အခန်း ၁၆၃
Vol. 15 Ch. 163
အပိုင်း (၁၆၃) နဂါးက နဂါးမွေးပြီး ဖီးနစ်က ဖီးနစ်မွေးသည်၊ ကြွက်သားက မြေတွင်းတူးတတ်သည်
ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ ကျွဲတစ်ကောင်စာမျှ ကြီးမားသည့် ဤ ကျောက်ဆောင်ကြီးက မျက်စိတစ်မှိတ် အတွင်းမှာပင် လေးပိုင်း ငါးပိုင်း ကွဲအက်သွား၏။
ဟုန်ရှောင်ပေါင် အလွန်တရာ ဝမ်းသာသွားသည်။ "အရမ်း စွမ်းတာပဲဗျာ ...။ ဟားဟား ... အဘိုး … ဘာမှ ဆက်မပြောနဲ့တော့။ ဒီနေ့ ဒီ မြေအောင်းပုစဉ်းမီးက သေချာပေါက် မင်းသား ကျုပ်ရဲ့ အပိုင်ပဲ။"
ယင်းကျိုယို၏ မျက်နှာပြင်က အမူအရာ ကင်းမဲ့နေ၏။ "မလုံလောက်သေးဘူး။ တကယ်လို့ ရိုက်ချက် သုံးချက်ကို ထပ်တူကျ ထုတ်ဖော်နိုင်ရင်တော့ မျှော်လင့်ချက် နည်းနည်း ရှိလောက်သေးတယ်။"
ဟုန်ရှောင်ပေါင် အနည်းငယ် မယုံကြည်နိုင် ဖြစ်သွား၏။ "တကယ်ကြီးလား ...။"
အဘိုးက သူ့ကို ခြိမ်းခြောက် နေသလား ဟုပင် သံသယ ဝင်သွားခဲ့သည်။ ပုံမှန်အားဖြင့် ဆိုလျှင် ပဉ္စမအဆင့် ရှိသော ရွှေစွန်းမြွေ ဤနေရာတွင် ပေါ်လာခြင်းကပင် အလွန် ရှားပါးသောကိစ္စရပ် ဖြစ်ကြောင်း အဘိုး ပြောပြပြီးသား ဖြစ်၏။ ထိုသို့ဆိုလျှင် ပုံမှန် အခြေအနေအရ ဤတစ်ကြိမ် ရောက်လာကြမည့် မိစ္ဆာသားရဲ အများစုက စတုတ္ထအဆင့်လောက်သာ ရှိကြပေမည်။ ခွေးတူဝက်တူကြီးနှင့် သူ ပူးပေါင်းလိုက်လျှင်တောင်မှ စတုတ္ထအဆင့် မိစ္ဆာသားရဲ တစ်ကောင်ကို မဖြေရှင်းနိုင်ဘူးဆိုသော အဓိပ္ပာယ်လား။
"ငတုံး ...။ မိစ္ဆာသားရဲက နှစ်ကောင် ဖြစ်နေရင်ကော ...။ သုံးကောင် ဖြစ်နေရင်ကော ဘယ်လို လုပ်မလဲ။"
ဟုန်ရှောင်ပေါင်က ချက်ချင်း သဘောပေါက်သွား၏။ "ဪ ... ဟုတ်သားပဲ၊ ဟုတ်သားပဲ။ ဒီလိုဆိုရင်တော့ ရိုက်ချက်သုံးချက်ကို တစ်ချက်တည်းဖြစ်အောင် ထပ်တူကျတဲ့နည်းလမ်းကို သေချာပေါက် သင်ယူမှ ဖြစ်တော့မယ်။"
ပြောပြီးသည်နှင့် သံမဏိ ဒယ်အိုးကြီးကို နောက်တစ်ကြိမ် မြှောက်တင် လေ့ကျင့်တော့သည်။
