အခန်း ၁၁၄၁
Vol. 77 Ch. 1141
အခန်း ၁၁၄၁ - သတင်း
“မဖြစ်နိုင်တာ။ နတ်သမီးဝူရှာ က ငါတို့ဘက်ကို တည့်တည့်ကြည့်နေသလိုပဲ။”
ယီယွင် ဘေးရှိ ရိုးသားပုံပေါက်သော လူငယ်လေးမှာမြေခွေးဖြူမင်းသမီး၏ အကြည့်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
“သူက ငါတို့ကို ကြည့်နေတာလား။ ဒါက မဖြစ်နိုင်ဘူးမလား…”
သစ်ကြားသီး အနှစ်များကို ကစားနေသော လူငယ်လေးမှာ မယုံနိုင်ဖြစ်သွားသည်။ သူသည် စိတ်ကူးယဉ်တတ်သူတစ်ယောက်ဖြစ်သော်လည်း သူ့အဆင့်အတန်းကို သူသိသည်။ သူ၏ဖခင်မှာ အရောင်းဆိုင်ငယ်လေးတစ်ခု၏ ဆိုင်ရှင်သာဖြစ်ရာ ထိုကဲ့သို့သော နတ်သမီး၏ အာရုံစိုက်မှုကို သူတို့က မည်သို့ရရှိနိုင်ပါမည်နည်း။
သို့သော်လည်း နတ်သမီးဝူရှာ၏ အကြည့်မှာ သူတို့ဆီသို့ သေချာပေါက် ရောက်ရှိနေသည်။
ယီယွင်၏ မျက်ဝန်းများ အရောင်လက်သွားပြီး မြေခွေးဖြူမင်းသမီးနှင့် အကြည့်ချင်းဆုံလိုက်သည်။
မြေခွေးဖြူမင်းသမီးမှာ သူ၏ ချယ်ရီရောင်နှုတ်ခမ်းဖူးကို အနည်းငယ်ဖွင့်လိုက်ပြီး ချက်ချင်းပင် သူမ၏ အသံမှာ ယီယွင်၏ စိတ်ထဲသို့ ရောက်ရှိလာသည်။
“ယီယွင် လား။ ရှင် ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ ကျွန်မ လုံးဝမထင်ထားခဲ့မိဘူး။”
ယီယွင် ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်လည်း အံ့သြမိပါတယ်။”
“ရှင် ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ” ဟု မြေခွေးဖြူမင်းသမီးက မေးသည်။
“ဒါကတော့ ပြောရရင် ရှည်ပါတယ်။” ယီယွင် ခေါင်းခါလိုက်သည်။
သူ၏ အတွေ့အကြုံများမှာ များပြားလှသဖြင့် မည်ကဲ့သို့ စတင်ပြောပြရမည်မှန်းပင် မသိတော့ပေ။ “မင်းသမီး၊ ဘာကြောင့် ဗဟိုနတ်နယ်မြေကို ရောက်လာတာလဲ။”
“ကျွန်မက တိုက်ဆိုင်မှုတစ်ခုနဲ့ ယန်နတ်ဘုရားကောင်းကင်ဘုံ ကို ရောက်လာတာပါ။ ဗဟိုနတ်နယ်မြေကိုတော့ ဆရာမနဲ့အတူ လိုက်လာတာပါ။
ယန်နတ်ဘုရားကောင်းကင်ဘုံကို မရောက်ခင်တုန်းက ကျွန်မမှာ ကိုယ်စွမ်းကိုယ်စကို အများကြီး တိုးတက်စေတဲ့ ကံကောင်းမှုတစ်ခု ကြုံခဲ့ရတယ်။ အဲဒါကြောင့် ဆရာမက ကျွန်မကို သူ့တပည့်အဖြစ် လက်ခံဖို့အထိ စိတ်ဝင်စားသွားတာပါ။ ဆရာမနဲ့ မြို့စားကြီးချင်က အသိဟောင်းတွေဖြစ်သလို ဆရာမကလည်း သုခချမ်းသာအဖွဲ့အစည်း နဲ့ အငြိုးရှိနေတော့ ကျွန်မကို ကောင်းကင်ရတနာဂိတ်ကို သွားဖို့ ညွှန်ကြားခဲ့တာပါ။”
“နားလည်ပါပြီ။ ဒါဆိုလည်း ဂုဏ်ယူပါတယ်ဗျာ။”
