အခန်း ၂၅၁၀
Vol. 179 Ch. 2510
အခန်း (၂၅၁၀)
Halke Rangers
“ တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား …” အာယာနဲ မစ်ဆူက စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်၏။
“ ဒီတိုင်း အရမ်း အန္တရာယ်များလွန်းတယ် ထင်မိလိုု့ပါ …. အဲ့လိုနေရာမျိုးကို သွားတာက နည်းနည်းလေး မှားသွားရင်တောင် လူသေသွားနိုင်တယ် … ရှင် အန္တရာယ်ဖြစ်မှာကို ကျွန်မ မမြင်ချင်ဘူး …”
လင်းရီ ပြတင်းပေါက် အပြင်ဘက်သို့ အကြည့်ပို့လိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
“ တခြားနည်းလမ်းတွေ ရှိရင်လည်း ရှိမှာပေါ့ … ဒါပေမယ့် ငါ မတွေးမိသေးဘူး .. ပြီးတော့ အခု … ငါ့မှာ တွေးဖို့လည်း အချိန်မရှိဘူး …. ဒီအခြေအနေထဲက အမြန်ဆုံး ရုန်းထွက်ဖို့လိုတယ် ….”
“ ကျွန်မတို့တွေ ဒီတိုင်းလေးပဲ ဆက်ပုန်းနေလို့ရော အဆင်မပြေနိုင်ဘူးလား ….”
“ မပြေဘူး … ငါတို့ ဆက်ပုန်းနေလို့ မရတော့ဘူး … အာဏာပိုင်တွေဘက်က ရှာဖွေမှုတွေကို ပိုပိုပြီး တင်းကြပ်လာကြတယ် … နိုင်ငံခြားအဖွဲ့အစည်းတွေကလည်း ဒီကို ရောက်လာနေကြပြီး တစ်နိုင်ငံလုံးမှာ ပြန့်ကျဲရောက်ရှိနေကြပြီ …” လင်းရီ သတိထားသည့် လေသံဖြင့် “ သဲလွန်စ နည်းနည်းလေး ရသွားရင်တောင် ငါတို့ လှုပ်ရှားနိုင်မယ့် ဧရိယာကို ကျဉ်းချပစ်လို့ရတယ် … နောက်ထပ် အချိန်ကြာကြာ ထပ်ဆွဲနေဦးမယ်ဆိုရင် ဘာတွေ ဆက်ဖြစ်လာမလဲ ငါလည်း အာမ မခံနိုင်ဘူး ….”
လင်းရီ၏ လေးနက်တင်းမာနေသည့် မျက်နှာအမူအရာကို ကြည့်ရင်း အာယာနဲ မစ်ဆူသည် ဤကိစ္စက သူမ စိတ်ကူးထားသည်ထက် ပိုမိုဆိုးရွားနေကြောင်းကို သတိပြုမိလိုက်၏။
သူမက လင်းရီ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း စိတ်ပိုင်းဖြတ်ထားသည့် လေသံဖြင့် “ သွားကြစို့ … ဘယ်နေရာကိုပဲ ဖြစ်ဖြစ် ရှင်နဲ့သာဆို ကျွန်မ အတူလို်ကမယ် .. သေရမယ်ဆိုရင်တောင် ကျွန်မ မကြောက်ဘူး ….”
