← Chapters

အခန်း ၁၆၄

Vol. 15 Ch. 164

အခန်း ၁၆၄

Vol. 15 Ch. 164

အပိုင်း (၁၆၄) "ဒါ ... ဒါက ... ဒါက ကြေးမျောက်ဝံပဲ"

တောင်ကုန်းငယ်လေးပေါ်မှ ထွက်လာပြီး မကြာမီမှာပင် ဟုန်ရှောင်ပေါင်သည် အိမ်တစ်လုံးစာမျှ ကြီးမားသည့် ကျောက်ဆောင်ကြီး တစ်လုံးကို မြင်တွေ့လိုက်ရ၏။ နေရာက အတော်လေး မြင့်မားသည်။ အပေါ်မှ စီးကြည့်လိုက်လျှင် တောင်အောက်ရှိ အခြေအနေများကို အလွန် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ဤသည်က တောင်ကြားများ အကြားရှိ ချိုင့်ဝှမ်းငယ်လေး တစ်ခု ဖြစ်၏။ ချိုင့်ဝှမ်းငယ်၏ ပတ်လည် လေးဖက်လေးတန်တွင် တောင်တန်းများ ရံပတ်နေသည်။ အရပ်မျက်နှာ တစ်ခုတွင်မူ အတော်လေး မတ်စောက်သော ချောက်ကမ်းပါးကြီး တစ်ခု ရှိနေ၏။ ချောက်ကမ်းပါး၏ အောက်ခြေမှ မီတာ သုံးဆယ်၊ လေးဆယ်ခန့် အကွာရှိ နေရာတွင် အပြင်ပန်း နံရံ အနည်းငယ် ပြိုကျနေပြီး အထဲရှိ အမည်းရောင် လိုဏ်ဂူကြီး တစ်ခု ရှိလို့နေ၏။

ချိုင့်ဝှမ်းငယ်လေးအပေါ်တွင်လည်း သဘာဝကျကျပင် အပင်များ ထူထပ်စွာ ပေါက်ရောက်နေ၏။ သို့ပေမည့် ထိုအထဲမှ အပင်အတော်များများမှာ ဖျက်ဆီးခံထားရသည်။ ပဟေဠိ ဆက်စပ်ပုံ အပိုင်းအစ လေးများ ကွက်လပ် ဖြစ်နေသကဲ့သို့ ဖြစ်နေပြီး အခြေအနေက တောအုပ်အောက်ရှိ မိစ္ဆာသားရဲများကို ပေါ်လွင်စေ၏။ ဤ မိစ္ဆာသားရဲများ၏ နေရာယူထားမှု အနေအထားအရ သူတို့ ဝိုင်းရံ ထားကြသည်မှာ ချောက်ကမ်းပါး အပေါ်ရှိ ထို လိုဏ်ဂူကြီး ပင်ဖြစ်သည်။

ယခုအခိုက်အတန့်တွင် ချောက်ကမ်းပါးအောက်၌ ခန္ဓာကိုယ် အရွယ်အစား ပိုမို ကြီးမားသည့် မိစ္ဆာသားရဲ အမြောက်အမြား ရပ်တန့် နေကြ၏။

"အဲဒီ မြေအောင်းပုစဉ်းမီးက အဲဒီ လိုဏ်ဂူ ထဲမှာများ ရှိနေတာလား။" ဟုန်ရှောင်ပေါင်က ချောက်ကမ်းပါး အပေါ်ရှိ ထို လိုဏ်ဂူကို စိုက်ကြည့်လိုက်ရာ လိမ္မော်ရောင် အလင်းစက်လေးများကို မြင်တွေ့လိုက်ရ၏။ ပိုးစုန်းကြူး လေးများနှင့် ဆင်တူသည်။ သဘာဝကျကျပင် မည်မျှ လင်းလက်နေသော ပိုးစုန်းကြူး ဖြစ်ပါစေ နေ့ခင်းဘက်တွင် အလင်းရောင်ကို မြင်တွေ့နိုင်မည် မဟုတ်ချေ။

"သွားမယ်၊ သွားမယ်၊ သွားမယ် ... ရတနာက သေချာပေါက် အဲဒီ နေရာမှာပဲ ရှိရမယ်။"

ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ ပြောလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် သူ၏ စိတ်ထဲတွင် ရုတ်တရက် မှင်သက်သွားခဲ့၏။ တောအုပ်၏ ထောင့်တစ်နေရာတွင် ကြေးမျောက်ဝံ အနည်းငယ် ဖြတ်သန်းသွားသည်ကို သူ တွေ့လိုက်ရသည်။ သူတို့၏ ပုံစံကို ကြည့်ရသည်မှာ အလွန်တရာ စိတ်လှုပ်ရှားနေပုံရပြီး တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေကြပုံ ပေါ်၏။