ယီယွင်မှာ မြေခွေးဖြူမင်းသမီးအပေါ် အမြင်ကောင်းရှိသည်။ သူ၏ အတွေ့အကြုံအတွက် သူ အမှန်တကယ်ပင် ပျော်ရွှင်ပေးမိသည်။
“ယီယွင်၊ ဒါပေမဲ့… ရှင်နဲ့ ပြောစရာတစ်ခု ရှိသေးတယ်။ ဒီကိစ္စက ရှင်နဲ့ ပတ်သက်ရင် အတော်လေး အရေးကြီးနိုင်တယ်…”
ဟင်။
ယီယွင် အံ့သြသွားသည်။ မြေခွေးဖြူမင်းသမီးက သူ့ကို ဘာများ အရေးကြီးတဲ့ကိစ္စ ပြောပြမလို့ပါလိမ့်။
“မင်းသမီး၊ ပြောပါခင်ဗျာ။”
မြေခွေးဖြူမင်းသမီးမှာ စကားလုံးများကို ချိန်ဆပြီးမှ ဆက်ပြောသည်။
“တကယ်တော့ ကျွန်မ ကြုံခဲ့ရတဲ့ ကံကောင်းမှုက ရှင်နဲ့ ပတ်သက်နေတယ်။ နီလာသစ်သားမဟာကမ္ဘာ ပျက်စီးသွားပြီးတဲ့နောက်မှာ ဖေးတစ်သောင်းကောင်းကင်ဘုံ မှာ လျှို့ဝှက်လမ်းကြောင်းတစ်ခု ပွင့်လာတယ်။ အဲဒါက လျှို့ဝှက်ကမ္ဘာတစ်ခုဆီ ဦးတည်နေတာ။”
“ဖေးတစ်သောင်းကောင်းကင်ဘုံက ထူးချွန်တဲ့ တိုက်ခိုက်ရေးသမား အတော်များများက အဲဒီထဲကို ဝင်ရောက်ဖို့ အခွင့်အရေး ရခဲ့ကြတယ်။ ကျွန်မအပြင် လော့ မျိုးနွယ်စုက မင်းသမီး လော့ဟော်အာ လည်း ပါသွားခဲ့တယ်။”
“အဲဒီ လျှို့ဝှက်ကမ္ဘာက အန္တရာယ်မရှိသလိုပဲ၊ ဒါပေမဲ့ သူက ရှုပ်ထွေးလွန်းတဲ့ နေရာတစ်ခု ဖြစ်နေတယ်။ ထူးဆန်းတဲ့ ပုံသဏ္ဍာန်တွေ၊ တောက်ပလွန်းတဲ့ အရောင်တွေနဲ့ ပြည့်နှက်နေတာ။ ထူးချွန်သူ အတော်များများက အဲဒီမှာ လမ်းပျောက်ပြီး တချို့ဆိုရင် စိတ်ဖောက်ပြန်ကုန်ကြတယ်။ နောက်ဆုံးတော့ သူတို့က ပိုပြီး နက်နဲတဲ့နေရာတွေထဲ ကျရောက်ပျောက်ကွယ်သွားကြတယ်။”
“ဟော်အာနဲ့ ကျွန်မလည်း စိတ်ကူးယဉ်အိမ်မက်တွေနဲ့ ပြည့်နှက်နေတဲ့ ရှုပ်ထွေးတဲ့နေရာမှာ ပိတ်မိသွားခဲ့တယ်။ ကျွန်မတို့ ထွက်ပေါက်ရှာမရခဲ့ဘူး… နောက်ဆုံးတော့ အဲဒီရှုပ်ထွေးတဲ့နေရာမှာ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူမက အလွန်လှပပြီး စွမ်းအားကြီးမားတဲ့သူပါ။ သူမရဲ့ အကူအညီနဲ့ ကျွန်မတို့ အန္တရာယ်ကနေ လွတ်မြောက်ပြီး ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရခဲ့တယ်။”
“အဲဒီ အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးက ကျွန်မတို့ရဲ့ ကျေးဇူးရှင်ပါပဲ။”
“သူမနဲ့ စကားပြောရင်းနဲ့ပဲ သူမက အဲဒီရှုပ်ထွေးတဲ့နေရာမှာ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တာကို သိလိုက်ရတယ်။ ကျွန်မတို့ရဲ့ အတိတ်အကြောင်းတွေကို မျှဝေရင်းနဲ့ လော့ဟော်အာက အဲဒီအမျိုးသမီးရဲ့ အစစ်အမှန်ကို သိလိုက်ရတယ်။ သူမနာမည်က… လင်ရှင်းထုံ”
ဘာ.........
