← Chapters

အခန်း ၂၅၁၃

Vol. 179 Ch. 2513

အခန်း ၂၅၁၃

Vol. 179 Ch. 2513

အခန်း (၂၅၁၃)

မင်းရဲ့ ရည်ရွယ်ချက် ဘာလဲ

ဆမ်ဘလို လုံးလုံးလျားလျား နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။

လင်းရီ ဘာတွေ ပြောနေလဲ ဆိုတာကို သူ နားမလည်သလို မည်သူ့ကို စောင့်ဆိုင်းနေတယ်ဆိုတာကိုလည်း သူ မသိပေ။

“ ငါတို့ ရှေ့ဆက် ဘာလုပ်ကြမှာ …”

“ အဲ့ဒီ အဖွဲ့အစည်းတွေ ဘယ်မှာရှိလဲ မင်း သိလား …”

ဆမ်ဘလို၏ အမူအရာ ပြောင်းလဲသွားခဲ့၏။ “ မင်း ဘာတွေ လုပ်ဖို့ စီစဉ်နေတာ … သူတို့အပေါ် လှုပ်ရှားတော့မယ်လို့တော့ မင်း မပြောနဲ့နော် …”

“ ငါ စဉ်းစားထားတာ အဲ့လိုပဲ …”

“ မင်း …. ရူးနေပြီ … ကိုယ့်ဘာကိုယ် သေချင်တယ်ဆိုလည်း တစ်ယောက်တည်းသွားသေ … ငါတော့ မင်းနဲ့အတူ မလိုက်ပေးနိုင်ဘူး ….”

“ စိတ်ကို အေးအေးထားစမ်းပါ … ငါလည်း ကိုယ့်အသက်ကိုယ်တော့ လောင်းကြေးထပ်ပြီး မစွန့်စားပါဘူး …” လင်းရီ ပြောလိုက်ပြီး “ သူတို့ရဲ့ တည်နေရာကို ခြေရာခံပြီး အသေးအမွှား တိုက်ခိုက်မှုလေးတွေလောက်ပဲ လုပ်မှာပါ ….”

“ မင်းရဲ့ တကယ့် ရည်မှန်းချက်က ဘာလဲ … တကယ်လို့ အလုပ်မဖြစ်ရင် မင်း ထွက်ပြေးနိုင်မှာတောင် မဟုတ်ဘူးနော် …”

“ ငါ့ကိုယ်ငါ ထွက်ပြေးချင်တယ်လို့လည်း မပြောဖူးပါဘူး …. ငါက ဒီတိုင်း လှိုင်းကြပ်ခွပ်လေး နည်းနည်းလောက် ဖြစ်ပေါ်လာအောင် ဆော့ကစားချင်ရုံပါပဲ … ဒါပေါ့ … ငါတို့ရဲ့ အထောက်အထားလည်း ပြောင်းဖို့လိုတာပေါ့ … ”

“ အထောက်အထားပြောင်းမယ် ဟုတ်လား ….”

“ မလောနဲ့ … ငါခိုင်းတဲ့အတိုင်းပဲလုပ် …. မင်းလုပ်ဖို့လိုတာက အဲ့ကောင်တွေကို ကူရှာဖွေပေးရုံလေးပဲ ….” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ဒါပေမယ့် အဲ့တာမတိုင်ခင် ရဲအရာရှိ တစ်ချို့ရှာပြီး သူတို့နားက အဝတ်အစားတွေ ငှားဖို့လိုတယ် ….”

***

တစ်ပတ်ကြာပြီးနောက် ။

ဂျပန်တစ်နိုင်ငံလုံး လုံးလုံးလျားလျား ပရမ်းပတာတွေ ဖြစ်နေတော့သည်။

ဒေသအသီးသီးတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေပြီး ကောင်းကင်ယံတွင် မီးရှူးမီးပန်း ပေါက်ကွဲသည့်နှယ် နေရာအနှံ့ ပြဿနာတွေ ဖြစ်ပေါ်လာပြီး အခြေအနေက အတော်လေးကို ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည်။

ရုံးခန်းထဲ၌။

မိုရီမိုတို ဂျူနီချီက သူ့လက်အောက်ငယ်သားများ၏ တင်ပြချက်ကို စိတ်ရှည်လက်ရှည်ဖြင့် နားထောင်နေရင်း နားထင်ကို ဆက်တိုက် နှိပ်နယ်နေလျက် ရှိသည်။

ဂါးလဒ်သည်လည်း သူ့နံဘေးနားတွင် ရှိနေပြီး အလားတူ ခေါင်းကိုက်နေသည်။

“ Halke Rangers တွေဆီက ဘာသတင်းရသေးလဲ ….”

