အပိုင်း(၁၃၄၂):
Vol. 98 Ch. 1342
ဝတ်စုံနက်နှင့်အဘိုးအိုသည် ဝမ်လင်းအနား တိုးဝင်လာပြီး မန္တာန်တစ်ခုကို ထုတ်ဖော်သည်။ ထာဝရကလန်ခေါင်းဆောင်၏ မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လျက် ရှေ့တိုးဝင်လာသည်။
ကောင်းကင်ဘုံဒုက္ခပထမအဆင့် ခြောက်ယောက်လုံးသည် သူတို့၏တိုက်ခိုက်မှုများကို ထုတ်ဖော်လာကြသည်။ ကြည့်ရသည်မှာ သူတို့သည် ဝမ်လင်းကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားကြပုံ ပေါ်သည်။
ဝတ်စုံနက်နှင့်အဘိုးအိုသည် ချက်ခြင်း လှမ်းအော်၏။ “နတ်ဘုရားကလန်ရဲ့ အကြီးအကဲချုပ်၊တာအိုပညာရှင်ရေဟာ သူ့ကို မသတ်နိုင်ခဲ့ဘူးလို့ သူ ပြောခဲ့တယ်။ ဒီကောင်က အတော်စုတ်ပြတ်တာပဲ။ သူက နတ်ဘုရားကလန်ကို ရန်စမိပြီး ကပ်ဘေးတစ်ခုကနေ လွတ်မြောက်လာခဲ့ပြီးတဲ့နောက်တောင် အခု ငါတို့ ထာဝရကလန်ကို လာ စော်ကားပြန်ပြီ။ ငါတို့ သူ့ကို ဖမ်းပြီး နတ်ဘုရားကလန်ရှိ လက်လွှဲပေးပြီး ဆုလဒ်တစ်ခု ရယူကြတာပေါ့…”
အော်ရာခြောက်ခုသည် ကောင်းကင်ဘုံကို တုန်လှုပ်စေနိုင်၏။ ဤက ကောင်းကင်ဘုံဒုက္ခပထမအဆင့် ခြောက်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှု ဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ကောင်းကင်ဘုံဒုက္ခဒုတိယအဆင့်များသာ တန်ပြန်တိုက်ခိုက်နိုင်မည် ဖြစ်ပြီး အခြားသူများအဖို့တော့ သေဆုံးသွားရနိုင်သည်။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖျပ်ခနဲ ပေါ်သည်။ ဓားစွမ်းအင်ဆယ်သန်းသည် သူ့ဘေးပတ်လည်တွင် တဝီဝီလှည့်နေ၏။ အကြီးအကဲခြောက်ယောက် တိုက်ခိုက်လာချိန်တွင် မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။
သည်အခိုက်အတန့်တွင် လောကသည်ပင် ပျက်စီးတော့မလား ထင်ရ၏။ မြေပြင်ထု အပြင်းအထန် တုန်ခါသည်။ ဝမ်လင်းအောက်ရှိ တောင်သည်လည်း ပိုပျက်စီးလာ၏။ ပိုများပြားသော ရှေးဟောင်းနတ်ဘုရားစွမ်းအားကလည်း သူ့ခန္ဓာကိုယ်ထဲ တရဟော တိုးဝင်လျက် ရှိသည်။
တစ်ချိန်တည်းမှာ တောင်အတွင်းဘက်မှ ဖော်ပြရန်ခက်သော အော်ရာတစ်ခု ပျံ့လွင့်လာသည်။ ရတနာတစ်ခုခု နိုးထလာကာ တောင်ထံမှ ထိုးထွက်လာတော့မည့်အလား။
ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်၏။ မန္တာန်တစ်ခုကို အသုံးပြုရန် ပြင်သည်။ သို့သော် သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ သူ့ညာလက်ကို ဆန့်ထုတ်ကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်၏။ ကျောက်စိမ်းပြားတစ်ခု ပျံသန်းထွက်လာပြီး ဝမ်လင်းလက်ထဲ ကျရောက်သည်။
ထိုကျောက်စိမ်းပြားသည် လီချန်မေ၏အသက်စိတ်ဝိညာဉ်ဖြင့် ပြုလုပ်ထားတာ ဖြစ်သည်။ ၎င်းထံ၌ အနွေးဓာတ်ဟူ၍ မရှိတော့၊ ၎င်းပေါ်ရှိ အက်ကြောင်းသည် ရုတ်တရက် လက်မဝက်ခန့် ပျံ့သွား၏။
