← Chapters

သိုင်းသူတော်စင်တစ်ယောက်၏ကိုယ်ပွားပုံရိပ်

Vol. 37 Ch. 517

သိုင်းသူတော်စင်တစ်ယောက်၏ကိုယ်ပွားပုံရိပ်

Vol. 37 Ch. 517

အခန်း (၅၁၇) သိုင်းသူတော်စင်တစ်ယောက်၏ကိုယ်ပွားပုံရိပ်

ရန်ကျောက်ကဲက မိစ္ဆာသူတော်စင်ရောက်လာရန် လုံးဝ စောင့်မျှော်နေခြင်း မရှိသည် အမှန်ပင်။

ယခု မိစ္ဆာသူတော်စင်ရောက်လာသည့်အခါ သူက စိတ်ထဲမှ အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့မိသည်။

“ဟွန်း... ဒီ မိစ္ဆာသူတော်စင်ရောက်လာတာ ရည်ရွယ်ချက်ကောင်းတော့ မရှိနိုင်ဘူး ၊ ငါးမျှားဖို့အတွက် ငါ့ကို ငါးမျှားတံလို အသုံးချချင်နေတာပဲ”

ဤကမ္ဘာတွင် ရန်ကျောက်ကဲ မိစ္ဆာသူတော်စင်ဂိုဏ်းမှမဟုတ်ကြောင်း အသိဆုံးပုဂ္ဂိုလ်မှာ  ဖူအန်းစုပြီးလျှင် မိစ္ဆာသူတော်စင်ဂိုဏ်းချုပ် ၊ မိစ္ဆာသူတော်စင် ‘လင်ချန်းချန်’ သာလျှင် ရှိပေလိမ့်မည်။

ယခု ဘာမှမဆိုင်ဘဲ မိစ္ဆာသူတော်စင် လှုပ်ရှားသည်ကိုကြည့်ခြင်းအားဖြင့် အကြောင်းတစ်ခုခုကြောင့် သူ့အပေါ် အပြစ်ပုံချစေလိုခြင်းမှာ ထင်ရှား၏။

ရန်ကျောက်ကဲက မျက်လုံးထောင့်မှတစ်ဆင့် ရေသလင်းနန်းတော်မှ ကျန်းဟောက်ချန် ၊ အကြီးအကဲ’တုန်း’ တို့၏ မယုံသင်္ကာအကြည့်များကို တွေ့လိုက်ရသည်။ သူတို့က ရန်ကျောက်ကဲမှာ မိစ္ဆာသူတော်စင်ဂိုဏ်းမှဖြစ်ကြောင်း (၇၀) သို့မဟုတ် (၈၀) ရာနှုန်းခန့် ယုံကြည်နေကြပြီ ဖြစ်သည်။

ယခုအခါ မိစ္ဆာဂိုဏ်းများဘက်မှ သိုင်းသမားများက ရန်ကျောက်ကဲနှင့် ဖန်းခန်းတို့ တိုက်ပွဲကို ပွဲကြီးပွဲကောင်းတစ်ခုပမာ တက်ကြွစွာ ကြည့်နေကြပြီး လမ်းမှန်ဂိုဏ်းမှ သိုင်းသမားများကတော့ ရန်ကျောက်ကဲအပေါ် သံသယများ ပိုမိုများပြားလာကြသည်ပင်။

ရန်ကျောက်ကဲကဲ့သို့ မာနကြီးပြီး ကိုယ်ရေကိုယ်သွေးမြင့်မားသူများသည် များသောအားဖြင့် အခြားသူများကို ဟန်ဆောင်လှည့်ဖြားခြင်း မပြုတတ်ကြောင်း သူတို့ ခံစားမိကြသည်။

သို့သော် ထိုလူငယ်က မိစ္ဆာသူတော်စင်ဂိုဏ်းမှ ဖြစ်ပါလျှက် သူ၏အထောက်အထားများကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားမည်ဆိုလျှင် ဆိုးရွားသောအကြံအစည်တစ်ခု သေချာပေါက် ရှိနေမည် ဖြစ်၏။

ဖန်းခန်းက အေးစက်စွာကြုံးဝါးသံပြုရင်း...

