← Chapters

ငါ့ကို ရန်မစခင်ကတည်းက ငါ့အကြောင်း သိခဲ့သင့်တာ

Vol. 37 Ch. 518

ငါ့ကို ရန်မစခင်ကတည်းက ငါ့အကြောင်း သိခဲ့သင့်တာ

Vol. 37 Ch. 518

အခန်း (၅၁၈) ငါ့ကို ရန်မစခင်ကတည်းက ငါ့အကြောင်း သိခဲ့သင့်တာ

ဖန်းခန်း မှတ်မိသလောက် “လျှင်မြန်မှု” တစ်ခုတည်း သီးသန့်ဆိုရလျှင် သမုဒ္ဒရာကမ္ဘာတွင် လူသိများသော သိုင်းပညာရပ်များအနက် မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင် ‘ကျွမ်ခွန်း’ ၏ မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်က အလွန်တရာ အရှိန်အဟုန် ပြင်းထန်ပြီး သူတို့ကြံ့ဝိညာဉ်ကျွန်းမှ ဝိညာဉ်အလင်းသိုင်းပညာထက် သာလွန်လေသည်။

မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင် ‘ကျွမ်ခွန်း’ ပျောက်ကွယ်သွားပြီးနောက် အားလုံးက သူ သေဆုံးသွားပြီဟု ယူဆကြသည်။ သူနှင့်အတူ မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီး ကြံ့ဝိညာဉ်ကျွန်းမှ ဝိညာဉ်အလင်းသိုင်းပညာက သမုဒ္ဒရာကမ္ဘာတွင် အလျှင်မြန်ဆုံးသိုင်းပညာအဖြစ် စိုးမိုးလာခဲ့သည်။

သို့သော် ယနေ့တော့ မြောက်ပိုင်းသမုဒ္ဒရာ နတ်ဘုရားလှံရှည်သည် လောကတွင် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့ပြီ ဖြစ်၏။

ဖန်းကန်းက သူ့နောက်မှလိုက်လာသော လှံရှည်ကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်သည်။

ထိုလူငယ်က သေပြီးသားရုပ်အလောင်းတစ်ခုဖြစ်သော်လည်း တန်ခိုးစွမ်းအားအပြည့်အဝရှိနေသည့် သိုင်းသူတော်စင် ရုပ်အလောင်းတစ်ခု ဖြစ်သည်။ သို့ပေသိ သိုင်းဆရာသခင်တစ်ယောက်မျှသာဖြစ်သော ရန်ကျောက်ကဲက ၎င်းအား သူ၏ကိုယ်ပွားအဖြစ် မည်သို့ပြန်လည်သန့်စင်နိုင်ခဲ့ပါသနည်း။

ဖန်းခန်း ကူရာကယ်ရာမဲ့စွာဖြင့် ရန်ကျောက်ကဲကိုယ်ပွား၏ လှံရှည်ကို လက်ဝါးရိုက်ချက်ဖြင့် ရင်ဆိုင်လိုက်ရသည်။ လှံရှည်နှင့် ရင်ဆိုင်မိသည်နှင့် သူ၏ ချီစွမ်းအားနှင့် သွေးစွမ်းအားများအားလုံး လောင်မြိုက်သွားသလို ခံစားလိုက်ရ၏။

“ဒီကိုယ်ပွားက တကယ့် သိုင်းသူတော်စင်တစ်ယောက်နဲ့တော့ မယှဉ်နိုင်သေးဘူး ၊ ဒါပေမဲ့ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် အထွတ်ထိပ်ကို ရောက်နေပြီ...”

အတွေးနှင့်အတူ ဖန်းခန်း မချိတင်ကဲခံစားလိုက်ရသည်။

“ဒါပေမဲ့...”