"စိတ်ဝင်စားစရာပဲ ... စိတ်ဝင်စားစရာ ကောင်းနေပြီ။" ဟုန်ရှောင်ပေါင်က ပြုံးရွှင်စွာ ပြောလိုက်သည်။

မိစ္ဆာသားရဲများ အကြားရှိ ရန်ငြိုး ပဋိပက္ခများကို သူ ဂရုမစိုက်နိုင်ချေ။ ချောက်ကမ်းပါးအောက်သို့ ချက်ချင်း သွားရောက် ကြည့်ရှုလိုသော်ငြား ကြေးမျောက်ဝံများ ရှိနေသော နေရာမှ မျက်စိကျိန်းလောက်သည့် အဖြူရောင် အလင်းတန်း တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။

"အို ... ဒါ ကွမ်းထျန်းချိုင်တို့ရဲ့ ငွေရောင်မြှားတံပဲ ...။" ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အသွား၏။ ထို ငွေရောင်မြှားတံ၏ အလင်းရောင်ကို သူ မှတ်မိနေဆဲ ဖြစ်သည်။

အတန်ကြာ စဉ်းစားပြီးနောက် ထိုအရပ်ဆီသို့ လျှောက်သွားလိုက်၏။ ကွမ်းထျန်းချိုင် အစရှိသည့် သူများမှာ စိတ်ပျက်စရာ ကောင်းသော်ငြား၊ သူတို့က ပစ္စည်း အမြောက်အမြား ကြိုတင် ပြင်ဆင်လာခဲ့ပုံကို ကြည့်ရသည်မှာ ဤ မြေအောင်းပုစဉ်းမီးအကြောင်းကို အတော်လေး သိရှိနားလည် ပုံရသည်။ သတင်းအချက်အလက် အနည်းငယ် သွားရောက် စုံစမ်းကြည့်သည်ကလည်း မဆိုးလှချေ။

ချက်ချင်းပင် အလွန်တရာ မြန်ဆန်သော အရှိန်အဟုန်ဖြင့် တစ်ခါတစ်ရံ ခုန်ပျံကာ၊ တစ်ခါတစ်ရံ ခြေကုန်သုတ် ပြေးလွှားလိုက်သည်။ ခဏအကြာတွင် ကြေးမျောက်ဝံများ၏ အရှေ့သို့ ရောက်ရှိသွားခဲ့၏။ ဤနေရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဟုန်ရှောင်ပေါင်က ဟင်ခနဲ ရေရွတ်လိုက်မိ၏။

"မျောက်တွေ အများကြီး ပါလား ...။"

"ဝူး... ဝူး... ဝူး... ဝူး...။ ဝူး... ဝူး... ဝူး...။"

"ဝူး... ဝူး... ဝူး...။"

"ဝူး... ဝူး... ဝူး...။"

ကြေးမျောက်ဝံများ၏ အော်ဟစ်သံများက တစ်သံတည်း ထွက်ပေါ်နေ၏။ သူတို့အားလုံး အလွန်တရာ စိတ်လှုပ်ရှားနေကြကြောင်း သိသာထင်ရှားလှသည်။ အားအင် ကုန်စင်အောင် အော်ဟစ်နေသူများ ရှိသကဲ့သို့၊ ကိုယ့်ရင်ဘတ် ကြွက်သားကို ကိုယ် ပြင်းထန်စွာ ထုရိုက်နေသူများလည်း ရှိ၏။ တစ်ချို့ဆိုလျှင် ဘေးနားရှိ သစ်ပင်ကြီးများကို အစွမ်းကုန် ထုရိုက်နေကြသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် အကောင် ဆယ်ကျော်ခန့် ရှိကြောင်း သိနိုင်သည်။

ကြေးမျောက်ဝံအားလုံးက သစ်ပင်ကြီးတစ်ပင်၏ ပတ်လည်တွင် ဝိုင်းရံနေကြသည်။ ထို သစ်ပင်ကြီး၏ ဘေးတွင် ဘာရှိနေလဲ ဆိုတာကို ဟုန်ရှောင်ပေါင် မကြည့်လျှင်တောင်မှ သိနိုင်ပေ၏။