“ လောလောဆယ်တော့ ဘာမှ မရသေးဘူး ….”

လွန်ခဲ့သော တစ်ပတ်ခန့်က အာယာနဲ မစ်ဆူသည် ပြန်လာပြီး သူ့ဘာသူ အဖမ်းခံခဲ့၏။ ပြီးနောက် လင်းရီကို Halke Rangers များက ဖမ်းဆီးခေါ်သွားကြောင်း ပြောဆိုပြီး သက်သေအထောက်အထားများပင် ထုတ်ပြခဲ့သေးသည်။

ထိုအခါမှ သူတို့နှစ်ဦးလည်း လင်းရီကို Halke Rangers များ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယုံကြည်သွားခဲ့ကြတော့၏။

သူတို့အတွက် မယုံကြည်စရာ အကြောင်းလည်း မရှိပေ။ မဟုတ်ပါက အာယာနဲ မစ်ဆူသည် သူ့အလိုလို ပြန်ရောက်လာခဲ့မှာ မဟုတ်ချေ။

သူတို့၏ ယခင် ကြိုးပမ်းအားထုတ်မှုများက တစ်ပါးသူ ကောင်းစားဖို့အတွက် ဖြစ်သွားခဲ့ပြီ ဖြစ်ကြောင်းကို နှစ်ဦးလုံး သိလိုက်သည်။

ယခုအချိန်တွင် လင်းရီကို ဖမ်းမိဖို့က လုံးဝ မဖြစ်နိုင်တော့ချေ။

အကြောင်းမူကား Halke Rangers များက သူတို့တွေ ကျိုးကြောင်းသင့်တင့်ပြီး စကားပြောမရနိုင်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်နေသောကြောင့် ဖြစ်၏။

နောက်ပြီး အာယာနဲ မစ်ဆူထံ၌ အစိုးရ အရာရှိများ၏ အရှုပ်တော်ပုံများနှင့် အရေးကြီးသည့် နည်းပညာ အချက်အလက်များက သူမလက်ထဲတွင် ရှိနေသည်။ ထို့ကြောင့် အစိုးရကလည်း သူမကို မထိဝံ့ပေ။

“ ငါ့အထင်တော့ … အခု ငါတို့ အာရုံစိုက်ရမယ့်အရာက Halke Rangers တွေကို တိုက်ခိုက်ဖို့ပဲ …”

ဂါးလဒ်က သူ့ နဂို အေးတိအေးစက် အမူအရာဖြင့် မိုရီမိုတို ဂျူနီချီ၏ ဦးတည်ရာဘက်ခြမ်းသို့ ကြည့်ရင်း ပြောလိုက်သည်။

သို့သော် မိုရီမိုတိုက မျက်မှောင်တင်းတင်းကြုတ်ပြီး ခေါင်းခါယမ်းလိုက်၏။ အချိန်အတော်ကြာတော့မှ

“ မစ္စတာဂါးလဒ် … ဒီချဉ်းကပ်နည်းလမ်းက အဆင်ပြေမယ်လို့တော့ ငါမထင်ဘူး … ငါတို့ တခြားနည်းလမ်းတွေ စဉ်းစားကြည့်ရမယ် ….”

