နတ်ဆိုးကလန်ရှိ ဟင်းလင်းပြင်အက်ကြောင်း
Vol. 98 Ch. 1343
ဝမ်လင်းသည် ထာဝရကလန်၏အကြီးအကဲခြောက်ယောက်ကို ခြုံငုံ၍ ကြည့်လိုက်ပြီးနောက် သူ့လက်ကို ပြန်ရုတ်သိမ်းသည်။ သူ့လက်ထဲရှိသွေးဓါးမှာ အနီရောင် ဖျပ်ခနဲ လင်းလက်ပြီး သွေးတစ်စက်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသွေးစက်က သူ့မျက်ခုံးနှစ်ခုကြားသို့ ကျရောက်ကာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ မုန်တိုင်းတစ်ခု ပေါ်လာ၏။ ထို့နောက် သူသည် အဘွားအိုကို ခေါ်ဆောင်ကာ ထာဝရကလန်၏ လူများရှေ့တွင်ပင် ပျောက်ကွယ်သွားတော့သည်။
"ကြယ်ဘယ်နှစ်လုံးအဆင့်မှန်း မသိရတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးက ရှေးဟောင်းနတ်ဘုရားကြယ်တစ်လုံးကို အသုံးပြုပြီး သန့်စင်မွန်းမံထားတဲ့ ဒီရတနာဟာ တကယ့်ကို အံ့အားသင့်ဖွယ် ကောင်းလှတယ်။ ကြယ်ခြောက်လုံး ရှေးဟောင်းနတ်ဘုရား ဖြစ်တဲ့ ငါတောင် ဒီရတနာဓါးရဲ့ စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းပဲ အသုံးပြုနိုင်တယ်။ ဒါပေမဲ့ ဒီသုံးဆယ်ရာခိုင်နှုန်းနဲ့တင် ကောင်းကင်ဘုံဒုက္ခပထမအဆင့်ဘယ်ကျင့်ကြံသူကို မဆို ဖြတ်တောက်ပစ်ဖို့ လုံလောက်နေပြီ..."
ဝမ်လင်းသည် ကြယ်များကြားတွင် အဆုံးစွန်အမြန်နှုန်းဖြင့် သွားလာနေ၏။
သူ့ဘေးရှိ အဘွားအိုမှာ သူမ တွေ့မြင်ခဲ့ရသည့် အရာရာအပေါ် မင်သက်နေမိ၏။ ဝမ်လင်း ပြသခဲ့သော ခွန်အားမှာ သူမကို မယုံကြည်နိုင်လောက်အောင် ဖြစ်စေသည်။
"တာအိုပညာရှင်နဲ့ တိုက်ပွဲတုန်းက ငါဟာ နိဗ္ဗာနဖြိုခွဲခြင်း အဆင့်ကို ခြေလှမ်းတစ်ဝက်ပဲ ဝင်ရောက်ခဲ့ပြီး ကောင်းကင်ဘုံဒုက္ခပထမအဆင့်ကို ယှဥ်တိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့တိုက်ပွဲဟာ တကယ်ခါးသီးလွန်းတယ်။ ငါ အနိုင်ရဖို့အတွက် တန်ဖိုးများစွာ ပေးဆပ်ခဲ့တာတောင် ဒီတိုက်ပွဲဟာ အလွန်ခက်ခဲလွန်းတယ်..."
"ဒါပေမဲ့ အခုချိန်ထိလည်း ငါက ငါ့ကျင့်ကြံမှုအဆင့် ချိပ်ပိတ်ထားတာကို မဖွင့်လှစ်ရသေးဘူး။ တာအိုနယ်ပယ်မှာ ငါ့ပထမဆုံးတာအိုကို နားလည်ခဲ့တဲ့နောက် ငါ့ခန္ဓာကိုယ်ဟာ ပိုသန်မာလာခဲ့တယ်။ ငါဟာ ကောင်းကင်ဘုံဒုက္ခပထမအဆင့်တွေကို အနိုင်ယူလာနိုင်ပြီ။ ကောင်းကင်ဘုံဒုက္ခဒုတိယအဆင့်ကျင့်ကြံသူတွေလောက်တော့ ငါ မသန်မာသေးပေမယ့်လည်း ဒီရှေးဟောင်းနတ်ဘုရားဓါးနဲ့ဆိုရင် ငါ သူတို့နဲ့လည်း တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ..."
