို ဒီအကြောင်း ပြောပြရမယ် ဟားဟား ….”
သို့နှင့် လင်းကျင်ကျန့်သည် ချင်ရင်ယွဲ့ထံ ဖုန်းထုတ်၍ အကြောင်းစုံကို ပြန်လည် ဝေမျှလိုက်သည်။
“ ရင်ယွဲ့ … မင်းပြောစမ်း … ငါတို့ လင်းမိသားစုရဲ့ မျိုးရိုးဗီဇက အံ့ဩဖို့ကောင်းတယ်မလားကွ …. ငါ့လိုပဲလေ ဟုတ်တယ်နော် … အံ့ဩဖို့ကောင်းတယ်ဟုတ် ဟားဟားဟား ….”
ဖုန်းတစ်ဖက်ခြမ်းရှိ ချင်ရင်ယွဲ့က အေးစက်စက်လေသံဖြင့်
“ အံ့ဩဖို့ကောင်းတာတွေ မကောင်းတာတွေ ကျွန်မ မသိဘူး … ကျွန်မသား အန္တရာယ်လေး နည်းနည်းလောက်နဲ့ပဲ ရင်ဆိုင်ရရင်တောင် ရှင်လွယ်မယ်မထင်နဲ့ …”
လင်းကျင်ကျန့် “ …..”
****
ဂျပန်။
လင်းရီသည် ကားကို လူပြတ်လပ်သည့် လမ်းဘေးတစ်နေရာတွင် ထိုးရပ်ထားလိုက်သည်။
လျိုဟုန်ထံသို့ မက်ဆေ့ချ်ပို့ပြီးနောက် သူ့အစီအစဉ်များကို နောက်တစ်ကြိမ် ပြန်လည် စီစစ်နေသည်။
အခွင့်အရေးရှိသော်လည်းပဲ ကံတရားအပေါ် မှီခိုရမည့် အပိုင်းတွေ များလွန်းနေတာကြောင့် သူ့မှာ ယုံကြည်ချက်တော့ ကင်းမဲ့နေရသည်။
“ လူကြီးမင်းလင်း … ကျွန်မတို့ အခု ဘယ်ကို ဆက်ဦးတည်ကြမှာလဲ …” အာယာနဲ မစ်ဆူက မေးလာသည်။
“ ပုန်းရမှာက ပုန်းရမှာ ဆိုပေမယ့် အရင်ဆုံး နေရာတစ်ဝိုက်ကို စူးစမ်းကြည့်ဖို့ လိုသေးတယ် ….”
“ နေရာတစ်ဝိုက်ကို စူးစမ်းကြည့်မယ် ဟုတ်လား ….” အာယာနဲ မစ်ဆူက လင်းရီ၏ ဆိုလိုရင်းကို နားမလည်နိုင်ဘဲ ဖြစ်နေသည်။
“ စိတ်လှုပ်ရှားဖို့ကောင်းတာတွေ ဖန်တီးဖို့ မင်းကို တစ်နေရာ ခေါ်သွားပေးမယ် ….”
“ ဟင် … စိတ်လှုပ်ရှားဖို့ကောင်းတာ …. ဒါပေမယ့် အခုက … အချိန်ကောင်း မဟုတ်သေးဘူး ထင်တယ်နော် …..”
အာယာနဲ မစ်ဆူမှာ ရုတ်ချည်း မျက်နှာနီမြန်းသွားပြီ “ ဒီကိစ္စတွေ ပြီးသွားတဲ့အထိ စောင့်လို့မရဘူးလား …”
“ မင်းက ဘာတွေ စဉ်းစားနေတာ …”
လင်းရီ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပြီး “ ငါ ပြောတဲ့ စိတ်လှုပ်ရှားဖို့ကောင်းတာဆိုတာက လုံးဝ တခြားတစ်ခုဟ …..”
“ အာ … ဒါဆို ရှင်က ဘယ်လိုစိတ်လှုပ်ရှားစရာမျိုးကို ပြောနေတာ ….”
“ မင်း အရင်က လေယာဉ်တွေတော့ စီးဖူးမှာပေါ့ … ဒါပေမယ့် တိုက်လေယာဉ်ပေါ်မှာတော့ မထိုင်ဖူးဘူးမလား ….”
“ ဟင် … တိုက်လေယာဉ် ဟုတ်လား ….”
“ အင်း … အတိအကျပဲ …” လင်းရီ ပြောလိုက်ပြီး “ ခရီးသည်တင်တဲ့ လေယာဉ်တွေ၊ ကာဂို သင်္ဘောတွေ အကုန် ပိတ်ထားမှတော့ ဒီတစ်ခုတည်း ရွေးချယ်စရာ ကျန်တော့တယ် … F15 က နှစ်ယောက်ထိုင်လေ … ငါတို့လည်း နှစ်ယောက်ဆိုတော့ ကွက်တိပဲ …”
အာယာနဲ မစ်ဆူ၏ အရေပြားတစ်လျှောက် ကြက်သီးမွေးညင်းများ ဖြန်းသွား၏။
ထိုသို့သော ကိစ္စရပ်မျိုးကို အိပ်မက်ထဲပင် ထည့်မမက်ခဲ့ဖူးပေ။
“ အဲ့တာက အရမ်း အန္တရာယ်မများလွန်းဘူးလား ….” အာယာနဲ မစ်ဆူ မေးလိုက်ပြီး “ အကာအကွယ်တွေလည်း အတော်လေး တင်းကြပ်ထားရောပေါ့ ….”
“ တင်းကြပ်တာ မှန်တယ် … ဒါပေမယ့် လုံးဝကြီး မဝင်ရောက်နိုင်တာတော့ မဟုတ်ပါဘူး ….”
ယခု … လင်းရီက စိတ်ဓာတ်ရေးရာ ကစားပွဲကို တစ်ဖန် ပြန်ကစားနေခြင်းပင်။
အကာအကွယ်နှင့် လှည့်ကင်းများက အနှီ ခရီးသည်တင်လေယာဉ်များနှင့် ကာဂို သင်္ဘောများထက် တင်းကြပ်သော်ငြား ထိုနေရာရှိ အစောင့်များက အခြေအနေကို လေးလေးနက်နက် သဘောထားကြလောက်မှာ မဟုတ်ပေ။
သူတို၏ ပေါ့လျော့နေသည့် စိတ်အခြေအနေက သူ့အတွက် လိုအပ်သည့် အဖွင့်လမ်းကြောင်းတစ်ခုကို ဖန်တီးပေးလိမ့်မည်။
အသေးစိတ်ကိုတော့ နေရာရောက်တော့မှသာ ကြည့်ပြီး ဆုံးဖြတ်ရတော့မည်။