ထူးဆန်းသည့် စိတ်ခံစားချက်တစ်ခုက လင်းရီရင်ဘက်ထဲ ပေါက်ဖွားလာသည်။ ဤတစ်သက်သာတွင် သူနှင့်အတူ သေပေးဖို့ ဆန္ဒရှိသည့်လူ တစ်စုံတစ်ယောက် ရှိနေဖို့ မည်မျှပင် ကံကောင်းဖို့ လိုထားလိုက်မည်နည်း။
ဆီတိုင်ကီကို စစ်ကြည့်လိုက်တော့ လေးပုံတစ်ပုံသာလျှင် ကျန်ရစ်တော့သည်ကို မြင်တွေ့လိုက်ရသည်။
လင်းရီ ခေတ္တမျှ တုံ့ဆိုင်းသွား၏။ ဆီတိုင်ကီကို အရင် အပြည့်ဖြည့်ပြီး အာယာနဲ မစ်ဆူအတွက် လိုအပ်သည်များ တစ်ချို့ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ နောက် ဘာဆက်ဖြစ်လာမလဲဆိုတာကို မည်သူမျှ ကြိုမသိနိုင်ပေ။
အကယ်၍ သူတို့သာ လမ်းခုလတ်သာ ဆီဖြတ်သွားမည်ဆိုပါက သူနှင့် အာယာနဲ မစ်ဆူတို့ နှစ်ဦးလုံး သေဖို့ ထိုင်စောင့်နေရုံသာ ရှိတော့မည်။
လင်းရီ ကားစက်နှိုးပြီး စတင်ထွက်ခွာသည်။ နာရီဝက်ခန့် မောင်းနှင်ပြီးနောက် လမ်းတစ်လျှောက် ဓာတ်ဆီဆိုင် သုံးဆိုင်ကို မြင်တွေ့ခဲ့ရသည်။
သို့ပေမယ့်လည်း ဆီဆိုင်တိုင်းတွင် အစောင့်အကြပ်များ ချထားသဖြင့် လင်းရီတို့အတွက် အခွင့်အရေး မရှိခဲ့ပေ။
ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရတော့မှ အာယာနဲ မစ်ဆူသည် လက်ရှိ အခြေအနေက မည်မျှအထိ လေးနက် ပြင်းထန်နေလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း နားလည်သဘောပေါက်လာတော့သည်။
လင်းရီက ထိုသို့ အန္တရာယ်များသည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်မှာလည်း အပြစ်မဆိုသာတော့ပေ။ အကယ်၍ သူတို့သာ အလျင်အမြန် မလှုပ်ရှားဘူးဆိုပါက ကိစ္စရပ်များမှာ ထိန်းချုပ်မရနိုင်တော့သည်အထိ ရောက်ရှိသွားပေလိမ့်မည်။
အခြားရွေးချယ်စရာ မရှိတော့သည်နှင့် လင်းရီလည်း လမ်းအသေးလေးတစ်ခုသို့ မောင်းသွားကာ ပိုသေးပြီး ၊ လူသိနည်းသည့် ဓာတ်ဆီဆိုင်လေး တစ်ခုတွင် ဆီဖြည့်ဖို့ ကြိုးပမ်းလိုက်၏။
မဟုတ်ဘူးဆိုလည်း နည်းလမ်းဟောင်းအတိုင်း အခြားကား တစ်စင်းကို လုယက်ရမှာ ဖြစ်ပြီး ထိုကားထဲ၌ ဆီဘယ်လောက် ကျန်နေသေးလဲဆိုတာကိုလည်း မသိနိုင်ပေ။
ရင်ဆိုင်ကြုံတွေ့နေရသည့် အကျပ်အတည်း ပြဿနာကြောင့် လင်းရီမှာ အချိန်အတော်ကြာသည်ထိအောင် တိတ်ဆိတ်နေလျက် ရှိသည်။
လက်ရှိ အခြေအနေက သူ ထိန်းချုပ်နိုင်သည်ထက်ကို ကျော်လွန်နေပြီ ဖြစ်၏။
“ လူကြီးမင်းလင်း … အနောက်မှာ ကားတစ်စင်း လိုက်လာတယ် …” အာယာနဲ မစ်ဆူက အလန့်တကြား ပြောလိုက်၏။
“ ငါ သတိထားမိတယ် …”
လင်းရီ၏ အမူအရာက အုံ့မှိုင်းနေပြီး သူ့လက်နှစ်ဖက်က စတီယာရင် ဘီးကို ကျစ်နေအောင် ဆုပ်ကိုင်ထားကာ လက်ဖျံကြွက်သားများပေါ်၌ သွေးကြောစိမ်းကြီးများက ပေါက်ကွဲထွက်တော့မည့်အလား တင်းမာဖောင်းကားနေသည်။
သူ၏ ထက်ရှသည့် အလိုလိုသိစိတ်က အနောက်မှ လိုက်လာသည့် ကားသည် သာမန်ကားတစ်စင်းမဟုတ်ကြောင်းကို သတိပေးနေသည်။
ဒုတ် ဒုတ် ဒုတ် …
လင်းရီ၏ နှလုံးခုန်သံတို့ ထိန်းချုပ်မရနိုင်အောင် မြန်ဆန်လာခဲ့သည်။
“ သေနတ်ယူထားလိုက် … ခဏနေ လိုရင်လိုလာလိမ့်မယ် …”
“ ဟုတ်ကဲ့ …”
အာယာနဲ မစ်ဆူက အမျိုးသမီး တစ်ဦး ဆိုသော်လည်း သွေးသံသရဲရဲကိစ္စရပ်များနှင့် စိမ်းသက်နေသူတော့ မဟုတ်ပေ။
ဟွာရှတွင် ရှိစဉ်ကပင် သူမ၏ ဝမ်းကွဲကို သူမ၏ လက်ဖြင့် ကိုယ်တိုင် ကိုယ်ကျ သတ်ခဲ့ဖူး၏။ လက်ရှိ အာယာနဲ မစ်ဆူ၏ နူးညံ့သည့် သွင်ပြင်ကို ကြည့်ပြီး အထင်မမှားစေလိုပေ။
အာယာနဲ မစ်ဆူက ယခင် ရဲအရာရှိ သုံးဦးထံမှ သိမ်းဆည်းရမိသည့် သေနတ်သုံးလက်ကို ထုတ်ယူလိုက်သည်။
အရာအားလုံး အဆင်သင့်ဖြစ်သည်နှင့် အာယာနဲ မစ်ဆူက နောက်မှ လိုက်ပါလာသည့် ကားကို သေချာအာရုံစိုက် စူးစိုက်ကြည့်နေသည်။
“ အခု ပစ်လိုက်ရတော့မလား ….”
