← Chapters

နတ်ဆိုးကလန်ရှိ ဟင်းလင်းပြင်အက်ကြောင်း

Vol. 98 Ch. 1343

နတ်ဆိုးကလန်ရှိ ဟင်းလင်းပြင်အက်ကြောင်း

Vol. 98 Ch. 1343

ဝမ်လင်းသည် ထာဝရကလန်၏အကြီးအကဲ​​ခြောက်​ယောက်ကို ခြုံငုံ၍ ကြည့်လိုက်ပြီး​နောက် သူ့လက်ကို ပြန်ရုတ်သိမ်းသည်။ သူ့လက်ထဲရှိ​သွေးဓါးမှာ အနီ​ရောင် ဖျပ်ခနဲ လင်းလက်ပြီး သွေးတစ်စက်အဖြစ် ​ပြောင်းလဲသွားသည်။ ၎င်း​သွေးစက်က သူ့မျက်ခုံးနှစ်ခုကြားသို့ ကျ​ရောက်ကာ တဖြည်းဖြည်းချင်း ​ပျောက်ကွယ်သွား​တော့သည်။

သူက သူ့ညာလက်ကို ​ဝေ့ယမ်းလိုက်ရာ မုန်တိုင်းတစ်ခု ​ပေါ်လာ၏။ ထို့​နောက် သူသည် အဘွားအိုကို ​ခေါ်​ဆောင်ကာ ထာဝရကလန်၏ လူများ​ရှေ့တွင်ပင် ​ပျောက်ကွယ်သွား​တော့သည်။

"ကြယ်ဘယ်နှစ်လုံးအဆင့်မှန်း မသိရတဲ့ ​ရှေး​ဟောင်းနတ်ဘုရားတစ်ပါးက ​ရှေး​ဟောင်းနတ်ဘုရားကြယ်တစ်လုံးကို အသုံးပြုပြီး သန့်စင်မွန်းမံထားတဲ့ ဒီရတနာဟာ တကယ့်ကို အံ့အားသင့်ဖွယ် ​ကောင်းလှတယ်။ ကြယ်​ခြောက်လုံး ရှေး​ဟောင်းနတ်ဘုရား ဖြစ်တဲ့ ငါ​တောင် ဒီရတနာဓါးရဲ့ စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းပဲ အသုံးပြုနိုင်တယ်။ ဒါ​ပေမဲ့ ဒီသုံးဆယ်ရာခိုင်နှုန်းနဲ့တင် ​ကောင်းကင်ဘုံဒုက္ခပထမအဆင့်ဘယ်ကျင့်ကြံသူကို မဆို ဖြတ်​တောက်ပစ်ဖို့ လုံ​လောက်​နေပြီ..."

ဝမ်လင်းသည် ကြယ်များကြားတွင် အဆုံးစွန်အမြန်နှုန်းဖြင့် သွားလာ​နေ၏။

သူ့​ဘေးရှိ အဘွားအိုမှာ သူမ ​တွေ့မြင်ခဲ့ရသည့် အရာရာအ​ပေါ် မင်သက်​နေမိ၏။ ဝမ်လင်း ပြသခဲ့​သော ခွန်အားမှာ သူမကို မယုံကြည်နိုင်​လောက်​အောင် ဖြစ်​စေသည်။

"တာအိုပညာရှင်နဲ့ တိုက်ပွဲတုန်းက ငါဟာ နိဗ္ဗာနဖြိုခွဲခြင်း အဆင့်ကို ​ခြေလှမ်းတစ်ဝက်ပဲ ဝင်​​ရောက်ခဲ့ပြီး ​ကောင်းကင်ဘုံဒုက္ခပထမအ​ဆင့်ကို ယှဥ်တိုက်နိုင်ခဲ့တယ်။ ဒါ​ပေမဲ့ အဲ့တိုက်ပွဲဟာ တကယ်ခါးသီးလွန်းတယ်။ ငါ အနိုင်ရဖို့အတွက် တန်ဖိုးများစွာ ​ပေးဆပ်ခဲ့တာ​တောင် ဒီတိုက်ပွဲဟာ အလွန်ခက်ခဲလွန်းတယ်..."

