အခန်း ၂၅၁၄
Vol. 179 Ch. 2514
အခန်း (၂၅၁၄)
မုဆိုး
“ အဲ့ကားကြည့်ရတာ တစ်ခုခုတော့ မူမမှန်ဘူး …” ဆမ်ဘလို လေသံတီးတိုးဖြင့် ပြောဆိုလိုက်ပြီး သူ့လက်ကလည်း သေနတ်ပေါ်သို့ အလိုအလျောက် ကျရောက်သွားခဲ့သည်။
“ မလောသေးနဲ့ … အခြေအနေကို အရင်ဆုံး စောင့်ကြည့်ကြတာပေါ့ … ဒီတိုင်း ဖြတ်သွားဖြတ်လာ ကားတစ်စင်းလည်း ဖြစ်နိုင်တာပဲလေ …”
လင်းရီ၏ မျက်လုံးသူငယ်အိမ်တို့ ကျုံ့ဝင်သွားခဲ့ပြီး သူ့အကြည့်က နောက်ကြည့်မှန်ပေါ်တွင် အာရုံစိုက်နေကာ အဆုံးစွန်ထိ သတိကပ်ထားလျက် ရှိသည်။
သူ့ အလိုလို သိစိတ်က ပြောပြနေသည်မှာတော့ ဤနေရာသို့ ကားမောင်းလာသည့် လူသည် မည်သို့မျှ သာမန်လူ မဖြစ်နိုင်ဟူ၍ပင်။
တစ်ချိန်တည်းတွင် ဆမ်ဘလိုသည်လည်း သူ့သေနတ်ကို အဆင်သင့်လုပ်ထားပြီး အချိန်မရွေး တိုက်ခိုက်နိုင်ဖို့ အသင့်ပြင်ထားလေသည်။
“ ကားမောင်းလိုက်တော့ …” လင်းရီ ညွှန်ကြားလိုက်၏။
“ အခုက အခြေစိုက်စခန်းနဲ့ နီးကပ်လွန်းနေတယ် … တကယ်လို့ ဖော်ထုတ်ခံလိုက်ရင် ငါတို့တစ်ယောက်မှ ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး …”
ဆမ်ဘလိုလည်း အခြေအနေ၏ လေးနက်ပုံကို သတိပြုမိသည်။ သူတို့တွေက အခြေစိုက်စခန်းနှင့် အကွာအဝေးတစ်ချို့ ခြားထားသော်လည်း သတိထားသည်က မမှားနိုင်ပေ။
ဆမ်ဘလို ကားစက်နှိုးပြီး အခြေစိုက်စခန်းမှ တဖြည်းဖြည်း အဝေးသို့ စတီယာရင်ကို ထိန်းချုပ်မောင်းနှင်လိုက်သည်။
လင်းရီလည်း သူ့ထိုင်ခုံကို ချိန်ညှိရင်း နောက်သို့ အနည်းငယ် လှဲလိုက်ကာ နောက်ကြည့်မှန်မှတစ်ဆင့် အနောက်ကား၏ လှုပ်ရှားမှုများကို သေချာစောင့်ကြည့်နေသည်။
ဤသည်က စိတ်အထင်သပ်သပ် ဖြစ်နေလျှင်တော့ အကောင်းဆုံးပင်။ အကယ်၍ မဟုတ်ခဲ့ဘူးဆိုလျှင်တော့ ပြဿနာကို ချက်ချင်းလက်ငင်း ဖြေရှင်းသည်ကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ချေ။
မိနစ်နှစ်ဆယ်ကျော်ကြာ မောင်းနှင်ပြီးသည့်တိုင် ဆမ်ဘလိုသည် အနောက်မှကားကို ခါမချနိုင်သေးပေ။
လင်းရီ၏ လက်က ဘေးရှိ သေနတ်ထံသို့ တစ်ဖြည်းဖြည်း ရွေ့လျားသွား၏။
“ လူရှင်းတဲ့နေရာမှာ ရပ်လိုက် … မင်း ဆင်းသွားပြီး တစ်ချက်ကြည့်လိုက် … ငါကားထဲနေပြီး အခွင့်အရေးကို စောင့်နေမယ် ….”
