တာအိုမန္တာန်
Vol. 98 Ch. 1346
ကိုးခုအသူတရာချောက်နဂါးသည် ဟိန်းသံပေး၏။ ၎င်းသည် နာခံခြင်းပင်။ ထိုနဂါးသည် ဝမ်လင်းခန္ဓာကိုယ်တွင်း၌ ၎င်းကို တုန်ရီစေသော ကြောက်မက်ဖွယ်အော်ရာတစ်ခုကို ခံစားမိနေသည်။ ၎င်းအညံ့ခံသည်မှာ အကြောင်းရင်းသုံးခုကြောင့်သာ။
ပထမဆုံးအကြောင်းရင်းမှာ ရှေးဟောင်းအချိန်များကတည်းက ၎င်းလက်ဆင့်ကမ်း အမွေဆက်ခံခဲ့ရသော မှတ်ဉာဏ်များကြောင့် ဖြစ်၏။ နတ်ဘုရားများ၏စွမ်းအားပင်။
ဒုတိယအကြောင်းမှာ ၎င်း၏စိတ်ဝိညာဉ်ထဲမှ တုန်လှုပ်မှုကြောင့်ပင်။ ဝမ်လင်း၏စိတ်ဝိညာဉ်သည် ၎င်းကို ဝါးမြိုပစ်နိုင်သည့်အလား။
တတိယအကြောင်းရင်းမှာ ၎င်းကို အကြောက်လန့်စေဆုံးဖြစ်၏။ ယင်းမှာလည်း ၎င်းအမွေဆက်ခံခဲ့ရသော မှတ်ဉာဏ်များသာ ဖြစ်နေ၏။ ထိုမှတ်ဉာဏ်မှာ သားရဲများ၏အင်ပါယာ၊ ဂျီချောင်သားရဲ၏အော်ရာပင်။
ထို့အပြင် ဝမ်လင်း၏လက်ဝါးရိုက်ချက်နှစ်ချက်မှာလည်း ကောင်းကင်တုန်လှုပ်စေနိုင်သောစွမ်းအား ပါဝင်သည် မဟုတ်လား။ ကိုးခုအသူတရာချောက်နဂါးသည် မည်သို့ ခုခံနိုင်ပါတော့မည်နည်း။ ၎င်းသည် အညံ့ခံရုံသာ ရှိ၍ ဝမ်လင်း၏ စီးတော်ယာဉ်သာ ဖြစ်လာရပေတော့မည်။
ဝမ်လင်းသည် ကိုးခုအသူတရာချောက်နဂါးကို လက်ဝါးချက်နှစ်ချက် သုံးကာ အညံ့ခံအောင် လုပ်လိုက်သည့်အချိန်တွင် အက်ကြောင်းအပြင်ဘက်ရှိ လူတိုင်းသည် တုန်လှုပ်သွားရ၏။ သူတို့၏မျက်လုံးထဲတွင် အလွန်အမင်းကြောက်ရွှံ့မှုတို့ ပြည့်သည်။ ယင်းအဖြစ်က ဝမ်လင်း သားရဲများနှင့် ဦးခေါင်းခွံများကို ဖျက်စီးပစ်ချိန်ကထက် သာ၍ တုန်လှုပ်ဖွယ် ကောင်းနေ၏။ အပြာရောင်မြူများကြားရှိ နတ်ဆိုးကလန်ဝင်သုံးယောက်သည်ပင် တုန်လှုပ်ကာ မယုံကြည်နိုင်ဟန်တို့ဖြင့် ပြည့်နှက်၏။ သူတို့၏နှလုံးသားမှာ တုန်ယင်ရပြီး သူတို့ပတ်လည်ရှိ အပြာရောင်မြူလွှာပင် တွန့်ခေါက်သွားသည်။
“ကိုးခုအသူတရာချောက်နဂါးကို အစေခံစီးတော်ယာဉ်အဖြစ် သူ ခေါ်သွားခဲ့တာလား။ ဒီကိစ္စဟာ…ဒီကိစ္စဟာ…”
“ငါတို့သုံးယောက် နတ်ဆိုးကလန်ရဲ့လျှို့ဝှက်မန္တာန်နဲ့ အတူပူးပေါင်းတိုက်ခိုက်ရင် ဒီနဂါးကို အနိုင်ယူနိုင်တယ်။ ဒါပေမဲ့ အညံ့ခံလာအောင် လုပ်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒီလိုမျိုးလုပ်နိုင်တဲ့ သူ့ရဲ့ နောက်ခံပုံရိပ်က ဘာများလဲ…”