"ဒါ​ပေမဲ့ အခုချိန်ထိလည်း ငါက ငါ့ကျင့်ကြံမှုအဆင့် ချိပ်ပိတ်ထားတာကို မဖွင့်လှစ်ရ​သေးဘူး။ တာအိုနယ်ပယ်မှာ ငါ့ပထမဆုံးတာအိုကို နားလည်ခဲ့တဲ့​နောက် ငါ့ခန္ဓာကိုယ်ဟာ ပိုသန်မာလာခဲ့တယ်။ ငါဟာ ​ကောင်းကင်ဘုံဒုက္ခပထမအ​ဆင့်​တွေကို အနိုင်ယူလာနိုင်ပြီ။ ​ကောင်းကင်ဘုံဒုက္ခဒုတိယအဆင့်ကျင့်ကြံသူ​တွေ​လောက်​တော့ ငါ မသန်မာ​သေး​ပေမယ့်လည်း ဒီ​ရှေး​ဟောင်းနတ်ဘုရားဓါးနဲ့ဆိုရင် ငါ သူတို့နဲ့လည်း တိုက်ခိုက်နိုင်စွမ်း ရှိ​နေပြီ..."

​"ကောင်းကင်ဘုံဒုက္ခအဆင့်​တွေကြားမှာ တစ်ဆင့်ချင်းစီဟာ ကွာခြားမှု ကြီးမားလှတယ်။ တကယ်​တော့ လူတစ်​ယောက်ဟာ ဒီအဆင့်တစ်ခုချင်းစီမှာ ကျရှုံးသွားတာနဲ့ ​သေသွားနိုင်တယ် မဟုတ်လား။ ဒါ​ပေမဲ့ ​အောင်မြင်ခဲ့ရင်လည်း အံ့မခန်းစွမ်းအားကို ပိုင်ဆိုင်လာနိုင်မှာ ဖြစ်တယ်..."

​ကောင်းကင်ဘုံဒုက္ခအဆင့်များသည် တတိယအဆင့်သို့ ​ရောက်ရန် ကြားခံအဆင့်များ ဖြစ်ကြ၏။ ယင်းအ​ဆင့်များတွင် အသက်ကိုရင်း၍ စွမ်းအားကို ပိုင်ဆိုင်ရယူရခြင်း ဖြစ်သည့်အတွက်​ကြောင့် ​ကျော်လွှားနိုင်ရန် ခက်ခဲလွန်း​ပေသည်။

"ဒါ​ပေမဲ့လည်း ငါသာ ချိပ်ပိတ်မှုကို ဖွင့်လိုက်ရင် ငါ့ကျင့်ကြံမှုအဆင့်ဟာ အများကြီး တိုးတက်သွားမှာ။ အပြင်ဘက်ကမ္ဘာမှာ ဆယ်နှစ်ဆို​​ပေမဲ့ ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့ထဲမှာ​တော့ အချိန်အကြာကြီး ငါ နားလည်ဆင်​ခြင်​နေခဲ့တာ ဖြစ်တယ်။ ဒါ့​ကြောင့် ငါ့ချိပ်ပိတ်မှုကို ဖယ်လိုက်တာနဲ့ ​နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ကို ငါ တစ်ချီတည်းနဲ့ ​ရောက်သွားနိုင်လိမ့်မယ်။ ဒါဆိုရင် ​ကောင်းကင်ဘုံဒုက္ခဒုတိယအဆင့်ဟာ ငါ့ ပြိုင်ဘက် မဟုတ်​တော့ဘူး။ ငါက ​ကောင်းကင်ဘုံဒုက္ခတတိယအ​ဆင့်​တွေနဲ့​တောင် ယှဥ်တိုက်ခိုက်ချင် တိုက်ခိုက်နိုင်လိမ့်မယ်..."

ဝမ်လင်း၏မျက်လုံးတို့သည် ​တောက်ပ​နေ၏။

သူသည် သူ့ကိုယ်ပိုင်ခွန်အားကို ခံစားမိ​နေသည်။ သည်လိုခွန်အားမျိုးက သူ့ကို ​လောကကို ဆုပ်ကိုင်ထားနိုင်သလို ခံစားမှုကို ဖြစ်​စေ၏။ သူ့စိတ်နှလုံးထဲတွင် ယုံကြည်မှုတို့ ပြည့်နှက်​နေသည်။

"ငါ့ပန်းတိုင်က တတိယအဆင့်ကို ​ရောက်ရှိပြီး တာအိုပညာရှင်​ရေနဲ့ ငါ့ကို ချီရှီမန္တာန်နဲ့ လှည့်ဖျားခဲ့တဲ့ အလုံးစုံ​ကောင်းကင် ကြယ်အဖွဲ့အစည်းက ​ရှေး​ဟောင်းမိသားစုရဲ့ ဘိုး​​ဘေးကို သတ်ဖို့ပဲ..."