ယီယွင် ချက်ချင်းပင် ထရပ်လိုက်သည်။ သူ၏ရှေ့ရှိ လက်ဖက်ရည်ခွက်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကွဲသွားသည်။
“ခလွမ်း.....”
ကွဲသွားသံ ကျယ်လောင်သဖြင့် ယီယွင်ဘေးရှိ လူနှစ်ယောက်မှာ လန့်သွားကြသည်။
“ညီလေး၊ ဘာလုပ်တာလဲ။” ရိုးသားပုံပေါက်သော လူငယ်လေးက အလျင်အမြန် မေးသည်။
မဖြစ်နိုင်တာ၊ ဒီလူက နတ်သမီးဝူရှာ သူ့ကိုကြည့်လိုက်တာနဲ့တင် ဒီလောက်တောင် အသည်းအသန် ဖြစ်သွားတာလား။
သို့သော် ထိုအချိန်တွင် ယီယွင်က သူ့ကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် မြေခွေးဖြူမင်းသမီးကို မယုံနိုင်စွာ ကြည့်လိုက်သည်။
“ခင်ဗျားပြောတာ အမှန်ပဲလား။”
“ဟုတ်တာပေါ့။ ဟော်အာက လင်ရှင်းထုံနဲ့ ရှင့်ရဲ့ ဆက်ဆံရေးကို သိနေတာကိုး။ သူမက သူမရဲ့နာမည်နဲ့ ရှင့်အကြောင်းကို ပြောပြတဲ့အခါ ဒါက သေချာသလောက် ရှိသွားပြီ။ ဟော်အာကလည်း ရှင့်အကြောင်း သတင်းတွေကို သူမကို ပြောပြခဲ့တယ်။ အဲဒီအချိန်တုန်းက ရှင်က နီလာသစ်သားမဟာကမ္ဘာနဲ့အတူ ပျောက်ကွယ်သွားခဲ့တာလေ။
မိုးစက်နတ်ဘုရားက ရှင့်ကို ရှာခဲ့ပေမဲ့ ရှင့်ကို ဘယ်မှာမှ မတွေ့ခဲ့ရဘူး… အဲဒီသတင်းကို ကြားတော့ လင်ရှင်းထုံ တုန်လှုပ်သွားတာကို မြင်လိုက်ရတယ်” ဟု မြေခွေးဖြူမင်းသမီးက ပြောသည်။
ယီယွင်၏ အသက်ရှူနှုန်း မြန်လာသည်။ အမှန်တကယ်ပင် ရှင်းထုံ ဖြစ်နေတာပဲ… သူမ တကယ်ကို ဘေးကင်းပြီး အသက်ရှင်နေပါလား။
ရှင်းထုံ၊ ငါ နောက်ဆုံးတော့ မင်းရဲ့သတင်းကို ကြားလိုက်ရပြီ။
သူ ကောင်းကင်ဘုံ ၁၂ ခု ကို ရောက်လာကတည်းက ယီယွင်သည် လင်ရှင်းထုံကို ရှာဖွေရန် နှလုံးသားထဲမှ ဆုတောင်းခဲ့သည်။
သို့သော် ကောင်းကင်ဘုံ ၁၂ ခုမှာ ကြီးမားလွန်းသည်။ ထိုနေရာတွင် သူ သတိမထားပါက အသက်ဆုံးရှုံးနိုင်သည့် ကြောက်မက်ဖွယ် ကျွမ်းကျင်သူများနှင့် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် အားနည်းနေသေးသည့် ယီယွင်မှာ လင်ရှင်းထုံကို ရှာရန် နည်းလမ်းမရှိခဲ့ပေ။ ပိုအရေးကြီးသည်မှာ သူ ဘယ်ကနေ စရှာရမှန်းပင် မသိခဲ့ခြင်း ဖြစ်သည်။