“ဒီကိုးခုအသူတရာနဂါးက အရွယ်မရောက်သေးပေမယ့်လည်း ဂျီချောင်ရဲ့ ရဲဘော်ရဲဘက်သားရဲ ခြောက်ကောင်ထဲက တစ်ယောက် ဖြစ်နေတုန်းပဲ။ ဒီလိုသားရဲမျိုးက ဘယ်လိုလုပ် ယဉ်ပါးနိုင်ပါ့မလဲ…”
သူတို့သည် ဝမ်လင်းကို အလန့်တကြား ကြည့်နေမိကြ၏။ သူတို့ပင် ထိုသို့ဖြစ်နေသည်ဆိုမှတော့ ကျန်သည့်သူများဆို ပြောနေဖို့ပင် လိုတော့မည် မဟုတ်ပါ။ ဟင်းလင်းပြင်အက်ကြောင်းအပြင်ဘက်ရှိ ကျင့်ကြံသူများသည် ကြောင်ရီမင်သက်မိနေ၏။
ဟင်းလင်းပြင်အက်ကြောင်းအတွင်းရှိ ကိုးခုအသူတရာနဂါးဦးခေါင်းထက်တွင် ရပ်နေသော ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း ပါရမီရှင်ခြောက်ယောက်၏စိတ်ဝိညာဉ်မှာ တုန်ယင်ရသည်။ ဝမ်လင်း၏ပုံရိပ်သည် သူတို့စိတ်နှလုံးထဲတွင် ရေးထွင်းသွားခဲ့လေပြီ။
“လီချန်မေဟာ သူ့အတွက် ပေးဆပ်လုပ်ဆောင်ခဲ့တာပဲ ဖြစ်ရမယ်။ သူဟာ လီချန်မေအတွက် ရောက်လာခဲ့တာပဲ။ လီချန်မေ…ငါက နင်နဲ့ နှစ်တစ်ရာလောက် ကြိတ်ပြီး ပြိုင်ဆိုင်နေခဲ့တာ။ ဟင်းလင်းပြင်အက်ကြောင်းထဲ နင် စေလွှတ်ခဲ့ရတဲ့နောက် နင် သေသွားပြီလို့ ငါ ထင်ခဲ့တယ်။ ဒါပေမဲ့ ဒီလောက်အစွမ်းထက်တဲ့ ကျင့်ကြံသူက နင့်ကို လာကယ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး…”
ပါရမီရှင်ခြောက်ယောက်ထဲမှ အေးတိအေးစက်အမျိုးသမီးသည် သက်ပြင်းချလိုက်၏။
ဝမ်လင်းသည် နဂါး၏ဦးခေါင်းထက်တွင် ရပ်ကာ အပြင်ဘက်ရှိ တုန်လှုပ်နေသောကျင့်ကြံသူအားလုံးကို လစ်လျူရှုထားသည်။ သူသည် လီမူဝမ်ကို ကယ်တင်ပေးဖို့ ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ တိုးဝင်ရန် ပြင်၏။ သို့ရာတွင် ထိုအခိုက်အတန့်၌ နတ်ဆိုးကလန်၏ဂြိုဟ်ခြောက်ခုထဲမှ တစ်ခုထံမှ အလွန်အစွမ်းထက်သော အော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာ လူတစ်ယောက် နီးကပ်လာ၏။
ထိုလူသည် မြန်လွန်းသည်။ ခြေတစ်လှမ်းဖြင့် သူသည် ဟင်းလင်းပြင်ကို တည်နေရာရွှေ့ပြောင်း၍ လှမ်းလာ၏။
ဒုတိယမြောက်ခြေလှမ်းလှမ်းပြီးနောက် သူသည် နတ်ဆိုးကလန်မှ လူသုံးယောက်နားတွင် ပေါ်လာသည်။ထို့နောက် တတိယမြောက်ခြေလှမ်း လှမ်း၏။ ထိုအခါ သူသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်း ဝင်ရောက်ကာ ဝမ်လင်းရှေ့တွင် ပေါ်လာလေ၏။
“ရောင်းရင်းကျင့်ကြံသူ…အလျင်မလိုပါနဲ့။ ဒီအဘိုးအိုက သင် ဟင်းလင်းပြင်အက်ကြောင်းအတွင်းနက်ပိုင်းထဲ ဝင်ရောက်နိုင်တဲ့ အရည်အချင်း ရှိပါ့မလား ကြည့်ရဦးမယ်…”