“ သူတို့က ငါတို့သားကောင်ကို ဖမ်းသွားခဲ့တာကွ … ငါတို့လိုချင်တာကို ရဖို့ သူတို့နဲ့ တိုက်ခိုက်ရမှာကို မင်းက ဘာတွေ ထည့်တွက် စဉ်းစားချင်နေသေးတာ …”

“ Halke Rangers က အင်မတန် အန္တရာယ်များတဲ့ အဖွဲ့အစည်းပဲ … အကျိုးဆက်တွေကို မကြည့်ဘဲ မဆင်မခြင် တိုက်ခိုက်လေ့ရှိတယ် … သူတို့ကို သွားတိုက်ခိုက်ရင် အကျိုးဆက်တွေက ထိန်းချုပ်မရတော့တဲ့အထိ ဆိုးရွားသွားနိုင်တယ် …”

မိုရီမိုတိုက ဂါးလဒ်ကို စူးစိုက်ကြည့်ရင်း တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။

“ တကယ်လို့ မင်းတို့နိုင်ငံအတွင်းမှာ ဒီလို ကိစ္စမျိုး ဖြစ်သွားခဲ့ရင် မင်း အခုလို ဆုံးဖြတ်ချက်မျိုး ချမှာလား မစ္စတာဂါးလဒ် ….”

ဂါးလဒ် ပြန်မဖြေချေ။ ထိုအစား စကားလမ်းကြောင်းလွှဲလိုက်၏။

“ ငါတို့မှာ ရွေးချယ်စရာ မရှိဘူး … တကယ်လို့ Halke Rangers က အရင်လှုပ်ရှားဖို့ ရွေးချယ်ခဲ့ရင် ငါတို့ဘက်က ဒီကစားပွဲကို ဆက်ကစားနိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွားရလိမ့်မယ် …”

“ ဒီကစားပွဲမှာ ဆက်ပြီး ကစားနိုင်မယ့် အခွင့်အရေး ဆုံးရှုံးရမယ် ဆိုရင်တောင်မှ ဒီလိုလောင်းကြေးမျိုးကို ထပ်ဖို့ ငြင်းတယ် …. “ မိုရီမိုတိုက အခိုင်အမာပြောဆိုလိုက်ပြီး “ နိုင်ငံရဲ့ အနာဂတ်ကိုတော့ လုံးဝ လောင်းကြေး မထပ်နိုင်ဘူး …. ပြန်ရလာမယ့် အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေက လုံးဝ မတန်ဘူး ….”

မိုရီမိုတိုက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပြီး ဂါးလဒ်ကို နားချခွင့် မပေးပေ။

ဂါးလဒ် မည်သို့သော လူစားမျိုး ဖြစ်မှန်း သူ ကောင်းကောင်း သိ၏။

အတ္တကြီး။

စက်ဆုပ်ဖို့ကောင်း။

သူ့အကျိုးစီးပွားအတွက်သာလျှင် ဂရုစိုက်ပြီး အခြားသူများ၏ အသက်အိုးအိမ်ကို ထည့်မစဉ်းတတ်သည့် လူစားမျိုးပင်။

ဂါးလဒ်၏ အမူအရာ နက်မှောင်သွားခဲ့ပြီး အေးစက်စက် နှာမှုတ်လိုက်၏။

“ မင်း မကြာခင် စိတ်ပြောင်းနိုင်ဖို့ မျှော်လင့်တယ် … မဟုတ်လို့ကတော့ အကျိုးဆက်တွေက မင်းခေါင်းခံနိုင်မယ့် အရာမဟုတ်ဘူး …”

ခြိမ်းခြောက်ပြီးနောက် ဂါးလဒ်က သူ့လူများနှင့်အတူ ရုံးခန်းအတွင်းမှ ဒေါသတကြီး ထွက်ခွာသွားခဲ့၏။

မိုရီမိုတို ဂျူနီချီက ရုံးခန်းထဲတွင် ထိုင်နေရင်း သူ့အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အုံ့မှိုင်းလို့နေသည်။

မျက်နှာကြွက်သားများပင် ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်နေလျက်ရှိ၏။

ဒေါက် ဒေါက်‌ ဒေါက် …

“ ဝင်ခဲ့ …”