"ကောင်းကင်ဘုံဒုက္ခအဆင့်တွေကြားမှာ တစ်ဆင့်ချင်းစီဟာ ကွာခြားမှု ကြီးမားလှတယ်။ တကယ်တော့ လူတစ်ယောက်ဟာ ဒီအဆင့်တစ်ခုချင်းစီမှာ ကျရှုံးသွားတာနဲ့ သေသွားနိုင်တယ် မဟုတ်လား။ ဒါပေမဲ့ အောင်မြင်ခဲ့ရင်လည်း အံ့မခန်းစွမ်းအားကို ပိုင်ဆိုင်လာနိုင်မှာ ဖြစ်တယ်..."
ကောင်းကင်ဘုံဒုက္ခအဆင့်များသည် တတိယအဆင့်သို့ ရောက်ရန် ကြားခံအဆင့်များ ဖြစ်ကြ၏။ ယင်းအဆင့်များတွင် အသက်ကိုရင်း၍ စွမ်းအားကို ပိုင်ဆိုင်ရယူရခြင်း ဖြစ်သည့်အတွက်ကြောင့် ကျော်လွှားနိုင်ရန် ခက်ခဲလွန်းပေသည်။
"ဒါပေမဲ့လည်း ငါသာ ချိပ်ပိတ်မှုကို ဖွင့်လိုက်ရင် ငါ့ကျင့်ကြံမှုအဆင့်ဟာ အများကြီး တိုးတက်သွားမှာ။ အပြင်ဘက်ကမ္ဘာမှာ ဆယ်နှစ်ဆိုပေမဲ့ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှာတော့ အချိန်အကြာကြီး ငါ နားလည်ဆင်ခြင်နေခဲ့တာ ဖြစ်တယ်။ ဒါ့ကြောင့် ငါ့ချိပ်ပိတ်မှုကို ဖယ်လိုက်တာနဲ့ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ကို ငါ တစ်ချီတည်းနဲ့ ရောက်သွားနိုင်လိမ့်မယ်။ ဒါဆိုရင် ကောင်းကင်ဘုံဒုက္ခဒုတိယအဆင့်ဟာ ငါ့ ပြိုင်ဘက် မဟုတ်တော့ဘူး။ ငါက ကောင်းကင်ဘုံဒုက္ခတတိယအဆင့်တွေနဲ့တောင် ယှဥ်တိုက်ခိုက်ချင် တိုက်ခိုက်နိုင်လိမ့်မယ်..."
ဝမ်လင်း၏မျက်လုံးတို့သည် တောက်ပနေ၏။
သူသည် သူ့ကိုယ်ပိုင်ခွန်အားကို ခံစားမိနေသည်။ သည်လိုခွန်အားမျိုးက သူ့ကို လောကကို ဆုပ်ကိုင်ထားနိုင်သလို ခံစားမှုကို ဖြစ်စေ၏။ သူ့စိတ်နှလုံးထဲတွင် ယုံကြည်မှုတို့ ပြည့်နှက်နေသည်။
"ငါ့ပန်းတိုင်က တတိယအဆင့်ကို ရောက်ရှိပြီး တာအိုပညာရှင်ရေနဲ့ ငါ့ကို ချီရှီမန္တာန်နဲ့ လှည့်ဖျားခဲ့တဲ့ အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းက ရှေးဟောင်းမိသားစုရဲ့ ဘိုးဘေးကို သတ်ဖို့ပဲ..."