သို့သော် ယနေ့တွင် မြေခွေးဖြူမင်းသမီးက လင်ရှင်းထုံ၏ သတင်းကို ပထမဆုံးအကြိမ် ပေးခဲ့ခြင်းဖြစ်သည်။
လင်ရှင်းထုံမှာ ထိုရှုပ်ထွေးသော နေရာတွင် ဆယ်စုနှစ်များစွာ ပိတ်မိနေခဲ့သည်။ သူတို့ ထျန်းယွမ်ကမ္ဘာ မှ ကောင်းကင်ဘုံ ၁၂ ခုသို့ ပျံသန်းလာစဉ်ကတည်းက သူနှင့် လင်ရှင်းထုံမှာ အာကာသမုန်တိုင်းကြောင့် ကွဲသွားခဲ့ကြခြင်းဖြစ်သည်။
သူက ကံကောင်းစွာဖြင့် လော့မျိုးနွယ်စုနယ်မြေသို့ ရောက်သွားခဲ့ပြီး လင်ရှင်းထုံကတော့ ထူးဆန်းသော ကမ္ဘာတစ်ခုဆီ ရောက်သွားကာ အဲဒီအချိန်တစ်ခုလုံး ပိတ်မိနေခဲ့ရသည်။
“အဲဒီကောင်က ဘယ်သူလဲ။ အပြုအမူကလည်း မယဉ်ကျေးလိုက်တာ။”
ခန်းမထဲရှိ လူတိုင်းမှာ နတ်သမီးယိုချင်း နှင့် ရွှယ်ဝူရှာ တို့၏ တိုက်ပွဲကို စောင့်မျှော်ရင်း စောင်းသံကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။ ယီယွင်၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် သူတို့အားလုံး အနှောင့်အယှက် ဖြစ်သွားကြသည်။
ဇူအိုချူး ဟောက်ယု မျက်မှောင်ကြုတ်လိုက်သည်။ ထိုနေရာတွင် ကောင်းကင်ရတနာဂိတ်၏ အကြီးအကဲများ၊ ရတနာနတ်မြို့တော် ၏ မြို့စားတို့ ရှိနေကြသည်။ နတ်သမီးယိုချင်းနှင့် ရွှယ်ဝူရှာမှာ အလွန်မြင့်မြတ်သော အဆင့်အတန်းရှိသူများဖြစ်ရာ ဂျူနီယာတစ်ယောက်က မည်သို့ဆိုလျှင်ဖြင့် ဤကဲ့သို့ ရိုင်းစိုင်းစွာ ပြုမူရဲသနည်း။
“ဒီကောင်က နတ်သမီးဝူရှာရဲ့ စောင်းတီးတဲ့ စိတ်ခံစားမှုကို အနှောင့်အယှက် ဖြစ်စေတယ်။ သူ့ကို ဖယ်လိုက်စမ်း” ဇူအိုချူး ဟောက်ယုက အေးစက်စွာ ပြောသည်။
သူသည် စကားလုံးကို ထိန်းပြောနေသည်ဟု ခံစားရသည်။ သူ့သဘောဆန္ဒသာဆိုလျှင် ထိုကဲ့သို့သော လူမျိုးကို ချက်ချင်းပင် ဒုက္ခိတဖြစ်အောင် လုပ်ပစ်မည်ဖြစ်သည်။
လူသန်ကြီးအချို့မှာ ယီယွင်ဆီသို့ ချက်ချင်း လျှောက်လာကြသည်။ ယီယွင်မှာမူ မိမိပတ်ဝန်းကျင်တွင် ဘာဖြစ်နေမှန်းပင် မသိတော့သည့်အလား ကြောင်ငေးနေဆဲဖြစ်သည်။
လူသန်ကြီးများ၏ လက်များ ယီယွင်၏ ကိုယ်ပေါ်သို့ မရောက်မီမှာပင် မြေခွေးဖြူမင်းသမီးက