ထိုလူ နီးကပ်လာသည်နှင့် ညင်သာသောအသံတစ်သံ ပဲ့တင်ထပ်သည်။ ထိုအသံသည် ဟင်းလင်းပြင်အက်ကြောင်း အတွင်းနှင့်အပြင်ကို တုန်လှုပ်စေသည်။ ထိုလူ နီးကပ်လာရင်း သူ့ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံ ရိုက်ချလာခဲ့ပြီး ဖြစ်သည်။
ဝမ်လင်း၏အမူအရာမှာ ပုံမှန်ပင်။ ထိုလက်ဝါးချက် ကျရောက်လာသည်နှင့် သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ရှေ့သို့ တွန်းထုတ်သည်။ လက်ဝါးနှစ်ခု၏ စွမ်းအားသည် လေထဲတွင် ထိပ်တိုက်တွေ့သည်။
အဆုံးမဲ့မူလစွမ်းအင်များ အရူးအမူး စုဝေးလာ၏။ လက်ဝါးချက်နှစ်ခုကြားရှိ ဟင်းလင်းပြင်သည် သူ့ဟာသူ ပျက်စီးသွားစေသည့် အဖျက်အစီးအော်ရာတစ်ခု ပျံ့နှံ့သည်။
ဖော်ပြရန်ခက်သော တုန်ခါမှုတစ်ခု ပေါ်လာပြီး အရူးအမူး ပျံ့လွင့်၏။ ပြင်းထန်သောမုန်တိုင်းတစ်ခုက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ရိုက်ခတ်သွားကာ သူတို့ကို နောက်ဆုတ်သွားစေသည့်အလား။ ပါရမီရှင်ခြောက်ယောက်၏ မျက်နှာပင် ဖြူရောသွားပြီး သူတို့ပါ အတင်းအကြပ် နောက်ဆုတ်လိုက်ရ၏။
နတ်ဆိုးကလန်မှ လူသုံးယောက်သာ တုန်ခါလှိုင်းရှေ့တွင် ရပ်နေနိုင်၏။ သူတို့သည် ဟင်းလင်းပြင်အက်ကြောင်းထဲသို့ စူးစိုက်ကြည့်နေကြသည်။
ဝမ်လင်းသည် အွတ်ခနဲ ငြီးငြူလိုက်ရ၏။ သူ့ခန္ဓာကိုယ်အတွင်းမှ တစီစီအသံများ ပဲ့တင်ထပ်သည်။ သူသည် ကိုးခုအသူတရာချောက်နဂါးနှင့်အတူ နောက်သို့ ခြေလှမ်းဒါဇင်ချီ ဆုတ်လိုက်ရသည်။ ခြေသုံးလှမ်းဖြင့် နီးကပ်လာသော ပုံရိပ်သည်လည်း ခပ်အုပ်အုပ် ငြီးသံ ပြုလိုက်ရ၏။ သို့သော် သူသည် နောက်ဆုတ်ရမည့်အစား ရှေ့သို့ ထပ်လှမ်း၏။
“မင်းက သေချင်နေတာပဲ…” ဝမ်လင်း၏မျက်လုံးသည် တောက်ပသွား၏။ သူသည် နဂါးထက်မှ ခုန်ဆင်းကာ ပုံရိပ်ထံသို့ ဦးတည်၏။ သူ နီးကပ်လာချိန်တွင် သူ့ညာလက်ဖြင့် လက်သီးစုပ်ဟန် ပြု၏။ သူ့မျက်ခုံးနှစ်ခုကြားတွင် ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာသည်။ အားကောင်းသောရှေးဟောင်းနတ်ဘုရားစွမ်းအားသည် ပေါက်ကွဲထွက်လာပြီး သူ့လက်သီးအတွင်း ဝင်ရောက်၏။