(ဘာသာပြန်သူမှတ်ချက်...ရှေးဟောင်းမိသားစု၏ ဘိုးဘေးဆိုသူမှာ လီမူဝမ်ကို ပြန်အသက်သွင်းပေးမည်ဟု ဆိုပြီး ဝမ်လင်းကို လှည့်ဖျားခဲ့သူ ဖြစ်သည်။ )
တာအိုပညာရှင်ရေနှင့် တိုက်ပွဲမတိုင်ခင်က ဝမ်လင်းသည် တတိယအဆင့်ဆိုတာ အစစ်အမှန်နတ်ဘုရားများသာ ရောက်ရှိနိုင်သော ဒဏ္ဍာရီနယ်ပယ်ဟု ယူဆထားခဲ့သည်။ ထိုအဆင့်၏စွမ်းအားကို သူ လုံးဝ မခုခံနိုင်ဟု တွေးထင်ထားခဲ့၏။
သို့ရာတွင် ခုချိန်တွင်တော့ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် တိုးတက်လာခဲ့ပြီး၊ တတိယအဆင့်ကျင့်ကြံသူနှင့် သူသေကိုယ်သေ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် သူတို့၏ မမြင်ရသော ဒဏ္ဍာရီလာအဆင့်သည် ပျက်စီးကျိုးပျက်သွားခဲ့ပြီ ဖြစ်၏။
ဝမ်လင်းသည် အဆင့်ရှစ်ဒေသကို ယုံကြည်မှုအပြည့်၊ လီချန်မေကို ကယ်တင်ရန် ဆုံးဖြတ်ထားသောစိတ်တို့ဖြင့် ဖြတ်သန်းကျော်ဖြတ်လာသည်။ သူသည် အဆင့်ကိုးဒေသသို့ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာခဲ့လေသည်။
သူ အဆင့်ကိုးဒေသထဲ ဝင်ရောက်လာချိန်တွင် နတ်ဘုရားကလန်၏ လျှို့ဝှက်ခန်းထဲတွင်တော့ လူတစ်ယောက် ထိုင်လျက်ရှိနေသည်။ ထိုသူ့မျက်နှာထက်ရှိ သွေးကြောများသည် ရောင်းကိုင်းဖောင်းကြွလို့ နေ၏။ သူ့ခန္ဓာကိုယ်ကနေ အတောမသတ်ရွှေရောင်အလင်းတောက်ပမှုကို ပေးစွမ်းလျက် ရှိသည်။ ထိုသူက တာအိုပညာရှင်ရေ၊ ဆံဖြူကောင်လေးပင်။ သူက ဗလုံးဗထွေး အော်ဟစ်နေ၏။
သူ့မျက်နှာမှာ အလျင်အမြန် ကြီးရင့်လာနေ၏။ သို့သော် သူ့အသက်ကြီးရင့်မှုက အကန့်အသတ်သို့ ရောက်လာချိန်တွင် ပြန်ငယ်သွားပြန်သည်။ ထိုကဲ့သို့ အသက်ကြီးရင့်လိုက်၊ ပြန်ငယ်သွားလိုက်ဖြင့် သံသရာလည်နေ၏။ သေခြင်းနှင့်ရှင်သန်ခြင်းကြား တလှည့်စီပြောင်းလဲနေမှုကြောင့် ဖြစ်ပေါ်သောနာကျင်မှုသည် သာမန်လူများတောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။
တာအိုပညာရှင်ရေသည် ထိုနာကျင်မှုကို ဆယ်နှစ်လုံး ခံစားနေရ၏။
"ခွေးသတောင်းစားလေး....ဒီအဘိုးအို ခံစားခဲ့ရတဲ့ နာကျင်မှုထက် အဆတစ်ထောင်ပိုတဲ့ နာကျင်မှုကို မင်း ပြန်ခံစားစေရမယ်။ ဒါ့အပြင် ဆရာ...သင်က မသေသေးဘူးဆိုရင်တောင် အလွန်အမင်း အားနည်းနေခဲ့ပြီ။ မဟုတ်ရင် လွန်ခဲ့တဲ့ဆယ်နှစ်က ငါ ထွက်ပြေးလာနိုင်စွမ်း ရှိခဲ့မှာ မဟုတ်ဘူး..."
