အနီရောင်အလင်းအောက်မှ အဖြူရောင်ပုံရိပ်
Vol. 98 Ch. 1344
နတ်ဆိုးကလန်၏ အနီးအနားရှိ တိုက်ပွဲကွင်းပြင်တွင် ကျင့်ကြံသူများသည် နောက်ပြန်ဆုတ်နေကြစဉ် သားရဲဟိန်းသံများသည် ပို၍ ပြင်းထန်ကျယ်လောင်လာသည်။ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ သာ၍ အစွမ်းထက်သော အော်ရာတစ်ခု ပေါက်ကွဲထွက်လာလေ၏။ ထိုအော်ရာသည် ပတ်ဝန်းကျင်ရှိသားရဲဟိန်းသံများကို ချက်ခြင်းဖိနှိပ်ပစ်နိုင်သည့်အထိ သန်မာလှသည်။
သားရဲများ နောက်ဆုတ်ပေးနေစဉ် နဂါးပုံစံသားရဲတစ်ကောင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။
၎င်းမှာ နက်မှောင်နေသော နဂါး ဖြစ်၏၊ သို့ရာတွင် အစစ်အမှန်နဂါးနှင့်တော့ ကွာခြားမှု ရှိနေဆဲသာ။ ထိုနဂါးကို ကြေးခွံများ ဖုံးနေပြီး ၎င်းထံ၌ ကွယ်ဝှက်နေသော ဦးချိုနှစ်ချောင်းလည်း ရှိသည်။ ယင်းဦးချိူတို့မှာ မဖြောင့်တန်း၊ခပ်ကွေးကွေးပင်။
၎င်း၏ခန္ဓာကိုယ်သည် ပေတစ်သောင်းရှည်လျားကာ ထွက်ပေါ်လာသည်နှင့် ပြင်းထန်သောဖိအားကို ပေးစွမ်းသည်။ ၎င်း၏ နဂါးမျက်လုံးများဖြင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။ တဖြည်းဖြည်းဖြင့် ၎င်း၏အကြည့်သည် အပြာရောင်မြူများ ဝန်းရံထားသော သုံးယောက်ထံ ရွှေ့လျားလာသည်။
ထိုသုံးယောက်ကို တွေ့မြင်လိုက်ရသည့်နောက် ထိုနဂါးသည် ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းသံကို ထုတ်ဖော်သည်။ ထိုဟိန်းသံတွင် ရူးသွပ်မှု၊ ရန်လိုဒေါသ၊ သွေးဆာမှုတို့ဖြင့် ပြည့်နှက်နေသည်။
၎င်းက အပြာရောင်မြူလွှာကို မှတ်မိသွားခြင်းပင်။ ၎င်း၏မှတ်ဥာဏ်ထဲ၌ ထိုအပြာရောင်မြူများ ဝန်းရံထားသော လူများသည် သားရဲများကို ဟင်းလင်းပြင်အက်ကြောင်းထဲမှ ထွက်မလာနိုင်အောင် ဟန့်တားထားသော ကမ္ဘာမကျေရန်သူများဟု သိရှိထားပေသည်။
"မထင်မှတ်စွာနဲ့ ကိုးခုအသုတရာချောက်က ငယ်ရွယ်တဲ့နဂါးသားရဲ ဖြစ်နေတာပဲ။ ဒီနဂါးဟာ သားရဲတစ်ကောင်လို့တောင် ယူဆလို့ မရတော့ဘူး။ ဒီကောင်က အဆင့်ဆယ့်နှစ်ဆိုပေမဲ့ လူသားအသွင်မပြောင်းနိုင်တဲ့ အဆင့်ဆယ့်သုံးသားရဲတွေနဲ့ တူညီတဲ့စွမ်းအား ရှိတယ်..."
