← Chapters

အခန်း ၂၅၁၂

Vol. 179 Ch. 2512

အခန်း ၂၅၁၂

Vol. 179 Ch. 2512

အခန်း (၂၅၁၂)

ငါ နောက်လူတစ်ယောက်ကို စောင့်နေတာ

လေးဦးလုံး တိတ်ဆိတ်သွားခဲ့ကြသည်။ သို့သော် မျက်လုံး သူငယ်အိမ်များကတော့ ကျဉ်းလိုက်ကျုံ့လိုက်နှင့် တစ်စုံတစ်ရာကို အတွေးနက်နေကြ၏။

လက်နက်ကိုင်ထားသည့် သုံးဦးလုံးက ဆမ်ဘလိုထံ ပြိုင်တူ စိုက်ကြည့်လိုက်ကြသည်။

သူက လေးဦးထဲတွင် ခေါင်းဆောင်ဖြစ်ပြီး ယခုလို အခြေအနေမျိုး၌ နောက်ဆုံး ဆုံးဖြတ်ချက်က သူ့အပေါ်မှာပဲ မူတည်နေသည်။

သို့သော် လက်ရှိ အချိန်၌ ဆမ်ဘလို ကိုယ်၌လည်း သူကိုယ်တိုင်က အခက်တွေ့နေမိပြီး မည်သည်က အကောင်းမွန်ဆုံးသော ရွေးချယ်မှုဆိုတာကို ဝေခွဲရ ခက်နေတော့သည်။

အကယ်၍ အတိတ်တစ်ချိန်တုန်းကသာ ဖြစ်ခဲ့မည်ဆိုပါက တုံ့ဆိုင်းခြင်း မရှိ ငြင်းပယ်မိမှာ ဖြစ်ပြီး သူ ယုံကြည်ရာအတိုင်းပဲ ဆက်လက် လျှောက်လှမ်းသွားမှာ ဖြစ်သည်။

သို့သော် လင်းရီ၏ စကားလုံးများကို နားထောင်ပြီးနောက်တွင်တော့ သူ၏ ယုံကြည်ချက်တို့ စတင် ယိမ်းယိုင်လာခဲ့ရ၏။

သူ့အသက်ကို အဖွဲ့အစည်းအတွက် အနစ်နာခံ စတေးလိုက်သည်က မှန်ကန်သည့် အရာလားဆိုတာကို သူ မသေချာတော့။

“ ကိုယ်တိုင်က အသက်ရှင်နေမှပဲ ဘုရားသခင်ဖန်ဆင်းပေးတဲ့ ကျဉ်းမြောင်းတဲ့ ဂိတ်ထဲကို ဖြတ်သန်းသွားနိုင်မှာ … မဟုတ်လို့ကတော့ ငရဲကျပြီး နတ်ဆိုးတွေနဲ့ ကခုန်နေရုံရှိမှာပဲ …”

မိနစ်ဝက်လောက် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဆမ်ဘလိုက နောက်ကြည့်မှန်မှတစ်ဆင့် လင်းရီကို ကြည့်လိုက်ပြီး “ မင်းပြောတဲ့ စကားတွေက အမှန်ပါဆိုတာကို သက်သေပြဖို့ ငါ့အကောင့်ထဲကို ဒေါ်လာ တစ်ဘီလီယမ် အရင်လွှဲလာခဲ့လိုက် …”

ဆမ်ဘလိုက အေးစက်စွာ ကြည့်လိုက်ပြီး “ ဉာဏ်များမယ်တော့ မကြံနဲ့ … မင်း အသက်က ငါတို့ လက်ထဲမှာ …”

“ ပြဿနာ မရှိဘူး … မင်းရဲ့ ဘဏ်အကောင့်နံပါတ်သာ ပေးလိုက် … ငါ့လူတွေကို ငွေလွှဲပေးဖို့ ပြောလိုက်မယ် …”