တာအိုပညာရှင်ရေ၏ အမူအရာသည် ကြမ်းကြုတ်နေ၏။ သို့သော် သိပ်မကြာခင်တွင် သူသည် နာနာကျင်ကျင် ထပ်မံ အော်ဟစ်လိုက်ရပြန်၏။
သူ့မျက်လုံးထဲတွင် သူငယ်အိမ်ပါ ရှိမနေတော့ဘဲ ခုနစ်ရောင်စုံအလင်း၏ အစားထိုးခြင်း ခံထားရသည်။
ခုချိန်တွင် ဝမ်လင်းက တာအိုပညာရှင်ရေကို လစ်လျူရှုကာ အဆင့်ကိုးဒေသထဲ ဝင်ရောက်လာခဲ့၏။ အဘွားအိုက ချက်ခြင်း လမ်းပြ၏။ သူတို့နှစ်ယောက်သည် မြူများကို ချိုးဖျက်ကာ နတ်ဆိုးကလန်ထံ ဦးတည်နေကြသည်။
အဆင့်ကိုးဒေသရှိ မြူများကြားတွင် အဆင့်ဆယ့်နှစ်သားရဲများ ရှိလို့နေ၏။ သို့သော် ဝမ်လင်းထံ၌ သူတို့ကို သတ်ဖို့ အချိန်မရှိပေ။ သူက ၎င်းသားရဲများ လာပိတ်ဆို့မည်ကိုလည်း မလိုချင်ခဲ့ပေ။ ထို့ကြောင့် သူသည် အဆင့်ကိုးဒေသအတွင်း ဝင်ရောက်လာသည်နှင့် သူ့ကျင့်ကြံမှုအဆင့်နှင့် သတ်ဖြတ်လိုစိတ်ကို ပေါက်ကွဲထွက်စေလိုက်ပြီး မြူသားရဲများအားလုံးကို တုန်လှုပ်သွားစေ၏။ ထိုအခါ မြူများသည် နောက်ပြန်ကန်ကာ ပုန်းကွယ်နေသော သားရဲများလည်း ဝမ်လင်းကို လက်ရှောင်ကြတော့သည်။
"နတ်ဘုရားကလန်၊ တာအိုပညာရှင်ရေ...ငါ သင့်ကို ကျိန်းသေပေါက် သတ်မယ်..."
အဆင့်ကိုးဒေသ၌ ဝမ်လင်း၏သတ်ဖြတ်လိုစိတ်မှာ ပိုအားကောင်းလာ၏။
လမ်းတလျှောက်လုံး ဝမ်လင်းသည် အမြန်ဆုံးနှုန်းဖြင့် လာနေ၏။ သူသည် အဘွားအို၏ လမ်းညွှန်ပြမှုအတိုင်း နတ်ဆိုးကလန်ရှိ တိုက်ပွဲကွင်းပြင်ထံ ဦးတည်လာနေသည်။
နတ်ဆိုးကလန်သည် အဆင့်ကိုးဒေသတွင် အဆန်းကြယ်ဆုံးကလန်တစ်ခု ဖြစ်သည်။ ပြောကြသည်က နတ်ဆိုးကလန်တွင် တပည့်များများစားစားမရှိ၊ သို့သော် တစ်ယောက်ချင်းဆီက အံ့အားသင့်ဖွယ်ကျင့်ကြံသူများ ဖြစ်ကြသည် ဟူ၏။
မရေမတွက်နိုင်သောနှစ်များစွာ တိုက်ပွဲကွင်းပြင်တွင် အတည်တကျနေထိုင်ပြီး ကြမ်းကြုတ်သောသားရဲလှိုင်းများ ကျူးကျော်မှုကို တိုက်ခိုက်နေခြင်းကြောင့် နတ်ဆိုးကလန်ရှိ လူများသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေ၏။ ထို့အပြင် သူတို့သည် နတ်ဆိုးကလန်ကနေ လုံးဝမထွက်ခွာလုနီးပါး ဖြစ်သည့်အတွက်ကြောင့် သူတို့စိတ်ထဲ၌ သူတို့သည် နတ်ဘုရားကလန်ကိုပါ ယှဥ်နိုင်သည်ဟု ထင်မှတ်ထားကြသည်။