"ဒီလိုသားရဲမျိုး မပေါ်ထွက်လာတာ ကြာလွန်းခဲ့ပြီ။ အကြီးအကဲတစ်ခါ ပြောခဲ့ဖူးတယ်။ ဒီလိုသားရဲအုပ်စုဟာ လူသားအသွင်ပြောင်းနိုင်တဲ့ သားရဲတွေကိုပါ ဖိနှိပ်ထားနိုင်တယ်တဲ့။ ဒဏ္ဍာရီ အရတော့ ဒီသားရဲဟာ ချီရှောင်သားရဲ ပိုင်ဆိုင်တဲ့ ရဲဘော်ရဲဘက်သားရဲခြောက်ကောင်ထဲက တစ်ကောင် ဖြစ်တယ်လို့ ဆိုတယ်..."
"ဒီကိစ္စဟာ အရေးကြီးတယ်။ ငါတို့ အကြီးအကဲတွေဆီ တင်ပြမှ ဖြစ်မယ်..."
အပြာရောင်မြူများကြားမှ သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် စိတ်ဖြင့် ပြောဆိုလိုက်သည်။ သူတို့ထဲမှ တစ်ယောက်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ချေမွပစ်ပြီး ချက်ခြင်း သတင်းပို့သည်။
သူတို့ ထိုကဲ့သို့ လုပ်ဆောင်လိုက်ချင်းချင်း ကိုးခုအသုတရာချောက်နက်နဂါးသည် ဟိန်းဟောက်လာ၏။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အက်ကြောင်းများထံမှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ကို ထွင်းဖောက်နိုင်သော အနက်ရောင်ဦးခေါင်းခွံများ အဖြစ် ပြောင်းလဲသည်။ ယင်းဦးခေါင်းခွံများသည် အဘက်ဘက်သို့ ပျံ့လာပြီး ဟင်းလင်းပြင်အက်ကြောင်းထဲမှ ထိုးထွက်လာတော့သည်။
ထိုအခါ ဟင်းလင်းပြင်းအက်ကြောင်းပါ တုန်ခါလာပြီး မည်ဟည်းသံများ ပဲ့တင်ထပ်၏။ များပြားလွန်းသော ဦးခေါင်းခွံများသည် ကျင့်ကြံသူများထံ ခုန်ပေါက်တိုးဝင်လာကြသည်။
ထိုအနက်ရောင် ဦးခေါင်းခွံများ နောက်ကနေ ကြမ်းကြုတ်သောသားရဲများ လိုက်ပါလာကာ တုန်လှုပ်ဖွယ်ရာ တိုက်ခိုက်လာတော့သည်။ သို့ရာတွင် ကိုးခုအသုတရာချောက်နဂါးမှာ တိုးထွက်လာခြင်း မရှိဘဲ ဟင်းလင်းပြင်အက်ကြောင်းတွင်းသာ နေထိုင်ပြီး အပြင်ဘက်သို့ အေးစက်စက် ကြည့်နေသည်။
အက်ကြောင်းအပြင်ဘက်ရှိ ကျင့်ကြံသူထောင်ချီသည် ရာစုနှစ်ချီ၍ တိုက်ခိုက်ခဲ့ကြသူများ ဖြစ်၍ စိတ်အင်အား ခိုင်မာလှသည်။ သို့ပေမည့် ခုချိန်တွင် သူတို့သည် တုန်လှုပ်မိရသည်။ သို့သော် သည်တိုက်ပွဲကွင်းပြင်သို့ ရောက်လာသည်နှင့် သူတို့အဖို့ နောက်ဆုတ်ခွင့် မရှိတော့ပေ။ တိုက်ခိုက်ရန်သာ ရှိ၏။ အနက်ရောင်ဦးခေါင်းခွံများ တိုးဝင်နီးကပ်လာချိန်တွင် ကျင့်ကြံသူများသည် အသေအရှင်တိုက်ပွဲကို စတင်ရတော့သည်။