တုန်ဟည်းသံတို့ ပေါက်ကွဲ၏။ ထိုလူသည် တဒင်္ဂတုန့်သွားပြီးနောက် နောက်သို့ လွင့်စင်ထွက်သွား၏။ ဝမ်လင်းသည် သုန်မှုန်စွာဖြင့် နောက်က လိုက်လာသည်။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူ့မျက်ခုံးနှစ်ခုကြားမှ သွေးစက်တစ်စက် ထွက်ပေါ်လာပြီး သွေးနီရောင်ဓားတစ်လက်အဖြစ် ပြောင်းလဲ၏။
ထိုဓားကို ကိုင်လျက် ဝမ်လင်းသည် နောက်ကလိုက်လံရင်း ခပ်ကြမ်းကြမ်း ခုတ်ပိုင်းချလိုက်သည်။
နောက်ဆုတ်နေသောပုံရိပ်၏အမူအရာမှာ ဝမ်လင်း သွေးဓားကို ထုတ်လိုက်ချိန်တွင် ကြီးစွာ ပြောင်းလဲသွားသည်။ သူသည် သူ့ရှေ့တွင် တာဆီးရန် လိပ်ခွံတစ်ခုကို ထွေးထုတ်လိုက်၏။
ထိုလိပ်ခွံပေါ်လာသည်နှင့် သွေးဓားသည် ၎င်းကို ခုတ်ပိုင်းချလာခဲ့ပေပြီ။
မိုးကြိုးတုန်ဟည်းသံ ပဲ့တင်ထပ်၏။ သို့သော် လိပ်ခံသည် သွေးဓားကို တစ်စက်လေးပင် ဟန့်တားနိုင်စွမ်း မရှိပေ။ ၎င်းတို့ ထိပ်တိုက်တွေ့ချိန်တွင် သွေးအလင်းသည် ထိုလူ့ကို ထွင်းဖောက်သွား၏။
ထိုလူ့၏ခန္ဓာကိုယ်မှာ တွန့်လိန်သွားပြီး သူ့ပါးစပ်ထောင့်မှ သွေးများစီးကျသည်။ သူသည် နောက်ထပ်ဆုတ်၏။ သို့သော် ထို့နောက် သူက သူ့လက်ကို ခပ်ကြမ်းကြမ်း ဝေ့ယမ်းလိုက်ရာ မူလစွမ်းအင်များ အရူးအမူး စတင်စုဝေးလာတော့သည်။
သူ့အသံမှာ ရုတ်တရက် ပဲ့တင်ထပ်လာ၏။ “မြေကြီး၊အင်ပါယာ၊ ငှက်၊ ကောင်းကင်ဘုံသား၊ ပေါက်ကွဲစမ်း။ စစ်စိတ်ဝိညာဉ်လက်ဝါး…”
မှော်စာလုံးငါးခု ရုတ်တရက် ပေါ်လာကာ တစ်ခုနှင့်တစ်ခု ချိပ်ဆက်ပြီး ဧရာမလက်ဝါးရာတစ်ခုအဖြစ် ဖွဲ့စည်းသည်။
ထိုလက်ဝါးမှာ စစ်စိတ်ဝိညာဉ်လက်ဝါး၊အစစ်အမှန် စစ်စိတ်ဝိညာဉ်လက်ဝါးပင် ဖြစ်၏။ ၎င်းလက်ဝါးပေါ်လာသည်နှင့် လောကရှိ မူလစွမ်းအင်များသည် မြန်ဆန်စွာ သိပ်သည်းလာပြီး ချက်ခြင်း ထုထည်ဖြစ်လာ၏။ ယင်းစွမ်းအင်သည် ဝမ်လင်း၏နှဖူးထက်သို့ အံ့မခန်းအားကောင်းသောအဟုန်ဖြင့် တိုးဝင်လာသည်။
ဝမ်လင်းက မရှောင်ပေ။ သူသည် တိုးဝင်လာနေရင်း သူ့မျက်လုံးမှာ နီရဲတောက်လာ၏။ သူ့လက်ထဲရှိ သွေးဓား ပျောက်ကွယ်ကာ သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်သည်။ ထိုအခိုက်အတန့်တါင် သူ့ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်အနီရောင်တောက်ပမှုကို ပေးစွမ်း၏။ သူ့ခန္ဓာကိုယ်သည် သွေးဓားဖြစ်လာသည်။
သူသည် သွေးဓားပင်။