(ဘာသာပြန်သူမှတ်ချက်...​ရှေး​ဟောင်းမိသားစု၏ ဘိုး​ဘေးဆိုသူမှာ လီမူဝမ်ကို ပြန်အသက်သွင်း​ပေးမည်ဟု ဆိုပြီး ဝမ်လင်းကို လှည့်ဖျားခဲ့သူ ဖြစ်သည်။ )

တာအိုပညာရှင်​ရေနှင့် တိုက်ပွဲမတိုင်ခင်က ဝမ်လင်းသည် တတိယအ​ဆင့်ဆိုတာ အစစ်အမှန်နတ်ဘုရားများသာ ​ရောက်ရှိ​နိုင်​သော ဒဏ္ဍာရီနယ်ပယ်ဟု ယူဆထားခဲ့သည်။ ထိုအဆင့်၏စွမ်းအားကို သူ လုံးဝ မခုခံနိုင်ဟု ​တွေးထင်ထားခဲ့၏။

သို့ရာတွင် ခုချိန်တွင်​တော့ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် တိုးတက်လာခဲ့ပြီး၊ တတိယအ​ဆင့်ကျင့်ကြံသူနှင့် သူ​သေကိုယ်​သေ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည့်အတွက်​ကြောင့် သူတို့၏ မမြင်ရ​သော ဒဏ္ဍာရီလာအ​ဆင့်သည် ပျက်စီးကျိုးပျက်သွားခဲ့​ပြီ ဖြစ်၏။

ဝမ်လင်းသည် အဆင့်ရှစ်​ဒေသကို ယုံကြည်မှုအပြည့်၊ လီချန်​မေကို ကယ်တင်ရန် ဆုံးဖြတ်ထား​သောစိတ်တို့ဖြင့် ဖြတ်သန်း​ကျော်ဖြတ်လာသည်။ သူသည် အဆင့်ကိုး​ဒေသသို့ ပထမဆုံးအကြိမ်အဖြစ် ​ဝင်​ရောက်လာခဲ့​လေသည်။

သူ အဆင့်ကိုး​​ဒေသထဲ ဝင်​ရောက်လာချိန်တွင် နတ်ဘုရားကလန်၏ လျှို့ဝှက်ခန်းထဲတွင်​တော့ လူတစ်​ယောက် ထိုင်လျက်ရှိ​နေသည်။ ထိုသူ့မျက်နှာထက်ရှိ ​သွေး​ကြောများသည် ​ရောင်းကိုင်း​ဖောင်းကြွလို့ ​နေ၏။ သူ့ခန္ဓာကိုယ်က​နေ အ​တောမသတ်​ရွှေ​​ရောင်အလင်း​တောက်ပမှုကို ​ပေးစွမ်းလျက် ရှိသည်။ ထိုသူက​ တာအိုပညာရှင်​ရေ၊ ဆံဖြူ​ကောင်​လေးပင်။ သူက ဗလုံးဗ​ထွေး ​အော်ဟစ်​နေ၏။

သူ့မျက်နှာမှာ အလျင်အမြန် ကြီးရင့်လာ​နေ၏။ သို့​သော် သူ့အသက်ကြီးရင့်မှုက အကန့်အသတ်သို့ ​ရောက်လာချိန်တွင် ပြန်ငယ်သွားပြန်သည်။ ထိုကဲ့သို့ အသက်ကြီးရင့်လိုက်၊ ပြန်ငယ်သွားလိုက်ဖြင့် သံသရာလည်​နေ၏။ ​သေခြင်းနှင့်ရှင်သန်ခြင်းကြား တလှည့်စီ​ပြောင်းလဲ​နေမှု​ကြောင့် ဖြစ်​ပေါ်​သောနာကျင်မှုသည် သာမန်လူများ​တောင့်ခံနိုင်​သည့်အရာ မဟုတ်​ပေ။

တာအိုပညာရှင်​ရေသည် ထိုနာကျင်မှုကို ဆယ်နှစ်လုံး ခံစား​နေရ၏။

​"ခွေးသ​တောင်းစား​လေး....ဒီအဘိုးအို ခံစားခဲ့ရတဲ့ နာကျင်မှုထက် အဆတစ်​ထောင်ပိုတဲ့ နာကျင်မှုကို မင်း ပြန်ခံစား​စေရမယ်။ ဒါ့အပြင် ဆရာ...သင်က မ​သေ​သေးဘူးဆိုရင်​တောင် အလွန်အမင်း အားနည်း​နေခဲ့ပြီ။ မဟုတ်ရင် လွန်ခဲ့တဲ့​ဆယ်နှစ်က ငါ ထွက်​​ပြေးလာနိုင်စွမ်း ရှိခဲ့မှာ မဟုတ်ဘူး..."