“ရပ်” ဟု ရုတ်တရက် အမိန့်ပေးလိုက်သည်။
သူမ၏ ပုံရိပ်မှာ အဝတ်စများ လွင့်ခါလျက် အလွန်လှပစွာ ရွေ့လျားသွားသည်။ ချက်ချင်းပင် သူမသည် ကောင်းကင်အဆင့်အခန်းထဲမှ ပျောက်ကွယ်သွားပြီး ယီယွင်၏ ရှေ့တွင် ရောက်ရှိလာသည်။
မြေခွေးဖြူမင်းသမီးမှာ မြင့်မြတ်သော အဆင့်အတန်းနှင့် ပြတ်သားသော ဟန်ပန်ရှိသည်။ သူမရှိနေသဖြင့် လူသန်ကြီးများမှာ အံ့အားသင့်သွားပြီး လှုပ်ရှားရဲခြင်း မရှိတော့ပေ။
“လူငယ်လေး ဇူအိုချူး ၊ ဒီလူက ကျွန်မရဲ့ သူငယ်ချင်းပါ။ သူက ကျွန်မရဲ့ စောင်းတီးတဲ့ စိတ်ခံစားမှုကို အနှောင့်အယှက် ဖြစ်စေသလားဆိုတာကို ရှင့်က ဆုံးဖြတ်ခွင့်မရှိဘူး။”
မြေခွေးဖြူမင်းသမီး၏ အသံမှာ အေးစက်နေသည်။
ဇူအိုချူး ဟောက်ယု၏ သူမကို ကြည့်သည့် အကြည့်မှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းလှသည်။
ထို့ပြင် ယီယွင်မှာ သူမအတွက် စိမ်းသူမဟုတ်ပါ။ ရှင်းထုံက ထိုရှုပ်ထွေးသော ကမ္ဘာတွင် သူမ၏အသက်ကို ကယ်တင်ခဲ့ပြီး သူမကို ကံကောင်းမှုတစ်ခု ရရှိစေခဲ့သည်ကို မပြောနှင့်တော့။ ထို့ကြောင့် မြေခွေးဖြူမင်းသမီးက ဇူအိုချူး ဟောက်ယု၏ ခံစားချက်ကို လုံးဝ ထည့်မစဉ်းစားတော့ပေ။
မြေခွေးဖြူမင်းသမီး၏ စကားကြောင့် ဇူအိုချူး ဟောက်ယုမှာ တွန့်ဆုတ်သွားပြီး သူ၏မျက်နှာမှာ အလွန်ရုပ်ဆိုးလာသည်။
သူ၏ မူလအမိန့်မှာ ထိုလူငယ်လေးကို သင်ခန်းစာပေးရန် ဖြစ်သော်လည်း နောက်ဆုံးတွင် ရွှယ်ဝူရှာ၏ ရိုက်ချက်နှင့် ကြုံတွေ့သွားရသည်။
ဇူအိုချူး ဟောက်ယုမှာ လူအများရှေ့တွင် အရှက်ရသွားသည်။
ထိုအချိန်တွင် ယီယွင်မှာ စကားပြောဆိုနေသည်ကိုပင် မကြားလိုက်သည့်အလား ဖြစ်နေသည်။ သူ၏မျက်လုံးများမှာ မြေခွေးဖြူမင်းသမီးဆီတွင်သာ ရှိနေသည်။
“အဲဒီထူးဆန်းတဲ့ကမ္ဘာကို သွားတဲ့ လမ်းကြောင်းက ဘယ်မှာလဲ။”
ယီယွင်က အသံလှိုင်းဖြင့် မေးလိုက်ခြင်းဖြစ်သည်။ သူသည် ယန်နတ်ဘုရားကောင်းကင်ဘုံတွင် အဝေးကြီးရောက်နေသော်လည်း ယီယွင် နောက်ထပ် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းချင်တော့ပေ။ လင်ရှင်းထုံကို ရှာတွေ့မည့် မျှော်လင့်ချက် လျော့ပါးသွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်း လှုပ်ရှားချင်နေသည်။
