← Chapters

အခန်း ၁၆၁

Vol. 15 Ch. 161

အခန်း ၁၆၁

Vol. 15 Ch. 161

အပိုင်း (၁၆၁) လူဆိုတာ သရုပ်ဆောင်မှုကို မှီခိုရတာ။

နောက်တစ်ကြိမ် လေမည်းကျားသစ်မှာ မြေပြင်ပေါ်တွင် ဝပ်တွားသွားရပြန်၏။

မာရ်အသွင် ပြောင်းလဲခြင်း၊ မပြောင်းလဲခြင်းကို အရင် ထားလိုက်ဦး...။ ဤအကောင်ရဲ့ အခက်ခဲဆုံး အပိုင်းက အဆိပ်ရည်တွေပဲ ဖြစ်သည်။

သို့ပေမည့် ဤအရာက ဟုန်ရှောင်ပေါင်အပေါ် လုံးဝ အသုံးမဝင်ချေ။ ထိုသို့ဆိုလျှင် သူက ဟုန်ရှောင်ပေါင်နှင့် လက်ရည်ယှဉ် တိုက်ခိုက်နိုင်သည့် အရည်အချင်းကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ အခြေခံအားဖြင့် ပြောရလျှင် လေမည်းကျားသစ်က ဒုတိယအဆင့်သာ ရှိသေးသည်။ ခံနိုင်ရည်စွမ်းအား ဆိုသည်ကလည်း သာမန်လောက်သာ ရှိ၏။

ဟုန်ရှောင်ပေါင်က တတိယအဆင့်တွေ ထဲမှာမှ အပြောင်မြောက်ဆုံး ဖြစ်တဲ့ ထိပ်ဖြူ ခွေးတူဝက်တူကြီးကိုတောင် အရှုံးပေးအောင် ရိုက်နှက်နိုင်ခဲ့သည်။ လေမည်းကျားသစ်က ဘာများ ထူးဆန်းနေဦးမည်နည်း။

ထို့အပြင် ရှောင်ပေါင့်၌ လက်နက်လည်း ရှိနေသေးသည် မဟုတ်ပါလား။

"ဒါကြောင့်လေ ...။"

ဟုန်ရှောင်ပေါင်က လေမည်းကျားသစ်ကို မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်ပြီး အလွန်တရာ အဓိပ္ပာယ် ရှိလှသော လေသံဖြင့် ပြောလိုက်၏။ "ကျားသစ် ညီလေးရယ်... ရိုးရိုးသားသား ပြောရရင် မင်း မာရ်အသွင် ပြောင်းလဲတာ အောင်မြင်သွားရင်တော့ ငါနဲ့ တစ်ပွဲလောက် ယှဉ်တိုက်လို့ ရကောင်း ရနိုင်ပါသေးတယ်။ အခုတော့ ... ဟီးဟီး... ထိုင်စမ်း။"

ပြောရင်း ဘုန်းခနဲ အသံနှင့်အတူ လေမည်းကျားသစ်ကို မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်သည်။

ယခု အချိန်ကျမှ ခွေးတူဝက်တူကြီးနှင့် လေမည်းကျားသစ်တို့၏ ကွာခြားချက်က ပေါ်လွင်လာ၏။ ခွေးတူဝက်တူကြီးနှင့် အားပြိုင်ခဲ့စဉ်က ဟုန်ရှောင်ပေါင်သည် ခွေးတူဝက်တူကြီးကို အကြိမ်ပေါင်း ရာနှင့်ချီ၍ မြေပြင်ပေါ်တွင် ဝပ်တွားသွားအောင် ရိုက်နှက်ခဲ့ရသည်။ ထိုသို့ လုပ်ပြီးမှသာ ခွေးတူဝက်တူကြီးကို အရှုံးပေး လက်နက်ချစေနိုင်ခဲ့ခြင်း ဖြစ်၏။

သို့ပေမည့် လေမည်းကျားသစ်ကမူ အကြိမ် ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက်သာ ရိုက်နှက်ရသေးသည်။ အားအင် မရှိတော့သည့် အရိပ်အယောင်များ သိသာထင်ရှားစွာ ပေါ်လွင်နေပြီ ဖြစ်ပြီး မြေပြင်ပေါ်တွင် ဝပ်တွားလျက် အသက်ငွေ့ငွေ့သာ ကျန်ရစ်တော့သည့် ပုံစံ ဖြစ်နေသည်။

