အခန်း ၂၅၁၁
Vol. 179 Ch. 2511
အခန်း (၂၅၁၁)
ကျဉ်းမြောင်းတဲ့ဂိတ်
“ သူ့ကို လွှတ်ပေးရမယ် …”
ဆမ်ဘလို အေးစက်စက် နှာမှုတ်လိုက်ပြီး “ မင်းလို ဓားစာခံတစ်ယောက်က ငါနဲ့ ညှိနှိုင်းပိုင်ခွင့် မရှိဘူး ….”
“ Halke Rangers တွေက သူတို့ကိုယ်သူတို့ နာမည်တစ်လုံး ရအောင် ဖန်တီးထားနိုင်တဲ့လူတွေမှန်း ငါသိတယ် … ဒါပေမယ့် အဲ့လောက်နဲ့ပဲ တစ်ကမ္ဘာလုံးကို စိုးမိုးလို့ရပြီ ထင်လား …” လင်းရီက ဆမ်ဘလိုကို ကြည့်၍ ပြောလိုက်ပြီး “ ဒါမှမဟုတ် မင်းက နှစ်တစ်ရာကျော် သမိုင်းသက်တမ်းရှိတဲ့ မစ်ဆူအုပ်စုကို ဒီတိုင်း အလှပြသပ်သပ်ပဲလို့ ထင်နေတာလား …”
“ မင်း ကြိုက်သလို ခြိမ်းခြောက် … ငါ ကြောက်ကို မကြောက်တာ …”
လင်းရီ ပခုံးတွန့်လိုက်၏။ “ ဒါဆိုလည်း ရှင်းအောင် ပြောပြလိုက်မယ် .. ငါတို့ထဲ ဘယ်သူပဲသေသေ … Halke Rangers တွေ ဒီလောကကြီးထဲက ပျောက်ကွယ်သွားစေရမယ် …”
“ သေသွားမှာလား ….”
ဆမ်ဘလိုက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး “ အရှင်မြတ်အပေါ် ငါ့ရဲ့ ယုံကြည်မှုက သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ့်ဆိုရင်တောင် ယုံကြည်ချက် အပြည့်ရှိတယ် …”
လင်းရီ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ အနှီ တစ်ယူသန်များက တကယ်ကို သေရမှာ မကြောက်ကြပေ။
“ သမ္မာကျမ်းစာထဲက စာတစ်ပိုဒ်ကို ငါမှတ်မိပါတယ် … ဘုရားသခင်က လူသားတွေကို ကျဉ်းမြောင်းတဲ့ဂိတ်ကနေ ဖြတ်သန်းသွားခိုင်းတယ် … ကျယ်ပြောတဲ့ဂိတ်က ပျက်စီးခြင်းကို ဦးတည်စေတယ် … အဲ့နေရာက နတ်ဆိုးနဲ့ မကောင်းဆိုးဝါးကို မြူးတူးကခုန်တဲ့နေရာ … အဲ့တာနဲ့ ဆန့်ကျင်ဘက် ကျဉ်းမြောင်းတဲ့ဂိတ်ကနေ ဖြတ်သန်းမယ်ဆိုရင် ခရီးသွားက ကိုယ့်တစ်ကိုယ်တည်း ဖြစ်မှာဆိုပေမယ့် ထာဝရအသက်ရှင်ခြင်းဆီ ဦးတည်လိမ့်မယ် …”
လင်းရီ၏ စကားကို ကြားတော့ လေးဦးလုံး မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ကြသည်။ သူတို့၏ ယုံကြည်ချက်တို့ စတင် ယိမ်းယိုင်လာသည်။
သို့သော် မကြာမီမှာပင် မရေရာမှုတို့က ဆမ်ဘလို၏ မျက်နှာထက်မှ ကွယ်ပျောက်သွားခဲ့ပြီး “ ငါတို့ရဲ့ ယုံကြည်မှုကို လှုပ်ခါလို့ရမယ် မထင်နဲ့ …. သေခြင်းတရားစီ လျှောက်လှမ်းရမယ်ဆိုရင်တောင် အဲ့တာ ငါတို့ လိုက်စားတဲ့ လမ်းစဉ်ပဲ….”
