အခန်း ၁၆၂
Vol. 15 Ch. 162
အပိုင်း (၁၆၂) လေမုန်တိုင်း ဒယ်အိုးသိုင်း။
ရေကန် အောက်ခြေတွင် ကျောက်တုံးကြီးများ ရှိ၏။
ဟုန်ရှောင်ပေါင်က ကျောက်တုံးကြီး တစ်တုံးကို ဖမ်းဆွဲ၍ ရေကန်အောက်ခြေတွင် ထိုင်နေလိုက်သည်။ ဒုတိယအဆင့် အစွန်းရောက်အဆင့်တွင် လုပ်ဆောင်နိုင်စွမ်း အများအပြား ရှိ၏။ ထိုအထဲမှ တစ်ခုမှာ အရေပြားက ပြင်ပလောကမှ ဝိညာဉ်စွမ်းအင်များကို ကိုယ်ပိုင် အသိစိတ်ဖြင့် စုပ်ယူနိုင်ခြင်းပင်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ယခုအခိုက်အတန့်တွင် ဟုန်ရှောင်ပေါင်သည် တစ်ကိုယ်လုံး ပါးဟပ်များ ပေါက်ရောက်နေသကဲ့သို့ ပင်ဖြစ်၏။ အကယ်၍ သူသာ ဆန္ဒ ရှိမည် ဆိုပါက ရေအောက်တွင် တစ်သက်လုံး နေထိုင်လျှင်လည်း ရသည်။
အပေါ်ဘက်မှ ယိမ်းထိုး လှုပ်ရှားနေသော ရေလှိုင်းလေးများကို ကြည့်ရှုရင်း ဟုန်ရှောင်ပေါင်က တစ်စုံတစ်ခုကို နက်နက်ရှိုင်းရှိုင်း စဉ်းစားသည့်ဟန်ဖြင့် ပြောလိုက်၏။ "အဘိုး ... ကျုပ် တွေးကြည့်တာ ဒီတစ်ခေါက် စုရုံးနေတဲ့ မိစ္ဆာသားရဲတွေက အရမ်း များပြားလွန်းတယ်။ အဲဒီ မြေအောင်းပုစဉ်းမီးကို လုယူနိုင်ဖို့ နည်းနည်းတော့ ခက်ခဲလောက်တယ်။ အရင်ဆုံး လေမုန်တိုင်း ဒယ်အိုးသိုင်း ကို သင်ယူပြီးမှ သွားတာ ပိုကောင်းမယ် ထင်တယ်။"
"အင်း ... ကောင်းသားပဲ။"
ယင်းကျိုယိုက ခေါင်းညိတ်လိုက်၏။ "ဒါဆို မင်း မှတ်ထား... ဒီသိုင်းရဲ့ မူလ နာမည်က လေမုန်တိုင်း တူသိုင်းလို့ ခေါ်တယ်။ သဘာဝကျကျပဲ... သံမဏိ ဒယ်အိုးကြီးကိုလည်း ထူးဆန်း ဆန်းကြယ်တဲ့ တူကြီးတစ်လက်အဖြစ် မှတ်ယူလို့ ရတာပဲ။ လက်ကွက် သိုင်းကွက်တွေက အကုန်လုံး အတူတူပဲ။ တူသိုင်းတိုင်းက ခွန်အားကို အားကိုးပြီး အနိုင်ယူကြတာချည်းပဲ... ဒါပေမဲ့ လေမုန်တိုင်း တူသိုင်းကတော့ အဲဒီလို မဟုတ်ဘူး။
လေမုန်တိုင်း ဆိုတဲ့ စကားလုံး နှစ်လုံးက ဒီသိုင်းရဲ့ အဓိက အနှစ်သာရပဲ။ အမြန်နှုန်း မြန်ဆန်ရမယ်... အစွန်းရောက်တဲ့ အထိ မြန်ဆန်ရမယ်။ လေပြင်း မုန်တိုင်း တစ်ခုလို ဖြစ်နေရမယ်။ ပထမ တစ်ချက်ရဲ့ ခွန်အား အရှိန်အဟုန် မပျောက်ဆုံးသေးခင်မှာပဲ... ဒုတိယ တစ်ချက်က အရှိန်အဟုန်နဲ့ ကျရောက်လာရမယ်။
မင်းရဲ့ အမြန်နှုန်းသာ လုံလောက်အောင် မြန်ဆန်မယ်ဆိုရင်... သောင်းနဲ့ချီတဲ့ တူချက်တွေရဲ့ ခွန်အားကို တစ်ချက်တည်းအဖြစ် ထပ်တူကျ စုစည်းနိုင်တယ်။ အဲဒီ အချိန်ကျရင် တူတစ်ချက်တည်းနဲ့ တောင်တွေကို ဖြိုခွဲပြီး တောင်ကြားတွေကို ဖြတ်တောက်နိုင်တဲ့ ခွန်အား ရှိလာလိမ့်မယ်။"