ပါရမီရှင်ခြောက်ယောက်သည် ဟင်းလင်းပြင်အက်ကြောင်းထဲရှိ ကိုးခုအသူတရာချောက်နဂါးထံ တိုးဝင်လာသည်။
"ငါတို့ခြောက်ယောက် ဒီနဂါးကို အတူပူးပေါင်းပြီး သတ်နိုင်ခဲ့ရင် ငါတို့ဟာ နတ်ဆိုးကလန်ဝင်တွေ ဖြစ်လာနိုင်လိမ့်မယ်..." ခြောက်ယောက်ထဲမှ သက်လတ်ပိုင်းလူက အော်ဟစ်လိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ခရမ်းရောင်အလင်းတစ်ခု သူ့ကို ဝန်းရံလာ၏။ သူ့အော်ရာမှာ မြင့်တက်လာသည်။
ကျန်သည့်ငါးယောက်ကလည်း သူတို့၏ အစွမ်းထက်ဆုံးမန္တာန်များကို အသုံးပြုလိုက်သည်။ လှပသော သက်လတ်ပိုင်း အမျိုးသမီး၏ ဆံပင်မှာ ချက်ခြင်း အဖြူရောင် ပြောင်းသွား၏။ သူမ၏ ဆံပင်ဖြူများသည် ဝေ့ယမ်းခတ်ကာ ဆံဖြူမုန်တိုင်းတစ်ခု သူမရှေ့တွင် ပေါ်လာ၏။ ထိုမုန်တိုင်းသည် တုန်လှုပ်ဖွယ်စွမ်းအားကို သယ်ဆောင်ကာ ကိုးခုအသူတရာချောက်နဂါးထံ တိုးဝင်လာသည်။
သူတို့ခြောက်ယောက်ထဲတွင် အဘိုးအိုမှာ ကျင့်ကြံမှုအမြင့်ဆုံးပင်။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သောရွှေရောင်အမြုတေများသည် သူ့အား ဝန်းရံ၏။ ယင်းအမြုတေများသည် ကျင့်ကြံသူများ ပိုင်ဆိုင်သောရွှေရောင်အမြုတေနှင့် ကွာခြား၏။ ၎င်းတို့သည် အဘိုးအို သူ့ဟာသူ ကိုယ်ပိုင်ဥာဏ်ဖြင့် ဖန်တီးထားသော မန္တာန်တစ်ခုသာ။ မူလစွမ်းအင်များကနေ ဖြစ်ပေါ်ခြင်းပင်။ ထို့ကြောင့် ယင်းအမြုတေများကို ပျက်စီးစေပြီး သန်မာသောစွမ်းအားကို ရယူနိုင်၏။ လျှပ်တပြတ်အတွင်း ရွှေရောင်အမြုတေတစ်သောင်းနီးပါး သူ့ပတ်လည်တွင် ပေါ်လာခဲ့ပေပြီ။
အေးစက်စက် အမျိုးသမီးလည်း ရှိသေး၏။ သူမသည် သူမ၏လျှာထိပ်ကို ကိုက်ကာ သူမလက်ထဲရှိဓါးပေါ်သို့ သွေးများ ထွေးထုတ်လိုက်သည်။ ဓါးသည် တလျှံလျှံတောက်ပကာ အရည်ပျော်ပြီး ရွှေရောင်မြစ်တစ်ခု ဖြစ်တည်သည်။ ထိုမြစ်သည် သူမကို ဝန်းရံကာ အဖျက်အစီးအော်ရာတစ်ခုကို ပေးစွမ်းသည်။ ထို့နောက် သူမနှင့်အတူ တိုးဝင်လာတော့၏။