လင်းရီ သူတို့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
“ မင်းတို့က ဘုရားသခင်ကို ယုံကြည်တာနဲ့ပဲ ကယ်တင်ခြင်းခံရပြီး ထာဝရအသက်ကို ရမယ်လို့ ယုံကြည်နေကြတယ် … မင်းတို့ရဲ့ နားလည်နိုင်စွမ်းက သိပ်တိမ်ပါးလွန်းနေတယ်လို့ မထင်ဘူးလား …”
“ မင်း ဘာကို ဆိုလိုချင်တာ …” ဆမ်ဘလို တင်းမာသည့် မျက်နှာထားဖြင့် မေးမြန်းလိုက်၏။
“ သေခြင်းနှင့် ရှင်ခြင်းက အပေါ်ယံတွေထက် မပိုဘူး … နောက်ပြီး မင်းတို့ ယုံကြည်လိုက်စားနေတယ်ဆိုတာကလည်း အဲ့ဒီ အပေါ်ယံတွေထက် မပိုဘူး ... ဒါက မင်းတို့ ယုံကြည်ထားတဲ့ အယူဝါဒရဲ့ အဆုံးအမနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ ..” လင်းရီ ဆက်ပြော၏။ “ ငါတို့ဟွာရှမှာ မင်းတို့နဲ့ ကောင်းကောင်းကြီး လိုက်ဖက်ညီတဲ့ ဆိုရိုး တစ်ခုရှိတယ် … မြင်နေသမျှ အရာအားလုံးဟာ ထင်ယောင်ထင်မှားတွေပဲ … မြင်နေတဲ့အရာကို ကျော်လွန်ပြီး ကြည့်နိုင်မှသာ တရားစစ်၊ တရားမှန်ကို ရမယ် … အဲ့ခါမှပဲ ကိုယ်က ဗုဒ္ဓကို မြင်နိုင်လိမ့်မယ်…”
“ တကယ်လို့ မင်းတို့ မြင်နိုင်ထိတွေ့နိုင်တဲ့ အရာတွေက စစ်မှန်တဲ့ အမှန်တရား ၊ ဒါမှမဟုတ် ယုံကြည်နေတဲ့အရာ ဖြစ်လာမယ်ဆိုရင်တော့ သူတို့ကိုယ်သူတို့ ဘုရားသခင်ပါဆိုပြီး သမုတ်နေတဲ့လူတွေကို မျက်ကန်း ယုံကြည်နေတဲ့လူတွေနဲ့ ခြားတော့မှာ မဟုတ်ဘး ….”
ထိုသို့ ပြောဆိုပြီးနောက် လင်းရီ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“ ဒါကို မှတ်ထား …”
“ ဘုရားသခင် ပြောခဲ့တာက …. ကျဉ်းမြောင်းတဲ့ဂိတ်က ဖြတ်သန်းသွားပါ သားတော် …”
( တကယ့်ကောင် လင်းရီ ၊ လက်နက်ကိုင်ထားတဲ့ကောင်တွေကို တရားသွားချနေတယ် )
****
ဆမ်ဘလို သူ့အဖော်များနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ ပထမဆုံးအကြိမ်အဖြစ် သူတို့မျက်လုံးများထဲ၌ တုံ့ဆိုင်းမှုတို့ ဖြစ်ပေါ်လာသည်။
စက္ကန့်အတော်ကြာပြီးသည့်နောက် ဆမ်ဘလို စကားပြောလာခဲ့သည်။
“ ငါတို့ သူ့ကို လွှတ်ပေးလိုက်မယ် …”
“ ဒါပေမယ့် မင်းကတော့ နေခဲ့ရမယ် ….”
လင်းရီ ပခုံးတွန့်လိုက်၏။
“ ပြဿနာမရှိဘူး … ငါလိုချင်တာလည်း အဲ့တာပဲ …”
“ မဟုတ်ဘူး …” အာယာနဲ မစ်ဆူ အော်ဟစ်လိုက်ပြီး “ ကျွန်မ ဘယ်တော့မှ ရှင်နဲ့ မခွဲနိုင်ဘူး ….”
သေခြင်းတရားကို သူမ လက်ခံထားပြီး ဖြစ်၏။ တကယ်ဆို သေရမည်ဆိုလျှင်ပင် လင်းရီနှင့် အတူသေဖို့ကို သူမ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
လင်းရီ သူမကို လှည့်ကြည့်လိုက်ပြီး “ သွားတော့ ….”