ရုံးခန်းတံခါးခေါက်သံ ထွက်ပေါ်လာပြီး သူ့လက်ထောက်က အပြင်မှ ဝင်ရောက်လာခဲ့၏။

“ မိုရီမိုတိုစံ … ဒီနေ့လည်း နောက် ဒေသနှစ်ခုမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ် … သက်ရောက်မှုက တော်တော်လေးကြီးပါတယ် … အရင်တစ်ပတ်တုန်းက အမှုတွေနဲ့ဆိုရင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်ပေါင်း ၁၆ ကြိမ် ရှိပါပြီ …. ပြည်သူတွေကလည်း အတော်လေး ကြောက်ရွံ့နေကြပြီး ကျွန်တော်တို့ဘက်ကို ရှင်းပြချက်ပေးဖို့ ဖိအားပေးလာနေပါတယ် … ဒီကိစ္စကို အရေးတကြီး ဖြေရှင်းသင့်နေပါပြီ …”

ဘန်း …

မိုရီမိုတိုက ဒေါသတကြီးနှင့် စားပွဲကို လက်သီးဖြင့် ထုနှက်လိုက်ရာ ပစ္စည်းများ ပြုတ်ကျသွား၏။ တစ်ကိုယ်လုံး ပေါက်ကွဲခါနီး မီးတောင်ကြီး တစ်ခုနှယ် ရှူးရှူးရှားရှား ဖြစ်နေသည်။

“ တစ်ယောက်ယောက်က ငါတို့ရဲ့ အထောက်အထားတွေကို အတုလုပ်ပြီး အဲ့ဒီ အဖွဲ့အစည်းတွေနဲ့ ရန်တိုက်ပေးနေတာ ဖြစ်ရမယ် … “

“ အမှန်ပါပဲ .. ဒါပေမယ့် အဲ့ဒီအဖွဲ့အစည်းတွေက ရှင်းပြချက်တွေကို နားထောင်နေမယ့် လူစားမျိုးတွေ မဟုတ်ပါဘူး … သူတို့ဘက်က အခွင့်အရေးရတာနဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်လာကြမှာ … အကျိုးသက်ရောက်မှုတွေက ကြီးမားလွန်းတယ် … ဒီကိစ္စကို အရေးတကြီး ဖြေရှင်းဖို့ လိုအပ်နေပါပြီ …”

မိုရီမိုတို ဂျူနီချီက တိတ်ဆိတ်နေသည်။ ဤပြဿနာကို ဖြေရှင်းနိုင်သည့် နည်းလမ်းမရှိကြောင်း သူ့ကိုယ်သူ သိသည်။

နောက်ကွယ်မှ လှုပ်ရှားနေသူတွေ မရပ်တန့်သရွေ့ တင်းမာမှုများက ဆက်ရှိနေဦးမှာ ဖြစ်၏။

နောက်ပြီး ပဋိပက္ခများက ပိုပိုပြီး ကြီးထွားလာနိုင်သည်။

“ TV သတင်းဌာနတွေကို တစ်နိုင်ငံလုံးဆီ ကြေညာခိုင်းလိုက် … လတ်တလော ဖြစ်ပျက်သွားတဲ့ ကိစ္စရပ်တွေက ငါတို့နဲ့ ဘာမှမဆိုင်ဘူး … တကယ်လို့ သူတို့က ဆက်ပြီး မီးမွှေးနေဦးမယ်ဆို ငါတို့ဘက်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ဝန်မလေးနေဘူးလို့ ပြောလိုက် …”

“ နားလည်ပါပြီ … ချက်ချင်းပဲ စီစဉ်လိုက်ပါမယ် … “

****

ညဉ့်နက်ပိုင်း။

လင်းရီနှင့် ဆမ်ဘလိုတို့က ကားကို လူပြတ်သည့် လမ်းဘေးတစ်နေရာတွင် ထိုးရပ်ထားလေသည်။

ရံဖန်ရံခါ နားကွဲမတတ် ဆူညံကျယ်လောင်လှသည့် လေယာဉ်အင်ဂျင်သံများ ပျံတက်သွားသံကို အခါအားလျော်စွာ ကြားနေရသည်။

“ ငါ မသိလို့ မေးပါဦးမယ် … ငါတို့ အနားယူတဲ့အခါတိုင်း ဘာလို့ ဒီကိုပဲ အမြဲတမ်း လာနေတာ …. သူတို့ရဲ့ အခြေစိုက်စခန်းက ဒီအနီးနားလေးမှာ ရှိနေတာနော် …”

“ ဟွာရှမှာ ဆိုရိုးတစ်ခုရှိတယ် … အန္တရာယ် အများဆုံး နေရာက အလုံခြုံဆုံး နေရာဆိုလည်း ဟုတ်တယ် …. ငါတို့ နှစ်ယောက် ဒီလာပုန်းနေမယ်လို့ အာဏာပိုင်တွေ မစဉ်းစားမိမှာ ကျိန်းသေတယ် ….”