“ မဖြစ်မနေမှ မဟုတ်ရင် မပစ်နဲ့ ….” လင်းရီ အသံတိုးတိုးဖြင့် ပြောလိုက်ပြီး “ ဒီဧရိယာတစ်ဝိုက်မှာ အစိုးရ အရာရှိတွေနဲ့ ပြည့်နှက်နေတာ … တကယ်လို့ သေနတ်သံတွေ ထွက်လာရင် လူတွေရောက်လာလိမ့်မယ် … အဲ့ခါကျရင် ထွက်ပြေးဖို့ မလွယ်တော့ဘူး …”
“ နားလည်ပါပြီ ….”
လင်းရီသည် အမှုမထားသည့် အမူအရာဖြင့် ဆက်လက်မောင်းနှင်နေရင်း နောက်ယောင်ခံလိုက်နေသည့် ကားကို ခါချပစ်ခဲ့ဖို့ ကြိုးစားနေလျက် ရှိသည်။
သို့သော် အံ့အားသင့်ဖို့ကောင်းလောက်အောင် နောက်တွင် လိုက်ပါလာသည့် ကားဒရိုင်ဘာ၏ စကေးတို့က ဖြုံချင်စရာကောင်းနေပြီး သူတို့ကားနောက်ကနေ ကော်ကပ်ထားသည့်နှယ် လိုက်ပါလာနေသည်။
အရိပ်လို ကပ်လိုက်နေပြီး လုံးဝ ခါမချပစ်နိုင်ခဲ့ချေ။
လင်းရီ နောက်ထပ် နည်းဗျူဟာတစ်ခုကို စဉ်းစားနေခိုက်မှာပဲ အနောက်မှ လိုက်ပါလာသည့် ကားက အရှိန်တင်လိုက်သည်ကို သတိပြုမိလိုက်သည်။ ကားနှစ်စင်းကြား အကွာအဝေးက ပိုပိုပြီး နီးကပ်သွားခဲ့၏။
ကားနှစ်စင်းကြားရှိ စွမ်းဆောင်ရည် ကွာဟမှုသည်လည်း ထင်ရှားလာသည်။ နောက်မှလိုက်ပါလာသည့်ကားက အလျင်အမြန် ကျော်တက်ပြီး လင်းရီတို့ကားကို ရှေ့မှ ပိတ်ဆို့ဖို့ ကြိုးစား၏။
လင်းရီလည်း ဆက်လက် တင်းခံမနေတော့ဘဲ အရှိန်ကို လျှော့ချပစ်လိုက်သည်။
ဆီကလည်း နည်းနေပြီဖြစ်ရာ ဆက်လက် အချိန်ဆွဲနေမည်ဆိုပါက ကိုယ့်ဒုက္ခကိုယ်ရှာရာ ရောက်သွားပေလိမ့်မည်။ သည်လူတွေကို ရှင်းပစ်ပြီးမှ ရှေ့ဆက်သည်က ပိုပြီးကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။
သို့သော် သူ့အား စိတ်မသက်မသာ ဖြစ်နေစေသည့် အချက်တစ်ချက်လည်း ရှိသေး၏။
ဤလူတွေက ဘယ်သူတွေလဲဆိုတာကို သူ မသိပေ။ သို့သော် အစိုးရအဖွဲ့ဝင်များ မဟုတ်သည်ကတော့ ကျိန်းသေသည်။
ဆယ်မိနစ် ခန့်ကြာပြီးနောက် ကားနှစ်စင်းလုံး ရပ်တန့်သွားခဲ့ကြသည်။
ပတ်ဝန်းကျင်ဧရိယာတစ်ခွင်လုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့ပြီး နားကွဲမတတ် ကျယ်လောင်နေသည့် အသံဟူ၍ လင်းရီ၏ အမောတကော အသက်ရှူနေသည့် အသံသာလျှင် ဖြစ်ပေလိမ့်မည်။
“ လူကြီးမင်းလင်း ….”