“ နားလည်ပြီ …”
ဆမ်ဘလိုက လူရှင်းသည့် တစ်နေရာတွင် ကားကို ရပ်တန့်လိုက်သည်။
အနောက်မှာ လိုက်ပါလာသည့် ဟွန်ဒါကားသည်လည်း အလားတူ ရပ်တန့်သွားခဲ့လေသည်။
သို့ပေမယ့်လည်း ကားရပ်ပြီးပြီးချင်းမှာပဲ အနောက်ဘက်ကားရှိ ဒရိုင်ဘာက ကားပေါ်မှ ဆင်းလာခဲ့လိမ့်မည်လို့ လင်းရီ မျှော်လင့်မထားခဲ့ပါချေ။
လင်းရီ ကြက်သေသေသွား၏။
ကားပေါ်မှ ဆင်းလာသည့်လူက ကျန်းလုံက လွဲ၍ အခြားလူ မဟုတ်ပါချေ။
( ကျန်းလုံ။ ဟို လူငါးယောက်ကို သတ်တဲ့ လူသတ်သမားလေ။ မှတ်မိကြမှာပါ။ )
“ စိတ်အေးအေးထား … သူက ငါတို့လူပဲ …” လင်းရီ အံ့အားသင့်မှုရော ဝမ်းသာပျော်ရွှင်မှုတို့ပါ ရောထွေးရင်း ပြောဆိုလိုက်၏။
ကျန်းလုံကို ဤနေရာတွင် မြင်တွေ့လိုက်ရတော့ လင်းရီ၏ စိတ်ထဲ ခံစားချက် လှိုင်းတံပိုးတို့ ပြင်းထန်လာသည်။
“ ငါတို့လူလား …”
ဆမ်ဘလို ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သို့သော် လင်းရီကလည်း သူ့ကို ရှည်ရှည်ဝေးဝေး ပြော၍ ရှင်းပြမနေတော့ဘဲ ကားတံခါးဖွင့်ပြီး အပြင်သို့ ဆင်းသွားခဲ့လေသည်။
အမျိုးသားနှစ်ဦးက ငါးမီတာ ၊ ခြောက်မီတာ အကွာခန့်လောက်တွင် ရပ်တန့်လိုက်ကြ၏။ လင်းရီက သူ့မျက်နှာထက်တွင် ရုပ်ဖျက်ထားသည်များအား ပယ်ဖျက်လိုက်ရာ ကျန်းလုံ၏ မျက်လုံးတို့ လက်ခနဲ ဖြစ်လာသည်။
“ ခေါင်းဆောင်လင်း …”
နှစ်ယောက်လုံး ဤနေရာတွင် ဆုံတွေ့လိုက်ရတော့ အချိန်အတော်ကြာအောင် မဆုံတွေ့ခဲ့ရသည့် ငယ်ပေါင်းကြီးဖော်များနှယ် အချင်းချင်း တစ်ဦးကိုတစ်ဦး တင်းကြပ်စွာ ဖက်ထားလိုက်ကြသည်။
“ ကျန်းလုံ … ခင်များ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာခဲ့ရတာတုန်း …”
လင်းရီ စိတ်ခံစားချက်တို့ ပြည့်နှက်နေသည့် လေသံဖြင့် မေးမြန်းလိုက်၏။
လင်းရီအဖို့ … ကျန်းလုံက အင်မတန်ထူးခြားသည့် လူပုဂ္ဂိုလ်ပင်။
လုပေချိန် သူ့ကို ခေါ်ဆောင်သွားပြီးကတည်းက သူတို့ နှစ်ဦး အဆက်အသွယ်မရတော့တာ ဖြစ်၏။
သို့သော် ယခု .. ဤသို့သော နေရာမျိုးတွင် နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရသဖြင့် ခံစားနေရသည့် စိတ်လှုပ်ရှားမှုများက စကားလုံးဖြင့် ဖော်ပြနိုင်သည်ထက်ကို ကျော်လွန်နေသည်။
“ အချင်းချင်းတွေ ဖြစ်နေပြီကို ခင်များတွေ ဘာတွေ လုပ်မနေစမ်းပါနဲ့ … ငါ အရင် လဝက်လောက်တုန်းက ရောက်နေတာ … အကြီးအကဲလုက ငါ့ကို ဒီလွှတ်လိုက်တာ … ဒါပေမယ့် မင်းလည်း အပုန်းကတော့ တော်တော် ကောင်းကောင်းပဲနော် … ဒီလောက်ရှာတာတောင် ရှာလို့ မတွေ့ဘူး …” ကျန်းလုံက ပြုံးလျက် ဆိုလိုက်သည်။
“ အကြီးအကဲလုသာ ငါ့ကို သတင်းမပေးဘူးဆိုရင် အခုချိန်ထိတောင် ဆက်ရှာနေမိလောက်တယ် ….”