"အရမ်း စွမ်းတာပဲဗျာ ...။" ရေကန် အောက်ခြေတွင် ထိုင်နေသော ဟုန်ရှောင်ပေါင် အလွန်တရာ သဘောကျသွား၏။ ပါးစပ်မှ ရေပွက် အကြီးကြီး အမြောက်အမြား ထုတ်လွှတ်လိုက်မိသည်။
ဟုန်ရှောင်ပေါင်က ချက်ချင်း လေ့ကျင့်ရန် မလောပေ။ ရေအောက်တွင် ငြိမ်သက်စွာ နေထိုင်ရင်း အရသာခံနေ၏။ လေမုန်တိုင်းတူသိုင်း၏ လျှို့ဝှက်ချက်များကို သေချာစွာ စွဲမှတ်နေခဲ့သည်။ ရေအောက်တွင် နားဘေး၌ ဝုန်းဒိုင်းကျယ် ရေစီးသံများသာ ထွက်ပေါ်နေ၏။ အဘယ်ကြောင့်မှန်းမသိ၊ ဤသို့နေထိုင်ခြင်းက သူ၏စိတ်ကို ပို၍ ငြိမ်သက်စေကြောင်း ခံစားမိ၏။
နေ့တစ်ဝက်ကျော်မျှ ကုန်ဆုံးသွားချိန်မှာတော့ ဟုန်ရှောင်ပေါင်က ရေအောက်မှ ထွက်ပေါ်လာခဲ့၏။ လေမုန်တိုင်း တူသိုင်း၏ သော့ချက်များကို ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေသည်။ လက်များကလည်း တက်ကြွစွာဖြင့် လေထုထဲတွင် အဆက်မပြတ် လှုပ်ရှားနေ၏။ အတန်ကြာမှ သံမဏိ ဒယ်အိုးကြီးကို ကောက်ကိုင်လိုက်သည်။ အားကို ပြင်းထန်စွာ ထည့်သွင်းလိုက်၏။ ဘုန်းခနဲ အသံနှင့်အတူ ဘေးနားရှိ ကျောက်ဆောင်ကြီးအပေါ်သို့ ပြင်းထန်စွာ ထုရိုက်လိုက်တော့သည်။
သို့ပေမည့် ဒုတိယမြောက် ရိုက်ချက်ကိုမူ သူ ဆက်လက် မထုတ်ဖော်နိုင်ခဲ့ချေ။ ပြန်ကန်ထွက်လာသော အားအဟုန်က လွန်စွာ ပြင်းထန်လွန်းလှ၏။ ဟုန်ရှောင်ပေါင်၏ အားပြုရာလမ်းကြောင်းကို ကြီးမားစွာ ဖျက်ဆီးပစ်လိုက်၏။
ဟုန်ရှောင်ပေါင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဟင် ... မင်းကို ငါ မထိန်းချုပ်နိုင်ဘူးလို့ မယုံဘူး။"
ပြောပြီးသည်နှင့် သံမဏိ ဒယ်အိုးကြီးကို နောက်တစ်ကြိမ် လွှဲယမ်း ထုရိုက်လိုက်ပြန်သည်။ ဘုန်းခနဲ မြည်ဟည်းသံ ကျယ်ကြီး ထွက်ပေါ်လာ၏။ ထုရိုက်ခံရသော ကျောက်ဆောင်မှ ကျောက်စလေးများ လွင့်စင်သွားခဲ့သည်။ သို့သော်ငြား အားထည့်၍ ထုရိုက်လေလေ၊ ပြန်ကန်ထွက်လာသော အားအဟုန်ကလည်း ပို၍ ပြင်းထန်လာလေလေ ဖြစ်၏။
ဟုန်ရှောင်ပေါင်က ကြိုတင် ပြင်ဆင်ထားပြီးဖြစ်သဖြင့် ထိုပြန်ကန်အားကို ကြီးမားသောခွန်အားဖြင့် ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့ပေမည့် ဒုတိယမြောက် ရိုက်ချက်ကို ထပ်မံ လွှဲယမ်းရန်မှာမူ လုံးဝ မဖြစ်နိုင်တော့ချေ။
ဟုန်ရှောင်ပေါင်၏ မျက်မှောင်များ ကြုတ်သွားခဲ့၏။ "ဒါ အဆင်မပြေဘူးပဲ။"