"ငါ့ကောင် ... မာရ်အသွင် ပြောင်းလဲနေတဲ့ သက်ရှိဆိုတာ တွေ့ဆုံဖို့ ခက်ခဲပြီး တောင်းဆိုလို့ မရနိုင်တဲ့ အရာမျိုးပဲ။ ဒီကောင်ရဲ့ ရှားပါးမှု အဆင့်အတန်းအရ ပြောရရင် ထိပ်ဖြူ ခွေးတူဝက်တူကြီးနဲ့ ရတနာဝက်ဝံလေး တို့ထက်တောင် တစ်ဆင့် သာလွန်သေးတယ်။ မင်း ဘာများ စဉ်းစားထားတာ ရှိလဲ။"

"တော်ပါပြီဗျာ ... တော်ပါပြီ။" ဟုန်ရှောင်ပေါင်က ခေါင်းခါယမ်းလိုက်၏။

သူ၏ဆိုင်အတွင်း၌ ဤအကောင်ကြီး၏ အဆိပ်ရည်တွေ ကမ္ဘာအနှံ့ လွင့်ပျံနေမည့် မြင်ကွင်းကို စဉ်းစားမိရုံနှင့်တင် ကြက်သီးမွေးညင်း ထလာသည်။ ထို့အပြင် အဘိုးက ပြောပြပြီးသား ဖြစ်၏။ ထိုကောင်၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များက အလွန်တရာ ပြင်းထန်လွန်းလှ၏။ အကယ်၍သာ ထိုအချိန်သို့ ရောက်သောအခါ မတော်တဆ လူတစ်ယောက် နှစ်ယောက်မျှ သတ်ဖြတ်မိသွားခဲ့လျှင် မည်သို့ လုပ်ပမည်နည်း။ သူ့ကဲ့သို့ အလကားရလိုက်သည့် သခင်ဖြစ်သူမှာ အကျဉ်းထောင်တွင်း၌ အရိုးဆွေးသည်အထိ နေထိုင်သွားရတော့မည် မဟုတ်ပါလား...။

"ဝူး... ဝူး..."

လေမည်းကျားသစ်က နောက်တစ်ကြိမ် ထရပ်လိုက်ပြန်၏။ သို့ပေမည့် ဤတစ်ကြိမ်တွင်မူ အသံထဲ၌ ထိတ်လန့် တုန်လှုပ်မှုတို့ ပြည့်နှက်နေခဲ့သည်။ ထပ်မံ ခုန်အုပ်ရဲသည့် သတ္တိ လုံးဝ မရှိတော့ချေ။ လျင်မြန်စွာပင် နောက်သို့ ဆုတ်ခွာ ပြေးလွှားတော့သည်။

"ဟားဟား ... မင်းသား ကျုပ်ရဲ့ စွမ်းဆောင်ရည်ကို သိရင် ပြီးတာပါပဲဗျာ။"

ဟုန်ရှောင်ပေါင်က တဟားဟား ရယ်မောလျက် ပြောလိုက်၏။ "မင်းသား ကျုပ်က ရွှေစွန်းမြွေကိုပဲ လိုချင်တာ။ မင်း လိမ်လိမ်မာမာနဲ့ နေချေ ...။ မင်းကို မရိုက်တော့ဘူး။"

ပြောရင်း လေမည်းကျားသစ်ဆီသို့ တွန့်ဆုတ်မှု မရှိဘဲ လျှောက်သွားလိုက်သည်။

လေမည်းကျားသစ်မှာ အလွန်တရာ ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ အကျိုးအကြောင်းသင့် ပြောရလျှင် ထို သံမဏိ ဒယ်အိုးကြီး၏ ရိုက်နှက်မှု အနည်းငယ်က ၎င်း၏ ဦးခေါင်းပေါ်မှ အရေပြားများကိုပင် ကွာကျသွားစေခဲ့သည်။ ယခုအခါ ယိမ်းထိုး လှုပ်ရှားလျက် တွဲလောင်း ကျနေပြီ မဟုတ်ပါလား။

"အု ... အု ... အု ..."

လေမည်းကျားသစ်က ဟုန်ရှောင်ပေါင် ထပ်ပြီး ရိုက်နှက်ဦးမည်ဟု ထင်မှတ်ကာ နောက်ဆုတ်လိုသေး၏။ သို့ပေမည့် လိုဏ်ဂူ၏ ထောင့်တစ်နေရာဆီသို့ ရောက်ရှိနေပြီ ဖြစ်ရာ ရှောင်တိမ်းစရာ နေရာ မရှိတော့ချေ။ ချက်ချင်းပင် မျက်လုံးများကို မှိတ်လိုက်ပြီး ဦးခေါင်းကို ဘေးတစ်ဖက်ဆီသို့ မြှုပ်နှံထားလိုက်သည်။