“ ဟားဟား … မင်း ရောက်လာတာ ငါသိပ်ဝမ်းသာတာပဲ …”
ဝမ်းသာအားရ ပြောဆိုပြီးနောက် လင်းရီက ဘေးဘီဝဲယာကို တစ်ချက် အကဲခတ်ပြီး “ သွားကြစို့ … ဒီနေရာက စကားပြောကောင်းတဲ့ နေရာမဟုတ်ဘူး … ကားထဲဝင်ကြမယ် ….”
“ ကောင်းပြီလေ …”
များမကြာမီ လင်းရီက ဆမ်ဘလိုကို လှမ်းခေါ်လိုက်ပြီး နှစ်ယောက်လုံး ကျန်းလုံ၏ ကားထဲသို့ ဝင်လိုက်ကြ၏။ ကားပြောင်းပြီး ထွက်ခွာဖို့ ဟန်ပြင်လေသည်။
ဆမ်ဘလို၏ နောက်ခံကို သိလိုက်ရတော့ ကျန်းလုံမှာ လင်းရီအပေါ် အထင်ကြီးလေးစားမှုများအား ဖုံးဖိမရနိုင်တော့ချေ။
ယခုလို အန္တရာယ်ကြား၌ပင် လင်းရီက တစ်စုံတစ်ယောက်ကို ကိုယ့်လူဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့ပြီး … ထိုလူကလည်း Halke Rangers အဖွဲ့ဝင် ဖြစ်နေသေး၏။
ယခုလို အစွမ်းသတ္တိမျိုးက ကျန်းလုံကို နက်နက်ရှိုင်းရှိုင်း အထင်ကြီး လေးစားသွားခဲ့စေသည်။
“ ခေါင်းဆောင်လင်း … ဒီမှာ အခြေအနေတွေကတော့ တော်တော့်ကို ပရမ်းပတာပဲ … မင်း ဘယ်တော့လောက် လှုပ်ရှားဖို့ စီစဉ်ထားလဲ …” ဆမ်ဘလို ကားမောင်းနေစဉ် ကျန်းလုံက မေးလိုက်၏။
“ နောက် နည်းနည်းထပ်စောင့်ကြတာပေါ့ … ပရမ်းပတာ အခြေအနေက လုံလောက်တဲ့အထိ မဟုတ်သေးဘူး ….”
ဂျစ် ဂျစ် ဂျစ် …
နှစ်ဦး စကားပြောနေစဉ်မှာပဲ ကားရေဒီယိုစက်သံက အသံမြည်လာသည်။
“ အရေးပေါ်ကြားဖြတ် ကြေညာချက်ပါ … လတ်တလောမှာ ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ အစိုးရဘက်က ဘလာ ဘလာ ဘလာ ….”