နတ်ဆိုးကလန်သည် နတ်ဘုရားကလန်ကနေ ခွဲထွက်လာခဲ့ပြီး နတ်ဘုရားကလန်၏ စကားကိုပါ နားမထောင်တော့ဟု ကောလဟာလစကားများလည်း ရှိနေ၏၊ သည်အရာများအားလုံးက ထူးဆန်းလို့နေသည်။ မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ ဤအချက်များက နတ်ဆိုးကလန်၏ခွန်အားကို လုံလောက်စွာ ဖော်ပြနိုင်နေသည်။
သူတို့သည် တိုက်ပွဲကွင်းပြင်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဘိုင်သေ နေကာ တိမ်ပင်လယ်၏ ငြိမ်းချမ်းမှုကို ခိုင်မြဲနေစေ၏။ ထို့ကြောင့် တိမ်ပင်လယ်ရှိ လူများသည် နတ်ဆိုးကလန်၏ အဆင့်အတန်းကို လေးစားကြသလို သူတို့၏လျှို့ဝှက်ချက်ကိုလည်း ကြောက်လန့်ကြ၏။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် နတ်ဆိုးကလန်မှ လူများကို ကျင့်ကြံသူများဟု မမှတ်ယူကြပေ။ သူတို့က စစ်တပ်တစ်ခုနှင့် ပိုတူနေသည် မဟုတ်လား။
သူတို့သည် ရက်စက်ကြမ်းကြုတ်ကြ၏။ သို့သော် သူတို့သည် တိမ်ပင်လယ်ကို သားရဲများရန်ကနေ စောင့်ကြပ်ပေးနေကြသည်။ နတ်ဆိုးကလန် တည်ရှိမှုကြောင့် တိမ်ပင်လယ်မှလူများသည် နှစ်ပေါင်းသောင်းနှင့်ချီ၍ အေးချမ်းခဲ့ရသည်။ တိမ်ပင်လယ်ရှိကျင့်ကြံသူများကြား၌ တစ်ယောက်နှင့်တစ်ယောက် အကြောင်းရင်းရှိမှ၊ ရင်းမြစ်များရဖို့အတွက်သာ တိုက်ခိုက်ကြသည်။
နတ်ဆိုးကလန် တည်ရှိမှု ရပ်တန့်သွားသော တနေ့တွင် ဟင်းလင်းပြင်အက်ကြောင်းမှ ထွက်ပေါ်လာနေသော သားရဲများကို ဟန့်တားပေးထားသော ပထမဆုံးခံစစ်မှာ ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအခါကျလျှင် တိမ်ပင်လယ်တွင် အံ့မခန်းကပ်ဘေးတစ်ခု ကျရောက်လာပေမည်။
နတ်ဆိုးကလန်၏ ကြမ်းကြုတ်ရက်စက်မှု၊ သူတို့၏အထူးတာဝန်ကြောင့် သည်တိုက်ပွဲကွင်းပြင်ကို လာရောက်ကြသော ကျင့်ကြံသူတိုင်းသည် နတ်ဆိုးကလန်ကို အလွန်လေးစားကြောင်း ပြရ၏။ နတ်ဆိုးကလန်၏အမိန့်များကို နားထောင်ကြရ၏။
အမိန့်များကို ဖိဆန်သူ မည်သူ့ကိုမဆို နတ်ဆိုးကလန်သည် ထိုသူ့ကို သတ်ပစ်ပေမည်။ နတ်ဆိုးကလန်၏ အသိအမှတ်ပြုခြင်းကို ရထားသော ပါရမီရှင်အချို့သာ နတ်ဆိုးကလန်သို့ ဝင်ရောက်နိုင်သည့် အခွင့်အရေး ရှိကြ၏။ ထိုကဲ့သို့သူများမှာ နတ်ဆိုးကလန်၏အာရုံစိုက်မှုကို ရရှိကြသူများပင်။
လီချန်မေသည် နတ်ဆိုးကလန်၏ အသိအမှတ်ပြုခံရသော သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူမ အမိန့်ကို ဖိဆန်ကာ ထွက်သွားခဲ့သည်တောင်မှ သူတို့သည် သူမကို တားဆီး၍ မသတ်ခဲ့ပေ။