“ သူတို့ ငါ့ကို ခေါ်သွားတာနဲ့ ဂျပန်အစိုးရကလည်း မင်းကို ပစ်မှတ်ထားတာတွေ ရုတ်သိမ်းသွားလိမ့်မယ် …”
“ ဒါ အကောင်းဆုံး ရလဒ်ပဲ …”
ဤသည်က သူ လိုချင်သည့် အခြေအနေမျိုး မဟုတ်သော်လည်း လုံးလုံးလျားလျား အကျိုးမဲ့သည်မျိုးလည်း မဟုတ်ပေ။
ယခင်တုန်းက အာယာပိုင်များ အာယာနဲ မစ်ဆူကို ခြိမ်းခြောက်ဖို့ အသုံးချခဲ့သည်မှာ သူ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သောကြောင့် ဖြစ်၏။
အနှီ ခြိမ်းခြောက်မှုကလည်း အလုပ်ဖြစ်ခဲ့သည်။
သို့သော် ယခု … အကယ်၍ Halke Rangers များသာ သူ့ကို ခေါ်ဆောင်သွားမည်ဆိုပါက သူမကို အသုံးချပြီး ဆက်လက် ခြိမ်းခြောက်နေလို့လည်း အသုံးဝင်တော့မှာ မဟုတ်ပေ။
သူမ၏ အင်အားကြီး အဆင့်အတန်းဖြင့် အာဏာပိုင်များကလည်း သူမအပေါ် ခက်ခဲအောင် ပြုလုပ်နေသည်များ ရပ်တန့်သွားမည်မှာ သေချာသလောက် ရှိသည်။
“ ဒါပေမယ့် ….”
“ ဘာ ဒါပေမယ့်မှ မရှိဘူး ….”
“ သွားတော့ …”
ပြောရင်းဖြင့် လင်းရီ သူမကို တိတ်တိတ်လေး မျက်လုံးအချက်ပြလိုက်သည်။
အာယာနဲ မစ်ဆူ ချက်ချင်းနားလည်သဘောပေါက်သွားခဲ့၏။
သူ့တွင် အခြားအစီအစဉ် တစ်ခု ရှိနေရမည်။ အကယ်၍ သူမသာ ဆက်ပြီး ခေါင်းမာနေမည်ဆိုပါက လင်းရီ၏ အစီအစဉ်များကို ဖျက်စီးသလို ဖြစ်သွားပေလိမ့်မည်။
“ ကျွန်မ နားလည်ပါပြီ …”
“ ကျွန်မ သွားမယ် …”
မရေမတွက်နိုင်သည့် စိတ်ခံစားချက်များ ရင်ထဲ လွန်ဆွဲရင်း အာယာနဲ မစ်ဆူ ကားထဲသို့ ပြန်ဝင်သွားခဲ့သည်။
ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည်က မှန်ကန်သည့် ရွေးချယ်မှု တစ်ခုလောဆိုတာကို သူမ မသိ။
သို့ပေမယ့် သူမ တစ်ခုတော့ နားလည်ထားသည်။
အကယ်၍ လင်းရီတွင်သာ အခြား အစီအစဉ်တစ်ခု အမှန်တကယ် ရှိနေမည်ဆိုပါက သူမ ခေါင်းမာမာနှင့် ဆက်ရှိနေခြင်းက လင်းရီ၏ လမ်းတွင် အနှောင့်အယှက် တစ်ခုသာ ဖြစ်လာနိုင်သည်။
ထွက်ပြေးစဉ် ကာလတစ်လျှောက်လုံး သူမက လင်းရီအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်ခဲ့ရ၏။
သူမသာ မရှိခဲ့ဘူးဆိုပါက လင်းရီ ထွက်ပြေးလွတ်မြောက်ပြီးသည်မှာ အစောကြီးကတည်းကပင်။
ထိုသို့ နားလည်နေသည့် အတွက်ကြောင့်လည်း … သူမ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။
ကားအင်ဂျင် စက်သံ ထွက်ပေါ်လာသည်။
သူမ၏ကား အဝေးသို့ တိုးဝင်ပျောက်ကွယ်သွားသည်နှင့် လင်းရီ တိတ်တဆိတ် စိတ်သက်သာရစွာ သက်ပြင်းချလိုက်မိ၏။
အာယာနဲ မစ်ဆူ မရှိတော့သဖြင့် နောက်ဆုံးတော့ သူ စိတ်လွတ်ကိုယ်လွတ် လှုပ်ရှားနိုင်လေပြီ။
နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်လာမလဲ … ဒါမှမဟုတ် သူအသက်ရှင်နိုင်ပါ့မလား ဆိုတာကတော့ …
သူကိုယ်တိုင်လည်း မသိပေ။
အရာအားလုံးက ကံတရားအပေါ်မှာပဲ မူတည်နေသည်။
****
“ ငါတို့နဲ့ လိုက်ခဲ့ …” ဆမ်ဘလို ပြောလိုက်ပြီး “ ပြီးတော့ ဘာလှည့်ကွက်မှ ထုတ်မယ်မကြံနဲ့ …”
လင်းရီ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“ Halke Rangers တွေဆိုတဲ့အတိုင်းပါပဲ … ငါ ဒီလောက် ကိုယ့်ကိုယ်ကို ရုပ်ဖျက်ထားပြီး သတိကြီးကြီးထားခဲ့တာတောင် ငါ့ကို မှတ်မိနေသေးတယ် ….”