ဝမ်လင်း နိုးထလာခဲ့ချိန်က ယင်းကျောက်စိမ်းပြားမှာ အက်ကွဲနေခဲ့ပြီး ဖြစ်သည်။ ခုချိန်တွင် ၎င်းအက်ကြောင်းမှာ ပို၍ ကြီးလာ၏။
စိတ်ဝိညာဉ်ပေါ်ရှိ အက်ကြောင်းသည် လီချန်မေ သေရေးရှင်ရေးအန္တရာယ် ကြုံနေရသည်ဟု ဆိုလိုပေ၏။ ထိုကျောက်စိမ်းပြားသာ ထက်ပိုင်းကွဲထွက်သွားပါက လီချန်မေ သေဆုံးသွားသည်ဟု ဆိုလိုနေသည်။
ဝမ်လင်းဘေးရှိ အဘွားအိုသည် ထိုအက်ကြောင်း လက်မဝက်ခန့် ထပ်မံ ချဲ့ကားသွားတာ တွေ့မြင်ရချိန်၌ သူမ၏အမူအရာမှာ အကြီးအကျယ်တုန်လှုပ်သွား၏။ သူမ၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ပြည့်နှက်လာသည်။
ဝမ်လင်းသည် ကျောက်စိမ်းပြားကို ကြည့်ကာ မင်သက်မိနေသည်။ သူ့နှလုံးသားထဲရှိ နာကျင်မှုသည် ပိုပြင်းထန်လာတော့၏။ ဤမျှအချိန်တိုလေးအတွင်း ဝမ်လင်းသည် ဆယ်နှစ်လောက် ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ခဏအကြာတွင် အက်ကြောင်း ထပ်မံချဲ့ထွက်မှုသည် ရပ်တန့်သွား၏။ လီချန်မေ၏ စိတ်ဝိညာဉ်ကျောက်စိမ်းပြားမှာ တစစီ မဖြစ်သွားခဲ့ပေ။ သို့သော် အလွန်အမင်း အားနည်းနေခဲ့လေပြီ။
ဝမ်လင်း၏မျက်လုံးထဲတွင် သွေးရောင် ပြည့်လာ၏။ သူ့ခန္ဓာကိုယ်မှ မြေကမ္ဘာအက်ကွဲစေမည့် အော်ရာတစ်ခု ပေါက်ကွဲထွက်ကာ လောကတွင် သူနှင့်ချိတ်ဆက်ထားသော မုန်တိုင်းတစ်ခု ဖြစ်တည်လာတော့သည်။ ရုတ်တရက် ငါးခုမြောက်ကြယ် ပေါ်လာ၏။ ခဏအကြာတွင် ခြောက်ခုမြောက်ကြယ်ပါ ပေါ်ထွက်သည်။
ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရား၊ အစစ်အမှန်ကြယ်ခြောက်လုံး တော်ဝင်ရှေးဟောင်းနတ်ဘုရား။
သို့သော် ဝမ်လင်းမှာ မပျော်ပေ။ သူသည် စိုးရိမ်ပူပန်မှုကိုသာ ခံစားနေရ၏။ လီချန်မေထံတွင် အချိန်အများကြီး မရှိတော့ပေ။ သူသည် ထာဝရကလန်တွင် အချိန်ကို အလကားဖြုန်းတီး၍ မရတော့ပေ။ ခုချိန်တွင် သူ့ကို မည်သူမျှ မရပ်တန့်၊မဟန့်တားနိုင်သည် မဟုတ်လား။
ထာဝရကလန်၏ အကြီးအကဲခြောက်ယောက်သည် ဝမ်လင်းထံ ချိုးဖျက်လာရန် တာဆူနေ၏။ သူတို့သည် ဥပဒေသပြည့်နှက်သော မန္တာန်များနှင့် ခြုံလွှမ်းထား၏။ သူတို့၏စွမ်းအားမှာ တုန်လှုပ်ဖွယ်ရာပင်။
“မင်းတို့အားလုံး သေချင်နေတာပဲ…” ဝမ်လင်းသည် သူ့ညာခြေထောက်ဖြင့် တောင်ကို ခပ်ကြမ်းကြမ်း စောင့်ချလိုက်၏။ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားမှာ အံ့မခန်းခွန်အားအဖြစ် ပြောင်း၍ သူ့ခြေထောက်မှ တစ်ဆင့် တောင်ထဲသို့ ဝင်ရောက်သွားသည်။ ထိုစွမ်းအားသည် အလျင်အမြန် ပျံ့နှံ့ပြီး တောင်ကို ချက်ခြင်း လုံးဝ ပြိုလဲပျက်စီးသွားစေတော့သည်။
ထာဝရကလန်၏တောင်သည် ပျက်စီးသွားခဲ့ပြီ။ ဖုန်မှုန့်သဲမှုန့်များစွာ လွင့်တက်ကာ တုန်ခါလှိုင်းတစ်ခုသည် မုန်တိုင်းတစ်ခုအသွင် ဆောင်၏။