"အဘိုး ... ဒီ ရွှေစွန်းမြွေက အမြူတေကို ယူရမှာလား။" ဟုန်ရှောင်ပေါင်က ခန့်မှန်းခြေ နှစ်မီတာလောက် ရှည်လျားပြီး လက်မောင်းမျှ တုတ်ခိုင်သော ဤမြွေကြီးကို ကောက်ကိုင်လိုက်ပြီး ဟိုဘက်ဒီဘက် လှန်လှော ကြည့်ရှုနေ၏။

"အမြူတေကတော့ မရှိလောက်တော့ဘူး။ ဒါပေမဲ့ ငါတို့က အထဲက ဝိညာဉ်စွမ်းအင်ကို လိုချင်တာ မဟုတ်ဘူး။ အရိုး ကျန်နေသေးရင် ရပြီ။"

ဟုန်ရှောင်ပေါင်သည် အဘိုးကြီး၏ ညွှန်ကြားချက်အတိုင်း ဤ ရွှေစွန်းမြွေကို စတင် ခွဲစိတ်တော့၏။ တကယ်ပင် မြွေဦးနှောက် အတွင်းရှိ မြွေဆေးလုံးမှာ မရှိတော့ချေ။ ဟုန်ရှောင်ပေါင်ကလည်း စိတ်မပျက်ချေ။ အရေခွံကို ခွာ၍ အရိုးကို ဖြည်းညင်းစွာ ထုတ်ယူလိုက်ရာ ခဏအကြာတွင် ရွှေစွန်းမြွေ၏ အရိုးများ အားလုံးကို ထုတ်ယူ ပြီးစီးသွားခဲ့သည်။

"ဟားဟား ... ဒြပ်ငါးပါးဆေးလုံးရဲ့ ရွှေဓာတ်အနွယ် ကုန်ကြမ်းတော့ လက်ထဲ ရောက်ပြီကွ။" ဟုန်ရှောင်ပေါင်က ရွှေရောင် တောက်ပနေသော ဤ မြွေရိုးကြီးကို ကြည့်ရှုရင်း ပြုံးလိုက်၏။ ယခုအခါ ပိုမို ကောင်းမွန်သည့် ရွှေစွန်းမြွေရိုး ရှိနေပြီ ဖြစ်ရာ ထိုရွှေနက် ဆိုတာတွေကို သဘာဝကျကျ မလိုအပ်တော့ချေ။

တာဝန် ပြီးပြည့်စုံစွာ အောင်မြင်ခဲ့၏...။

လေမည်းကျားသစ်မှာ စောစောစီးစီးတည်းက အလွန်တရာ ကြောက်ရွံ့နေခဲ့ပြီ ဖြစ်၏။ ဘေးနားတွင်သာ ပုန်းကွယ်နေခဲ့သည်။ မာရ်အသွင် တစ်ဝက် ပြောင်းလဲနေသော သတ္တဝါဆန်း တစ်ကောင် ဖြစ်သည်ဟု ဆိုသော်ငြား ဤအခိုက်အတန့်တွင် ၎င်း၏ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက အလွန်တရာ ရှုပ်ထွေးနေပုံ ရသည်။

"အိမ်း ... အဘိုး တကယ်လို့များ မာရ်အသွင် ပြောင်းလဲတာက တကယ်ပဲ ရှားပါးတယ်ဆိုရင် ကျုပ်တို့ သူ့ကို ကံကောင်းမှု တစ်ခုလောက် လက်ဆောင် ပေးခဲ့ကြရင် မကောင်းဘူးလား။"

ဟုန်ရှောင်ပေါင်က စိတ်ဝင်တစား ပြောလိုက်၏။ "ကျားသစ် ဆိုတာ ရန်ငြိုးကိုလည်း မှတ်ထားတတ်ပြီး ကျေးဇူးတရားကိုလည်း မှတ်ထားတတ်တဲ့ သတ္တဝါ မဟုတ်ဘူးလား။ အဘိုး စဉ်းစားကြည့်စမ်းပါ... အခု ကျုပ်က သူ့ကို ကျေးဇူးတရား အနည်းငယ် ပြုခဲ့မယ်။ နောင်တစ်ချိန်မှာ သူက မျိုးဆက်သစ် မာရ်ဘုရင်ကြီး တစ်ပါး ဘာညာ ဖြစ်လာခဲ့ရင်... ကျုပ်က အမိန့်တစ်ချက် ပေးလိုက်တာနဲ့ သူက မိစ္ဆာသားရဲ သောင်းနဲ့ချီပြီး ခေါ်လာပြီး ဦးညွှတ် အရှုံးပေးမှာ …။"

"..."