တာအိုပညာရှင်​ရေ၏ အမူအရာသည် ကြမ်းကြုတ်​နေ၏။ သို့​သော် သိပ်မကြာခင်တွင် သူသည် နာနာကျင်ကျင် ​ထပ်မံ အော်ဟစ်လိုက်ရပြန်၏။

သူ့မျက်လုံးထဲတွင် သူငယ်အိမ်ပါ ရှိမ​နေ​တော့ဘဲ ခုနစ်​ရောင်စုံအလင်း၏ အစားထိုးခြင်း ခံထားရသည်။

ခုချိန်တွင် ဝမ်လင်းက တာအိုပညာရှင်​ရေကို လစ်လျူရှုကာ အ​ဆင့်ကိုး​ဒေသထဲ ဝင်​ရောက်လာခဲ့၏။ အဘွားအိုက ချက်ခြင်း လမ်းပြ၏။ သူတို့နှစ်​ယောက်သည် မြူများကို ချိုးဖျက်ကာ နတ်ဆိုးကလန်ထံ ဦးတည်​နေကြသည်။

အဆင့်ကိုး​ဒေသရှိ မြူများကြားတွင် အ​ဆင့်ဆယ့်နှစ်သားရဲများ ရှိလို့​နေ၏။ သို့​သော် ဝမ်လင်းထံ၌ သူတို့ကို သတ်ဖို့ အချိန်မရှိ​ပေ။ သူက ၎င်းသားရဲများ လာပိတ်ဆို့မည်ကိုလည်း မလိုချင်ခဲ့​ပေ။ ထို့​ကြောင့် သူသည် အ​ဆင့်ကိုး​​ဒေသအတွင်း ဝင်​ရောက်လာသည်နှင့် သူ့ကျင့်ကြံမှုအဆင့်နှင့် သတ်ဖြတ်လိုစိတ်ကို ​ပေါက်ကွဲထွက်​စေလိုက်ပြီး မြူသားရဲများအားလုံးကို တုန်လှုပ်သွား​စေ၏။ ထိုအခါ မြူများသည် ​နောက်ပြန်ကန်ကာ ပုန်းကွယ်​နေ​သော သားရဲများလည်း ဝမ်လင်းကို လက်​​​ရှောင်ကြ​တော့သည်။

"နတ်ဘုရားကလန်၊ တာအိုပညာရှင်​ရေ...ငါ သင့်ကို ကျိန်း​သေ​ပေါက် သတ်မယ်..."

အဆင့်ကိုး​ဒေသ၌ ဝမ်လင်း၏သတ်ဖြတ်လိုစိတ်မှာ ပိုအား​ကောင်းလာ၏။

လမ်းတ​လျှောက်လုံး ဝမ်လင်းသည် အမြန်ဆုံးနှုန်းဖြင့် လာ​နေ၏။ သူသည် အဘွားအို၏ လမ်းညွှန်ပြမှုအတိုင်း နတ်ဆိုးကလန်ရှိ တိုက်ပွဲကွင်းပြင်ထံ ဦးတည်လာ​နေသည်။

နတ်ဆိုးကလန်သည် အ​ဆင့်ကိုး​​ဒေသတွင် အဆန်းကြယ်​ဆုံးကလန်တစ်ခု ဖြစ်သည်။ ​​ပြောကြသည်က နတ်ဆိုးကလန်တွင် တပည့်များများစားစားမရှိ၊ သို့​သော် တစ်​ယောက်ချင်းဆီက အံ့အားသင့်ဖွယ်ကျင့်ကြံသူများ ဖြစ်ကြသည် ဟူ၏။

မ​ရေမတွက်နိုင်​သောနှစ်များစွာ တိုက်ပွဲကွင်းပြင်တွင် ​အတည်တကျ​နေထိုင်ပြီး ကြမ်းကြုတ်​သောသားရဲလှိုင်းများ ကျူး​ကျော်မှုကို တိုက်ခိုက်​နေခြင်း​ကြောင့် နတ်ဆိုးကလန်ရှိ လူများသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်​နေ၏။ ထို့အပြင် သူတို့သည် နတ်ဆိုးကလန်က​နေ လုံးဝမထွက်ခွာလုနီးပါး ဖြစ်သည့်အတွက်​ကြောင့် သူတို့စိတ်ထဲ၌ သူတို့သည် နတ်ဘုရားကလန်ကိုပါ ယှဥ်နိုင်သည်ဟု ထင်မှတ်ထားကြသည်။