သို့ရာတွင် လီချန်မေ ထွက်သွားသည်မှာ ဆယ်နှစ်လောက် ကြာမြင့်ခဲ့၏။ ထို့ကြောင့် နတ်ဆိုးကလန်မှာ အလွန်ဒေါသထွက်ခဲ့၏။ သူတို့သာ သူမကို အပြစ်မပေးပါက နတ်ဆိုးကလန်ဟု မခေါ်ထိုက်တော့ပေ။
သည်အခိုက်အတန့်တွင် နတ်ဆိုးကလန်၏ ကျင့်ကြံခြင်းဂြိုဟ်ခြောက်ခုကြောင့် ဖြစ်ပေါ်နေသော အဝန်းအဝိုင်း၏ အနီးအနားရှိ ဟင်းလင်းပြင်အက်ကြောင်း ပြင်ပတွင် တိမ်ပင်လယ်မှ ပါရမီရှင်များသည် သားရဲများဖြင့် အကြမ်းပတမ်း တိုက်ခိုက်နေကြ၏။ မန္တာန်မျိုးစုံကို အသုံးပြုနေကြသည်။
ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌မူ မတူညီသောသားရဲမျိုးစုံသည် ဟိန်းသံများ ပေးလျှက် သူတို့ရှေ့ရှိ အရာအားလုံးကို သတ်ပစ်နိုင်ရန် အက်ကြောင်းတွင်းမှ ထွက်နိုင်ဖို့ ကြိုးစားနေကြသည်။ ယင်းသားရဲများသည် များစွာ ပိုသန်မာကြ၏။
ထိုကြမ်းကြုတ်သောသားရဲများသည် မရေမတွက်နိုင်သော သတ်ဖြတ်မှုများကို ဖြတ်သန်း ရှင်သန်ခဲ့ကြသည်။ တိမ်ပင်လယ်တွင် ငြိမ်းချမ်းစွာ နေထိုင်ခဲ့သော သားရဲများမှာ ၎င်းတို့ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပါ။
သွေးနံ့များ ပျံ့လွင့်နေ၏။ သားရဲများ တရကြမ်းတိုးဝင်လာသည့်အခါ ကျင့်ကြံသူထောင်ချီသည် အကြမ်းပတမ်း တိုက်ခိုက်လိုက်ကြသည်။ လက်နက်ရတနာများ၊ မန္တာန်များသည် ကောင်းကင်ထက်တွင် ပြည့်နှက်ကုန်၏။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်သည်။
ကျင့်ကြံသူများကြား၌ အတော်လေးအစွမ်းထက်သော ကျင့်ကြံသူခြောက်ယောက် ရှိကြ၏။ သူတို့ဘေးတွင် ကြမ်းကြုတ်သောသားရဲတစ်ကောင် ပေါ်လာတိုင်း ချက်ခြင်း သတ်ပစ်ခြင်း ခံရ၏။ ထို့အတွက်ကြောင့် သူတို့ပတ်လည်တွင် နေရာလွတ်ကြီးတစ်ခု ဖြစ်နေတော့သည်။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ထိုခြောက်ယောက် မည်မျှသန်မာသည်ကို သိနေသည်မှာ ထင်ရှားသည်။ ထို့ကြောင့် သူတို့သည် ထိုခြောက်ယောက်နှင့် ခပ်ဝေးဝေးတွင်သာ ရှိနေပြီး အနီးအနား ကပ်မလာကြပေ။ သူတို့က ထိုခြောက်ယောက်အပေါ် ယုံကြည်မှုအပြည့် ရှိနေခြင်းပင်။
ထိုခြောက်ယောက်တွင် လေးယောက်က အမျိုးသား၊ နှစ်ယောက်က အမျိုးသမီး ဖြစ်ကြသည်။