ဒါပေမဲ့... ရန်ကျောက်ကဲ၏ကိုယ်ပွားက ယခုမှ အသစ်စက်စက် စတင်အသက်ဝင်လာသော ကိုယ်ပွားတစ်ခု ဖြစ်ပေသည်။

အချိန်ကြာလာသည်နှင့်အမျှ ဤကိုယ်ပွားသည် မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင် ‘ကျွမ်ခွန်း’ နှင့် တူညီသည့်စွမ်းအား အမှန်တကယ် ပြန်လည်ရရှိလာပေမည်။

ယခုပင်လျှင် ဖန်းခန်းသည် ဤကိုယ်ပွား၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် အလွန်ခက်ခဲနေပြီဖြစ်ရာ သူ အချိန်မဆွဲရဲတော့ပေ။

သူက ကြောက်မက်ဖွယ်ရာကိုယ်ပွားရုပ်၏ မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်ကို စွမ်းအားကုန်သုံးကာ ရှောင်တိမ်းရင်း ဤနေရာမှ အလျှင်အမြန် ထွက်ခွာရန် ကြိုးစားလိုက်သည်။

ရန်ကျောက်ကဲက သူ့စကားအတိုင်းပင် မည်သူ့အကူအညီမှ မယူသလို ဖန်းခန်းကိုလည်း ကြောက်ရွံ့ခြင်း မရှိပေ။

ထွက်ပြေးရန်ဟန်ပြင်လိုက်သော တစ်ခဏတွင် ဦးခေါင်းထက်မှ သက်တံ့ရောင်အလင်းတန်းများ ရုတ်တရက် တောက်ပလာသည်ကို ဖန်းခန်း တွေ့မြင်ရသည်။ ခေါင်းမော့ကြည့်လိုက်တော့ သူ့ဦးခေါင်းထက်သို့ကျလာသည့် ကြီးမားသော ကျောက်တိုင်ကြီးတစ်ခုကို တွေ့ရသည်။

ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ထိပ်တွင် ရန်ကျောက်ကဲ မတ်တတ်ရပ်နေပြီး ကြုံးဝါးသံတစ်ချက်ပြုကာ ကြီးမားသောအင်အားကြီးဖြင့် ဖိနှိပ်ချလိုက်သည်။

လက်ရှိတွင် ဖန်းခန်းသည် ထွက်ပြေးချင်စိတ်သာရှိတော့ပြီး ခုခံတိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။

ထို့ကြောင့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီး ကျရောက်လာသည့်အခါ သူ၏ အစစ်အမှန်သိုင်းကိုယ်ခွဲဖြစ်သော နတ်ကြံ့ကြီးကို ထုတ်ဖော်လျှက် အားနည်းချက်နှင့် ဟာကွက်ကိုသာ မပြတ်တမ်း ရှာဖွေခဲ့သည်။ သူ အံတင်းတင်းကြိတ်လိုက်သည့်အခါ နတ်ကြံ့ကိုယ်ခွဲကြီး၏ နဖူးထက်တွင် ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပလာလေသည်။

ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးက သူ့ဦးခေါင်းထက် အပြည့်အဝ ကျရောက်ခြင်းမရှိသေးသဖြင့် ပိုက်ကွန်ပမာ ဖိနှိပ်ထားခြင်းမှ ဟာကွက်တစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။

ပိတ်ဆို့ထားသော ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးအောက်မှ ဖန်းခန်း ရုန်းထွက်လိုက်စဉ်မှာပင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြီးမားသောဂဠုန်ငှက်ကြီးအသွင်ပြောင်းလဲသွားပြီး စူးရှသောအော်ြမည်သံထုတ်လွှတ်လျှက် အနောက်မှ တဟုန်ထိုးလိုက်ပါလာသည်။

ဧရာမဂဠုန်ငှက်ကြီးက အတောင်ပံများကို ဖြန့်ကားလျှက် ကောင်းကင်နှင့်ပင်လယ်ကို ထိုးခွင်းပျံသန်းလာသည်။ ထိုငှက်ကြီး အတောင်တစ်ချက်ခတ်သည်နှင့် ဖန်းခန်းမှ အရှိန်မထိန်းနိုင်ဘဲ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးအောက်သို့ ပြန်လည်ရောက်ရှိသွား၏။

ကျောက်တိုင်ကြီးအောက်ပြန်ရောက်လာသော ဖန်းခန်းက ရန်ကျောက်ကဲကို မျက်လုံးပြူးကာကြည့်ရင်း ကျိန်ဆဲလိုက်သည်။

“အယုတ်တမာကောင်... မျိုးမစစ်လေး...”