ဆမ်ဘလိုက ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်သည်။ ထို့နောက် စက္ကူနှင့် ဖောင်တိန်ထုတ်ပြီး သူ့အကောင့်နံပါတ်ကို ချရေးလိုက်၏။

လင်းရီက ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် အမျိုးသားဘက်သို့ လှည့်ပြီး “ ကိုယ့်လူ … နိုင်ငံတကာဖုန်းလေး တစ်ကောလောက် ခေါ်ချင်လို့ အဆင်ပြေမလား …”

“ ဒါပေါ့ …”

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် အမျိုးသားက သူ့ဖုန်းကို ထုတ်လာခဲ့ပြီး လင်းရီညွှန်ကြားသည့်အတိုင်း ဟော်ယွမ်ယွမ်၏ နံပါတ်ကို နှိပ်လိုက်သည်။

“ ဟယ်လို …”

နိုင်ငံခြား ဖုန်းနံပါတ်ဖြစ်သဖြင့် ဟော်ယွမ်ယွမ်က ပြေပြစ်လှသည့် အင်္ဂလိပ်လေသံဖြင့် ဖုန်းဖြေလာသည်။

“ ငါပါ .. လင်းရီ …”

“ သောက်ခွေး … ဒါ ဘယ်သူ့ဖုန်းနဲ့ စကားပြောနေတာလဲ .. ရှင် အခု ဘယ်မှာလဲ … ဘာတွေ ဖြစ်နေတာလဲ …”

“ ကမ်းခြေတစ်ခုမှာ အပန်းဖြေနေတာပါကွာ …. အခု ဖုန်းဆက်လိုက်တာ မင်းကို ခိုင်းစရာလေး ရှိလို့ …”

“ ဘာကိစ္စလဲ …”

“ သေချာနားထောင်ပြီး ချက်ချင်း ချရေးထား … ခဏနေကျရင် ဒီအကောင့်နံပါတ်ထဲကို ဒေါ်လာ တစ်ဘီလီယမ်လောက် လွှဲလာခဲ့လိုက် … လေးတိလေးကန် မလုပ်နဲ့ … ဒါတွေ အကုန်လုံးက အော်ပရေးရှင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ … ကြန့်ကြာနေလို့ မရဘူး .. နားလည်လား …”

“ နားလည်ပြီ … အကောင့်နံပါတ်သာ ပေးခဲ့လိုက် …”

ဟော်ယွမ်ယွမ်၏ လေသံက ရုတ်ချည်း ညင်သာသွားခဲ့သည်။ ထက်မြက်သူ ဖြစ်သည့်အလျောက် တစ်ခုခု လွဲမှားနေသည်ကို အာရုံခံမိနေသည်။

လင်းရီက အလျင်အမြန်ပဲ ဆမ်ဘလို၏ အကောင့်နံပါတ်ကို သူမထံသို့ ပေးလိုက်သည်။

“ တစ်ဘီလီယမ်နဲ့ လောက်ရဲ့လား … ကုမ္ပဏီရဲ့ အကောင့်နဲ့ဆိုရင် ၁.၂ ဘီလီယမ်လောက်ကတော့ ချက်ချင်း ထုတ်လို့ရတယ် … ကျွန်မကို တစ်ရက်သာ အချိန်ပေးမယ်ဆိုရင် ၁၀ ဘီလီယမ်ဆိုရင်တောင် အဆင်ပြေတယ် …. အကုန်လုံးကို ချက်ချင်း ပို့ပေးလိုက်လို့ရတယ် ….”