ဤသို့ဖြင့် ဟုန်ရှောင်ပေါင်သည် နေ့လယ်ခင်း တစ်ခုလုံးကို ဤနေရာ၌ အချိန်ကုန်ခံ လေ့ကျင့်နေခဲ့သည်။ တောင်တန်းအတွင်း၌ မိစ္ဆာသားရဲများ အဆက်မပြတ် ရောက်ရှိနေကြ၏။ သို့သော်ငြား မြေအောင်းပုစဉ်းမီး တည်ရှိရာနေရာနှင့် ဟုန်ရှောင်ပေါင် ရှိနေသော ရေကန်တို့က အတော်လေး အလှမ်းဝေးလှသည်။ ထို့အပြင် ဤနေရာက အတော်လေး သီးသန့် ကွယ်ဝှက်နေသဖြင့် ရောက်လာသည့် မိစ္ဆာသားရဲ လွန်စွာ နည်းပါးလှ၏။ တစ်နေကုန်လုံးမှ မိစ္ဆာသားရဲ ငါးရာ၊ ခြောက်ရာလောက်သာ ဖြတ်သန်းသွားခဲ့၏။
ထို မိစ္ဆာသားရဲများအနက် အများစုမှာ ပထမအဆင့်၊ ဒုတိယအဆင့်များသာ ဖြစ်ကြ၏။ တတိယအဆင့် မိစ္ဆာသားရဲ နည်းနည်းပါးပါးကလည်း ထိပ်ဖြူ ခွေးတူဝက်တူကြီးကို မြင်လိုက်ရသည့်အခါဝေးဝေးကနေ ရှောင်တိမ်းသွားကြသည်။ ထို့ကြောင့် ဟုန်ရှောင်ပေါင်က အနှောင့်အယှက် မရှိဘဲ တစ်ညလုံး အေးအေးဆေးဆေး လေ့ကျင့်နိုင်ခဲ့ခြင်းဖြစ်သည်။
"ဟူး ...။" မနက် အစောပိုင်းအချိန်သို့ ရောက်သောအခါ ဟုန်ရှောင်ပေါင်က အတန်ကြာအောင် ထုရိုက် လေ့ကျင့်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူ၏ လက်ရှိခန္ဓာကိုယ်က ပင်ပန်း နွမ်းနယ်မှုကို မသိရှိချေ။ သို့ပေမည့် စိတ်ပိုင်းဆိုင်ရာအားဖြင့်တော့ အလွန်တရာ ပင်ပန်း နွမ်းနယ်နေခဲ့ပြီ ဖြစ်၏။
ထို့အပြင် ဟုန်ရှောင်ပေါင်ကို အနည်းငယ် စိတ်ပျက်စေသည့်အချက်မှာ ရိုက်ချက်နှစ်ချက်ကို တစ်ချက်တည်း အဖြစ် ထပ်တူကျ ထုတ်ဖော်ရန် သူ့အတွက် မိနစ်အနည်းငယ်သာ လိုအပ်ခဲ့သည်။ သို့ပေမည့် ရိုက်ချက်သုံးချက်ကို တစ်ချက်တည်းအဖြစ် ထပ်တူကျ ထုတ်ဖော်ရန်ကိုမူ တစ်ရက်နှင့် တစ်ညလုံး လေ့ကျင့်ပြီးသည်တောင်မှ မထုတ်ဖော်နိုင်သေးချေ။ ဤသည်က သူ၏ ဂုဏ်သိက္ခာကို အလွန်တရာ ထိခိုက်စေသည်ဟု ခံစားနေရသည်။
ယခုအခိုက်အတန့်တွင် ဟုန်ရှောင်ပေါင်၏ စိတ်ခံစားချက်မှာ ဆက်ပြီး မလေ့ကျင့်ချင်တော့သည့် အခြေအနေသို့ ရောက်ရှိနေ၏။
သို့သော်ငြား တိုးတက်မှု အနည်းငယ်တော့ ရှိခဲ့၏။ အနည်းဆုံးတော့ ယခုအခါ ဒယ်အိုး လွှဲယမ်းရသည့် အဝိုင်း၏ အချင်းဝက်က အတော်လေး သေးငယ်သွားခဲ့ပြီ ဖြစ်သည်။ အဘိုး ပြောပြသည့် တစ်ပေခန့် အကွာအဝေးနှင့် အလွန် နီးကပ်နေပြီ ဖြစ်၏။ တစ်ပေခန့် အကွာအဝေး ဆိုသည်မှာ အဘိုး ပြောပြသော 'အခြေခံ ဝင်ခြင်း' ပင်ဖြစ်သည်။