ရန်ကျောက်ကဲမျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ...

“မင်းငါ့ကိုသတ်ချင်နေတာမဟုတ်လား ၊ ငါလည်းမင်းကို သတ်ချင်တာပဲလေ ၊ ငါတို့နှစ်ယောက် ဘယ်သူအရင်သေမလဲ ကြည့်တာပေါ့”

ဖန်းခန်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အော်ဟစ်လိုက်သည်။

“ကောင်းပြီ... ဒါဖြင့် သေလိုက်တော့ ကောင်စုတ်လေး”

သမုဒ္ဒရာကမ္ဘာကြီးတွင် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် ထိပ်တန်း (၁၀)ယောက်တွင် အဆင့် (၇) သတ်မှတ်ခံရသော ကြံ့ဝိညာဉ်ကျွန်းသခင်သည် ကြီးမားသောအရှိန်အဟုန်ဖြင့် စွမ်းအားအပြည့်သုံးကာ ရန်ကျောက်ကဲထံသို့ ဝင်ရောက်လာသည်။

တောက်ပသည့်အလင်းတန်းတစ်ခုက ဖန်းခန်း၏ ဦးခေါင်းထက်မှ ပျံသန်းထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်သွားသည်။

ထိုအလင်းတန်းများက ရန်ကျောက်ကဲထံသို့ အရပ်မျက်နှာပေါင်းစုံမှ ဦးတည်ဝင်ရောက်လာ၏။

ထိုအရာက ကြည်လင်တောက်ပသော စက်ဝန်းတစ်ခုဖြစ်ပြီး အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။ ကြံ့ဝိညာဉ်ကျွန်းမှ အကြီးမြတ်ဆုံး ရတနာပစ္စည်းဖြစ်သော ‘ကြံဝိညာဉ်စက်ဝန်း’ ဖြစ်၏။

ထိုရတနာပစ္စည်းက ဖန်းကျောက်ဟုန်၏ ကျောက်စိမ်းအလင်းကြေးမုံမှန်ထက်သာလွန်ပြီး အလွန်တရာ ထိပ်တန်းကျသော ကြံ့ဝိညာဉ်ကျွန်း၏ အဆင့်မြင့်မှော်ဝင်ပစ္စည်း ဖြစ်သည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်ပြီး သူ့အင်္ကျီလက်အတါင်းမှ စိမ်းညို့နက်မှောင်သော ဝါးကိုင်းတစ်ကိုင်းကို ထုတ်ယူလိုက်သည်။

ဝါးကိုင်းက သာမန်ဝါးကိုင်းတစ်ခုပမာဖြစ်သော်လည်း ရန်ကျောက်ကဲကိုယ်တိုင်ပြုလုပ်ထားသော ရတနာပစ္စည်း ဖြစ်၏။

ရန်‌ကျောက်ကဲ အမတဝိညာဉ်သိုင်းဆရာသခင်အဆင့်တုန်းက ထိုဝါးကိုင်းတွင် အဆစ် (၃)ဆစ် ရှိသည်။ ယခု အမတလက်ဖွဲ့အဆင့်ရောက်သောအခါ အဆစ် (၄)ဆစ်အထိ တိုးလာခဲ့သည်။

ရန်ကျောက်ကဲက အစိမ်းရင့်ရောင်ဝါးကိုင်းကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံသို့ အသာအယာပစ်လွှတ်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဝါးကိုင်းကိုဆုပ်ကိုင်လိုက်ပြီး ဖန်းခန်းဦးခေါင်းထက်တွင် တောက်ပနေသော “ကြံ့ဝိညာဉ်စက်ဝန်း” ကို ရိုက်ချလိုက်၏။

ဝါးကိုင်းနှင့်ရိုက်နှက်မိသည်နှင့် လေထဲတွင်ပျံဝဲနေ‌သော “ကြံ့ဝိညာဉ်စက်ဝန်း” မှ ကြေကွဲစရာ ညည်းညူသံတစ်သံ ထွက်ပေါ်လာသည်။