သူက ချက်ချင်းပင် ယင်းကျိုယိုကို မေးမြန်းလိုက်သည်။ "အဘိုး ... နည်းနည်းလောက် ပြောပြပါအုံး။"
ယင်းကျိုယိုက သူ့ကို လုံးဝ ဂရုမစိုက်ချေ။
ဟုန်ရှောင်ပေါင်က လက်မှိုင်ချလိုက်ရ၏။ ယင်းကျိုယို၏ သဘောထားကို သူ ခံစားမိနေသည်။ အစပိုင်းတွင် အရာရာကို သင်ကြားပြသ ပေးခဲ့သည်ဆိုသော်ငြား၊ ယခုအခါ ကိစ္စရပ် အတော်များများတွင် လက်ပိုက်ကြည့်နေတတ်ပြီ ဖြစ်၏။ ရှောင်ပေါင် ကိုယ့်ဘာသာ တွေးတော ဆင်ခြင်နိုင်ရန် လွှတ်ထားခြင်းပင်။
ဤသည်က ကောင်းမွန်သော ကိစ္စရပ် ဖြစ်ကြောင်း ဟုန်ရှောင်ပေါင် သဘာဝကျကျပင် သိရှိနားလည်၏။ အတန်ကြာအောင် တွေးတော စဉ်းစားပြီးနောက် တစ်စုံတစ်ခုကို ရေရေရာရာ သဘောပေါက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရုတ်တရက် သံမဏိ ဒယ်အိုးကြီးကို နောက်တစ်ကြိမ် မြှောက်တင်လိုက်ပြန်၏။
ဘုန်း….
ကျယ်လောင်သော အသံကြီး တစ်ခုနှင့်အတူ သံမဏိ ဒယ်အိုးကြီးက နောက်တစ်ကြိမ် မြောက်တက်လာခဲ့၏။ ဤတစ်ကြိမ်တွင်မူ ဟုန်ရှောင်ပေါင်က ထို ပြန်ကန်အားကို အတင်းအကျပ် ဖိနှိပ်ခြင်း မပြုတော့ချေ။ သံမဏိ ဒယ်အိုးကြီး ကန်ထွက်လာသော လမ်းကြောင်းအတိုင်း အရှိန်ကို လိုက်ပါ စီးမျောလိုက်သည်။ အဝိုင်းကြီး တစ်ပတ် လွှဲယမ်းလိုက်ပြီးနောက် အရှိန်မပျက် ပြန်လည် လှည့်ပတ်လာ၏။ ဒယ်အိုးကြီးက ကျောက်ဆောင်ကြီးအပေါ်သို့ အားရပါးရ ကျရောက်သွားပြန်သည်။
ဘုန်း….
ဟုန်ရှောင်ပေါင်က တဟားဟား ရယ်လျက် အော်ဟစ်လိုက်၏။ "ဟားဟားဟားဟားဟား ... မင်းသား ကျုပ်က တကယ့် ပါရမီရှင်ကြီးပဲ။"
ဤသည်က အားထုတ်ရာတွင် သုံးရသည့် လျှို့ဝှက်ချက်နှင့် တထပ်တည်း တူညီလှသည်။ သူတစ်ပါး၏ အားကို ယူ၍ သူတစ်ပါးကို ပြန်လည် တိုက်ခိုက်သည့် နည်းလမ်း ပင်ဖြစ်သည်။
ယင်းကျိုယိုက ခေါင်းညိတ်လိုက်၏။ "နည်းလမ်းကို ရှာတွေ့သွားပြီပဲ။ ဒီသိုင်းက ခွန်အား ကြီးမားမှုအပေါ်မှာ တောင်းဆိုမှု မြင့်မားတယ်။ ဒါပေမဲ့ မင်းက နှစ်ကြိမ်စလုံး အစွန်းရောက်အဆင့်နဲ့ အဆင့်တက်ခဲ့တာ ဆိုတော့၊ ခွန်အားပိုင်းဆိုင်ရာ အတားအဆီးကို အလွယ်တကူ ကျော်ဖြတ်ပြီးသား ဖြစ်နေပြီ။ နောက်ထပ် အတားအဆီး တစ်ခုကတော့ အားထုတ်တဲ့ လျှို့ဝှက်ချက်ပဲ။ ဒါပေမဲ့ မင်းက ခွန်အားကြီး သိုင်းကျမ်းကို သင်ယူပြီးသား ဆိုတော့ ဒီကိစ္စက မင်းအတွက် ဘာမှ မဟုတ်တော့ဘူး။"
ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ ပြောလိုက်၏။ "မြှောက်မနေပါနဲ့ဗျာ။ အဘိုး ... ကျုပ်ကို လာမလိမ်နဲ့။ မင်းသား ကျုပ်က နံ့သာတိုင် တစ်ဝက်စာလောက်တောင် အချိန်မပေးရဘဲ တတ်မြောက်သွားတာ။ သေချာပေါက် ပါရမီရှင်ကြီး ဖြစ်ရမယ်။"
ယင်းကျိုယိုမှာ အတန်ကြာအောင် ဆွံ့အသွားပြီးနောက်မှ ပြောလိုက်သည်။ "အင်း ... အဲဒီလိုလည်း သတ်မှတ်လို့ ရပါတယ်။"
ဟုန်ရှောင်ပေါင်က ပို၍ပင် သဘောကျသွားသည်။ "ဘာဖြစ်လို့ အဲဒီလို သတ်မှတ်ရမှာလဲ။ တကယ့်ကို ဟုတ်နေတာပဲဟာကို ...။"
ယင်းကျိုယိုက ဒေါသ ထွက်သွား၏။ "တော်တော့ ... အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့။ နောက်ထပ် လုပ်ရမှာက အရှိန်ကို ခြေဖျက်ရမဲ့ အဝိုင်းပတ်လည် အကွာအဝေးကို သေးငယ်သွားအောင် လျှော့ချဖို့ပဲ။ တကယ်လို့ ရန်သူနဲ့ တိုက်ခိုက်တဲ့အခါ မင်းက တစ်ချက်ရိုက်ဖို့အတွက် အဝိုင်းကြီးတစ်ပတ် လွှဲနေရမယ်ဆိုရင်မင်း ဘယ်နှစ်ခါ သေသွားမလဲ ဆိုတာကိုတောင် မသိနိုင်တော့ဘူး။ အနည်းဆုံးတော့ အဲဒီ လွှဲယမ်းရတဲ့ အဝိုင်းရဲ့ အချင်းဝက်ကို တစ်ပေလောက် အထိ သေးငယ်သွားအောင် လျှော့ချနိုင်မှ အခြေခံဝင်ပြီလို့ သတ်မှတ်လို့ ရမယ်။"
ဟုန်ရှောင်ပေါင်က ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။ "ဒီလိုလား ...။"
သူက သံမဏိ ဒယ်အိုးကြီးကို နောက်တစ်ကြိမ် လွှဲယမ်း၍ ကျောက်ဆောင်ကြီးအပေါ်သို့ ရိုက်ချလိုက်ပြန်သည်။ ဒယ်အိုးကြီး ပြန်ကန်ထွက်လာချိန်တွင် ထိုအားအဟုန်အတိုင်း အဝိုင်းပတ် လွှဲယမ်းလိုက်၏။ ဤတစ်ကြိမ်တွင်မူ ဒယ်အိုးကြီး လွှဲယမ်းရသည့် အကွာအဝေးကို ကိုယ်ပိုင် အသိစိတ်ဖြင့် သတိထား ထိန်းချုပ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဒယ်အိုးကြီးက အဝိုင်းတစ်ပတ်လှည့်ပြီး ကျောက်ဆောင်ကြီးအပေါ်သို့ နောက်တစ်ကြိမ် ကျရောက်သွားပြန်၏။
ချွင်
ဟုန်ရှောင်ပေါင်က တီးတိုး ရေရွတ်လိုက်သည်။ "လွှဲယမ်းရတဲ့ အကွာအဝေးက တစ်ဝက်လောက်တော့ လျော့သွားပြီ။"
သို့သော်ငြား သူ လွှဲယမ်းလိုက်သော အဝိုင်း၏ အချင်းဝက်မှာ သုံးပေခန့် ရှိနေသေး၏။ အဘိုး ပြောပြသည့် အဆင့်နှင့် ဆိုလျှင် အတော်လေး ကွာဟနေသေး၏။
ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ တစ်လျှောက်လုံး တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့၏။ ဤအခိုက်အတန့်တွင် ပျင်းစရာ ကောင်းသည်ဟု ခံစားလိုက်ရသဖြင့် သန်းဝေကာ ကြမ်းပြင်ပေါ်တွင် ဝပ်တွား အိပ်စက် နေလိုက်သည်။