ထို့အပြင် ဟုန်ရှောင်ပေါင်က သူကိုယ်တိုင် ရိုက်ချက် သုံးချက်ကို ထပ်တူကျ ထုတ်ဖော်နိုင်သည့် အဆင့်နှင့် အလွန် နီးကပ်နေပြီ ဖြစ်ကြောင်း သိသာထင်ရှားစွာ ခံစားမိနေ၏။ သို့ပေမည့် ဤ နောက်ဆုံး ရိုက်ချက်က မည်သို့မျှ ထွက်ပေါ်မလာချေ။ အမြဲတမ်းလိုလို နည်းနည်းလေး လိုနေသေးသကဲ့သို့ ခံစားနေရ၏။
"တခြားသူတွေမှာ ရိုက်ချက် နှစ်ချက်ကို ထပ်တူကျ ထုတ်ဖော်နိုင်ဖို့အတွက် တစ်နှစ်၊ နှစ်နှစ်လောက် အချိန် ယူရတယ်။ မင်းက ဒါတောင် ကျေနပ် အားရမှု မရှိသေးဘူးလား။"
ဟုန်ရှောင်ပေါင်က ဒေါသတကြီး ပြောလိုက်သည်။ "အဘိုး ... ကျုပ်ကို လာပြီး နှစ်သိမ့်မနေနဲ့။ အဘိုး ပြောတာ တကယ်လား၊ တကယ် မဟုတ်ဘူးလား ဆိုတာကိုတော့ ကျုပ် မသိဘူး။ တကယ်ပဲ မှန်နေရင်တောင်မှ မင်းသား ကျုပ်က အဲဒီ သာမန်လူတွေနဲ့ ယှဉ်ပြိုင်လို့ မရဘူးလေ။ မင်းသား ကျုပ်က ပါရမီရှင်တွေထဲကမှ ထိပ်တန်း ပါရမီရှင်ကြီးတွေနဲ့ သွားပြီး ယှဉ်ပြိုင်ရမှာ ... ဟုတ်တယ် မလား။"
"ဒါဆို မင်း ဘာလုပ်ချင်သေးလို့လဲ။"
ဟုန်ရှောင်ပေါင်က ချက်ချင်းပင် ဝမ်းသာအားရ ပြောလိုက်၏။ "နားမယ်လေ ...။ အလုပ်လုပ်တာနဲ့ အနား ယူတာကို မျှတအောင် လုပ်ရမယ် ... ဟုတ်တယ် မလား။"
ပြောပြီးသည်နှင့် ယင်းကျိုယို၏ သဘောတူညီချက်ကို မစောင့်ဆိုင်းတော့ဘဲ အော်ဟစ်လိုက်သည်။ "ရတနာဝက်ဝံ ... ခွေးတူဝက်တူကြီး ...။ ပစ္စည်းတွေ သိမ်းကြ။ သွားမယ်၊ သွားမယ်၊ သွားမယ် ...။ ရတနာ သွားလုကြမယ် ...။"
"အု ... အု ... အု ... အု ... အု ...။" ရတနာဝက်ဝံလေး အလွန်တရာ ဝမ်းသာသွား၏။ မူလတည်းက ဤ ရင်းနှီး ကျွမ်းဝင်သော တောနက်ကြီး ထဲသို့ ပြန်လည် ရောက်ရှိလာသဖြင့် သူက အလွန် ပျော်ရွှင်နေခဲ့ပြီး ဖြစ်သည်။ သို့ပေမည့် ဤ နေရာ တစ်နေရာတည်းတွင် အမြဲတမ်း နေထိုင်ရသဖြင့် ငြီးငွေ့လာခဲ့ပြီ ဖြစ်၏။ နောက်တစ်ကြိမ် ခရီးဆက်တော့မည် ဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ ချက်ချင်းပင် ပျော်ရွှင်စွာ ခုန်ပေါက် ကစားတော့၏။
ယင်းကျိုယိုမှာ ပြောစရာ စကားပင် မရှိတော့ချေ။ သူ ဘာမှ မပြောရသေးမီမှာပင် ဟုန်ရှောင်ပေါင်က ဆယ်စက္ကန့်ကျော် အတွင်း၌ အလွန် လျင်မြန် သွက်လက်စွာဖြင့် ခရီးဆောင် အထုပ်အပိုးများကို သိမ်းဆည်း ပြီးစီးသွားခဲ့ပြီ ဖြစ်၏။