“မင်းတို့မိစ္ဆာတွေ ဘယ်လိုပဲ ကောက်ကျစ်ယုတ်မာပါစေ အမှန်တရားကို ဖုံးကွယ်လို့ မရပါဘူး ၊ ဘာမှ တွေးမနေနဲ့... ကောင်လေး... ဒီနေ့က မင်း သေရမယ့်နေ့ပဲ”

ကျန်းဟောက်ချန်တို့အုပ်စုမှာ ရန်ကျောက်ကဲကိုကြည့်ရင်း မရေရာမှုများနှင့်အတူ စိတ်မသက်မသာ ခံစားလိုက်ကြရသည်။

ထိုအချိန်...

ပင်လယ်နက်စင်္ကြံအောက်ခြေမှ ကြည်လင်သောရေစီးကြောင်းအတွင်း ငိုက်မြည်းနေဟန်ရှိသော ရောင်ဝါတစ်ခုက အားကောင်းပြင်းထန်စွာ တုန်လှုပ်လာသည်။

လူတိုင်းက ကန်းလင်မိုးရေစက်များဖြင့် ဖွဲ့စည်းထားသော ပကတိရေသွေးကြောဆီသို့ တစ်ပြိုင်နက်တည်း စူးစူးစိုက်စိုက် ကြည့်လိုက်ကြစဉ် ထိုနေရာမှ စွမ်းအားအတက်အကျများ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ကြရ၏။

ဖန်းခန်းက သူ၏အစစ်အမှန်သိုင်းကိုယ်ခွဲဖြစ်သော နတ်ကြံ့ကြီး၏ နဖူးထက်မှမျက်လုံးကိုဖွင့်လျှက် စူးစိုက်ကြည့်နေသော်လည်း ရေ၏ကြည်လင်တောက်ပခြင်းမှလွဲပြီး မည်သည့်အရာကိုမှ မမြင်ရပေ။

ထိုစွမ်းအားအတက်အကျများထဲတွင် သူ နားမလည်သော တစ်စုံတစ်ရာကို ယောင်ဝါးဝါး ခံစားရပြီး သူ့စိတ်ထဲတွင် ဆိုးရွားသော အန္တရယ်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

“အဲဒါ ဘယ်သူများလဲ”

“ရေသလင်းနန်းတော်သခင်လား ၊ သွေးနီနဂါးဂိုဏ်းက ‘နဂါးကိုးကောင်လက်ချောင်း’ လား ၊ ဒါမှမဟုတ် ရှားလော်ဂိုဏ်းချုပ်လား ၊ တစ္ဆေဝိညာဉ်ဂိုဏ်းက တစ္ဆေဝိညာဉ်သေတ္တာလား”

“ဒါမှမဟုတ် အစကတည်းက ထောင်ချောက်ဆင်ထားတဲ့ တစ်ခုခုများလား”

မရေရာမှုများနှင့်အတူ ဖန်းခန်း များစွာ တုန်လှုပ်သွားသည်။

သို့သော် ရေထဲမှစွမ်းအားရောင်ဝါက ငိုက်မြည်းနေရာမှ နိုးထလာသည့်တိုင် အလွန်တရာ တည်ငြိမ်နေကြောင်း ခံစားမိသဖြင့် နောက်ဆုတ်ရန်လည်း ဆန္ဒမရှိခဲ့ပေ။

သူက ဒေါသတကြီး ကြုံးဝါး‌အော်ဟစ်လိုက်ပြီး သူ့လက်ဖဝါးထက်တွင် ‌ကျောက်စိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရန်ကျောက်ကဲနှင့် ဖူအန်းစုကို ‌ကျော်ဖြတ်လျှက် ကြည်လင်သော ရေစီးကြောင်းအတွင်းသို့ ဝင်ရောက်သွားသည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်ပင် လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ထို လက်ဝါးရိုက်ချက်ကို တားဆီးလိုက်ပြီး...