ဆမ်ဘလိုနှင့် ကျန်သုံးယောက်လုံး စိတ်လှုပ်ရှားကုန်ကြ၏။

တစ်ရက်ထဲမှာတင် ဒေါ်လာ ၁၀ ဘီလီယမ်။

ထိုမျှ များပြားလှသည့် ငွေပမာဏနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရတော့ မည်သူမျှ တည်တည်ငြိမ်ငြိမ် မနေနိုင်ကြတော့ချေ။

လင်းရီ စိတ်ထဲ ကြိတ်ရယ်လိုက်၏။ ဟော်ယွမ်ယွမ်က တကယ့်ကို စကားအလိမ္မာ ရှိသူဖြစ်ပြီး လိမ်ညာသည့် စကားလုံးများကို ထစ်အခြင်း မရှိဘဲ လက်တန်းပြောဆိုနိုင်နေသည်။

သူကိုယ်တိုင်က အလုပ်မလုပ်သည့် သူဌေးတစ်ဦးဆိုသော်လည်း လင်းရီသည် လင်းယွင်အုပ်စု၏ ဘဏ္ဍာရေးအခြေအနေအကြောင်းတော့ နည်းနည်းပါးပါး သိထားသည်။

ကုမ္ပဏီ၏ အကောင့်မှ လက်ငင်း ထုတ်ယူသုံးစွဲနိုင်သည့် ငွေပမာဏက နှစ်ဘီလီယမ်ထက်မပိုပေ။ အကြောင်းမှာ အများစုက လီတိုဂရပ်ဖီစက် ပရောဂျက်ထဲသို့သာ သွန်းလောင်းထားသောကြောင့် ဖြစ်သည်။

သို့တိုင် သူမကတော့ တစ်ရက်အတွင်း လိုချင်ပါက ၁၀ ဘီလီယမ်ဆိုလည်း လွှဲပေးနိုင်သည်ဆိုပင်။ သူမ၏ အရိပ်အကဲ နားလည်မှုကို လင်းရီ လေးစားသွားရ၏။ သူ မသိမသာပေးသည့် သဲလွန်စများကို ချက်ချင်းပဲ ဖမ်းဆုပ်နိုင်နေသည်။

နှစ်ဦးကြား မပြောဘဲ အချင်းချင်း နားလည်မှုကတော့ လူတိုင်းထက်ကို ကျော်လွန်နေပြီ ဖြစ်၏။

“ လောလောဆယ် တစ်ဘီလီယမ်ပဲ အရင်လွှဲခဲ့လိုက် … ဒါပေမယ့် ကျန်တဲ့ ကိုးဘီလီယမ်ကိုပါ အသင့် ပြင်ထားတာ ကောင်းမယ် … နောက်ပိုင်းကျ ငါလွှဲခဲ့ဆို လွှဲလာခဲ့လိုက် …”

“ ပြဿနာ မရှိဘူး … တစ်ခြား ဘာမှာချင်သေးလဲ …”

“ အဲ့ဒါပဲ … ငါ့ကို ထပ်ပြီး ဖုန်းမခေါ်လာနဲ့ … အနားယူနေတာ အနှောင့်အယှက်ဖြစ်တယ် …”

“ အိုကေ …”

ဖုန်းချပြီးနောက် လင်းရီသည် ဆမ်ဘလိုဘက်သို့ လှည့်ကြည့်လိုက်ပြီး “ ငါ့လူတွေက အလုပ်လုပ်တဲ့ နေရာမှာ ထိထိရောက်ရောက် ရှိတယ် … ငွေရောက်ဖို့ ဆယ်မိနစ်တောင် မလိုဘူး … ခဏနေ မင်းရဲ့ အကောင့်ထဲကို တစ်ချက် စစ်ကြည့်လိုက် …”

“ ကောင်းပြီလေ …”

ဆမ်ဘလို၏ လေသံမှာ သိသိသာသာ ညင်သာသွားခဲ့သည်။

စောနတုန်းက စကားဝိုင်းအသွားအလာအရ သူတို့ရှေ့ရှိ လူသည် ကျိကျိတက် ချမ်းသာကြွယ်ဝသူဖြစ်ပြီး သူတို့ စိတ်ကူးယဉ်နိုင်သည်ထက် ကျော်လွန်နေသည့်လူ တစ်ဦးပင်။

ထို့ကြောင့်လည်းပဲ ဒေါ်လာ ဘီလီယမ်နှင့်ချီကို ဘာမဟုတ်သည့်အတိုင်း အကြွေအနုပ်လေးများနှယ် သုံးနှုန်းပြောဆိုနေခြင်း ဖြစ်ပေလိမ့်မည်။

ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့်ကြာတော့ ဆမ်ဘလိုက ဘဏ်ကို ဖုန်းခေါ်ကြည့်လိုက်၏။ သူ့ အကောင့်ထဲရှိ ငွေပမာဏကို သိလိုက်ရတော့ သူ့ မျက်နှာအမူအရာမှာ သိသိသာသာ စိတ်လှုပ်ရှားလာသည်။

“ ပိုက်ဆံ ရောက်လာပြီ …”

ကျန်သုံးယောက်လည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားသွားခဲ့ကြ၏။

“ ခေါင်းဆောင် … ဒီငွေတွေနဲ့ဆို ကျုပ်တို့ တစ်သက်လုံး အေးဆေးဖြစ်ပြီ … အသက်တွေရင်းပြီး ………..”

အာ့ …..

ရုတ်တရက်ဆိုသလို အော်ဟစ်သံတို့က ကားအတွင်း ပြည့်နှက်သွားခဲ့ပြီး …

လင်းရီနံဘေးတွင် ထိုင်နေသည့် လူနှစ်ဦးမှာ မျက်လုံးများ ပြူးကျယ်နေကာ ခန္ဓာကိုယ်ကလည်း နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ယင်နေသည်။

လင်းရီ၏ အက်လွိုင်း စကေဘာနှင့် ကာကွယ်ရေး ဓားမြောင်က သူတို့၏ ကျောရိုးမကြီးထဲသို့ တိတိကျကျ စူးစိုက်နစ်ဝင်နေလျက်ရှိ၏။

တစ်စက္ကန့်အတွင်းမှာပဲ နှစ်ဦးလုံး ဒုက္ခိတတွေ ဖြစ်ကုန်ကြသည်။

ရှေ့ခြမ်းတွင် ထိုင်နေသည့် နှစ်ယောက်မှာ လှုပ်ရှားရန်ပင် အချိန်မမီလိုက်။

ဖုန်းကိုင်ထားသည့်လူက လှုပ်ရှားချင်ပါသော်လည်း ခြေတစ်လှမ်း နှောင့်နှေးသွားခဲ့သည်။

လင်းရီ၏ ကြီးမားသည့် လက်ဖဝါးကြီးက လျှပ်စီးလို အမြန်နှုန်းဖြင့် ရှေ့သို့ ဆန့်တန်းလာခဲ့ပြီး သူ့လည်ပင်းကို ဖမ်းဆုပ်ကာ ဂျောက်ခနဲ အသံမြည်အောင် တစ်ချက်တည်း လိမ်ချိုးပစ်လိုက်၏။

ဆမ်ဘလိုအတွက်ကတော့ … လင်းရီ သူ့ကို ကိုင်တွယ်ဖို့ အချိန်မရလိုက်ပေ။ ကျေးဇူးတင်ချင်စရာ ကောင်းစွာဖြင့် ဆမ်ဘလိုကလည်း သေနတ် မကိုင်ထားဘဲ ဆေးလိပ်သောက်နေသဖြင့် သူ၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေလေသည်။

ယခု .. နှစ်ယောက်လုံးက မတိုးသာ မဆုတ်သာ အခြေအနေသို့ ကျရောက်သွားခဲ့ပြီး တင်းမာသည့် လေထုအခြေအနေနှင့် ရင်ဆိုင်နေရ၏။