သူ့ညာလက်ထိပ်နှစ်ခုသည် ဓားထိပ်ဖျားအလား ကောင်းကင်နှင့်မြေကြီးကို ထွင်းဖောက်နိုင်ဟန် ရ၏။ သူသည် လက်ဝါးထံသို့ ထိုလက်နှစ်ချောင်းဖြင့် ညွှန်၏။ ဓားစွမ်းအင်တန်းဆယ်သန်းသည် သူ့အား ဝန်းရံကာ ဓားမုန်တိုင်းအသွင် ဖွဲ့စည်းပြီး လက်ဝါးချက်နှင့် ထိပ်တိုက်တွေ့သည်။
ဝုန်း…ဝုန်း…ဝုန်း…။
ဓားစွမ်းအင်ဆယ်သန်း ထိုလက်ဝါးရာနှင့် ထိပ်တိုက်တွေ့သည့်အခါ ကောင်းကင်နှင့်မြေကြီးသည် တုန်ခါရ၏။ ဓားစွမ်းအင်တန်းများ ပျက်စီးကုန်ပြီး လက်ဝါးသည်လည်း တဒင်္ဂ ရပ်တန့်သည်။ ထိုအခိုက်အတန့်တွင် ဝမ်လင်း၏လက်ချောင်းနှစ်ချောင်းသည် အနီရောင်အလင်းဖြင့် ဖုံးလွှမ်းကာ လက်ဝါး၏ဗဟိုချက်သို့ ထိုးစိုက်သည်။
လက်ဝါးချက်မှာ ဘန်းခနဲ ပေါက်ကွဲ ပျက်စီးသွား၏။ ရန်လိုနေသောမူလစွမ်းအင်များပါ တစစီ လွင့်ပြယ်သွားသည်။ ထိုလူ၏အမူအရာမှာ တဖန် ပြောင်းလဲသွားပြန်၏။ သူသည် နောက်ဆုတ်လိုသည်။ သို့သော် နောက်ကျသွားခဲ့ပေပြီ။ ဝမ်လင်းသည် လက်ဝါးရာကို ချိုးဖျက်ကာ ရှေ့သို့ လှမ်းဝင်လာ၏။ သူ့လက်ချောင်းနှစ်ချောင်းဖြင့် ထိုလူ၏နှဖူးထက်သို့ ညွှန်လိုက်သည်။
သူ့ပုံရိပ်သည် တုန်ခါကာ သွေးအန်ရသည်။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်ပြီး ဟင်းလင်းပြင်အက်ကြောင်းထဲမှ ပြန်ထွက်၏။
ဝမ်လင်းသည် ဟင်းလင်းပြင်အက်ကြောင်းထဲမှ ထိုးထွက်ကာ ထိုလူ့နောက်သို့ လိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူ့ဘယ်လက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။
ဝမ်လင်း၏ ဘယ်လက် လှုပ်ရှားမှုကို တွေ့မြင်လိုက်ရသည့်နောက် ထိုလူ၏အမူအရာသည် ပြောင်းလဲသွားပြန်သည်။ သူက အလျင်စလို လှမ်းအော်ပြော၏။ “ရောင်းရင်းကျင့်ကြံသူ…ရပ်လိုက်ပါ။ ရပ်ပေးပါ။ ဒီအဘိုးအိုက ဒီကိစ္စမှာ အဆင်အခြင်မဲ့သွားခဲ့တာပါ…”
သူသည် နတ်ဆိုးကလန်ဝင်သုံးယောက်ရှေ့တွင် ရပ်လိုက်ပြီး ဆံဖြူအဘိုးအိုတစ်ယောက်အသွင်သို့ ပြောင်း၏။ ထို့နောက် သူသည် ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်သည်။
ဝမ်လင်းသည် အက်ကြောင်းအတွင်းမှ ခြေလှမ်းထွက်ကာ ထိုအဘိုးအိုကို စူးစိုက်ကြည့်ပြီး သူ့ဘယ်လက်ကို ပြန်ချ၏။ အဘိုးအိုနောက်မှ သုံးယောက်သည် တလေးတစား ပြောလိုက်ကြသည်။ “အကြီးအကဲကို နှုတ်ဆက်ပါတယ်…”