“ဘာလဲ... ဝင်္ကပါပင်လယ်ကို ရောက်နေတဲ့သူက မိစ္ဆာသူတော်စင်လား ၊ ငါတော့သူ့ကို မသိဘူး”

ရန်‌ကျောက်ကဲက သူ၏လက်ဝါးရိုက်ချက်ကို တားဆီးလိုက်သည်နှင့် ဖန်းခန်း၏ လက်ဝါးရိုက်ချက်က လမ်းကြောင်းပြောင်းသွားပြီး ရန်ကျောက်ကဲထံ ဝင်ရောက်လာသည်။ သူက ပကတိရေသွေးကြောသို့ မတိုက်ခိုက်တော့ဘဲ အဓိကပစ်မှတ်ဖြစ်သော ရန်ကျောက်ကဲဆီသို့ ဦးတည်တိုက်ခိုက်လိုက်သည်။

ရေထဲတွင်ရှိနေသောအရာက ဘာမှန်းမသိသော်လည်း ဖန်းခန်း၏ လက်ဝါးရိုက်ချက်က လွဲချော်သွားပြီဖြစ်ရာ နောက်သို့အသာဆုတ်လိုက်ပြီး အခြေအနေစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သားဖြစ်သူကို သတ်ဖြတ်ခဲ့သော ရန်ကျောက်ကဲကိုသာ ပစ်မှတ်ထား တိုက်ခိုက်လိုက်၏။

သူ၏လက်ဝါးရိုက်ချက်က ရန်ကျောက်ကဲထံ ဝင်ရောက်လာပြီး ကျောက်စိမ်းရောင်အလင်းတန်းက မျဉ်းတစ်ကြောင်းတည်းအသွင် ပြောင်းလဲသွားကာ လျှင်မြန်လွန်းသဖြင့် မည်သူမှ ရှင်းရှင်းလင်းလင်း မတွေ့မြင်ကြရပေ။

ထိုအချိန်...

သူတို့အားလုံးမျက်စိရှေ့မှာပင်  ပတ်ဝန်းကျင်ဗလာနယ်ပုံပျက်သွားသည့်အလား ပရမ်းပတာစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဖန်းခန်း၏ ရှည်လျားပါးလွှာသောကျောက်စိမ်းရောင်အလင်းတန်းကို စုပ်ယူလိုက်သည်။

ထို့နောက် ရန်ကျောက်ကဲက တည်ငြိမ်စွာပင် ကျန်းဟောက်ချန်နှင့် လီချန်တို့ကို လှမ်းကြည့်ကာ ပြုံးပြရင်း...

“ပင်လယ်နက်စင်္ကြံကို ကိစ္စတစ်ခုရှိလို့ ရောက်လာတာလို့ စောစောက ပြောခဲ့တယ် မဟုတ်လား”

သူ့စကားအဆုံးတွင် ကန်းလင်မိုးရေစက်များနှင့် ဖွဲ့စည်းထားသော ပကတိရေသွေးကြောက ပြင်းထန်စွာ တုန်ခါသွားပြီးရေထဲမှ ပုံရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာပြီး ရန်ကျောက်ကဲရှေ့သို့ ရောက်ရှိလာသည်။

ဖန်းကန်းက ထိုပုံရိပ်ကို လက်ဝါးဖြင့် ထပ်မံရိုက်ချလိုက်သော်လည်း ကျောက်စိမ်းရောင်အလင်းတန်းက ကျောက်သားရုပ်တုကို ဖြတ်‌ကျော်နိုင်ခြင်း မရှိခဲ့ပေ။

ကျောက်ရုပ်တုက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လက်ငါးချောင်းကို ဖြန့်ကားလိုက်လေရာ ကောင်းကင်တစ်ခွင်နှင့် ပင်လယ်ပြင်ကို လွှမ်းခြုံတော့မည့်အလား ပြင်းထန်သောစွမ်းအားများထွက်ပေါ်လာပြီး ကျောက်စိမ်းရောင်အလင်းတန်းနှင့် အားပြင်းစွာ ရိုက်ခတ်မိသွား၏။

ကျောက်ရုပ်တု အနည်းငယ် တုန်ခါသွားသည့်တိုင် တစ်ချက်လေးပင် ထိခိုက်သွားဟန် မှိပေ။

သူ့အရှေ့တွင် ရုတ်တရက် ပေါ်လာသော ကျောက်ရုပ်တုကြီးကိုကြည့်ရင်း ဖန်းခန်းမျက်ဝန်းများ ပြူးကျယ်ဝိုင်းစက်လျှက် ရှိသည်။