​​နတ်ဆိုးကလန်သည် နတ်ဘုရားကလန်က​နေ ခွဲထွက်လာခဲ့ပြီး နတ်ဘုရားကလန်၏ စကားကိုပါ နားမ​ထောင်​တော့ဟု ​ကောလဟာလစကားများလည်း ရှိ​နေ၏၊ သည်အရာများအားလုံးက ထူးဆန်းလို့​နေသည်။ မှန်သည်ဖြစ်​စေ၊မှားသည်ဖြစ်​စေ ဤအချက်များက နတ်ဆိုးကလန်၏ခွန်အားကို ​လုံ​လောက်စွာ ​ဖော်ပြနိုင်​နေသည်။

သူတို့သည် တိုက်ပွဲကွင်းပြင်တွင် နှစ်​ပေါင်းမ​ရေမတွက်​နိုင်အောင် ဘိုင်​သေ ​နေကာ တိမ်ပင်လယ်၏ ငြိမ်းချမ်းမှုကို ခိုင်မြဲ​​နေ​စေ၏။ ထို့​ကြောင့် တိမ်ပင်လယ်ရှိ လူများသည် နတ်ဆိုးကလန်​၏ အဆင့်အတန်းကို ​လေးစားကြသလို သူတို့၏လျှို့ဝှက်ချက်ကိုလည်း ​ကြောက်လန့်ကြ၏။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် နတ်ဆိုးကလန်မှ လူများကို ကျင့်ကြံသူများဟု မမှတ်ယူကြ​ပေ။ သူတို့က စစ်တပ်တစ်ခုနှင့် ပိုတူ​နေသည် မဟုတ်လား။

သူတို့သည် ရက်စက်ကြမ်းကြုတ်ကြ၏။ သို့​သော် သူတို့သည် တိမ်ပင်လယ်ကို သားရဲများရန်က​နေ ​စောင့်ကြပ်​ပေး​နေကြသည်။ နတ်ဆိုးကလန် တည်ရှိမှု​ကြောင့် တိမ်ပင်လယ်မှလူများသည် နှစ်​ပေါင်း​သောင်းနှင့်ချီ၍ ​အေးချမ်းခဲ့ရသည်။ တိမ်ပင်လယ်ရှိကျင့်ကြံသူများကြား၌ တစ်​ယောက်နှင့်တစ်​ယောက် အ​​ကြောင်းရင်းရှိမှ၊ ရင်းမြစ်များရဖို့အတွက်သာ တိုက်ခိုက်​ကြသည်။

နတ်ဆိုးကလန် တည်ရှိမှု ရပ်တန့်သွား​သော တ​နေ့တွင် ဟင်းလင်းပြင်အက်​​ကြောင်းမှ ထွက်​ပေါ်လာ​နေ​​​သော သားရဲများကို ​ဟန့်တား​ပေးထား​သော ပထမဆုံးခံစစ်မှာ ​ပျောက်ကွယ်သွား​ပေလိမ့်မည်။ ထိုအခါကျလျှင် တိမ်ပင်လယ်တွင် အံ့မခန်းကပ်​ဘေးတစ်ခု ​ကျ​ရောက်လာ​ပေမည်။

နတ်ဆိုးကလန်၏ ကြမ်းကြုတ်ရက်စက်မှု၊ သူတို့၏အထူးတာဝန်​ကြောင့် သည်တိုက်ပွဲကွင်းပြင်ကို လာ​ရောက်ကြ​သော ကျင့်ကြံသူတိုင်းသည် နတ်ဆိုးကလန်ကို ​အလွန်လေးစား​ကြောင်း ပြရ၏။ နတ်ဆိုးကလန်၏အမိန့်များကို နား​ထောင်ကြရ၏။

အမိန့်များကို ဖိဆန်သူ မည်သူ့ကိုမဆို နတ်ဆိုးကလန်သည် ထိုသူ့ကို သတ်ပစ်​ပေမည်။ နတ်ဆိုးကလန်၏ အသိအမှတ်ပြုခြင်းကို ရထား​​သော ပါရမီရှင်အချို့သာ နတ်ဆိုးကလန်သို့ ဝင်​ရောက်နိုင်သည့် အခွင့်အ​ရေး ရှိကြ၏။ ထိုကဲ့သို့သူများမှာ နတ်ဆိုးကလန်၏အာရုံစိုက်မှုကို ရရှိကြသူများပင်။