ထိုအချိန်ကျတော့မှပဲ ဆမ်ဘလိုသည် လင်းရီက ကြိုးများပင် ဆွဲဖြတ်ထားပြီး သူ့လက်အောက်ငယ်သားနှစ်ဦး၏ နောက်ကျောတွင် ဓားမြောင်များ ထိုးစိုက်နေသည်ကို သတိထားမိသွားခဲ့သည်။ နောက်ဆုံးအချိန်ကျတော့မှပဲ သူဖမ်းလာသည့် အမျိုးသား၏ ကိုယ်ပေါ်တွင် လက်နက်ရှိနေကြောင်းကို သတိပြုမိသွားခဲ့လေသည်။ အမှန်ဆို သူ့ဘက်က ကားပေါ်သို့ မခေါ်တင်မီ လင်းရီ၏ ခန္ဓာကိုယ်အနှံ့ကို စစ်ဆေးသင့်ခဲ့၏။

“ ငါ မင်းကို အထင်သေးခဲ့မိတာပဲ … ဒါပေမယ့် ဒီလောက်လွယ်လွယ်လေး ထွက်ပြေးလို့ရမယ် မထင်နဲ့ …” ဆမ်ဘလို ပြောလိုက်ပြီး မျက်ဝန်းများထဲ သတ်ဖြတ်လိုစိတ်တို့က ဖြာပြီး ထွက်နေသည်။

လင်းရီ ပြုံးလိုက်၏။

“ မင်း သိမလားတော့ မသိဘူး … ငါက ကျုံးဝေ့တပ်ဖွဲ့ စီအဆင့် အသင်းခေါင်းဆောင် … ဒါပေမယ့် ဖရီးမေဆင်ရဲ့ ကွပ်ကဲသူလယ်ဗယ်ကိုတောင် ဖြုတ်ဖူးတယ် … တကယ်လို့ မင်းက အေ-အဆင့် ဆိုရင်တော့ ဒီနေ့ ငါ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်မယ် … မဟုတ်လို့ကတော့ သေသွားရမယ့်လူက မင်းပဲ …”

လင်းရီထံမှ ထုတ်လွှတ်နေသည့် ဖိနှိပ်အားပြင်းသည့် အရှိန်အဝါများကို ခံစားမိတော့ ဆမ်ဘလို၏ မသိစိတ်မှာ ဤလူသည် အင်မတန် အန္တရာယ်များပြီး လိမ်ညာပြီး ပြောနေခြင်း မဟုတ်ကြောင်း ပြောပြနေတော့သည်။

“ မင်းမှာ ငါတို့ကောင်တွေကို သတ်နိုင်တဲ့ အစွမ်းအစရှိတယ်ဆိုလည်း ဘာကြောင့် ပိုက်ဆံ လွှဲနေသေးလဲ …”

“ မိတ်ဆွေဖွဲ့ဖို့ပဲ … ငွေကိုတော့ ငါ ဂရုမစိုက်ပါဘူး …”

“ မိတ်ဆွေတဲ့လား ….”

“ ငါနဲ့ အတူ အလုပ်လုပ်ပါ … အဲ့ဒီ ဒေါ်လာ တစ်ဘီလီယမ်ကို စာချုပ် လက်မှတ်ထိုးတဲ့ ဘောနပ်စပ်အနေနဲ့ ပေးလိုက်မယ် … ဒါ မင်း Halke Rangers ထဲမှာ နေရင် တစ်သက်လုံး အသက်ရင်းပြီး ရှာရင်တောင် ရှာလို့ မရနိုင်မယ့် ငွေပမာဏနော် …”

ဆမ်ဘလို မထီသလိုနှင့် ခပ်ထေ့ထေ့ ရယ်လိုက်၏။

“ မင်းက လူကို စည်းရုံးတာတော့ အတော်လေး တော်သားပဲ …”

“ အတိအကျပဲ …. ငါက မင်းရဲ့ သစ္စာရှိမှုကို ပေါ်တင် ပွင့်ပွင့်လင်းလင်း ဝယ်နေတာ… ငါတို့ အကုန်လုံးက လူဆိုးတွေပဲဟာ အချင်းချင်း ဟန်ဆောင်နေစရာ အကြောင်းမှ မရှိတာ ဟုတ်တယ်မလား …” လင်းရီ ပြောလိုက်သည်။