ဖန်းခန်း၏ လက်ဝါးရိုက်ချက်ကြောင့် မဟုတ်ဘဲ ကျောက်ရုပ်တုမျက်နှာပြင်ထက်မှ ကျောက်သားများက အဆက်မပြတ် ကွာကျလာသည်။

ကျောက်သားအရေခွံများ အက်ကွဲကွာကျသွားသည်နှင့် ကျောက်စိမ်းရတနာပမာ ဖြူစင်သော အသားအရေက ကြည်လင်တောက်ပစွာ ထွက်ပေါ်လာသည်။

မြင်ကွင်းကိုကြည့်နေသူများအားလုံး တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြသည်။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားတစ်ခုက ကျောက်သားရုပ်တုအတွင်းရှိ ခန္ဓာကိုယ်ဆီမှ ပေါက်ဖွားထွက်ပေါ်လာ၏။

အဆိုပါကြောကျရုပျတုသညျ ပိနျပါးသောအဘိုးအိုတစျယောကျ၏သဏ်ဌန်ဖြစ်သော်လည်း ကျောက်သားအပေါ်ယံလွှာများ အဆက်မပြတ်ကွာကျလာပြီးနောက် အတွင်းထဲမှ လူသားအသွင်သည် လျှင်မြန်စွာပင် ပြန်လည်နုပျိုသွားသည်။ နောက်ဆုံး သူ၏အသက်အရွယက်က ရန်ကျောက်ကဲနှင့် သက်တူရွယ်တူ ငယ်ရွယ်သည့်အချိန်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။

ကျောက်သားအရေခွံအလွှာများအားလုံး ကြွေကျသွားသည့်အခါ အရပ်မြင့်မြင့် ချောမောသောအသွင်အပြင်ရှိသော လူငယ်တစ်ယောက်ပေါ်လာသည်။

ရန်ကျောက်ကဲက ပေါ့ပါးသောလေသံဖြင့်...

“နာခံစေ...”

သူ့စကားသံဆုံးသွားသည်နှင့် ကျောက်ရုပ်တုမှမွေးဖွားလာသော လူငယ်၏ မျက်ဝန်းထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ချက်လင်းလက်သွားပြီး ထိုအလင်းတန်းက အင်းသင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအင်းသင်္ကေတက ရန်ကျောက်ကဲ အမတလက်ဖွဲ့အဆင့်သို့ တက်ရောက်စဉ်က ဖြစ်တည်ခဲ့သော အမတအင်းသင်္ကေတနှင့် ဆင်တူသည်။

အလင်းရောင်က လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားပြီး လူငယ်က သမုဒ္ဒရာကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေသည့် ကျယ်လောင်သော ကြုံးဝါးသံတစ်သံကို ပြုလုပ်လိုက်သည်။

ထို ကြုံးဝါးသံက အနှိုင်းမဲ့သော စိတ်စွမ်းအားနှင့် တန်ခိုးစွမ်းအားများ ပါဝင်နေလေရာ ဝင်္ကပါပင်လယ်တစ်နေရာတွင် အပြင်းအထန် တိုက်ခိုက်နေသော မိစ္ဆာသူ‌တော်စင်နှင့် မျောလွင့်ဓားတို့သည်ပင် တုန်လှုပ်သွားကြ၏။

စိတ်ရှုတ်ထွေးနေဟန်ရှိသော ဖန်းခန်းကိုကြည့်ရင်း ရန်ကျောက်ကဲက အေးစက်စွာ ရယ်မောလိုက်သည်။

“ဘာ မိစ္ဆာသူတော်စင်လဲ ၊ ငါက သူ့ကို ဘာလုပ်ရမှာလဲ ၊ ငါက သူ့ကို စောင့်နေတယ်လို့ ပြောမိလို့လား ၊ ငါက ငါ့ရဲ့ကိုယ်ပွားကို စောင့်နေတာ”