သုံးယောက်လုံး အရေးပေါ် ကြားဖြတ်ကြေညာမှုကို အာရုံတစိုက်နှင့် နားထောင်နေခဲ့ကြပြီး လင်းရီ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုက ဖြစ်ပေါ်လာသည်။
ကျန်းလုံ ဖျတ်ခနဲ နားလည်သဘောပေါက်သွားခဲ့၏။
“ ခေါင်းဆောင်လင်း … ဒါ မင်းစောင့်နေတဲ့ အခွင့်အရေးဆိုတာလား …”
“ တော်တယ် …” လင်းရီ ချီးမွမ်းလိုက်ပြီး “ သူတို့ကို ဒီထက်ပိုပြီးတောင် မွှေနှောက်ပေးဦးမှာ … သူတို့အင်အားစုတွေ အကုန်လုံး ပြန့်ကျဲပြီး မနိုင်မနင်း ဖြစ်တောတဲ့အထိ လုပ်ပေးဦးမှာ ….”
လင်းရီ၏ မျက်လုံးထဲ ရက်စက်သည့် အရိပ်အယောင်တစ်ခု ဖျက်ခနဲ ပြေးသွားသည်ကို ကျန်းလုံ ရိပ်ဖမ်းမိလိုက်သည်။ သားကောင်အပေါ် ခုန်အုပ်တော့မည့် သားရိုင်းကောင်ကြီး တစ်ကောင်လိုပင်။
“ နောက် ဘယ်ကိုဆက်သွားမှာ …” ကျန်းလုံ မေးလိုက်သည်။
“ အနီးဆုံး ရဲစခန်းဆီကို … အဲ့ကို ဝင်တိုက်မယ် …” လင်းရီ ပြန်ပြောလိုက်၏။
မကြာမီ ဆမ်ဘလိုက အနီးဆုံး ရဲစခန်း တစ်ခုအနားသို့ မောင်းနှင်လာခဲ့ပြီး ကားကို မှောင်ရိပ်ကျသည့် တစ်နေရာတွင် ထိုးရပ်ထားလိုက်၏။
“ ဒီကိစ္စ ငါကိုင်တွယ်လိုက်မယ် … ခေါင်းဆောင်ရဲ့ အထောက်အထားက ထိခိုက်ခံတာ မဟုတ်ဘူး … ဖော်ထုတ်ခံရလိုက်လို့ မဖြစ်ဘူး ….” ကျန်းလုံ ပြောလိုက်၏။
“ မရဘူး … မင်းတစ်ယောက်တည်းသွားမယ်ဆို အရမ်း အန္တရာယ်များလွန်းတယ် ….”
“ မပူနဲ့ … ငါလုပ်နေတာကို ငါသိတယ် … ငါ့မစ်ရှင်က ခေါင်းဆောင်ကို ကာကွယ်ဖို့ပဲ … ဘာအန္တရာယ်မှ ကျရောက်စေလို့ မဖြစ်ဘူး ….”
ဤစကား ပြောပြီးနောက် ကျန်းလုံက ကားပေါ်မှ ချက်ချင်းဆင်းသွားပြီး လင်းရီကို ငြင်းဆန်ဖို့ အခွင့်အရေး မပေးချေ။
မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ကျန်းလုံ ကားထံသို့ ပြန်ရောက်လာသည်။
“ ပြီးပြီ … သွားစို့ …”
ဆမ်ဘလိုက ကားအင်ဂျင်ကို ချက်ချင်း စက်နှိုးလိုက်၏။ မိနစ်ပိုင်းအတွင်းမှာပဲ အဆောက်အဦးနောက်ဘက်မှ ဧရာမ မီးညွှန့်မီးတောက်များ ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်သည်။
၎င်းနောက် ချက်ချင်းပဲ လူအများ၏ ထိတ်လန့်တကြား ပြေးလွှား အော်ဟစ်သံများနှင့် မီးငြိမ်းဖို့ အချက်ပြသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သို့သော် မီးတောက်များက ပိုပို၍ ကြီးထွားလာပြီး ငြိမ်းသတ်ဖို့က လုံးဝ မဖြစ်နိုင်တော့ချေ။
ထိုစဉ် လင်းရီနှင့် ကျန်နှစ်ယောက်တို့ကတော့ ကားကို အေးအေးလူလူလေး အဝေးသို့ မောင်းနှင်သွားခဲ့၏။
“ ဘာဖြစ်တာ … ချွေးစေးတွေ ပြန်နေတာလား …” လင်းရီ ရယ်မောရင်း မေးလိုက်သည်။
“ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် လူသတ်၊ မီးရှို့တာတွေက ငါနဲ့ သိပ်ပြီး နေသားကျသေးတာ မဟုတ်ဘူး …..”