အဘိုးအိုသည် အနည်းငယ် ခေါင်းဆတ်ပြပြီးနောက် ဝမ်လင်းထံသို့သာ ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် တုန်လှုပ်နေမှုတို့ အထင်းသား ပေါ်သည်။ သူသည် လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူက အလွန်အမင်း သန်မာလှပါတယ်။ ဒီအဘိုးအိုက သင့် ပြိုင်ဘက်မဟုတ်ပါဘူး။ အထူးသဖြင့် သင် သွေးဓားကို ထုတ်ယူလိုက်တဲ့အချိန်မှာပါ။ ဒီရတနာဟာ…”
အကြီးအကဲက ခေါင်းယမ်း၍ ပြုံးသည်။ သည်ရတနာကြောင့် သူ့တုန်လှုပ်နေရမှုမှာ ဖော်ပြ၍ပင် မရပေ။
ဝမ်လင်းသည် အဘိုးအိုကို အေးစက်စက် ကြည့်၏။ ထို့နောက် စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အက်ကြောင်းအတွင်း ပြန်ဝင်ရောက်သွားသည်။ အက်ကြောင်းအတွင်းရှိ ကိုးခုအသူတရာနဂါးသည် ၎င်း၏စဉ်းစားဉာဏ်လွတ်ကင်းသည့်အထိ လန့်နေမိကာ ထွက်မပြေးဝံ့ပေ။
အဘိုးအိုသည် ဝမ်လင်း၏ နောက်ကျောဘက်ကို ကြည့်ကာ ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူ…ဒီအဘိုးအိုက တကယ်ပဲ ရိုင်းစိုင်းခဲ့ပါတယ်။ ရောင်းရင်းကျင့်ကြံသူ လီမူဝမ်ကို ကယ်တင်ပေးနိုင်မယ်လို့ ငါ တကယ် ယုံကြည်ပါတယ်။ လီချန်မေကို နတ်ဆိုးကလန်က လက်ခံဖို့အတွက် ဒီအဘိုးအိုက ထောက်ခံပေးခဲ့ပြီး သူမကို ထွက်သွားခွင့် ပြုခဲ့တာလည်း ငါ ပါပဲ…”
ထို့နောက် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ခု ဝမ်လင်းထံ ပျံသန်းသွား၏။
“ဒီအက်ကြောင်းဟာ ကြီးမားလွန်းတယ်။ သင် ကြုံရာကျပန်း ရှာနေရင် လီချန်မေကို ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်။ ဒီကျောက်စိမ်းပြားထဲမှ မြေပုံတစ်ခုပါတယ်။ ငါ ဒီပေါ်မှာ သူမရဲ့ တည်နေရာကို မှတ်သားထားပါတယ်။ ရောင်းရင်းကျင့်ကြံသူရဲ့ အမြန်နှုန်းနဲ့ဆိုရင် အချိန်မှီကယ်တင်နိုင်စွမ်း ရှိမှာပါ…”
ဝမ်လင်းသည် ရပ်လိုက်ကာ ကျောက်စိမ်းပြားကို ဖမ်းယူလိုက်သည်။ သူက ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် သူ့မျက်နှာထက်ရှိ အေးစက်မှုသည် လျော့ပါးသွားသည်။ ထို့နောက် သူသည် အဘိုးအိုဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။ “ပြန်သွားပြီး သုံးရက် တံခါးပိတ်ကျင့်ကြံပါ။ သင့်ရဲ့ တာအိုဆန္ဒကို အသုံးမပြုနဲ့၊ သင့်စိတ်အပေါ်မှာပဲ အာရုံစိုက်ထား။ သုံးရက်မြောက်နေ့ရဲ့ နောက်ဆုံးငါးနီရာမှာ သင့်တာအိုဆန္ဒဟာ ပျက်စီးသွားလိမ့်မယ်။ ဒါကို တောင့်ခံပါ။ သင် ဒါကို တောင့်ခံနိုင်ရင် အန္တရာယ်မရှိတော့ဘူး..."