သူတို့လေးယောက်ကြားတွင် သုံးယောက်မှာ သက်လတ်ပိုင်းအရွယ်၊ ကျန်တစ်ယောက်ကတော့ အဘိုးအိုတစ်ယောက်ပင်။ သူတို့အားလုံးသည် နိဗ္ဗာနဖြိုခွဲခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေကြပြီး အဘိုးအိုဆို ကောင်းကင်ဘုံဒုက္ခပထမအဆင့် ရောက်ရှိတော့မည့် အရိပ်အယောင်များပါ ပြသလို့နေသည်။
သူတို့လေးယောက်သည် သတ်ဖြတ်ရာတွင် ပြတ်သားရက်စက်၏။ မကြာဆိုသလို တိုက်ချက်တစ်ချက် သားရဲတစ်ကောင်နှုန်းဖြင့် သတ်ပစ်နိုင်ကြ၏။
အမျိုးသမီးနှစ်ယောက်တွင် တစ်ယောက်က သက်လတ်ပိုင်းအရွယ်မိန်းမလှ၊ ကျန်တစ်ယောက်ကတော့ ပိုငယ်ကာ အသက်(၂၅) ပတ်လည်လောက်သာ ရှိပုံရသည်။
သို့ရာတွင် ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ထွက်ပေါ်လာနေသော သားရဲများသည် များပြားလွန်းလှ၏။ တိုက်ခိုက်နေကြသော ကျင့်ကြံသူထောင်ချီတွင် သားရဲများကြောင့် ရာနှင့်ချီ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များ စုတ်ပြဲကုန်၏။ အချို့ဆို သူတို့၏ မူလစိတ်ဝိညာဥ်များပင် မလွတ်မြောက်နိုင်ဖြစ်ကာ နာနာကျင်ကျင် အော်ဟစ်၍ သေဆုံးသွားရ၏။
ထိုကျင့်ကြံသူထောင်ချီ၏နောက်တွင် လူသုံးယောက် ရပ်နေသည်။ သူတို့ကို အပြာရောင်မြူလွှာတစ်ခုက ဝန်းရံထားသည့်အတွက် သူတို့၏ပုံပန်းအသွင်ကို သိနိုင်ဖို့ မဖြစ်နိုင်ပေ။ သူတို့၏အော်ရာများက ထူးဆန်းစွာချိတ်ဆက်ထားပြီး ကောင်းကင်ဘုံဒုက္ခပထမအဆင့်အော်ရာကို ပေးစွမ်းနေ၏။ သူတို့သုံးယောက်မှာ ကောင်းကင်ဘုံဒုက္ခပထမအဆင့် မဟုတ်တာ သိသာသည်။ သို့သော် အပြာရောင်မြူ ချိတ်ဆက်မှုကြောင့် သူတို့သည် ကောင်းကင်ဘုံဒုက္ခပထမအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို တိုက်ခိုက်နိုင်စွမ်း ရှိ၏။
ကျင့်ကြံသူများ သေဆုံးမှု၊ သားရဲများ သေကြေပျက်စီးမှုနှင့် သွေးနံ့တို့သည် သူတို့သုံးယောက်ထံ၌ မတည်ရှိနေသည့်အလား။ သူတို့သည် ရပ်လျက် ဟင်းလင်းပြင်အက်ကြောင်းထံသို့သာ ကြည့်ရှုနေ၏။ သူတို့ ဘာတွေးနေသနည်းကို မည်သူမျှ သိနိုင်လိမ့်မည် မဟုတ်ပါ။
သူတို့က နတ်ဆိုးကလန်၏ အစစ်အမှန်တပည့်များ ဖြစ်ကြ၏။ ဆေးလုံးများ သောက်သုံး၍ အားဖြည်ွရန်အတွက် တိုက်ပွဲကွင်းပြင်ကနေ နောက်ပြန်ဆုတ်လာသော အချို့ကျင့်ကြံသူများဆို ထိုသုံးယောက်ကို ကြောက်ရွှံ့စွာဖြင့် ကြည့်မိကြ၏။