“ ငါတို့တော့ ဖော်ထုတ်ခံလိုက်ရပြီနဲ့တူတယ် … မလောသေးနဲ့ … အခြေအနေကို အရင်စောင့်ကြည့်ကြတာပေါ့ …” လင်းရီ ပြောလိုက်သည်။
မိနစ်ဝက်ခန့်ကြာအောင် ကားနှစ်စင်းလုံးရှိ လူများက တစ်ဦးကိုတစ်ဦး အကဲခတ်နေကြပြီး နောက်ဆုံး ရှေ့ကားက အရင်လှုပ်ရှားလာသည်။
လူလေးဦး ထွက်လာခဲ့ကြပြီး လက်ထဲတွင် လက်နက်များလည်း ကိုင်ဆောင်ထားကြသည်။
သုံးဦးက သူတို့ လက်နက်များဖြင့် လင်းရီနှင့် အာယာနဲ မစ်ဆူထံ တိုက်ရိုက် ချိန်ရွယ်ထားကြပြီး အချိန်မရွေး ပစ်ခတ်ဖို့ အဆင်သင့် ဖြစ်နေသည်။
ထွက်ပေါ်လာသည့် လူလေးဦးကို မြင်တော့ လင်းရီ၏ မျက်ခုံးများ ပို၍ တင်းကြပ်သွားခဲ့ရသည်။
ခေါင်ဆောင်မှာ မုတ်ဆိတ်ထူထူ၊ လူကောင်ထွားထွားနှင့် အနောက်တိုင်းသား တစ်ဦး ဖြစ်၏။
ဆီစွန်းထင်းနေသည့် စစ်ဝတ်စုံကို ဝတ်စင်ထားပြီး ကြမ်းကြုတ်သည့် စစ်သားတစ်ဦး၏ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
သို့သော် လင်းရီကို တုန်လှုပ်သွားစေဆုံးကတော့ အမျိုးသား၏ ရင်ဘက်ရှိ တံဆိပ်ပင်။
အလယ်ခေတ် သူရဲကောင်းတံဆိပ်။
အဆိုပါ သင်္ကေတကို လင်းရီ ချက်ချင်းပဲ မှတ်မိလိုက်သည်။
The Halke Rangers
ပိုကာ အဖွဲ့အစည်းအောက် မလျော့တမ်း အင်အားကြီးမားသည့် အဖွဲ့အစည်းကြီး တစ်ခု ဖြစ်၏။
ထိုကဲ့သို့ အဖွဲ့မျိုးက ခြေရာခံလာခဲ့မှာတော့ လင်းရီ သူ့ကိုယ်သူ တွေးတောမိသွားခဲ့၏။
ဖော်ထုတ်ခံလိုက်ရမည်က မလွဲမသွေပင်။
“ ကားပေါ်က ဆင်းစမ်း …”
ရှေ့ရှိ အမျိုးသားက လင်းရီထံသို့ လက်ဝှေ့ယမ်း အော်ဟစ်လိုက်ပြီး အကယ်၍ သူအမိန့်ပေးသည့်အတိုင်း မလိုက်နာပါဘူးဆိုပါက ပစ်ခတ်ဖို့ အဆင်သင့် ဖြစ်နေပုံရသည်။
“ လူကြီးမင်းလင်း … အခု ဘယ်လိုလုပ်ကြမလဲ …”
ယခုလို အရေးကြုံသည့် အခိုက်အတန့်၌ အာယာနဲ မစ်ဆူသည် ထင်မှတ်မထားလောက်အောင် တည်ငြိမ်နေသည်။
စိုးရိမ်ထိတ်လန့်ပြီး ခြေမကိုင်မိ ၊ လက်မကိုင်မိ ဖြစ်နေသည်က လင်းရီအပေါ် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေမှာကို သူမ ကောင်းကောင်း နားလည်နေပုံရသည်။
“ ကားပေါ်က ဆင်းလိုက် …”
စကားပြောလာခဲ့သူက Halke Rangers ၏ စီအဆင့်ကပ္ပတိန် တစ်ဦး ဖြစ်သည့် ဆမ်ဘလိုပင်။