ကျန်းလုံ ရယ်ကျဲကျဲဖြင့် ပြန်ဖြေလိုက်သည်။
“ ဓားသွားထက်မှာ ကခုန်နေရသလိုမျိုး ခံစားနေရတယ်မလား …”
“ အမှန်ပဲ … တကယ့်ကို သွေးဆူပွက်ချင်စရာပဲ ….”
“ ဒါအစပဲ ရှိသေးတယ် …” လင်းရီ ပြောလိုက်ပြီး “ အခုထိ မလုံလောက်သေးဘူး … ဒီနှုန်းအတိုင်းဆို ငါတို့ ဒီနေရာကနေ လွတ်မြောက်ဖို့က တော်တော်လေး ခက်ခဲနေဦးမှာ …”
“ သဘောပေါက်တယ် …” ကျန်းလုံ ပြောလိုက်ပြီး “ အခုက အားလုံးကို ပိတ်ဆို့ထားတော့ အတွင်းပိုင်း အခြေအနေက ငှက်လှောင်အိမ်တစ်လုံးလို ဖြစ်နေပြီ … ငါတို့က ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် ဖန်တီးမယူဘူးဆိုရင် ထောင်ချောက်ထဲ ပိတ်မိသွားမှာ အနှေးနဲ့အမြန်ပဲ …”
“ စကားပြောနေတာတွေ တော်ပြီ .. အခု ဘာဆက်လုပ်ကြမှာ …” ဆမ်ဘလိုက ကားမောင်းရင်း မေးလိုက်သည်။
“ Black Forest ရဲ့ အခြေစိုက်စခန်းက ဘယ်မှာရှိလဲ မင်းသိတယ်မလား … တစ်ချက် သွားကြည့်ကြတာပေါ့ …”
“ သူတို့ကိုပါ ပစ်မှတ်ထားတော့မလို့လား …”
ဆမ်ဘလိုက တည်ငြိမ်သည့် မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သော်လည်း ကြောက်ရွံ့နေသည့် သူ့လေသံက သူ့အမူအရာကို သစ္စာဖောက်နေသည်။ သူတို့၏ ယခင် ပစ်မှတ်များက အုပ်စု အသေးလေးများသာ ဖြစ်ပြီး အန္တရာယ်ကလည်း သေးမွှားသည်။
သို့သော်ယခု … Black forest ကို ပစ်မှတ်ထား တိုက်ခိုက်မည်ဆိုတော့ ဆမ်ဘလို၏ တစ်ကိုယ်လုံး ကြောက်ရွံ့တုန်လှုပ်လာသည်။
Halke Rangers အဖွဲ့ဝင် တစ်ဦးအနေဖြင့် Black forest အဖွဲ့အစည်းက မည်မျှ အင်အားတောင့်တင်းသည့် အဖွဲ့အစည်း တစ်ရပ် ဖြစ်ကြောင်းကို ကောင်းကောင်း နားလည်ထားသည်။
ဤသည်က မီးနှင့် ဆော့ကစားနေခြင်း ဖြစ်၏။
“ ဒါပေါ့ … ဒီတိုင်း ရွေးပြီး တိုက်ခိုက်နေလို့မှ မရတာ … လူတိုင်းကို မျှမျှတတလေး ဖြစ်အောင် လုပ်ပေးသင့်တာပေါ့ မဟုတ်ဘူးလား ….” လင်းရီ ရယ်မောရင်း ပြောဆိုလိုက်သည်။
“ မင်း သေချာလေး မစဉ်းစားကြည့်ချင်တော့ဘူးလား …”
“ ဘာစဉ်းစားစရာလိုလို့ …” လင်းရီ ယုံကြည်ချက် အပြည့်ဖြင့် ဆိုလိုက်ပြီး “ မင်းတို့ လေးယောက်လုံးကိုတောင် ငါတစ်ယောက်တည်း ကိုင်တွယ်နိုင်ခဲ့တာ Black forest ကလည်း ထူးပြီး ခြားနားမနေပါဘူး … မင်း ထင်နေသလောက်လည်း အန္တရာယ်မများပါဘူးကွာ … မောင်းစရာရှိသာ မောင်း …”
“ ဒီကောင်တော့ တကယ် ရူးနေပြီ ..”