ယင်းကျိုယိုမှာ ပြောစရာ စကားပင် မရှိတော့ချေ။ အတန်ကြာမှ ပြောလိုက်သည်။ "ရပါတယ် ... ဒါဆို မင်း ဒီလို လုပ်လိုက် ...။"

နည်းလမ်းကလည်း ရိုးရှင်းလှ၏။ မြင့်မားသော အပူရှိန်ကို အသုံးပြု၍ အဆိပ်ရည်များကို လေမည်းကျားသစ်၏ ကြွက်သားနှင့် အရိုးများ အတွင်းသို့ အတင်းအကျပ် စိမ့်ဝင်စေရုံပင်။ ထိုအချိန်ကျလျှင် ၎င်းသည် တစ်ကိုယ်လုံး အမည်းရောင် အရည်များ စီးကျနေသည့် ပုံစံမျိုး မဟုတ်တော့ချေ။ သန့်စင်သော အမည်းရောင်နီးပါး ရှိသည့် သက်ရှိ တစ်ကောင် ဖြစ်လာလိမ့်မည်။ ထို အဆိပ်ရည်များက ၎င်း၏ ကြွက်သားများကို တိုးတက် ကောင်းမွန်စေပြီး အာနိသင်ကလည်း အလွန်တရာ အံ့ဩ ထိတ်လန့်စရာ ကောင်းလာလိမ့်မည်။

ဤလုပ်ငန်းစဉ်တွင် လိုအပ်သော ဆေးမြစ်ဆေးပင်များကို အစားထိုးနိုင်သည့်အရာများ အများအပြား ရှိသည်။ ဟုန်ရှောင်ပေါင် ယူဆောင်လာသည့် ဆေးမြစ်ဆေးပင်များထဲတွင်လည်း အနည်းဆုံး လေးငါးမျိုးလောက် အသုံးပြု၍ ရ၏။ ထို့ကြောင့် ချက်ချင်းပင် ကွေ့ပတ် လျှောက်လှမ်းကာ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အရှေ့သို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြီး၊ ၎င်းဆီမှ ဆေးမြစ်ဆေးပင်များကို ထုတ်ယူကာ လိုဏ်ဂူ အတွင်းသို့ ပြန်လာခဲ့သည်။

လေမည်းကျားသစ်မှာ သက်ပြင်းတစ်ချက် ချလိုက်ရုံသာ ရှိသေး၏။ ဤ မကောင်းဆိုးဝါးက မျက်စိတစ်မှိတ်အတွင်း ပြန်ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ချက်ချင်းပင် အလွန်တရာ တုန်လှုပ် ကြောက်ရွံ့သွားပြီး အဆက်မပြတ် နောက်ဆုတ်မိသည်။

လိုဏ်ဂူ၏ ထောင့်တစ်နေရာသို့ ရောက်ရှိပြီး ရှောင်တိမ်းစရာ နေရာ မရှိတော့သည့် အခါမှသာ ဟုန်ရှောင်ပေါင်၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရပြီး ချည်နှောင် ခံလိုက်ရ၏။

ဆက်လက် လုပ်ဆောင်သည့် လုပ်ငန်းစဉ်ကို ရိုးရိုးရှင်းရှင်း စကားလုံးနှစ်လုံးနှင့် ဖော်ပြ၍ ရနိုင်သည်။ အရှင်လတ်လတ် ကင်ခြင်းပင်။

ထိုအထဲမှ နာကျင်မှု ခံစားရမှုကို ခန့်မှန်းကြည့်၍ ရနိုင်သည်။ လေမည်းကျားသစ်မှာ တစ်လျှောက်လုံး အော်ဟစ် ငြီးတွားနေခဲ့၏။

ဟုန်ရှောင်ပေါင်ကလည်း ဤသည်မှာ ကျိန်ဆဲတာလား၊ အရှုံးပေးတာလား ဆိုသည်ကို ဂရုမစိုက်ချေ။ တရစပ် ကင်တော့သည်။ နောက်ဆုံးတွင် လေမည်းကျားသစ်၏ အော်ဟစ်လွန်း၍ ကွဲအက်နေပြီ ဖြစ်သော လည်ချောင်းမှ အသံပင် မထွက်နိုင်တော့သည့် အချိန်သို့ ရောက်သောအခါမှသာ ရပ်တန့်လိုက်သည်။