ထို့အပြင် ခြေလှမ်းမှန်မှန်ဖြင့် စတင် ထွက်ခွာနေပြီဖြစ်ရာ ဒေါသတကြီးဖြင့် ပြောလိုက်ရသည်။ "ငါ့ကောင် ... မင်း ဒီအခိုက်အတန့်ကို စောင့်ဆိုင်းနေတာ အတော်လေး ကြာနေပြီမလား။"
ဟုန်ရှောင်ပေါင်က ဟီးဟီး ပြုံးလိုက်၏။ "ဟီးဟီး ... သွားမယ်၊ သွားမယ်၊ သွားမယ် ... အရေးကြီးတဲ့ ကိစ္စက အရင်ပဲ။ မင်းသား ကျုပ် သိုင်းကျင့်ကြံနေတဲ့ အချိန်လေးအတွင်းမှာ အဲဒီ တိရစ္ဆာန်တွေက ရတနာကို ခိုးယူ သွားရင် ဘယ်လိုလုပ်မလဲ။"
ရေကန် တည်ရှိရာနေရာက တောင်ကြားတစ်ခု ဖြစ်သည်ဟု ဆိုသော်ငြား အမှန်တကယ်တော့ တောင်ကုန်းငယ်လေး တစ်ခု၏ အပေါ်တွင် တည်ရှိနေခြင်းဖြစ်သည်။
ဟုန်ရှောင်ပေါင်က ဖြည်းညင်းစွာ စီးဆင်းနေသော ရေစီးကြောင်းအတိုင်း တောင်ကြားမှ ဖြည်းညင်းစွာ ထွက်လာခဲ့ပြီးနောက် တောင်ကုန်းငယ်လေး တစ်ခု၏ အပေါ်သို့ ရောက်ရှိလာခဲ့သည်။ ဤ တောင်ကုန်းငယ်လေး အပေါ်ရှိ အပင်များက အတော်လေး ထူထပ်နေပြီး ဟုန်ရှောင်ပေါင်၏ မြင်ကွင်းကို ကွယ်ရပ်ထား၏။ ဟုန်ရှောင်ပေါင် က သံမဏိ ဒယ်အိုးကြီးကို ခါးတွင် ချိတ်လိုက်ပြီး သစ်ပင်ပေါ်သို့ တွယ်တက်တော့၏။
မြင့်မားသော နေရာသို့ တက်ရောက်ပါက ပိုမို ရှင်းလင်းစွာ မြင်ရမည်ဟု တွေးတောလိုက်ခြင်းဖြစ်၏။ သူ၏ သံမဏိ ဒယ်အိုးကြီးက မည်မျှ အလေးချိန် ရှိကြောင်းကို သူ သေသေချာချာ မစဉ်းစားမိခဲ့ချေ။ သိပ်ပြီး မကြီးမားလှသော ဤ သစ်ပင်ငယ်လေးက အဘယ်သို့ ခံနိုင်ရည် ရှိပါမည်နည်း။
ဂျွတ်
ကြွပ်ဆတ်သော အသံ တစ်ချက် ထွက်ပေါ်လာပြီး သနားစရာ ကောင်းသော သစ်ပင်ငယ်လေးမှာ ခါးလယ်မှ ကျိုးသွား၏။
ဟုန်ရှောင်ပေါင်လည်း ဝုန်းခနဲ ပြုတ်ကျလာခဲ့သည်။
ဟုန်ရှောင်ပေါင်က နောက်ပြန် တစ်ပတ် လှိမ့်ကာ မတ်တပ် ရပ်လိုက်၏။ သူ ဘာမှ မပြောရသေးမီမှာပင် ထိပ်ဖြူ ခွေးတူဝက်တူကြီးက ဒေါသတကြီး အော်မြည်ကာ ပြေးဝင်သွားခဲ့သည်။ သစ်ပင်ငယ်လေးကို ချက်ချင်း အမြစ်ပါ မကျန် ဆွဲနုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ဖိတွန်းကာ အားရပါးရ ထုရိုက် ပစ်နေ၏ ...။
"…..."