သို့သော် မြေခွေးဖြူမင်းသမီးက ခေါင်းခါလိုက်သည်။
“ရှင် စိတ်ပျက်သွားလိမ့်မယ်။ အဲဒီထူးဆန်းတဲ့ကမ္ဘာကို သွားတဲ့ လမ်းကြောင်းက ခဏတာလောက်ပဲ ရှိခဲ့တာပါ။ မဟုတ်ရင် ကျွန်မတို့ ဘာလို့ မလွတ်မြောက်ဘဲ နေမလဲ။ ဟော်အာနဲ့ ကျွန်မက လင်ရှင်းထုံရဲ့ အကူအညီနဲ့ပဲ အဲဒီကမ္ဘာကနေ ထွက်နိုင်ခဲ့တာ။ ကျွန်မတို့ ထွက်လာတဲ့အခါ သုံးယောက်စလုံး ကွဲသွားခဲ့ကြတယ်။ ကျွန်မက အာကာသမုန်တိုင်းကြောင့် သတိလစ်သွားပြီး နိုးလာတဲ့အခါ ဒီယန်နတ်ဘုရားကောင်းကင်ဘုံကို ရောက်နေတာပဲ”
မြေခွေးဖြူမင်းသမီးမှာ အားနာစိတ်ဖြင့်အလွန်တောင်းပန်နေသည်။ ယီယွင်သည် လင်ရှင်းထုံကို အမြဲတွေးတောနေကြောင်း လော့ဟော်အာထံမှ သူမ သိထားသည်။ သို့သော် သူမမှာ ယီယွင်အတွက် အသုံးဝင်မည့် သတင်းအချက်အလက်ကို ပေးနိုင်ခြင်း မရှိခဲ့ပေ။
ထိုထူးဆန်းသောကမ္ဘာမှ ထွက်လာပြီးနောက် ကောင်းကင်ဘုံ ၁၂ ခု၏ မည်သည့်နေရာသို့ ရောက်သွားမည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။ သူတို့မှာ ဟင်းလင်းပြင်တွင်းနက်ကြီး ထဲသို့ပင် ကျရောက်သွားနိုင်သေးသည်။
ယီယွင် အသက်ပြင်းပြင်း ရှူလိုက်သည်၊ သူ စိတ်ဓာတ်ကျသွားသည်။
ဇူအိုချူး ဟောက်ယု၊ နတ်သမီးယိုချင်း၊ မြို့စားကြီးချင်တို့ အပါအဝင် ခန်းမထဲရှိ လူတိုင်းမှာ ယီယွင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
ယီယွင်၏ မျက်မှောင်များ ကျုံ့သွားပြီး မျက်နှာတွင် သွေးရောင်မရှိတော့သည်ကို သူတို့ မြင်နိုင်သည်။ ထို့ပြင် ရွှယ်ဝူရှာကလည်း တောင်းပန်နေဟန် ရှိသည်။
သူတို့မှာ ယီယွင်နှင့် ရွှယ်ဝူရှာတို့၏ စကားပြောဆိုမှုကို မကြားလိုက်ရသော်လည်း ယီယွင်သည် သူမအတွက် အရေးပါကြောင်း သေချာပေါက် သိလိုက်ကြသည်။ မဟုတ်လျှင် ရွှယ်ဝူရှာမှာ ကောင်းကင်အဆင့်အခန်းထဲမှ တိုက်ရိုက်ပျံသန်းထွက်လာကာ သူ့ဘေးတွင် ပေါ်လာမည်မဟုတ်ပေ။