“ ခြေရာလက်ရာ မကျန်ဘဲ ပျောက်သွားနိုင်တဲ့လူဆိုတာ ဘယ်သူမှ မရှိဘူး …” ဆမ်ဘလို ခွန်းတုံ့ပြန်လိုက်ပြီး “ တကယ်လို့ ကိုယ်က သေချာလေး သတိထားပြီးကြည့်မယ်ဆိုရင် သဲလွန်စတွေကို အမြဲရှာတွေ့မှာပဲ …”
“ သွားကြတာပေါ့ … ငါ့မှာ ဘာပြောစရာမှ မရှိတော့ဘူး ….”
“ ငါ မင်းလို လူစားမျိုးတွေကို ကြိုက်တယ် … ဒုက္ခလည်း အများကြီး မပေးဘူး….”
ဦးခေါင်းကို သေနတ်သုံးလက် ချိန်ရွယ်ထားခံရသဖြင့် လင်းရီ မည်သည့် ရုတ်ချည်း လှုပ်ရှားမှုကိုမျှ မပြုလုပ်ဝံ့ပေ။ သို့ပေမယ့်လည်း စိတ်ထဲ ကြောက်ရွံ့နေခြင်းတော့ မဖြစ်မိ။
ထိုလူများက သူတို့ လက်ချောင်းများကို ခလုတ်ပေါ် တင်ရုံမျှလေးသာ တင်ထားကြခြင်း ဖြစ်၏။
သူ့ဘက်က မခုခံသဖြင့် ၎င်းတို့ဘက်ကလည်း သူ့ကို သတ်စရာ အကြောင်းမရှိပေ။
အသက်ရှင်နေသည့် လင်းရီက အသက်သေဆုံးနေသည့် လင်းရီထက် အများကြီး ပိုတန်ကြေးရှိသည်ကတော့ ရှင်းပြနေစရာတောင် မလိုပေ။
ဆမ်ဘလို ရှေ့သို့ တက်လှမ်းသွားခဲ့ပြီး ကြိုးတုတ်တုတ် တစ်ချောင်းကို ထုတ်လာခဲ့ကာ လင်းရီ၏ လက်များကို နောက်ပြန် ကြိုးတုပ်ထားလိုက်၏။ ထို့နောက် တင်းကြပ်စွာ တုပ်နှောင်ထားလိုက်သည်။
တင်းတင်းကြပ်ကြပ် စောင့်ကြည့်မှုအောက်မှာပဲ လင်းရီသည် SUV ကားထံသို့ ရောက်ရှိလာသည်။
ဆမ်ဘလိုနှင့် အခြားအမျိုးသားတစ်ဦးက ရှေ့ခန်းသို့ ဝင်ထိုင်ပြီး ဆမ်ဘလိုကပဲ ကားမောင်း၏။
ကျန်နှစ်ယောက်က အနောက်ခုံတွင် လင်းရီကို အလယ်ညှပ်ထိုင်ပြီး လူသားလှောင်အိမ် တစ်လုံးနှယ် ကာရံထားကာ လွတ်မြောက်ဖို့ အခွင့်အရေးကို လုံးဝ မပေးချေ။
ဆမ်ဘလိုက အင်မတန် သတိကြီးသည့်လူပင်။ ကားထဲတွင် လင်းရီ ပါလာသဖြင့် ဝေးလံပြီး လူပြတ်သည့် လမ်းများသို့သာ ရွေးမောင်းနေပြီး မည်သည့်အာရုံစူးစိုက်ဖွယ်ရာကိုမဆို ရှောင်ကြဉ်နေခဲ့သည်။
SUV က ကျေးလက်လမ်းတစ်လျှောက် အချိန်ကြာမြင့်စွာ မောင်းနှင်လို့နေသည်။
ဤဒေသကို လင်းရီလည်း မရင်းနှီးသဖြင့် သူ့အား မည်သည့်နေရာ ခေါ်ဆောင်သွားနေလဲဆိုတာ သူလည်း မသိပေ။