တကယ်ပင် ခြေလှမ်းအနည်းငယ် ထပ်မံ လျှောက်သွားလိုက်ရာ ကွမ်းထျန်းချိုင်၊ နိမ့်ရန်၊ လော်မင်ကျဲ သုံးဦးတို့ကို မြင်တွေ့လိုက်ရသည်။ သုံးဦးစလုံးက သစ်ပင်ကြီးကို ကျောမှီထားကြပြီး အခြေအနေက အလွန်တရာ စိတ်ပျက် သနားစရာ ကောင်းနေ၏။ အထူးသဖြင့် ညာဘက် လက်မောင်းတွင် မူလတည်းက ဒဏ်ရာ ရထားသော လော်မင်ကျဲ ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးတွင် သွေးများ စွန်းထင်းနေပြီး ညာဘက် ဦးခေါင်းပေါ်တွင် ကြီးမားသော ဒဏ်ရာ အပေါက်ကြီးတစ်ခု ရှိနေ၏။ သွေးသံရဲရဲနှင့် ပုံစံက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

ဟုန်ရှောင်ပေါင်သည် သွေးကြောက်တတ်သူ ဖြစ်၏။ အထူးသဖြင့် လူ့သွေးပင်ဖြစ်သည်။ ကံကောင်းသည်မှာ အကွာအဝေးက အတော်လေး ဝေးကွာနေသဖြင့် စိတ်ထဲတွင် အနည်းငယ် မွန်းကျပ်မှုသာ ခံစားလိုက်ရ၏။

သူ၏ စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ သူက လောကကြီးကို ကိုင်လှုပ်နိုင်တဲ့ ထိပ်တန်း သူရဲကောင်းကြီး ဖြစ်လာမဲ့ သူတစ်ယောက်လေ။ သွေးကြောက်သည် ဆိုတာကြီးက ...။

ဤအရာက သူ၏ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာမည့် ခရီးလမ်းကို ဆိုးရွားစွာ အားနည်း ယုတ်လျော့စေ၏။ ဤရောဂါဆိုးကြီး အပြီးတိုင် ပျောက်ကင်းသွားစေရန် မည်သို့ကုသရမည်နည်း ဆိုသည့် နည်းလမ်းကောင်းတစ်ခုကို မဖြစ်မနေ စဉ်းစားရှာကြံမှသာ ဖြစ်ပေတော့မည်...။

ကြေးမျောက်ဝံများမှာ လွန်စွာ စိတ်လှုပ်ရှားနေကြပြီး သူတို့၏မျက်လုံးများက ထိုသုံးဦးဆီသို့သာ စိုက်ကြည့်နေကြ၏။

ကွမ်းထျန်းချိုင်က အနည်းငယ်မျှ မပေါ့ဆရဲချေ။ လက်ထဲမှ ဒူးလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ဒူးလေးအတွင်း၌ ငွေရောင်မြှားတံတစ်စင်း အသင့် တပ်ဆင်ထား၏။ သူနှင့် သိပ်မဝေးလှသောနေရာတွင် တစ်ကိုယ်လုံး မှုန့်မှုန့်ညက်ညက် ကြေမွနေသော ကြေးမျောက်ဝံတစ်ကောင်၏ အလောင်း ရှိနေသည်။ သေဆုံးပုံက ပေါက်ကွဲ ထွက်သွားသကဲ့သို့ဖြစ်၏။ တွေးကြည့်ရလျှင် စောစောက ပစ်ခတ်လိုက်သည့် ငွေရောင်မြှားတံ က ဤ ကြေးမျောက်ဝံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်လောက်သည်။

ကြေးမျောက်ဝံ အားလုံးက ကွမ်းထျန်းချိုင်၏ လက်ထဲရှိ ငွေရောင်မြှားတံကို အပြည့်အဝ သတိထား စောင့်ကြည့်နေကြ၏။ သူတို့၏ဉာဏ်ရည်က မနိမ့်ကျချေ။ ငွေရောင်မြှားတံမှာ ကုန်ဆုံးသွားသည့် အချိန် ရှိလာမည် ဖြစ်ကြောင်း သဘာဝကျကျ သိကြသည်။ သို့ပေမည့် သူတို့တွင် ဉာဏ်ရည် ရှိကြသည်။ မြားတံမကုန်ဆုံးမီ မည်သူကမှ ပထမဆုံး သေဆုံးရသည့် အကောင် မဖြစ်လိုကြချေ။

"ဝူး... ဝူး... ဝူး...။"

"ဝူး... ဝူး... ဝူး...။"