“ ဒါပေါ့ … မင်း ငြင်းချင်လည်း ရတယ် … ဒါပေမယ့် မှတ်ထားရမှာက … မင်း ငြင်းတာနဲ့ ငါမင်းကို ချက်ချင်း သတ်မယ် …”

“ ဒီမှာ Halke Rangers တွေ အပြင် တစ်ခြား အဖွဲ့အစည်းတွေလည်း ရှိနေကြတယ်… ငါ သဘောတူလိုက်ရင်တောင် အဆုံးကျ သေမှာက သေမှာပဲ …”

ဆမ်ဘလွန် ခွန်းတုံ့ပြန် ပြောဆိုလိုက်၏။

“ အေးဆေးပေါ့ … ငါ ညွှန်ကြားတာတွေ လိုက်နာသရွေ့ ငါတို့နှစ်ယောက်လုံး အသက်ရှင်နိုင်မယ် … မင်းအိတ်ထောင်ထဲရှိတဲ့ ဒေါ်လာ တစ်ဘီလီယမ်နဲ့ဆိုရင် မင်း တစ်သက်လုံး စားဝတ်နေရေး ပူစရာ မလိုတော့ဘူး ….”

ဆမ်ဘလို အတန်ငယ်အတွေးနက်သွားခဲ့၏။

“ ကောင်းပြီလေ … ငါ့ကိုပြော … ငါ ဘာလုပ်ပေးရမလဲ …”

“ ငါ သိထားသလောက်ဆိုရင် Halke Rangers တွေအပြင် မားမွန်း၊ God’s army နဲ့ ဖရီးမေဆင်ကလူတွေလည်း ဒီရောက်နေကြတယ်မဟုတ်လား …”

ဆမ်ဘလို ခေါင်းညိတ်လိုက်၏။

“ သူတို့တင် မကဘူး … Delberg Club ၊ Blood bull Tribe ၊ Black Forest … သူတို့တွေ အကုန်လုံး ဒီရောက်နေကြပြီ …”

အဆိုပါ နာမည်များကို ကြားတော့ လင်းရီ သဘောခွေ့စွာ ရယ်မောမိသွားခဲ့၏။

“ ငါ့နှစ်တွေ တစ်လျှောက်လုံး ဒီလောက် ဒိတ်ဒိတ်ကျဲ အဖွဲ့အစည်းကြီးတွေ မျက်စိကျတာ ခံရမယ်လို့ စိတ်ကူးတောင် မယဉ်ဖူးဘူး … ဂုဏ်ယူရမလားပဲ ….”

“ အဲ့တာကို ရယ်စရာလို့ မင်းက ထင်နေတယ်ပေါ့ …”

ဆမ်ဘလိုက လင်းရီကို နားမလည်နိုင်သလို ကြည့်လိုက်ပြီး “ ငါသာ ဒီလောက် အုပ်စုတွေ အများကြီး အမဲလိုက်တာကို ခံရလို့ကတော့ အခုချက်ချင်း ကိုယ့်ဘာကိုယ် အဆုံးစီရင်မိလောက်တယ် …”

“ ငါတော့ စိတ်ဝင်စားဖို့ကောင်းတယ်လို့ မြင်တယ် … သူတို့တွေ ငါ့ကို တကယ်ပဲ ဖမ်းနိုင်မလား ကြည့်ကြသေးတာပေါ့ ….”

“ အို … မင်းလေသံက တော်တော် ယုံကြည်ချက် ရှိနေတဲ့ပုံပဲ ….”

“ ယုံကြည်ချက် ရှိတာတော့ မဟုတ်ပါဘူး … ဒီတိုင်း လူတစ်ယောက်ကို စောင့်နေတာ …”

“ ဘယ်သူ့ကို …… “

လင်းရီ၏ မျက်ဝန်းများထဲ တိုက်ခိုက်လိုစိတ်တို့ တောက်လောင်လာပြီး “ လူတစ်ယောက် …. သူနဲ့ နောက်တစ်ကြိမ် ထပ်တိုက်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်ချင်တယ် …”

All Chapters