ဝမ်လင်းသည် အစတုန်းက ထိုကဲ့သို့ မလုပ်ချင်ခဲ့ပေ။ အကြောင်းမှာ သူသည် သည်တောင်ကို မဖျက်စီးချင်ခဲ့သောကြောင့် ဖြစ်၏။ သူက ရှေးဟောင်းနတ်ဘုရားအော်ရာကို ညင်သာစွာ စုပ်ယူခြင်းဖြင့် တောင်၏အစိတ်အပိုင်းအများစုကို မူလအခြေအနေအတိုင်း ရှိစေကာ ရတနာတစ်ခုကို ထုတ်ယူချင်ခဲ့ရုံသာ ဖြစ်သည်။
သို့ရာတွင် ခုချိန်၌ သူသည် အောက်ဘက်ရှိ အရာကို ရရှိဖို့အတွက် တောင်ကို ဖျက်စီးပစ်ရတော့သည်။
တောင်ပျက်စီးသွားသည့် အခိုက်တွင် အားကောင်းသောရှေးဟောင်းနတ်ဘုရားအော်ရာတစ်ခုသည် ထိုးထွက်လာပြီး ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်သော တစီစီအသံများသည် မိုးကြိုးသံထက်ပင် ကျယ်လောင်လာ၏။
သူ့မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်ခြောက်လုံးသည် အလျင်အမြန် လှည့်လည်သည်။ အစွမ်းထက်ရှေးဟောင်းနတ်ဘုရားအော်ရာတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်နေရင်း ခုနစ်ခုမြောက်ကြယ်သည် ပုံသဏ္ဌာန်အသွင် စတင်ဖွဲ့၏။
၎င်းကြယ်သည် လုံးဝ ဖွဲ့တည်ခြင်း မရှိသေးသော်လည်း ဝဲ့ကတော့တစ်ခု ဖြစ်ပေါ်သည်။
ဤအခိုက်အတန့်တွင် ဝမ်လင်းသည် လေထဲသို့ ခုန်တက်ကာ သူ့ညာလက်ကို ပျက်စီးသွားသောတောင်ထံသို့ ဆန့်ထုတ်သည်။ ကောင်းကင်သည် အရောင်များ ပြောင်း၏။ အဆုံးစွန်အစွမ်းထက်အော်ရာတစ်ခု ထိုတောင်ထံမှ ထိုးထွက်လာ၏။
၎င်းမှာ အနီရောင်အလင်းတန်း၊သွေးနီရောင်အလင်း ဖြစ်သည်။ ထိုအနီရောင်အလင်းထဲ၌ လက်သီးစုပ်ခန့်ဓားတစ်လက် ပါရှိသည်။ ၎င်းဓားကို သွေးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ယင်းဓားအတွင်း၌ သွေးသည် စီးဆင်းနေပြီး လောကကို ထွင်းဖောက်သည့် အနီရောင်အလင်းတစ်ခုကို ပေးစွမ်းသည်။
ဓားတေးသံတစ်ခု မြည်ဟီး၏။ ယင်းဓားတေးသံထဲတွင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားရခြင်းမှ လွတ်ထွက်လာရ၍ ပျော်ရွှင်စိတ်လှုပ်ရှားသည့် အငွေ့အသက် ပါဝင်နေ၏။ သွေးဓားသည် ဝမ်လင်းလက်ထဲ ကျရောက်လာသည်နှင့် ဝမ်လင်းသည် ၎င်းနှင့် သွေးချင်းချိတ်ဆက်မှုအာရုံကို ခံစားလိုက်ရသည်။
ယင်းသွေးဓားမှာ မူလကတည်းက ဝမ်လင်းပိုင်ဆိုင်ခဲ့သည့်အလား။
သူ သွေးဓားကို ကိုင်ဆိုင်လိုက်ချိန်၌ ဝန်းရံထားသော ဓားစွမ်းအင်တန်းဆယ်သန်းမှာ ထာဝရကလန်၏ လူခြောက်ယောက်ကြောင့် အားပျော့နေခဲ့ပြီ ဖြစ်၏။ သူတို့ တိုးဝင်လာသည့်အခိုက်အတန့်မှာ ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သွေးဓားထဲသို့ တရကြမ်း စီးဝင်ပြီး သည်ပတ်ဝန်းကျင်ကို ခုတ်ပိုင်းဖြတ်သည်။
လောကကို လှုပ်ခါစေသည့် တုန်ဟည်းသံ ဖြစ်ပေါ်၏။