ကြေးမျောက်ဝံများက စိတ်လှုပ်ရှားစွာ အော်ဟစ်လျက် တစ်လှမ်းချင်း ချဉ်းကပ်လာကြ၏။ အကောင် နှစ်ဆယ်ကျော်မျှသာ ရှိသည် ဆိုသော်ငြား ထိုအရှိန်အဝါက လူထောင်ပေါင်းများစွာ ပါဝင်သော စစ်တပ်ကြီး တစ်တပ်နှင့် ဆင်တူလှသည်။

လော်မင်ကျဲမှာ သတိလစ် မတတ် ပင်ဖြစ်နေ၏။ နှုတ်ခမ်းပေါ်တွင် သွေးရောင် အနည်းငယ်မျှ လုံးဝ မရှိတော့ချေ။

ကွမ်းထျန်းချိုင်နှင့် နိမ့်ရန်တို့က လော်မင်ကျဲ၏ တစ်ဖက်တစ်ချက်ဆီမှ ဝန်းရံ ကာကွယ်ထားကြသည်။ သူတို့ နှစ်ယောက်၏ မျက်နှာများမှာလည်း အလွန်တရာ ဖြူဖျော့နေကြ၏။ ယနေ့ သူတို့ အားလုံး ဤနေရာ၌ အသက်ပေး ရတော့မည် ဖြစ်ကြောင်း သိကြသည်။ ကြေးမျောက်ဝံများက ဤမျှလောက် ရန်ငြိုး ဖွဲ့တတ်လိမ့်မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။ ထို့အပြင် မျိုးနွယ်စုအတွင်းရှိ အဖွဲ့ဝင် အရေအတွက်ကလည်း မနည်းလှချေ။

"ပြီးပါပြီ ...။" ကွမ်းထျန်းချိုင်က စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူ၏ မျက်လုံးများက အရှေ့ရှိ ကြေးမျောက်ဝံ အုပ်ကြီးဆီသို့ ဖြည်းညင်းစွာ ဝေ့ကြည့်လိုက်သည်။ ဤမျှ များပြားသော ကြေးမျောက်ဝံများ၏ လက်ထဲတွင် အသက် ပေးလိုက်ရခြင်းမှာ ထိုက်တန်သည်ဟု အဆက်မပြတ် နှစ်သိမ့်နေခဲ့၏။ သို့ပေမည့် ရုတ်တရက် သူ၏ မျက်နှာပြင်က တောင့်တင်းသွားခဲ့သည်။ သူ ... ဘာကို မြင်လိုက်ရသနည်း ...။

ဟုန်ရှောင်ပေါင် လား ...။ ထို့အပြင် သူ၏ ထိပ်ဖြူ နံစော်ဖျံ လား ...။

ကွမ်းထျန်းချိုင် ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တောင့်တင်းသွားသည်။ ပြီးနောက် ချက်ချင်းပင် ဖြေလျှော့စွာ ပြုံးလိုက်မိ၏။ သေခါနီး လူတွေက ကိုယ် အသက်ရှင်စဉ်တုန်းက သိကျွမ်းခဲ့တဲ့ လူတွေကို မြင်ယောင်တတ်ကြတယ် ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်လောက်တယ် ဟု စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သို့ပေမည့် သူ မြင်တွေ့ရသည့်သူမှာ မိဘတွေ မဟုတ်သလို၊ ကိုယ်တိုင် လက်စားချေ သတ်ဖြတ်ခဲ့သည့် ရန်သူတော်ကြီးလည်း မဟုတ်ဘဲ ဟုန်ရှောင်ပေါင် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဤသူသည် ရေစက်ဆုံခိုက် ခဏတာ သိကျွမ်းခဲ့ရသူထက် သိပ်ပြီး မပိုသော သူတစ်ယောက် မဟုတ်ပါလား။

သူက နောက်တစ်ကြိမ် ထပ်မံ ကြည့်ရှုလိုက်၏။ သူ၏ မျက်နှာပြင်က နောက်တစ်ကြိမ် တောင့်တင်း သွားခဲ့ပြန်၏။

အဲဒီ ထင်ယောင်ထင်မှား မြင်ကွင်းက ရှိနေတုန်းပဲ ...။ တကယ်ကြီး ရှိနေသေးတယ် ...။ ပြီးတော့ ပြုံးတောင် ပြုံးနေသေးတာလား ...။ ရူးသွားပြီလား ...။ လက်ယပ် ခေါ်နေတာလား ...။

"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး ... မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး ...။" ကွမ်းထျန်းချိုင်က ဂါထာ ရွတ်နေသကဲ့သို့ တတွတ်တွတ် ရေရွတ်နေမိ၏။ သူ၏ စိတ်ထဲတွင် မြစ်ပြင်တစ်ခုလုံး ဆူပွက်နေသကဲ့သို့ လှိုင်းထန်နေခဲ့သည်။