လီချန်​မေသည် နတ်ဆိုးကလန်၏ အသိအမှတ်ပြုခံရ​သော သုံး​ယောက်ထဲမှ တစ်​ယောက်ဖြစ်သည်။ သူမ အမိန့်ကို ဖိဆန်ကာ ထွက်သွားခဲ့သည်​တောင်မှ သူတို့သည် သူမကို တားဆီး၍ မသတ်ခဲ့​ပေ။

သို့ရာတွင် လီချန်​​မေ ထွက်သွားသည်မှာ ဆယ်နှစ်​လောက် ကြာမြင့်ခဲ့၏။ ထို့​ကြောင့် နတ်ဆိုးကလန်မှာ အလွန်​ဒေါသထွက်ခဲ့၏။ သူတို့သာ သူမကို အပြစ်မ​ပေးပါက နတ်ဆိုးကလန်ဟု မ​​​​ခေါ်ထိုက်​တော့​ပေ။

သည်အခိုက်အတန့်တွင် နတ်ဆိုးကလန်၏ ကျင့်ကြံခြင်းဂြိုဟ်​​ခြောက်ခု​ကြောင့် ဖြစ်​ပေါ်​နေ​သော အဝန်းအဝိုင်း၏ အနီးအနားရှိ ဟင်းလင်းပြင်အက်​ကြောင်း ပြင်ပတွင် တိမ်ပင်လယ်မှ ပါရမီရှင်များသည် သားရဲများဖြင့် အကြမ်းပတမ်း တိုက်ခိုက်​နေကြ၏။ မန္တာန်မျိုးစုံကို အသုံးပြု​နေကြသည်။

ဟင်းလင်းပြင်အက်​ကြောင်းအတွင်း၌မူ မတူညီ​သောသားရဲမျိုးစုံသည် ဟိန်းသံများ ​ပေးလျှက် သူတို့​ရှေ့ရှိ အရာအားလုံးကို သတ်ပစ်နိုင်ရန် အက်​ကြောင်းတွင်းမှ ထွက်နိုင်ဖို့ ကြိုးစား​နေကြသည်။ ယင်းသားရဲများသည် များစွာ ပိုသန်မာကြ၏။

ထိုကြမ်းကြုတ်​သောသားရဲများသည် မ​ရေမတွက်နိုင်​​သော သတ်ဖြတ်မှုများကို ဖြတ်သန်း ရှင်သန်ခဲ့ကြသည်။ တိမ်ပင်လယ်တွင် ငြိမ်းချမ်းစွာ ​နေထိုင်ခဲ့​သော သားရဲများမှာ ၎င်းတို့ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပါ။

​သွေးနံ့များ ပျံ့လွင့်​နေ၏။ သားရဲများ တရကြမ်းတိုးဝင်လာသည့်အခါ ကျင့်ကြံသူ​ထောင်ချီသည် အကြမ်းပတမ်း တိုက်ခိုက်လိုက်ကြသည်။ လက်နက်ရတနာများ၊ မန္တာန်များသည် ​ကောင်းကင်ထက်တွင် ပြည့်နှက်ကုန်၏။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်​ကုန်သည်။

ကျင့်ကြံသူများကြား၌ အ​​တော်​လေးအစွမ်းထက်​သော ကျင့်ကြံသူ​ခြောက်​ယောက် ရှိကြ၏။ သူတို့​​ဘေးတွင် ကြမ်းကြုတ်​သောသားရဲတစ်​ကောင် ​ပေါ်လာတိုင်း ချက်ခြင်း သတ်ပစ်ခြင်း ခံရ၏။ ထို့အတွက်​ကြောင့် သူတို့ပတ်လည်တွင် ​နေရာလွတ်ကြီးတစ်ခု ဖြစ်​နေ​တော့သည်။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ထို​ခြောက်​ယောက် မည်မျှသန်မာသည်ကို သိ​နေသည်မှာ ထင်ရှားသည်။ ထို့​ကြောင့် သူတို့သည် ထို​ခြောက်​ယောက်နှင့် ခပ်​ဝေး​ဝေးတွင်သာ ရှိ​နေပြီး အနီးအနား ကပ်မလာကြ​ပေ။ သူတို့က ထို​ခြောက်​ယောက်အ​ပေါ် ယုံကြည်မှုအပြည့် ရှိ​နေခြင်းပင်။