ကျင့်ကြံသူထောင်ချီကြားမှ အစွမ်းထက်ဆုံးခြောက်ယောက်၏ တိုက်ခိုက်မှုအားလုံးသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး ကိုးခုအသူတရာချောက်နဂါးနှင့် တိုက်ပွဲ စတင်လေပြီ။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံးသည် ထိတ်လန့်တကြား အော်ဟစ်နေ၏။ အနက်ရောင်ဦးခေါင်းခွံများသည် ထူးဆန်းလွန်းသည်။ ၎င်းတို့အပေါ် မည်သည့်မန္တာန်၊ လက်နက်မှ သက်ရောက်မှုမရှိ ဖြစ်နေသည်။ ၎င်းတို့သည် ကျင့်ကြံသူများ၏ခန္ဓာကိုယ်ထဲ တိုက်ရိုက်ထွင်းဖောက်ဝင်ကြသည်။ သူတို့က ဝင်ရောက်ပြီးပြီးချင်း ပေါက်ကွဲသွားသည်။ ထိုနည်းဖြင့် အဖျက်အစီးအားတစ်ခုသည် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို ပေါက်ကွဲစေကာ မူလစိတ်ဝိညာဉ်များပါ ကွယ်ပျောက်သွားရသည်။
ထို့အပြင် ကြမ်းကြုတ်သောသားရဲများသည် ဟင်းလင်းပြင်အက်ကြောင်းထဲမှ တိုးထွက် တိုက်ခိုက်လာသည့်အတွက် သေရေးရှင်ရေးအခိုက်အတန့် ဖြစ်လာတော့သည်။
အစွမ်းထက်ကျင့်ကြံသူခြောက်ယောက်သည် ကိုးခုအသူတရာချောက်နဂါး အနား ရောက်လာခဲ့ကာ သူတို့၏ တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသည်။ သို့ရာတွင် သူတို့နှင့်အတူ သူတို့၏မန္တာန်များ နီးကပ်လာချိန်တွင် နဂါးက ပါးစပ်ဟကာ မြူနက်များ ထွေးထုတ်လိုက်သည်။
ထိုမြူနက်များ ထွေးထုတ်လိုက်ချိန်တွင် ယင်းတို့သည် ပေတစ်သောင်းအနက်ရောင်ဦးခေါင်းခွံအဖြစ် ပြောင်းလဲသည်။ ထိုဦးခေါင်းခွံကြီးသည် ကျင့်ကြံသူ ခြောက်ယောက်ထံ တိုးဝင်လာ၏၊
တုန်ဟည်းသံများ ပဲ့တင်ထပ်လေ၏။ အမျိုးသားလေးယောက်တွင် အဘိုးအိုမှလွဲ၍ ကျန်သည့် သုံးယောက်မှာ သွေးအန်လိုက်ရသည်။ သူတို့၏မျက်နှာများသည် ဖြူရောကုန်ပြီး နောက်သို့ လွင့်ထွက်သွားသည်။ သူတို့၏ဒွာရပေါက်များမှ နို့နှစ်ဖြူရောင် အခိုးအငွေ့များ ထွက်လာပြီး ထိုဦးခေါင်းခွံ၏ ဝါးမြိုခြင်း ခံရသည်။ ယင်းအခိုးအငွေ့များသည် သူတို့၏အသက်ဓါတ်များပင်။
အဘိုးအို၏ ပါးစပ်ထောင့်မှ သွေးများ စိမ့်ကျလာကာ သူလည်း နောက်ဆုတ်လိုက်ရသည်။ သူ့မျက်လုံးသည် အေးစက်လာ၏။ သူက သူ့လက်နှစ်ဖက်ကို လှုပ်ရှားကာ အော်ဟစ်လိုက်သည်။
"ရွှေရောင်အမြုတေတစ်သောင်း...ပေါက်ကွဲစမ်း..."