ဖန်းခန်း အလွန်အမင်း ထိတ်လန့်သွားပြီး “ကြံ့ဝိညာဉ်စက်ဝန်း” ကို အလျှင်အမြန် သိမ်းဆည်းလိုက်သည်။ သူ့လက်ထဲမှ စက်ဝန်းငယ်ကိုကြည့်လိုက်တော့ မျက်နှာပြင်တွင် အက်ကွဲကြောင်းတစ်ခု ထင်ဟပ်နေသည်ကို တွေ့ရပြီး စိတ်ထဲ အလွန်နာကျင်ခံစားလိုက်ရသည်။

သူက ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို မယုံကြည်နိုင်စွာကြည့်လိုက်ပြီး စိမ်းညို့နက်မှောင်သော ဝါးကိုင်းကိုလည်း စူးစိုက်ကြည့်လိုက်သည်။

ဘယ်လိုပင်ကြည့်ကြည့် အနှီဝါးကိုင်းသည် သာမန်ဝါးကိုင်းတစ်ခုပမာဖြစ်ပြီး ဝိညာဉ်စွမ်းအား ၊ သို့မဟုတ် ချီစွမ်းအားအတက်အကျများ လုံးဝ ထွက်ပေါ်နေခြင်း မရှိပေ။

သို့ပေသိ ဤမျှလောက် သာမန်ပုံစံရှိသော ဝါးကိုင်းက သူ၏ အဆင့်မြင့်မှော်ဝင်ပစ္စည်းဖြစ်သော ‘ကြံ့ဝိညာဉ်စက်ဝန်း’ ကို အက်ကွဲသွားစေသည်။

ကြံ့ဝိညာဉ်သည် လက်နက်တစ်ခုလည်းမဟုတ်သလို ချပ်ဝတ်တစ်ခုလည်း မဟုတ်ပေ။ သို့သော် အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်လေရာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ရတနာပစ္စည်းအ‌တော်များများထက်  သာလွန်ကောင်းမွန်သည်။

ယခုတော့ အဘယ့်ကြောင့် လွယ်ကူစွာ ကွဲကြေသွားရပါသနည်း။

ထိုဝါးကိုင်းက အခြားသော အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခုဆိုလျှင်ပင် ကြံ့ဝိညာဉ်စက်ဝန်းမျက်နှာပြင်ကို တစ်ချက်တည်းရိုက်ရုံမျှဖြင့် ဤသို့ ပြတ်သားစွာ အက်ကြောင်းထင်သွားစေမည် မဟုတ်ပေ။

ယနေ့ ကြုံတွေ့နေရသော ထူးဆန်းအံ့သြဖွယ်ရာများသည် သူ့ဘဝတစ်လျှောက်လုံးကြုံတွေ့ခဲ့ရသည်များထက် များပြားလေရာ ဖန်းခန်းမှာ ကမ္ဘာမိုးမြေတစ်ခုလုံး ပြောင်းပြန်ဇောက်ထိုးဖြစ်သွားသည့်အလား ခံစားနေရသည်။

ထိုအချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက်တွင် ဝါးကိုင်းကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဖန်းခန်းဆီသို့ လှံရှည်တစ်လက်အလား ထိုးစိုက်ချလိုက်သည်။

ဖန်းခန်းက ခန္ဓာကိုယ်တစ်ချက်လှုပ်ရှားလိုက်ရာ မရေမတွက်နိုင်သော အလင်းရိပ်များ ထွက်ပေါ်လာသည်။

သို့‌သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ခွဲ၏ လှံရှည်က အလင်းရိပ်များအားလုံးကို ထိုးခွင်းလျှက် မရပ်မနား သူ့ဆီသို့ ဦးတည်ဝင်ရောက်လာသည်။

သူတို့နှစ်ယောက် ထိပ်တိုက်တွေ့သည်နှင့် အနီးပတ်ဝန်းကျင်ပင်လယ်ရေက အတိုင်းအတာတစ်ခုအထိ လစ်ဟာသွားပြီး လေထုက အက်ကွဲသွားသည်။