အားလုံး အသင့်ဖြစ်သွားသည့်အခါ ဟုန်ရှောင်ပေါင်သည် လေမည်းကျားသစ်၏ ဦးခေါင်းကို ပွတ်သပ် လိုက်သည်။ ပြီးနောက် နားလည်သည် ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ ဂရုမစိုက်ဘဲ အလွန်တရာ အဓိပ္ပာယ် ရှိလှသော လေသံဖြင့် ပြောလိုက်၏။ "လောကကြီးရဲ့ အရာဝတ္ထုအားလုံးမှာ ဝိညာဉ် ရှိကြတယ်။ မာရ်အသွင် ပြောင်းလဲတဲ့ သက်ရှိဆိုတာ ဖြစ်ခဲတယ်။ တွေ့ဆုံခွင့် ရတာကကို ရေစက်ပါလို့ပဲ။ အဘိုးက မင်းကို ကံကောင်းမှု တစ်ခု လက်ဆောင် ပေးခဲ့မယ်။ နောင်တစ်ချိန် ပြန်လည် တွေ့ဆုံရမဲ့ နေ့ရက်များ ရှိခဲ့ရင်... အဘိုးက မင်းကို တာအိုလမ်းစဉ်ပေါ်ကို လျှောက်လှမ်းနိုင်အောင် သင်ကြား ပေးပါ့မယ်။"

ပြောပြီးသည်နှင့် ခမ်းနား ကြွားဝါစွာ နောက်ပြန် လှည့်လိုက်သည်။ ကျောပေါ်တွင် ဒယ်အိုးကြီး လွယ်ကာ ကြီးကျယ် ခမ်းနားလောက်သည့် ခြေလှမ်းမျိုးနှင့် ပြန်လှည့်ထွက်သွားတော့သည်။

ယင်းကျိုယိုမှာ ပြောစရာ စကားပင် မရှိတော့ချေ။ အရင်တစ်ခေါက်က ဟုန်ရှောင်ပေါင်သည် ခုနစ်လွှာကြာပန်းနက် လိုဏ်ဂူ အတွင်းမှ ထွက်ခွာစဉ်ကလည်း စကားအနည်းငယ် ချန်ထားရစ်ခဲ့သေးသည်ကို သူ မှတ်မိနေသည်။

"ရေစက်ပါလို့ လိုဏ်ဂူ အတွင်းကို ဝင်ရောက်လာသူများ ရှိခဲ့ရင်... ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေကို အလကား မဖြုန်းတီးပစ်ကြပါနဲ့။ အရွက် ရှစ်ရွက်စလုံး ပွင့်လန်းတဲ့ အချိန်ကို စောင့်ဆိုင်းပြီးမှ ခူးဆွတ်ကြပါ။ - ကောင်းကင် လျှို့ဝှက်အဘိုးအို။"

ယခုအခါ ဟုန်ရှောင်ပေါင် ထပ်ပြီး သရုပ်ဆောင်နေသည်ကို မြင်သောအခါ ချက်ချင်းပင် မခံမရပ်နိုင် ဖြစ်သွားခဲ့၏။ "မင်း သရုပ်မဆောင်ရရင် သေသွားမှာမို့လို့လား။"

"ဟမ့် ... လူ့ဘဝ ဆိုတာ သရုပ်ဆောင်မှုအပေါ် လုံးဝ အားကိုးရတာပဲ။ ပြီးတော့ ဒါက မမျှော်လင့်တဲ့ မတော်တဆမှုတွေကို ကာကွယ်ဖို့လေ။" ဟုန်ရှောင်ပေါင်က ပြုံးလျက် လိုဏ်ဂူ အဝင်ဝဆီသို့ လျှောက်လာခဲ့သည်။

အားသွန်ခွန်စိုက် ခုန်ပျံပြီး ရေတံခွန်ကို တန်းခနဲ ဖောက်ထွင်းကာ အောက်ဘက်ရှိ ရေကန် အတွင်းသို့ ဒိုင်ဗင်ထိုး ဝင်ရောက်သွားတော့သည်။ သူ၏ခန္ဓာကိုယ်အပေါ်တွင် ကြေးမျောက်ဝံ၏ သွေးများ ရှိနေသေး၏။ ယခုအခါ လေမည်းကျားသစ်၏ အဆိပ်ရည် အများအပြား ထပ်မံ ပေကျံနေသေးသည်။ စောစောကတော့ ဘာမှ မခံစားရချေ။ ယခုကဲ့သို့ တွေးတောမိသည့် အခါ တစ်ကိုယ်လုံး ယားယံလာသကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် ချက်ချင်းပင် ရေကန် အတွင်းသို့ ငုပ်လျှိုးကာ ဆေးကြော သန့်စင်လိုက်ခြင်းပင်။

All Chapters