ဆမ်ဘလိုက သူ့သေနတ်ကို ကိုင်ထားပြီး လက်အောက်ငယ်သား သုံးဦးနှင့်အတူ လင်းရီ၏ ကားထံသို့ သတိထားပြီး ချဉ်းကပ်လာခဲ့သည်။
ဤသို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် လင်းရီစိတ်ထဲ မပေါ့ဆနိုင်။ ယခုလို အဆင့်သို့ ရောက်လာသူတိုင်းက ကိုင်တွယ်ရ လွယ်ကူသူများ မဟုတ်ကြပေ။
နှစ်ဦးက ကားပေါ်မှ သတိထားဆင်းလာခဲ့ပြီး လင်းရီ၏ အေးစက်ပြီး တွက်ချက်နေသည့် မျက်လုံးများက လက်နက်ကိုင်ထားပြီး အချိန်မရွေး ပစ်ခတ်ဖို့ အသင့်ဖြစ်နေသည့် လူသုံးဦးထံသို့ စူးစိုက်ကြည့်လိုက်၏။
“ မင်းတို့ကောင်တွေက ဘာလိုချင်တာလဲ ….”
ခေါင်းဆောင် အမျိုးသားက အာယာနဲ မစ်ဆူကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ပြီး “ မင်း ဘယ်သူလဲ ငါသိတယ် … မင်းက မစ်ဆူအုပ်စုရဲ့ ဥက္ကဌပဲ ….”
ထို့နောက် သူ့အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့ပြီး “ မင်းကတော့ Ocean Symphony သင်္ဘောကို ပြန်ပေးဆွဲခဲ့တဲ့လူ ဖြစ်ရမယ် ….”
“ ဘာကြောင့် အဲ့လောက် သေချာနိုင်ရတာ ….”
လင်းရီ ပြုံးလျက် ခွန်းတုံ့ပြန်ရင်း တစ်ဖက်၏ အဆိုကို ငြင်းဆန်ခြင်း မပြုခဲ့ပေ။
ဤအခြေအနေသို့တိုင် ရောက်လာပြီးမှတော့ စကားတွေလှည့်ပတ်ပြောနေလို့က အဓိပ္ပာယ်မဲ့သွားပြီ ဖြစ်၏။
ဤနေရာရှိ မည်သူကမျှလည်း ကျီစယ်သည့် စကားလုံးများကို ပြောလို့သည့် စိတ်အခြေအနေတွင် ရှိမနေကြပေ။
“ မစ်ဆူအုပ်စုရဲ့ ဥက္ကဌက မင်းနဲ့အတူ ရှိနေတယ်ဆိုပြီး သတင်းရထားတယ် … ပြီးတော့ မင်းရဲ့ ကားမောင်းစကေးတွေကလည်း တော်တော်မဆိုးဘူးပဲ …”
ဆမ်ဘလိုက မှတ်ချက်ပြုလိုက်ပြီး “ ငါလိုက်နေတာကို သတိထားမိပြီး ဖြတ်ချနိုင်ခါနီး အခြေအနေကို ရောက်ခဲ့တာလည်း အကြိမ်ပေါင်း မနည်းဘူ … သာမန်လူသာဆို အဲ့လို အရည်အချင်းမျိုး ရှိမှာ မဟုတ်ဘူး …”
“ ချီးကျူးပေးလို့ ကျေးဇူးပဲ …”
“ ဒါဆို မင်းက ဝန်ခံတယ်ပေါ့ …” ဆမ်ဘလို တိတ်တဆိတ် ဆိုလိုက်ပြီး “ ငါတို့နဲ့လိုက်ခဲ့ … မခုခံနဲ့ … မင်းမှာ အခွင့်အရေး မရှိဘူး …”
“ ငါ မင်းတို့နဲ့ လိုက်မယ် … ဒါပေမယ့် ငါတစ်ယောက်တည်းပဲ … သူ့ကိုတော့ လွှတ်ပေးရမယ် …”