ကျောက်ရုပ်တုမှာ ဝင်္ကပါပင်လယ်အရံအတားအတွင်းမှ ရန်ကျောက်ကဲရရှိခဲ့သော သေဆုံးပြီးသား သိုင်းသူတော်စင်တစ်ယောက်၏ ရုပ်အလောင်း ဖြစ်သည်။

ထိုသိုင်းသူတော်စင်က အလွန်တရာ ထူးဆန်းပြီး သေဆုံးသွားပြီးသည့်တိုင် ထူးခြားသောကျင့်စဉ်တစ်ခုကို အသုံးပြုကာ သူ၏အမတတန်ခိုးစွမ်းအားများကို ရုပ်အလောင်းထဲမှ စိမ့်ထွက်မသွားစေရန် ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့ကြောင့် ရုပ်အလောင်းထဲတွင် တန်ခိုးစွမ်းအားအမြုတေက တစ်ချက်ပင် ဆုံးရှုံးသွားခြင်းမရှိဘဲ တည်ရှိနေ၏။

ယခု ရန်ကျောက်ကဲက ထို ရုပ်အလောင်းကို သန့်စင်လိုက်သည့်အခါ အစွန်းတရားနှစ်ပါး ပြောင်းပြန်ဖြစ်သွားပြီး သေခြင်းတရားမှ ပြန်လည်မွေးဖွားခြင်းသို့ ပြောင်းလဲသွားကာ ရှင်ခြင်းနှင့်သေခြင်းက ဆုံမှတ်တစ်ခုတည်းအဖြစ် ပေါင်းဆုံသွားသည်။

ဤသိုင်းဆရာသခင်က ပြန်လည်ရှင်သန်နိုင်ခြင်း မရှိတော့သော်လည်း သူ၏ အသက်အရွယ်ကြီးရင့်သော အသွေးအသားနှင့် ခန္ဓာကိုယ်ကတော့ အသစ်ပြန်လည်မွေးဖွားခဲ့ပြီး ငယ်ရွယ်နုပျိုသော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။

အဆုံးသတ်မှာတော့ ထို ရုပ်ခန္ဓာသည် ရှားပါးပြီး တန်ခိုးစွမ်းအားနှင့် ပြည့်ဝသော အံ့ဖွယ်ခန္ဓာတစ်ခု ဖြစ်လာခဲ့သည်။ ထိုရုပ်ခန္ဓာက လူသားခန္ဓာရုပ်အခွံဖြစ်သလို ဝိညာဉ်သန္ဓေသားလည်း ဖြစ်သည်။

အကယ်၍ သိုင်းသူတော်စင်များသာ ဤရုပ်ခန္ဓာအခွံကို ရရှိပါက သူတို့၏ကိုယ်ပွားအဖြစ် သန့်စင်ပေးနိုင်ပါက အလွန်တရာ စွမ်းအားမြင့်မားသော “သိုင်းသူတော်စင်အသစ်တစ်ယောက်” ကို မွေးဖွားပေးနိုင်ပေမည်။

ရန်ကျောက်ကဲက သိုင်းသူတော်စင်တစ်ယောက် မဟုတ်သော်လည်း သိုင်းသူတော်စင်ရုပ်အလောင်းကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ အကြောင်းမှာ သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံခဲ့သောကြောင့် ဖြစ်၏။

“ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” က အစမရှိ ၊ အဆုံးမရှိ ၊ အတိတ်မရှိ ၊ အနာဂတ်မရှိ အရာအားလုံးတူညီသောသဘောတရားကို ပိုင်ဆိုင်လေရာ သူက သိုင်းဆရာသခင်တစ်ယောက် ပြုလုပ်နိုင်စွမ်းမရှိသောလုပ်ရပ်ကို ရန်ကျောက်ကဲက အံ့မခန်း လုပ်ဆောင်နိုင်ခဲ့သည်။

အမတလက်ဖွဲ့သိုင်းဆရာသခင်အဆင့်သို့ ဝင်ရောက်လာပြီးနောက် မိုးနှင့်မြေတွင် အသန့်စင်ဆုံးဖြစ်သော ကန်းလင်မိုးရေစက်များဖြင့် ထို ရုပ်အလောင်းကို သန့်စင်ပြီး သူ၏ကိုယ်ပွားအဖြစ် ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။