တီးတိုးရေရွတ်ရင်း ဆမ်ဘလို ကားကို အရှိန်တင်လျက် Black forest ၏ အခြေစိုက်စခန်းရှိရာဘက်သို့ ဦးတည်လိုက်သည်။
သုံးနာရီကြာပြီးနောက် သူတို့တွေ ဂွန်းမား ဒေသသို့ ရောက်လာခဲ့ကြပြီး သာမန် ဟိုတယ်တစ်ခုအသွင်ပေါ်သည့် နေရာတစ်ခုနှင့် အလှမ်း ခပ်ဝေးဝေး၌ ကားထိုးရပ်လိုက်၏။
“ သူတို့လူတွေ ရှေ့မှာပဲ …” ဆမ်ဘလိုက စီးကရက်တစ်လိပ်ကို မီးညှိရင်း ပြောလိုက်ပြီး “ ဒါပေမယ့် ဒါက သူတို့ရဲ့ အဓိက အင်အားစုလားဆိုတာတော့ ငါလည်း သေချာမသိဘူး …”
“ သူတို့လူတွေ ဒီမှာ ရှိတယ်ဆိုတာတော့ မင်း သေချာတယ်မလား ….”
“ အဲ့လောက်ကတော့ ငါ သေချာတယ် …”
“ အဲ့တာနဲ့တင် လုံလောက်ပြီ …” လင်းရီ ပြောလိုက်ရင်း သူ့ပစ္စည်းများကို စုစည်းလိုက်သည်။ “ သွားစို့ … အလုပ်လုပ်ရမယ့် အချိန်ပဲ …”
သုံးဦးလုံး အသင့်ပြင်ဆင်ထားသည့် မီးလောင်ဗုံးများနှင့်အတူ ကားပေါ်မှဆင်းရင်း ညအမှောင်ကို တစ်ကိုယ်လုံးခြုံလျက် ဟိုတယ်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
မကြာမီ မီးညွှန့်မီးတောက်များက ဟုန်းဟုန်းတောက် လောင်ကျွမ်းလာပြီး လေးထပ် ဟိုတယ်ကြီးတစ်ခုလုံး မီးလောင်ကျွမ်းနေကာ ညအမှောင်ထုထဲ၌ နီညိုရောင် မီးတောက်များနှင့် မီးခိုးများက ကောင်းကင်ယံသို့ ပျံတက်သွားခဲ့လေသည်။
အောင်အောင်မြင်မြင် မီးရှို့ပြီးနောက် သုံးဦးလုံး ထောင့်တစ်နေရာတွင် ဝင်ပြီး ပုန်းအောင်းနေလိုက်ကြသည်။
သားကောင်ကို ခုန်အုပ်ဖို့ စိုင်းပြင်းနေကြသည့် မုဆိုးများနှယ် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေကြလေသည်။