ဟုန်ရှောင်ပေါင် ပြောစရာ စကားပင် မရှိတော့ချေ။ ခွေးတူဝက်တူကြီးကို ကြည့်ရှုရင်း အတန်ကြာ မှင်သက် နေမိသည်။
"ဟားဟားဟားဟားဟား ... ဟားဟားဟားဟား။"
ယင်းကျိုယိုက တဟားဟား ရယ်မောလျက် အော်ဟစ်လိုက်၏။ "ကောင်းတယ်ကွ ...။ နဂါးက နဂါးမွေးပြီး ဖီးနစ်က ဖီးနစ်မွေးတယ်၊ ကြွက်သားက မြေတွင်း တူးတတ်တယ်။ မင်းတို့တွေက တကယ်ကို တစ်ပုံစံတည်းပဲ ...။"
ဟုန်ရှောင်ပေါင် ဒေါသ ထွက်သွား၏။ "အိမ်း ... အဘိုး .. ရင်းနှီးတာက ရင်းနှီးတာပဲ။ ဒါပေမဲ့ အခုလို ကျုပ်နဲ့ နှိုင်းယှဉ်တာက အသရေဖျက်တာပဲနော်။ အဘိုး လုပ်နေတာက အသရေဖျက်တာ စစ်စစ်ပဲ။"
"မနေ့က မင်း လိုဏ်ဂူထဲကို ပြေးဝင်သွားတုန်းက မင်းကို တိုက်မိတဲ့ အဲဒီ ကျောက်စက်ပန်းဆွဲကို ချိုးဖဲ့ပြီး ထုရိုက် ပစ်ခဲ့တယ်မလား ...။"
"..." ဟုန်ရှောင်ပေါင်မှာ ချက်ချင်းပင် စကားဆံ့အ သွား၏။ ဟုတ်သားပဲ ... တကယ်ကြီး အဲဒီလို ကိစ္စမျိုး ဖြစ်ခဲ့တာပဲ။
ဟုန်ရှောင်ပေါင်က မည်မျှ ရိုးသား ဖြောင့်မတ်သူ ဖြစ်သနည်း။ ကိုယ် လုပ်ခဲ့သည့် ကိစ္စကို သဘာဝကျကျပင် ဝန်ခံရပေမည်။ ချက်ချင်းပင် လေးလေးနက်နက် မျက်နှာပေးဖြင့် တောင်အောက်သို့ စိုက်ကြည့်လိုက်၏။ "ရတနာ လုပွဲကြီးက တကယ်ပဲ စတင် နေလောက်ပြီ။ အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောနဲ့တော့ ... သွားမယ်။" ပြောပြီးသည်နှင့် သနားစရာကောင်းသော ထို သစ်ပင်ငယ်လေးကို ထုရိုက်ချင်နေသေးသည့် ခွေးတူဝက်တူကြီးကို ဆွဲငင်ကာ တောင်အောက်သို့ တန်းခနဲ ပြေးဆင်းသွားတော့သည်။
ခွေးတူဝက်တူကြီးမှာလည်း သနားစရာ ကောင်းလှ၏။ မူလက သူက သခင်အတွက် လက်တုံ့ပြန် ပေးခြင်း ဖြစ်သည်။ သို့ပေမည့် နောက်တစ်ခဏတွင် ဟုန်ရှောင်ပေါင်က သူ၏ နောက်ခြေထောက် တစ်ဖက်ကို ဆွဲကိုင်၍ မြေပြင်ပေါ်၌ တရွတ်တိုက် ဆွဲငင် သွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူ၏ ခန္ဓာကိုယ် အရှေ့ပိုင်း တစ်ခုလုံးက မြေပြင်ပေါ်တွင် တရွတ်တိုက် ပါလာခဲ့ပြီး၊ အခါအားလျော်စွာ ကျောက်တုံးကြီး များနှင့် ထိခိုက်မိနေခဲ့သည်။ သူက အရေပြားထူပြီး အသားမာသဖြင့် နာကျင်မှုတော့ မရှိချေ။ သို့ပေမည့် တိုက်မိဖန် များလာတော့ အနည်းငယ် မူးဝေ နေမိသည်။