သို့သော် သူ သိသည့် အရာတစ်ခုကတော့ … အကယ်၍ သူသာ Halke Rangers အခြေစိုက် စခန်းသို့ ရောက်ရှိသွားမည်ဆိုပါက ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးမှာ သုည ဖြစ်သွားပေလိမ့်မည်။
ကားမောင်းနေရင်း ဆမ်ဘလိုက လင်းရီကို နောက်ကြည့်မှန်မှတစ်ဆင့် ဆက်တိုက် စောင့်ကြည့်နေသည်။
“ တစ်ခုခု ကြံလို့ ရမယ်မထင်နဲ့ … မင်းက ငါတို့အတွက် အဖိုးတန်တယ်ဆိုပေမယ့် ရုတ်ရုတ်ရုတ် လုပ်ရင်တော့ သတ်ပစ်လိုက်ဖို့ ဝန်လေးမနေဘူး …”
လင်းရီ ကားနောက်ခုံသို့ သာမန်လျှံကာ မှီလိုက်ရင်း “ ငါလည်း ဒီမှာ အေးအေးဆေးဆေး ထိုင်နေရင်း ပူးပေါင်းပေးနေတာပဲလေ … အဲ့လောက်လေးတောင် မယုံကြည်ဘူးလား ..”
“ သတိပေးတာ … မလိုအပ်တဲ့ ဇယားတွေ မရှင်းချင်ဘူး … ငါတို့ နှစ်ဦးနှစ်ဖက်လုံးအတွက်လည်း မကောင်းဘူး …”
“ စိတ်ချထားစမ်းပါ … ငါကလည်း ကိုယ့်အသက်ကိုယ် မနှမြောတဲ့ကောင် မဟုတ်ပါဘူး … ပြီးတော့ ငါ့လက်တွေကို ဒီလောက်တောင် ချည်တုပ်ထားတာ လှုပ်ချင်ရင်တောင် လှုပ်လို့မရဘူး …”
ဆမ်ဘလို ဘာမှ ထပ်ပြောမလာတော့ပေ။ ပြဿနာ ရှိလာမည်လို့လည်း သူမထင်ပေ။
“ ဟေး … ငါ့မှာ စီးပွားရေး အပေးအယူတစ်ခုရှိတယ် … မင်းတို့ စိတ်ဝင်စားလား …” လင်းရီ ပြုံးလျက် မေးလိုက်၏။
“ ဘယ်လို စီးပွားရေးလဲ …”
“ ငါ့အသက်ကို ဝယ်မယ် … ဒေါ်လာ ၁၀ ဘီလီယမ်နဲ့ …. ဒီငွေတွေနဲ့ဆိုရင် မင်းတို့လေးယောက်လုံး တစ်သက်လုံး ထိုင်စားတောင် မကုန်နိုင်ပါဘူး …”
ဒေါ်လာ ဆယ်ဘီလီယမ်ဆိုသည့် ပမာဏကို ကြားတော့ လေးဦးလုံး အမူအရာကိုယ်စီ ဖြစ်သွားခဲ့ကြသည်။
သိသာစွာဖြင့် … ထို ငွေပမာဏက သူတို့ကို တော်တော်ကြီး ဆွဲဆောင်နိုင်နေသည်။
“ မင်းမှာ အဲ့လောက်ငွေတွေ အများကြီး ရှိတာ သေချာလို့လား …”
“ ဒါပေါ့ … ဒေါ်လာ တစ်ဘီလီယမ် အရင်ကြိုပေးထားလို့ရတယ် … ငွေလက်ခံပြီးမှပဲ ဒီ အပေးအယူကို ဆက်လုပ်မလား ၊ မလုပ်ဘူးလား ဆုံးဖြတ်လို့ရတယ် …”