ထိုအချိန် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးက လေထဲတွင်ပျံဝဲလျှက် ရောင်စဉ်ခုနစ်သွယ်က ပိုးသားပမာ အောက်ဘက်သို့ ဖြာကျလာပြီး လှောင်အိမ်တစ်ခုပမာ ဖန်းခန်းကို ဖုံးအုပ်သွား၏။

ဖန်းခန်းသည် နောက်ဆုံးအကြိမ်အဖြစ် အပြင်းအထန်ရုန်းကန်နေရပြီး လှောင်အိမ်ထဲတွင်ပိတ်မိနေသည့် သားရဲတစ်ကောင်ပမာ ဖြစ်သည်။

‌မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင် ‘ကျွမ်ခွန်း’ သည် မည်သည့်အမွေအနှစ်ပစ္စည်မှ ချန်မထားခဲ့ပေ။ အကြောင်းမှာ သူ၏ သိုင်းအမွေအနှစ်များအားလုံးကို သူ၏ရုပ်အလောင်းထဲသို့ ထိန်းချုပ်ထည့်သွင်းထားခဲ့သောကြောင့် ဖြစ်၏။

ထို့ကြောင့် ရန်ကျောက်ကဲက အရံအတားအတွင်းမှ ကျောက်သားရုပ်တုကို ယူဆောင်လာပြီးနောက် ထိုနေရာတွင် အခြားရတနာပစ္စည်းများကို မတွေ့ခဲ့ရခြင်း ဖြစ်သည်။

ဖန်းခန်းသည်လည်း သားဖြစ်သူကို သွားရှာရင်း ထိုနေရာသို့ ရောက်ရှိခဲ့သည့်တိုင် မည်သည့်ပစ္စည်းမှ မရှိသည်ကိုသာ တွေ့ရသည်။

သို့သော် ရန်ကျောက်ကဲလက်ထဲတွင် သိုင်းသူတော်စင်ရုပ်အခွံကို ပိုင်ဆိုင်ထားကြောင်း ကြိုတင်သိရှိခဲ့ပါက ၊ သိုင်းဆရာသခင်လူငယ်တစ်ယောက်က သိုင်းသူတော်စင်ရုပ်အလောင်းကိုသန့်စင်ရန်မဖြစ်နိုင်ကြောင်း ယုံကြည်ထားသည့်တိုင် ရန်ကျောက်ကဲကို လာရောက်တိုက်ခိုက်ချိန်တွင် အထူးသတိထားမည် ဖြစ်သည်။

သို့သော် ယခုတော့ သံတံတိုင်းကို ဦးခေါင်းဖြင့် တိုက်သည့်ပမာ ခေါင်းတစ်ခုလုံးကွဲကြေလျှက် သွေးထွက်ပင် လွန်နေရပေပြီ။

ဖန်းခန်း ပိုပြီး အံ့သြမိသည်မှာ ရန်ကျောက်ကဲတွင် သိုင်းသူတော်စင်ရုပ်အလောင်းအပြင် အခြားသောနည်းလမ်းမျိုးစုံလည်း ရှိနေခြင်းပင်။ သူ မည်မျှကြိုးစားပြီးထွက်ပြေးတိမ်းရှောင်ပါစေ ပြေးမလွတ်နိုင်ခဲ့ပေ။

သူ၏ မာနနှင့် ရက်စက်ကြမ်းတမ်းမှုများ နှိုးဆွခံလိုက်ရသလိုဖြစ်ပြီး သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်သည် အပြင်းအထန် ဝင်ရောက်လာသော ‌မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အရေးမစိုက်တော့ဘဲ ရန်ကျောက်ကဲဆီသို့ အရှိန်ပြင်းစွာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ရန်ကျောက်ကဲက တုန်လှုပ်ခြင်းအလျဉ်းမရှိ စိတ်ကိုစေစားလျှက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ သိုင်းကွက်ကို ပြောင်းလဲစေလိုက်၏။

ကြီးမားသော ဂဠုန်ငှက်ကြီးသည် နှိုင်းယှဉ်မရလောက်အောင်ကြီးမားသော ဧရာမ ဝေလငါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထို ဝေလငါးကြီးက ရေထဲတွင် ကူးခတ်လာသည့်အလား ဖန်းခန်းထံသို့ ဝင်ရောက်လာသည်။