ထိုသို့ဆိုသည့်အခါ ရွှေရောင်အမြုတေများသည် ပေါက်ကွဲပျက်စီးကာ အဖျက်အစီးအားတစ်ခုကို ဖန်တီးပြီး ဦးခေါင်းခွံပေါ် ကျရောက်သည်။
အမျိုးသမီးနှစ်ယောက်ထဲမှ သက်လတ်ပိုင်းအမျိုးသမီး၏ ဆံဖြူမုန်တိုင်းသည် ပျက်စီးသွားပြီး သူမလည်း သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားသည်။ သူမ နောက်ဆုတ်နေရင်း အသက်ဓါတ်များစွာ စုပ်ယူခြင်း ခံရသည်။
အေးစက်စက်အမျိုးသမီး မျက်နှာမှာ ဖြူရောနေပြီး သူမ၏ညာလက်မှ သွေးများယိုစီးကျနေ၏။ သူမ ပတ်လည်တွင် စီးဆင်းနေသော ရွှေရောင်မြစ်လည်း နှေးကွေးသွားသည်။ သို့သော် သူမက အံတင်းတင်းကြိတ်ကာ ရှေ့သို့ လက်ညွှန်လိုက်သည်။ သူမ ပတ်လည်ရှိ ရွှေရောင်မြစ်သည် မရေမတွက်နိုင်သော ရွှေရောင်မိုးစက်များအဖြစ် ပေါက်ကွဲထွက်ကာ ဦးခေါင်းခွံပေါ်သို့ ကျရောက်လာသည်။
တုန်ဟိန်းသံများ မည်ဟည်းလျက် ဧရာမဦးခေါင်းခွံကြီးသည် တဒင်္ဂရပ်ဆိုင်းသွားသည်။ ထိုအခွင့်အရေးကို အသုံးချကာ အဘိုးအိုနှင့်အေးစက်စက်အမျိုးသမီးတို့သည် သူတို့မန္တာန်များကို အသုံးပြုပြီးနောက် အလျင်အမြန် နောက်ဆုတ်လိုက်၏။
ထိုအဘိုးအိုသည် ကျင့်ကြံသူထောင်ချီကြား၌ ဩဇာရှိသည်။ သူသည် နောက်ဆုတ်နေလျက် သူ့ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်ပြီး ချက်ခြင်း လှမ်းအော်ပြောသည်။ "ရန်သူသားရဲတွေ များလွန်းတယ်။ အရင်ဆုံး...ဒီသားရဲတွေကို သတ်ဖို့ စတေးခြင်းအစီအရင်ကို အသက်သွင်းကြ..."
သူ ထိုသို့ အော်ဟစ်လိုက်သည့်နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် နောက်ဆုတ်ပြီး သူတို့၏ လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ သူတို့၏ခန္ဓာကိုယ်မှ အစီအရင်အလင်း စတင် ထွက်ပေါ်လာတော့၏။
"နတ်ဆိုးကလန်အစီအရင်အတွက် ငါတို့အသက်ကို ကမ်းလှမ်းပါတယ်..." တစ်ပြိုင်နက်တည်းမှာ သူတို့၏အသက်ဓါတ်များကို စတေးကြ၏။ ကျင့်ကြံသူထောင်ချီ၏ သံပြိုင်ဟစ်သံသည် ပြင်းထန်သောဖိအားကို ဖန်တီးသည်။
သူတို့၏အသံ ပဲ့တင်ထပ်နေရင်း ဟင်းလင်းပြင်အက်ကြောင်းထံမှ တစ္ဆေအလင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် မိုးကြိုးတုန်ဟည်းသံများ ဖြစ်ပေါ်ကာ ပါးစပ်ကြီးအလား ဟင်းလင်းပြင်အက်ကြောင်းမှာ ရုတ်တရက် ပိတ်ဆို့သွားသည်၊
အချိန်မီ မရှောင်လိုက်နိုင်သော အချို့သားရဲများ၏ ခန္ဓာကိုယ်များဆို ပေါက်ကွဲထွက်သွား၏။ ကိုးခုအသူတရာချောက်နဂါးသည်ပင် ၎င်း၏ဦးခေါင်း ဖြတ်တောက်ခြင်းမှ ကာကွယ်နိုင်ရန် အလျင်အမြန် ခေါင်းပြန်ရုတ်လိုက်ရသည်။
အဘိုးအိုသည် ထိုအဖြစ်ကို တွေ့မြင်သည့်အခါ သက်ပြင်းချလိုက်သည်။ သူသည် အစတုန်းက သည်နဂါး တစ်ဝက်တပျက် ထွက်လာအောင် ဆွဲဆောင်ပြီးမှ ၎င်းကို သတ်ရန် အစီအရင်ကို အသုံးပြုမည်ဟု ကြံထားသည်။ သို့ပေမည့် သူတို့ခြောက်ယောက်သည် နဂါးထွက်လာအောင် ဆွဲဆောင်နိုင်သည့်အထိ လုံလောက်အောင် မသန်မာခဲ့ပေ။
"လီချန်မေသာ ရှိရင် သူ့ရဲ့ ခွန်အား၊အံ့ဖွယ်ရတနာတွေနဲ့ဆို ဧရာမဦးခေါင်းခွံကို ချိုးဖျက်နိုင်ပြီး အဲ့နဂါးထွက်လာအောင် လုပ်နိုင်လောက်တယ်..."