ဝမ်လင်းသည် ထိုသို့ ပြောပြီးနောက် တုန်လှုပ်နေသောအဘိုးအိုကို ချန်ရစ်၍ ဟင်းလင်းပြင်အက်ကြောင်းထဲ ဝင်ရောက်သွားသည်။ သူက ကိုးခုအသူတရာချောက်နဂါး၏ ဦးခေါင်းပေါ်တွင် ခြေချလိုက်ပြီးနောက် ဟင်းလင်းပြင်အက်ကြောင်းအတွင်းနက်ပိုင်းသို့ ဦးတည်သွားတော့သည်။
အဘိုးအိုသည် ဝမ်လင်း ပျောက်ကွယ်သွားသော နေရာသို့ ကြည့်နေ၏။သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ သူက သူ့ခန္ဓာကိုယ်ကို သေချာစစ်ဆေးကြည့်လိုက်ချိန်တွင် သူ့မျက်နှာသည် တဖြည်းဖြည်း ဖြူရောလာ၏။ သူသည် ထိတ်လန့်မိလာသည်။ သူက သူ့တာအိုဆန္ဒ၏ ဆန်းကြယ်စွာပြောင်းလဲမှုကို တွေ့မြင်လိုက်ရပေသည်။ ပြင်ပအားတစ်ခုက ကျူးကျော်ဝင်ရောက်ကာ သူ့တာအိုဆန္ဒကို တဖြည်းဖြည်းအားနည်းအောင် လုပ်နေခဲ့ပေ၏။
“ဒါ…ဒါက တာအိုဆန္ဒပဲ…” အဘိုးအို၏မျက်နှာထက်တွင် သေးမရှိတော့ပေ။ သူသည် ကံကောင်းသည်ဟု ခံစားမိ၏။ ကျောက်စိမ်းပြားကို ရည်ရွယ်ချက်ကောင်းကောင်းဖြင့် လက်ဆောင်ပေးခဲ့ခြင်းသာ မရှိပါက တဖက်လူသည် ဤအကြောင်းကို သူ့အား ပြောပြလိမ့်မည် မဟုတ်ပေ။ သူက သူ့ကိုယ်ပိုင်တာအိုဆန္ဒ ထိခိုက်သည်ကို သတိပြုမိခဲ့လျှင်ပင် ကုသနိုင်ရန် တံခါးပိတ်ကျင့်ကြံဖို့သာ သွားရမည် ဖြစ်၏။ ထို့နောက် တတိယမြောက်နေ့၏ နောက်ဆုံးငါးနာရီတွင် သူသည် သတိလွတ်သွားနိုင်သည်။ သူ မသေခဲ့လျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။
“ဒီလူဟာ လီချန်မေကို အမှန်တကယ် ကယ်တင်နိုင်လောက်တယ်။ ငါ့ ကောင်းကင်ဘုံဒုက္ခဒုတိယအဆင့်နဲ့တောင် ငါဟာ သူ့ကို အနိုင်ရဖို့ ယုံကြည်ချက် မရှိဘူး။ သူက ငါ့ကို ငါ မသိလိုက်ပါဘဲနဲ့ ဒဏ်ရာတောင် ရစေခဲ့တယ်။ ကြောက်ဖို့အကောင်းဆုံးက သူ့ကိုယ်ပေါ်မှာ ချိပ်ပိတ်မှုတစ်ခု ရှိနေသေးတာပဲ။ သူသာ ဒီချိပ်ပိတ်မှုကို ဖြေလျော့လိုက်ရင်…”
အဘိုးအိုသည် ဟင်းလင်းပြင်အက်ကြောင်းကို ကြည့်နေရင်း သူ့မျက်လုံးသည် အလေးအနက် ဖြစ်သွား၏။ ထို့နောက် သူသည် နောက်လှည့်ကာ ကျင့်ကြံခြင်းဂြိုဟ်ရှိရာသို့ ပြန်သည်။ သူသည် တံခါးပိတ်ကျင့်ကြံဖို့ ချက်ခြင်း သွားရောက်လေ၏။
***