လင်းရီ ပခုံးတွန့်ပြလိုက်ပြီး “ ပြီးတော့ အခု ကြည့်လေ .. ငါတို့ဒီမှာ ဘယ်နှရက်နေခဲ့ပြီးပြီလဲ … ဘယ်သူတွေ ဘာဖြစ်နေလို့ ….”

ဆမ်ဘလို ခွန်းတုံ့ပြန် စကားမဆိုဘဲ ထိုအစား ဆေးလိပ်ကိုသာ တိတ်တဆိတ် ရှိုက်နေခဲ့သည်။

လင်းရီကို ယခင် တစ်ပတ်အတွင်း အကဲခတ်မိသလောက်တော့ ဤလူက လုံးဝ ရက်စက် ပြတ်သားသူ တစ်ဦး ဖြစ်ကြောင်းကို ဆမ်ဘလို တပ်အပ် ပြောနိုင်သည်။

သူ့ တစ်ဦးတည်း၏ အစွမ်းအစဖြင့်ပင် အလယ်အလတ်စား အဖွဲ့အစည်းတစ်ခုကို ပံ့ပိုးပေးထားနိုင်စွမ်းရှိသည်။

လင်းရီ၏ ရှေ့မှောက်၌ ဆမ်ဘလို ကိုယ်၌ပင် သူ့ကိုယ်သူ ပါမွှားလေးတစ်ကောင်နှယ် မသိမသာ ခံစားနေရလေသည်။

“ ဒီတစ်ပတ်ရဲ့ အရှုပ်အထွေးတွေက နေရာတော်တော်များများကို ပြောင်းပြန်လှန်ပစ်လိုက်တာနဲ့ အတူတူပဲ … မင်း ရှေ့ ဘာဆက်လုပ်မှာ … ဒီအတိုင်းပဲ ဆက်သွားနေမှာလား ….”

“ မလုံလောက်သေးဘူး … ငါလိုချင်တာ မရသေးဘူး ….”

ဆမ်ဘလိုက လင်းရီကို တည့်တည့်စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ စူးစမ်းချင်စိတ်တို့ ပြည့်နှက်နေလျက် ရှိသည်။

“ မင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဘာတုန်း …”

“ အစိုးရ အာဏာပိုင်တွေကို ဒီအရှုပ်အထွေးထဲ ကိုယ်တိုင် ပါဝင်လာအောင် ဖိအားပေးချင်သေးတယ် … ပိုကြီးတဲ့ မုန်တိုင်းကြီး တစ်ခုကို ဖန်တီးချင်တယ် …”

“ အဲ့အခါကျတော့မှပဲ … ငါ့ဘက်က အခွင့်အရေး ကြီးကြီးမားမား တစ်ခု ရလာလိမ့်မယ် ….”

“ ဒါပေမယ့် ….”

ဆမ်ဘလို စကားဆုံးအောင် မပြောနိုင်သေးခင်မှာပဲ သူ့စကားတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့၏။

အကြောင်းမူကား အနက်ရောင် ဟွန်ဒါစီဒင် တစ်စင်းက သူတို့ထံသို့ မောင်းနှင်လာနေသည်ကို သတိပြုမိသွားသောကြောင့် ဖြစ်၏။

လင်းရီလည်း ယင်းကို သတိထားမိလိုက်ပြီး သူ့အမူအရာက လေးနက်တည်ကြည်လာကာ အချိန်မရွေး လှုပ်ရှားဖို့ အဆင်သင့် ဖြစ်လာနေသည်။

All Chapters