အဘိုးအိုသည် သက်ပြင်းချကာ သူ့အတွေးများကို ဘေးဖယ်ထားလိုက်သည်။ ဟင်းလင်းပြင်အက်ကြောင်း ရုတ်တရက် ပိတ်ဆို့သွားသော အချိန်တိုကို အခွင့်ကောင်းယူကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏၊ မရေမတွက်နိုင်သော ရွှေရောင်အမြုတေများ ပေါ်လာပြီး စောနက ဧရာမဦးခေါင်းခွံထံ တိုးဝင်သွားသည်။
အေးတိအေးစက်အမျိုးသမီးမှာလည်း သူ့လိုပင်။ သည်ကျင့်ကြံသူများသည် နှစ်ပေါင်းများစွာ အတူလက်တွဲ လုပ်ဆောင်လာသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ကောင်းကောင်းနားလည်ကြသည်။ အခြားလေးယောက်ကတော့ ဦးခေါင်းခွံကြီးကို မတိုက်ခိုက်ပေ။ ထိုအစား သူတို့သည် ဦးခေါင်းခွံအသေးများနှင့် အုပ်သင်းကွဲထွက်နေသော သားရဲများကိုသာ တိုက်ခိုက်လိုက်ကြသည်။
အပြာရောင်မြူများ ခြုံလွှမ်းထားသော နတ်ဆိုးကလန်မှ ကျင့်ကြံသူများသည် သားရဲများနှင့်ကျင့်ကြံသူများ သေဆုံးနေမှုကို မင်သေသေဖြင့် ကြည့်နေကြသည်။ အချိုု့ဦးခေါင်းခွံများနှင့် သားရဲများသည် သူတို့ထံ တိုးဝင်လာကြ၏။ သို့သော် ၎င်းတို့မှာ အပြာရောက်မြူများနှင့် ထိမိသည်နှင့် နာနာကျင်ကျင် သေဆုံးသွားကြရ၏။
"ဒီနေရာဟာ တိုက်ပွဲကွင်းပြင်ပဲ။ အားနည်းတဲ့သူ သေမှာပဲ။ မင်း အသက်ရှင်ချင်ရင် ကိုယ့်ကိုယ်ကို သန်မာအောင်သာလုပ်၊ သေရေးရှင်ရေးတွေကို ဖြတ်ကျော် လျှောက်လှမ်းရမယ်၊ အတိတ်တုန်းက ငါတို့သုံးယောက်လည်း ဒီလို လုပ်ခဲ့ကြတာပဲ..."
"ကိုးခုအသူတရာချောက်နဂါးဟာ အလွန်အားကောင်းတယ်။ အစီအရင် အသုံးပြုပြီးရင်တော့ ငါတို့သုံးယောက်ပဲ ဒီနဂါးကို ရင်ဆိုင်ရမှာ..."