စိုက်ကြည့်ပြီး သေသေချာချာ ထပ်မံ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ လုံးဝ ယုတ္တိ မတန်သော ဤ မြင်ကွင်းကို သူ အတည်ပြု နိုင်ခဲ့ပြီ ဖြစ်၏။ သူ၏လည်ချောင်းမှာ အက်ကွဲနေပြီ ဖြစ်သည်။ နှုတ်ခမ်း ဖျားမှ စကားလုံး သုံးလုံးက တစ်လုံးချင်းစီ အတင်းအကျပ် ထွက်ပေါ်လာခဲ့၏။ "ဟုန် ... ရှောင် ... ပေါင် ...။"

နိမ့်ရန်၏ မျက်နှာပြင်မှာလည်း သေလူ တစ်ယောက်ကဲ့သို့ မွဲခြောက်နေပြီ ဖြစ်၏။ လက်ထဲရှိ ဒူးလေးကို ကိုင်ဆောင်ထားသော သူ၏ လက်နှစ်ဖက်ကို မည်သည့်အရာက ထောက်ပံ့ ပေးထားသနည်း ဆိုသည်ကိုပင် သူ မသိတော့ချေ။

စိတ်ထဲတွင် ရှုပ်ထွေးနေပြီး ကစဉ့်ကလျား ဖြစ်နေသော အတွေးပေါင်းစုံ ပေါ်ပေါက်နေစဉ် ကွမ်းထျန်းချိုင်၏ ပါးစပ်မှ ထွက်ပေါ်လာရန် လုံးဝ မသင့်တော်သည့် နာမည်တစ်ခုကို တစ်လုံးချင်းစီ ပြောဆိုလိုက်သံ ကြားလိုက်ရသဖြင့် အနည်းငယ် ကြောင်အသွားမိ၏။ သို့ပေမည့် ထိုအရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ ချက်ချင်းပင် မှင်သက်သွားခဲ့သည်။

ဟုန်ရှောင်ပေါင် လား ...။ သူ ဘာလုပ်နေတာလဲ ...။

ကွမ်းထျန်းချိုင်၏ စိတ်ထဲတွင် ရုတ်တရက် စိုးရိမ် ပူပန်လာခဲ့၏။ ယခုအခိုက်အတန့်တွင် ကြေးမျောက်ဝံများ၏ အာရုံ စိုက်မှု အားလုံးက သူတို့နှစ်ယောက်အပေါ်တွင်သာ ရှိနေသည်။ သူတို့၏ အနောက်ဘက်ရှိ ဟုန်ရှောင်ပေါင် ကို လုံးဝ သတိ မထားမိကြချေ။ ဟုန်ရှောင်ပေါင်၏ စွမ်းအားက လစ်လျူရှုထား၍ ရလောက်အောင် အားနည်းလှသည်။ သို့ပေမည့် သတိထားမိသည့် ကြေးမျောက်ဝံ တစ်ကောင်မှ မရှိနေခြင်းကပင် သူတို့အတွက် အခွင့်အရေး ပင်ဖြစ်၏။

ဤအခိုက်အတန့်တွင် ကွမ်းထျန်းချိုင်၏ စိတ်နှလုံးသည် စစ်ဗုံကြီး တစ်လုံးပမာ ပြင်းထန်စွာ ခုန်လှုပ်လာခဲ့သည်။ နောက်တစ်ခဏတွင် သူ၏ နှလုံးသားက ပါးစပ် ထဲကနေ ခုန်ထွက်လာတော့မည် ဟုပင် ခံစားနေရ၏။ ယခုအခါ သူက ဟုန်ရှောင်ပေါင် အနည်းငယ်မျှ လှုပ်ရှားမိသွားပြီး ကြေးမျောက်ဝံ တစ်ကောင်ကောင်၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားမည်ကို အလွန်တရာ ကြောက်ရွံ့နေခဲ့သည်။

‘ဖြည်းဖြည်း ...။ သာသာလေး ...။ ထပ်ပြီး ဖြည်းဖြည်းလေး ...။ ထပ်ပြီး သာသာလေး ...။’ ကွမ်းထျန်းချိုင်၏ စိတ်ထဲတွင် အသံကုန် အော်ဟစ်နေမိ၏။ နဖူးပေါ်မှ ချွေးသီး ချွေးပေါက် ကြီးများက တစ်ပေါက်ပြီး တစ်ပေါက် ကျဆင်းနေခဲ့၏။

All Chapters