ရေနက်စင်္ကြံသို့အလောတကြီးရောက်လာချိန်တွင် ရန်သူနှင့်ရင်ဆိုင်ရသည့်အခါ တစ်ပါးသူ၏အကူအညီရှာဖွေရန် ရန်ကျောက်ကဲအနေဖြင့် အစီအစဉ် မရှိခဲ့ပေ။

ရန်သူများကိုရင်ဆိုင်ရန် သူ၏ပြင်ဆင်ထားမှုက အနည်းငယ် ညစ်ကျယ်ကျယ်နိုင်သော်လည်း အခြားသူအကူအညီမဟုတ်သော ကိုယ်ပိုင်နည်းလမ်းတစ်ခု ဖြစ်၏။

ယခု ရန်ကျောက်ကဲက စိတ်စေစားလိုက်ရုံဖြင့် သူ၏ကိုယ်ပွား သိုင်းသူတော်စင်လူငယ်က သူ့အတွက် တိုက်ခိုက်ပေးမည် ဖြစ်သည်။

သူ့အရှေ့မှ သိုင်းသူတော်စင်လူငယ်က ညာဘက်လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဖန်းခန်းကို ထိုးနှက်ချလိုက်သည်။

သူ့လက်ထဲတွင် မည်သည့်လက်နက်မှ မရှိသော်လည်း လက်သီးချက်က လှံရှည်တစ်လက်ပမာ ကောင်းကင်နှင့် ပင်လယ်တစ်ခွင်ကို ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်းလှံရှည်ထိုးနှက်လိုက်သောနေရာတွင် အတောင်များကို ဖြန့်ကားလျှက် ကောင်းကင်ကိုးထပ်သို့ အော်ြမည်ပျံသန်းသွားသော ဧရာမဂဠုန်ငှက်ကြီးတစ်ကောင်ပုံရိပ် ထွက်ပေါ်လာသည်။

ထို ဂဠုန်ငှက်ကြီးဝင်ရောက်လာသည်နှင့် ကျယ်ပြောလှသော ကျောက်စိမ်းပင်လယ်ကြီး ကွဲအက်သွားလျှက် ပင်လယ်နှင့်တစ်ဆက်တည်းရှိသော မိုးကုတ်စက်ဝိုင်းသည်ပင် အင်ကြောင်းထင်သွားသည့်အလား ထင်မှတ်ရသည်။

မြောက်ပိုင်းသမုဒ္ဒရာ နတ်ဘုရားလှံရှည် ၊ ကောင်းကင်ကိုးထပ်ဆီ ဂဠုန်ပျံချီ။

"အဲဒါ ... မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင် ‘ကျွမ်ခွန်း’ ... မဟုတ်လား"

တိုက်ပွဲကိုကြည့်နေသူများက အံ့အားတသင့် ရေရွတ်လိုက်ကြသည်။

ဖန်းခန်း၏ လက်ဝါးရိုက်ချက်က ကိုယ်ပွားလူငယ်ကို ထိမှန်သွားသည်နှင့် ဖန်းခန်းသာလျှင် နောက်သို့ လွင့်စင်ထွက်သွားသည်။

သူ၏တိုက်ကွက် မအောင်မြင်သည့်အခါ အခြေအနေမကောင်းကြောင်း ဖန်းခန်း ချက်ချင်း သဘောပေါက်သွားသည်။

မိုးမြေတစ်ခွင်ကို ထိုးဖောက်ဝင်ရောက်လာသော အတောင်များဖြန့်ကားထားသည့် ဧရာမဂဠုန်ငှက်ကြီးအသွင်ရှိသော လှံရှည်ကိုကြည့်ရင်း သူ အလွန်အမင်း တုန်လှုပ်သွားသည်။

သူက ဝိညာဉ်အလင်းသိုင်းပညာကို ထုတ်ဖော်အသုံးပြုပြီး ထွက်ပြေးရန် ကြိုးစားသည့်တိုင် အနှီလှံရှည်သည် သူ့နောက်သို့ အမီလိုက်လာနေဆဲ ဖြစ်လေ၏။

All Chapters