ထို​ခြောက်​ယောက်တွင် ​လေး​ယောက်က အမျိုးသား၊ နှစ်​ယောက်က အမျိုးသမီး ဖြစ်ကြသည်။

သူတို့​လေး​ယောက်ကြားတွင် သုံး​ယောက်မှာ သက်လတ်ပိုင်းအရွယ်၊ ကျန်တစ်​ယောက်က​တော့ အဘိုးအိုတစ်​ယောက်ပင်။ သူတို့အားလုံးသည် နိဗ္ဗာနဖြိုခွဲခြင်း​ အထွတ်အထိပ်အဆင့်တွင် ရှိ​နေကြပြီး အဘိုးအိုဆို ​ကောင်းကင်ဘုံဒုက္ခပထမအဆင့် ​ရောက်ရှိ​​တော့မည့် အရိပ်အ​ယောင်များပါ ပြသလို့​နေသည်။

သူတို့​လေး​ယောက်သည် သတ်ဖြတ်ရာတွင် ပြတ်သားရက်စက်၏။ မကြာဆိုသလို တိုက်ချက်တစ်ချက် သားရဲတစ်​ကောင်နှုန်းဖြင့် သတ်ပစ်နိုင်ကြ၏။

အမျိုးသမီးနှစ်​ယောက်တွင် တစ်​ယောက်က သက်လတ်ပိုင်းအရွယ်မိန်းမလှ၊ ကျန်တစ်​ယောက်က​တော့ ပိုငယ်ကာ အသက်(၂၅) ပတ်လည်​လောက်သာ ရှိပုံရသည်။

သို့ရာတွင် ဟင်းလင်းပြင်အက်​ကြောင်းအတွင်းမှ ထွက်​ပေါ်လာ​နေ​သော သားရဲများသည် များပြားလွန်းလှ၏။ တိုက်ခိုက်​နေကြ​သော ကျင့်ကြံသူ​ထောင်ချီတွင် သားရဲများ​ကြောင့် ရာနှင့်ချီ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များ ​စုတ်ပြဲကုန်၏။ အချို့ဆို သူတို့၏ မူလစိတ်ဝိညာဥ်များပင် မလွတ်​မြောက်နိုင်ဖြစ်ကာ နာနာကျင်ကျင် ​​​အော်ဟစ်၍ သေဆုံးသွားရ၏။

ထိုကျင့်ကြံသူ​ထောင်ချီ၏​နောက်တွင် လူသုံး​​ယောက် ရပ်​နေသည်။ သူတို့ကို အပြာ​ရောင်မြူလွှာတစ်ခုက ဝန်းရံထားသည့်အတွက် သူတို့၏ပုံပန်းအသွင်ကို ​သိနိုင်ဖို့ မဖြစ်နိုင်​ပေ။ သူတို့၏​အော်ရာများက ထူးဆန်းစွာချိတ်ဆက်ထားပြီး ​ကောင်းကင်ဘုံဒုက္ခပထမအ​ဆင့်​အော်ရာကို ​ပေးစွမ်း​နေ၏။ သူတို့သုံး​ယောက်မှာ ​ကောင်းကင်ဘုံဒုက္ခပထမအဆင့် မဟုတ်တာ သိသာသည်။ သို့​သော် အပြာ​ရောင်မြူ ချိတ်ဆက်မှု​ကြောင့် သူတို့သည် ​ကောင်းကင်ဘုံဒုက္ခပထမအဆင့်ကျင့်ကြံသူတစ်​ယောက်၏ စွမ်းအားကို တိုက်ခိုက်နိုင်စွမ်း ရှိ၏။

ကျင့်ကြံသူများ ​သေဆုံးမှု၊ သားရဲများ ​​သေ​ကြေပျက်စီးမှုနှင့် ​သွေးနံ့တို့သည် သူတို့သုံး​ယောက်ထံ၌ မတည်ရှိ​နေသည့်အလား။ သူတို့သည် ရပ်လျက် ဟင်းလင်းပြင်အက်​ကြောင်းထံသို့သာ ကြည့်ရှု​နေ၏။ သူတို့ ဘာ​တွေး​နေသနည်းကို မည်သူမျှ သိနိုင်လိမ့်မည် မဟုတ်ပါ။

သူတို့က နတ်ဆိုးကလန်၏ အစစ်အမှန်တပည့်များ ဖြစ်ကြ​၏။ ​ဆေးလုံးများ ​သောက်သုံး၍ အားဖြည်ွရန်အတွက် တိုက်ပွဲကွင်းပြင်က​နေ နောက်ပြန်ဆုတ်လာ​သော အချို့ကျင့်ကြံသူများဆို ထိုသုံး​ယောက်ကို ​ကြောက်ရွှံ့စွာဖြင့် ကြည့်မိကြ၏။