ထို ခုတ်ပိုင်းမှုကို ဖော်ပြရန်ပင် မဖြစ်နိုင်ပါ။ ထိုခုတ်ပိုင်းချက်က ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးနိုင်၏။ ကောင်းကင်ကို ထွင်းဖောက်ကာ သက်ရှိအားလုံးကို လှုပ်ခါစေနိုင်သည်။ သူ ခုတ်ပိုင်းလိုက်ချိန်တွင် ဝမ်လင်းနှင့် အနီးဆုံးရှိ ဝတ်စုံနက်အဘိုးအိုမှာ ကြောက်လန့်တကြား ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်သည် သွေးအလိမ်းလိမ်းအဖြစ် ပျက်စီးသွားရလေ၏။ သူ့မူလစိတ်ဝိညာဉ်သည် နောက်ဆုတ်ရန် ရုန်းကန်သည်။ သူ့မျက်နှာထက်တွင် ကြောက်ရွှံ့မှုတို့ အထင်းသာ ပေါ်နေသည်။
သူ့ဘေးရှိ ထာဝရကလန်မှ နောက်ထပ်အကြီးအကဲတစ်ယောက်၏ ခန္ဓာကိုယ်မှာလည်း ပျက်စီးသွားရပေသည်။
ကျန်လေးယောက်လည်း သွေးအန်လိုက်ရပြီး နောက်သို့ အရူးအမူး ဆုတ်ကြ၏။ သူတို့၏ခန္ဓာကိုယ်များသည် သွေးအလင်း၏ ထွင်းဖောက်ခြင်း ခံရကာ အနီရောင်အခိုးအငွေ့များ ထုတ်လွှတ်ကုန်၏။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များသည် မြန်ဆန်စွာ သွေ့ခြောက်ပြီး သိပ်မကြာခင်တွင် အရိုးသာ ကျန်တော့သည်။
“ဒါက ဘယ်လိုဓားမျိုးလဲ…”
“ဒါက ဘယ်လိုရတနာမျိုးလဲ…”
“ဒီလုဇီဟောင်ရဲ့ ကျင့်ကြံမှုအဆင့်က ဘာလဲ…”
ခုတ်ပိုင်းချက်တစ်ခု။ သည်တစ်ချက်ဖြင့်ပင် ကောင်းကင်ဘုံဒုက္ခပထမအဆင့် ခြောက်ယောက်တါင် နှစ်ယောက်၏ခန္ဓာကိုယ်များ ဆုံးရှုံးကာ ကျန်သည့်သူများလည်း ဒဏ်ရာ ရကုန်ကြ၏။ ထိုမျှသာ ဖြစ်ရခြင်းသည် ဝမ်လင်းက သူတို့ကို မသတ်ချင်သောကြောင့်ပင်။ မဟုတ်ပါက ခန္ဓာကိုယ်ဆုံးရှုံးသွားရသော နှစ်ယောက်သည် လွတ်မြောက်နိုင်ခဲ့လိမ့်မည် မဟုတ်ပါ။
သည်ဓားသည် လူတိုင်းကို လုံးဝ တုန်လှုပ်စေခဲ့၏။ သူတို့၏စိတ်နှလုံးထဲတွင် ကြီးစွာ လှိုင်းထန်ရသည်။
ဝမ်လင်းသည် ဖျပ်ခနဲဖြင့် လှုပ်ရှားပြီး မင်သက်နေသော အဘွားအိုကို ခေါ်ဆောင်ကာ ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့၏။ ထာဝရကလန်မှ အကြီးအကဲခြောက်ယောက်သည် သူ့ကို လုံးဝ မတားဆီးဝံ့ကြတော့ပေ။
“ငါ ပြန်လာခဲ့မယ်။ မူလကလန်သာ ပျက်စီးနေခဲ့ရင် မင်းတို့ထာဝရကလန်ကို တိမ်ပင်လယ်ကနေ ဖယ်ရှားပစ်မယ်။ မင်းတို့ခြောက်ယောက်လည်း သေရမယ်…”
ဝမ်လင်းသည် လေထဲရှိ ထိုလူခြောက်ယောက်ကို အေးစက်စက် လှည်ပြန်ကြည့်လိုက်၏။ သူသည် ယဉ်ကျေးစွာ ပြုမူရန် ကြိုးစားခဲ့ပြီး နှိမ့်ချခဲ့ပြီး သူ့ရိုးသားမှုကို ပြသခဲ့ပြီး ဖြစ်သည်။ သူသည် ကျိန်ဆိုမှုတစ်ခုကိုပင် ပြုလုပ်ပြခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုအရာများက အသုံးမဝင်ခဲ့ပေ။ ကျင့်ကြံခြင်းလောက၌ ခွန်အားသည်သာ လူလေးစားသည် မဟုတ်လား။
ဓားတစ်လက်နှင့်တိုက်ခိုက်မှုတစ်ခုက မည်သည့်သွေးသစ္စာကျိန်ဆိုမှုထက်မဆို အဆတစ်သောင်း အားကောင်းလေ၏။
***