အတောမသပ်နိုင်သော သတ်ဖြတ်မှုများ၊ တုန်ဟည်းသံများ ဖြစ်ပေါ်နေစဥ် ဟင်းလင်းပြင်အတွင်းရှိ ကြမ်းကြုတ်သောသားရဲများသည် ရုတ်တရက် နောက်ဆုတ်သွားကြ၏။ ယင်းသားရဲများ၏ဟိန်းသံများသည် တုန်ဟိန်းနေရင်း ဟင်းလင်းပြင်အက်ကြောင်းထဲမှ အစွမ်းထက်အော်ရာတစ်ခု ပေါက်ကွဲထွက်လာ၏။ ပတ်ဝန်းကျင်ရှိ သားရဲများသည် ရုတ်တရက် ပို၍ ကြမ်းကြုတ်လာကြသည်။
"ဒီနေ့ သားရဲ အရေအတွက်ဟာ ခါတိုင်းထက် အရမ်းများလွန်းနေတယ်။ ဒါကို ငါ စဥ်းစားမရ ဖြစ်နေတာ။ ဒါပေမဲ့ ဒီလိုအရေအတွက်တိုးလာတာ သားရဲဘုရင်တစ်ကောင် ပေါ်လာခဲ့လို့လား..."
"သားရဲဘုရင်တွေက အများကြီး ထွက်ပေါ်မလာတတ်ဘူး။ ဒါပေမဲ့ သူတို့ ထွက်ပေါ်လာတိုင်း ကျင့်ကြံသူအများကြီး သေဆုံးရတယ်။ ဒါပေမဲ့လည်း သားရဲဘုရင်တစ်ကောင်ဟာ အခွင့်အရေးတစ်ခု လို့လည်း ဆိုနိုင်တယ်။ ငါတို့သာ ဒီသားရဲဘုရင်ကို သတ်နိုင်ခဲ့ရင်..."
"အတိတ်တုန်းက လီချန်မေနဲ့ အခြားနှစ်ယောက်ဟာ သားရဲဘုရင်တစ်ကောင်စီကို သတ်ခဲ့ကြပြီး နတ်ဆိုးကလန်ရဲ့ အသိအမှတ်ပြုတာ ခံခဲ့ရတယ်။ ဒီနေ့လည်း နောက်ထပ်သားရဲဘုရင်တစ်ကောင် ပေါ်လာခဲ့ပြန်ပြီ။ ဒါက ငါတို့အတွက် အခွင့်အရေးပဲ..."
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ထိုအော်ရာကို သတိပြုမိချိန်တွင် သူတို့သည် တုန်လှုပ်မိကုန်၏။ သူတို့သည် ချက်ခြင်းနောက်ဆုတ်ကာ ဟင်းလင်းပြင်အက်ကြောင်းထံ အာရုံစိုက်လိုက်ကြသည်။
အစွမ်းထက်သော ကျင့်ကြံသူခြောက်ယောက်လည်း နောက်ဆုတ်လိုက်ကြ၏။ သူတို့ထဲရှိ အမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်၏မျက်လုံးသည် အေးစက်လာကာ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်သည်။
"သားရဲဘုရင်လား၊ လီချန်မေတောင် ဒီသားရဲဘုရင်ကို သတ်နိုင်ရင် ငါလည်း သတ်နိုင်ရမယ်..."
အခုပေါ်လာသော အစွမ်းထက်အော်ရာသည် ကျင့်ကြံသူအားလုံးကို ပူပန်ကာ အတွေးများသွားစေ၏။ အပြာရောင်မြူများဖြင့် ဝန်းရံထားသော သုံးယောက်အပေါ်တွင်တော့ ၎င်းအော်ရာသည် သက်ရောက်ခြင်းမရှိပေ။
ဤအခိုက်အတန့်မှာပင် အဘွားအို၏လမ်းပြမှုဖြင့် ဝမ်လင်းသည် ဒီနေရာသို့ နီးသထက် နီးလာနေ၏။
***