အ​တောမသပ်နိုင်​သော သတ်ဖြတ်မှုများ၊ တုန်ဟည်းသံများ ဖြစ်​ပေါ်​နေစဥ် ဟင်းလင်းပြင်အတွင်းရှိ ကြမ်းကြုတ်​သောသားရဲများသည် ရုတ်တရက် ​နောက်ဆုတ်သွားကြ၏။ ယင်းသားရဲများ၏ဟိန်းသံများသည် တုန်ဟိန်း​နေရင်း ဟင်းလင်းပြင်အက်​ကြောင်းထဲမှ အစွမ်းထက်​အော်ရာတစ်ခု ​ပေါက်ကွဲထွက်လာ၏။ ပတ်ဝန်းကျင်ရှိ သားရဲများသည် ရုတ်တရက် ပို၍ ကြမ်းကြုတ်လာကြသည်။

"ဒီ​နေ့ သားရဲ အ​ရေအတွက်ဟာ ခါတိုင်းထက် အရမ်းများလွန်း​နေတယ်။ ဒါကို ငါ စဥ်းစားမရ ဖြစ်​နေတာ။ ဒါ​ပေမဲ့ ဒီလိုအ​ရေအတွက်တိုးလာတာ သားရဲဘုရင်တစ်​ကောင် ​ပေါ်လာခဲ့လို့လား..."

"သားရဲဘုရင်​တွေက အများကြီး ထွက်​ပေါ်မလာတတ်ဘူး။ ဒါ​ပေမဲ့ သူတို့ ထွက်​ပေါ်လာတိုင်း ကျင့်ကြံသူအများကြီး ​သေဆုံးရတယ်။ ဒါ​ပေမဲ့လည်း သားရဲဘုရင်တစ်​ကောင်ဟာ အ​ခွင့်အ​ရေးတစ်ခု လို့လည်း ဆိုနိုင်တယ်။ ငါတို့သာ ဒီသားရဲဘုရင်ကို သတ်နိုင်ခဲ့ရင်..."

"အတိတ်တုန်းက လီချန်​မေနဲ့ အခြားနှစ်​ယောက်ဟာ သားရဲဘုရင်တစ်​ကောင်စီကို သတ်ခဲ့ကြပြီး နတ်ဆိုးကလန်ရဲ့ အသိအမှတ်ပြုတာ ခံခဲ့ရတယ်။ ဒီ​နေ့လည်း ​နောက်ထပ်သားရဲဘုရင်တစ်​ကောင် ​ပေါ်လာခဲ့ပြန်ပြီ။ ဒါက ငါတို့အတွက် အခွင့်အ​ရေးပဲ..."

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ဟင်းလင်းပြင်အက်​ကြောင်းအတွင်းမှ ထို​အော်ရာကို သတိပြုမိချိန်တွင် သူတို့သည် တုန်လှုပ်မိကုန်၏။ သူတို့သည် ချက်ခြင်း​နောက်ဆုတ်ကာ ဟင်းလင်းပြင်အက်​ကြောင်းထံ အာရုံစိုက်လိုက်ကြသည်။

အစွမ်းထက်​သော ကျင့်ကြံသူ​ခြောက်​ယောက်လည်း ​နောက်ဆုတ်လိုက်ကြ၏။ သူတို့ထဲရှိ အမျိုးသမီးနှစ်​ယောက်ထဲမှ တစ်​ယောက်၏မျက်လုံးသည် ​အေးစက်လာကာ သတ်ဖြတ်လိုစိတ်ကို ထုတ်​ဖော်သည်။

"သားရဲဘုရင်လား၊ လီချန်​မေ​​တောင် ဒီသားရဲဘုရင်ကို သတ်နိုင်ရင် ငါလည်း သတ်နိုင်ရမယ်..."

အခု​ပေါ်လာ​သော အစွမ်းထက်​အော်ရာသည် ကျင့်ကြံသူအားလုံးကို ပူပန်ကာ အတွေးများသွား​စေ၏။ အပြာ​ရောင်မြူများဖြင့် ဝန်းရံထား​သော သုံး​ယောက်အ​ပေါ်တွင်​တော့ ၎င်း​​​အော်ရာသည် သက်​ရောက်ခြင်းမရှိ​ပေ။

ဤအခိုက်အတန့်မှာပင် အဘွားအို၏လမ်းပြမှုဖြင့် ဝမ်လင်းသည် ဒီ​နေရာသို့ နီးသထက် နီးလာ​​နေ၏။

***

All Chapters