ဟုန်ရှောင်ပေါင်ကမူ သံမဏိ ဒယ်အိုးကြီးကို လွှဲယမ်းလျက် အကြိမ်ပေါင်းများစွာ မြှောက်တင်လိုက်၊ ထုရိုက်လိုက် လုပ်ဆောင်နေခဲ့၏။ အားကို ယူပြီး အရှိန်ကို ခြေဖျက်ရသည့် လမ်းကြောင်း အကွာအဝေးကို တတ်နိုင်သမျှ တိုတောင်းသွားစေရန် အစွမ်းကုန် ကြိုးစားနေခဲ့၏။
"တကယ်လို့များ အမြင့်ဆုံးအဆင့်ကို ရောက်သွားခဲ့ရင် ပြန်ကန်ထွက်လာတဲ့ အားအဟုန်ကို မီလီမီတာ အနည်းငယ် အတွင်းမှာတင် ခြေဖျက်ပစ်နိုင်လိမ့်မယ်။ အဲဒီ အချိန်ကျရင် အင်အား အနည်းငယ်လေး သုံးလိုက်ရုံနဲ့ နောက်ထပ် တူချက်တစ်ချက်ကို ပြန်လည် ထုတ်ဖော်နိုင်ပြီ။ ထပ်ပြီးတော့ ပထမ တစ်ချက်ရဲ့ အားအဟုန်တွေ ကလည်း မပျောက်ဆုံးသေးဘူး။ ဒီလို နည်းလမ်းနဲ့ အချက်ပေါင်း ဆယ်နဲ့ချီတဲ့ တူချက်တွေရဲ့ ခွန်အားကို တစ်ချက်တည်းမှာ စုစည်းလိုက်ရင် မင်းထက် အဆင့် အတော်များများ မြင့်တဲ့သူတွေတောင် မင်းရဲ့ ဒီ ပြည့်ဝ သိပ်သည်းတဲ့ တူချက် တစ်ချက်ကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။"
ယင်းကျိုယို မပြောလျှင်တောင်မှ ဟုန်ရှောင်ပေါင်က သိသာထင်ရှားစွာ ခံစားမိနေပြီ ဖြစ်၏။ ယခုအခါ သူက ပထမတစ်ချက်၏ အားအဟုန် မပျောက်ဆုံးသေးမီမှာပင် ဒုတိယမြောက် ရိုက်ချက်ကို အရှိန်အဟုန်ဖြင့် ကျရောက်စေနိုင်ပြီ ဖြစ်သည်။ ရိုက်ချက် နှစ်ချက်တည်းနှင့်ပင် ပေါက်ကွဲထွက်မတတ် ပြင်းထန်သော သတ်ဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်နေပြီ ဖြစ်၏။
အကယ်၍ အဘိုး ပြောပြသည့် အဆင့်အထိ တကယ်ပဲ ကျင့်ကြံနိုင်ခဲ့မည် ဆိုလျှင်... ဒယ်အိုး လွှဲယမ်းရသည့် လမ်းကြောင်းက လုံလောက်အောင် တိုတောင်းပြီး သူ၏ အမြန်နှုန်းက လုံလောက်အောင် မြန်ဆန်မည် ဆိုပါက... မျက်စိတစ်မှိတ် အတွင်းမှာပင် ရိုက်ချက်ဆယ်ကျော်၏ ခွန်အားကို အမှတ်တစ်ခုတည်း၌ စုစည်းနိုင်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် ...။
ဟုန်ရှောင်ပေါင်က တဟားဟား ရယ်မောလိုက်၏။ "ဟား ဟား ... အဲဒီလိုဆိုရင် လောကကြီးမှာ ပြိုင်ဘက် ကင်းသွားပြီ မဟုတ်ဘူးလား။"
ပြောပြီးသည်နှင့် သံမဏိ ဒယ်အိုးကြီးကို နောက်တစ်ကြိမ် လွှဲယမ်း ထုရိုက်လိုက်ပြန်သည်။
ဘုန်း
နောက်ထပ် ရိုက်ချက် တစ်ချက်က လေထုကို ခွဲခြမ်း ထွက်ပေါ်လာခဲ့၏။
ဘုန်း
ဒုတိယမြောက် ရိုက်ချက်က လုံးဝနီးပါး တစ်ပြိုင်နက်တည်း ဆိုသလိုပင် မူလ နေရာဟောင်းဆီသို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။
ဘုန်း