အပြာရောင်မြူများအတွင်းမှ အသံနှစ်သံ ထွက်ပေါ်လာ၏။
ခဏအကြာတွင် ပိတ်ဆို့သွားသောအက်ကြောင်းသည် စတင် တုန်ခါလာသည်။ ထို့နောက် တဖြည်းဖြည်းချင်း ပွင့်ဟလာလေ၏။ ကိုးခုအသူတရာချောက်နဂါးဟိန်းသံသည် အတွင်းမှ ပဲ့တင်ထပ်လေသည်။
အဘိုးအိုနှင့် အေးစက်စက်အမျိုးသမီးတို့မှာ ဧရာမဦးခေါင်းခွံနှင့် တိုက်ခိုက်နေလျက် ရှိ၏။ သူတို့က ၎င်းကို ပိတ်လှောင်ကာ ဖျက်စီးပစ်ရန် ဟန်ပြင်လိုက်သည်။
အပြာရောင်မြူများအတွင်းမှ သုံးယောက်သည် တဖြည်းဖြည်းပွင့်ဟလာနေသော ဟင်းလင်းပြင်အက်ကြောင်းကို စူးစိုက်ကြည့်နေရင်း ရှေ့တိုးရန် ပြင်၏။ သို့ပေမည့် သူတို့၏အမူအရာများသည် ကြီးစွာ ပြောင်းလဲသွားပြီး အကွာအဝေးတစ်ခုထံ ရုတ်တရက် လှမ်းကြည့်လိုက်သည်။
အကွာအဝေးတစ်ခုမှ ဖော်ပြရန်ခက်ခဲသော ဟိန်းသံတစ်သံ ထွက်ပေါ်လာ၏။ ထိုဟိန်းသံမှာ ကောင်းကင်ဘုံကိုပါ တုန်လှုပ်စေပြီး အစွမ်းထက်အော်ရာတစ်ခု ပါဝင်သည်။ ၎င်းဟိန်းသံသည် နတ်ဆိုးကလန်မှ သုံးယောက်ကိုသာ စွဲဆောင်သွားသည်မဟုတ်ဘဲ တိုက်ပွဲကွင်းပြင်ရှိ ကျင့်ကြံသူများကိုပါ အာရုံစိုက်မိစေသည်။
အက်ကြောင်းအပြင်ဘက်ရှိ သားရဲများပင် မတုန်ရီဘဲ မနေနိုင် ဖြစ်ရ၏။ သူတို့၏မျက်လုံးထဲတွင် မျက်ကြောက်ရွှံ့မှုများနှင့် ပြည့်နှက်ကုန်၏။ သူတို့သည် တိုက်ခိုက်နေခြင်းကို ရပ်တန့်ကာ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ပြန်ဆုတ်ခွာသည်။
ဦးခေါင်းခွံများသည်ပင် ကြောက်လန့်စရာအာရုံကို ခံစားမိသည့်အလား တုန်ရီ၍ စူးစူးဝါးဝါး အော်ဟစ်ကြသည်။ သူတို့သည် နောက်သို့ အလျင်အမြန် ပြန်ဆုတ်၏။
ထိုရုတ်တရက် ပြောင်းလဲမှုသည် ဤနေရာရှိ ကျင့်ကြံသူများကို တုန်လှုပ်သွားစေကာ သူတို့အားလုံးသည် ရှေ့ရှိ ဟိန်းသံ ထွက်ပေါ်လာရာ အကွာအဝေးတစ်ခုထံ လှမ်းကြည့်လိုက်ကြသည်။
သူတို့သည် တုန်လှုပ်ဖွယ်အနီရောင်အလင်း ဦးတည်လာနေသည်ကို တွေ့မြင်သည်။ တုန်လှုပ်ဖွယ်အမြန်နှုန်းဖြင့် နီးကပ်လာနေသောအနီရောင်အလင်းထဲတွင် လူနှစ်ယောက် ရှိနေသည်။
ထိုသူမှာ အဖြူရောင်ဝတ်စံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများ ပိုင်ဆိုင်၏။ သူ့အမူအရာသည် သုန်မှုန်နေသည်။ သို့သော် သူ့အစွမ်းထက်ကျင့်ကြံမှုက ဟင်းလင်းပြင်ကို တွန့်ခေါက်စေ၏။ သူ့နောက်တွင်မူ အဘွားအိုတစ်ယောက် ရှိနေသည်။
***