ဂဠုန်ငှက်ကြီးက အရှိန်အဟုန် အလွန်ပြင်းထန်ပြီး ဝေလငါးကြီးကတော့ မိုးအောက်မြေပြင်တွင် ပြိုင်ဘက်မရှိ စွမ်းအားကြီးမားလွန်းသည်။

မြောက်ပိုင်းသမုဒ္ဒရာ နတ်ဘုရားလှံရှည် ၊ မြောက်ပိုင်းသမုဒ္ဒရာဝေလငါး။

ကြီးကျယ်ခမ်းနားပြီး ရက်စက်ကြမ်းတမ်းသော စွမ်းအားတစ်ခုက ဖန်းခန်း၏ အစစ်အမှန်သိုင်းကိုယ်ခွဲဖြစ်သော နတ်ကြံ့ကြီးကို တိုက်ရိုက်ပင် ထိုးနှက်ဖြိုခွင်းလိုက်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ပါးစပ်ထဲမှ သွေးများအန်ချလိုက်သည်။ သို့သော် သူ့မျက်လုံးများက ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေဆဲပင်။

သူ့အကြည့်မှတစ်ဆင့် ရန်ကျောက်ကဲကို မည်မျှ သတ်ဖြတ်ပစ်ချင်နေကြောင်း ထင်ရှားသိမြင်နိုင်သည်။

ရန်ကျောက်ကဲက ကြုံးဝါးသံတစ်ချက်ပြုလုပ်ပြီး သူ၏ ညာဘက်မျက်လုံးအတွင်းမှ မိုးခြိမ်းသံများထွက်ပေါ်လာကာ ခရမ်းရောင်လျှပ်စီးများ တောက်ပလာသည်။

ပကတိမိုးကြိုးစွမ်းအား။

ဖန်းခန်း အလွန်အမင်း တုန်လှုပ်သွားသည်။ သို့သော် သူက ရန်ကျောက်ကဲကို သူနှင့်အတူ သေတွင်းခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။

ဆုံးဖြတ်ချက်နှင့်အတူ အံကိုတင်းတင်းကြိတ်လျှက် တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်...

“ဘုန်း”

ကြောက်မက်ဖွယ်ရာ မိုးကြိုးသံနှင့်အတူ မိုးကြိုးသွားတစ်စင်းက ဖန်းခန်း၏ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။

တစ်ချိန်တည်းပင် စွမ်းအားအပြည့်သုံးထားသော ဖန်းခန်း၏လက်ဝါးရိုက်ချက်ကလည်း ရန်ကျောက်ကဲထံ ဝင်ရောက်လာ၏။ ထိုလက်ဝါးရိုက်ချက်တွင် သတ်ဖြတ်လိုသောအငွေ့အသက်များ ပြည့်နက်နေသည်။

သို့သော် ဖန်းခန်း၏ လက်ဝါးရိုက်ချက်ကို ပိတ်ဆို့ရန်အတွက် ရန်ကျောက်ကဲက အနက်ရောင်အမွှေးတိုင်အိုးလေးတစ်လုံးကို  အသုံးပြုမည်ဟု မည်သူထင်မှတ်ပါမည်နည်း။

ဖန်းခန်း၏ပြင်းထန်သော လက်ဝါးရိုက်ချက်သည် ပင်လယ်ရွှံနွံထဲ နစ်မြုပ်သွားသည့်ပမာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

ဖန်းခန်းက ရန်ကျောက်ကဲကို မျက်လုံးပြူးကာ ကြည့်ရင်း...

“မင်း...”

“ငါ ဘာဖြစ်လဲ...”

ရန်ကျောက်ကဲက ဘာကိုမှအရေးမစိုက်ဟန်ဖြင့် အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ နဂါးဟိန်းသံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းတန်းတစ်ချက် တောက်ပသွားသည်။

အခြားမဟုတ် ၊ “အစိမ်းရောင်ချောက်နက်ဓား” ပင် ဖြစ်၏။

“မင်း ငါ့ကို ရန်မစခင်ကတည်းက ငါ့အကြောင်း သိခဲ့သင့်တာ...”

All Chapters