← Chapters

အခန်း ၁၆၅

Vol. 15 Ch. 165

အခန်း ၁၆၅

Vol. 15 Ch. 165

အပိုင်း (၁၆၅) ထိပ်ဖြူ ခွေးတူဝက်တူကြီး။

ဤအချိန်တွင် ဟုန်ရှောင်ပေါင်က လှုပ်ရှားမှု စတင်လာခဲ့၏။

သို့ပေမည့် ကွမ်းထျန်းချိုင် လုံးဝ ထင်မှတ်မထားသည့် ကိစ္စရပ် တစ်ခုသည် ဟုန်ရှောင်ပေါင် လုပ်ဆောင်လိုက်သော လှုပ်ရှားမှုမှာ ဤကဲ့သို့သော အပြုအမူ ဖြစ်နေလိမ့်မည်ဟူ၍ပင်။

ဟုန်ရှောင်ပေါင်က နှစ်ပေါင်းများစွာ မတွေ့ရသည့် မိတ်ဆွေဟောင်း တစ်ယောက်ကို မြင်တွေ့လိုက်ရသကဲ့သို့ လက်ကို အလွန်တရာ ရင်းနှီးစွာ ဝှေ့ယမ်းပြလိုက်၏။ "ဟဲလို ... အားလုံးပဲ နေထိုင်ကောင်းကြရဲ့လား။"

" ... ငါယိုး ... အာ ...။"

ဤတစ်ကြိမ် သူ၏ စိတ်ထဲတွင် ကျိန်ဆဲလိုက်သော စကားလုံးများသည် သူ တစ်သက်တာလုံး ပြောဆိုဖူးသမျှ ထဲတွင် အဆိုးရွားဆုံး၊ အရက်စက်ဆုံး စကားလုံးများ ဖြစ်ကြောင်း ကွမ်းထျန်းချိုင် ကျိန်ဆိုရဲသည်။ သို့ပေမည့် သူက အလွန်တရာ စိုးရိမ် တုန်လှုပ်နေသည့် စိတ်ခံစားချက်ကြောင့် အသံ အနည်းငယ်မျှ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ချေ။ တစ်ကိုယ်လုံး ... မျက်နှာ တစ်ခုလုံး မျက်စိတစ်မှိတ် အတွင်းမှာပင် ဝက်သည်းခြေရောင် ကဲ့သို့ မည်းနီ သွားခဲ့၏။ ဒေါသတကြီး ဖြစ်နေသော မျက်လုံးများမှ မီးတောက်များပင် ထွက်ပေါ်လာတော့မတတ် ဖြစ်နေခဲ့သည်။

"ဝူး... ဝူး... ဝူး...။"

"ဝူး... ဝူး... ဝူး...။"

ကြေးမျောက်ဝံများ အလွန်တရာ လန့်ဖျပ်သွားကြပြီး ရုတ်တရက် ထခုန်မိကြ၏။ ထိုအခါမှ ဟုန်ရှောင်ပေါင်ကို တွေ့ရှိသွားကြ၏။

တစ်ချက်တည်းနှင့် အသက်ပျောက်စေနိုင်သည့် အဆိပ်ပြင်းမြွေတစ်ကောင်ကို အပြင်းအထန် သတိထား ကာကွယ်နေစဉ်၊ ရုတ်တရက် အနောက်မှ ပုခုံးပုတ်ခံရ၍ လှည့်ကြည့်လိုက်ရာ နောက်ထပ် အဆိပ်ပြင်း မြွေတစ်ကောင် ကိုယ့်အနား ရောက်နေသည်ကို တွေ့လိုက်ရလျှင် မည်သို့ ခံစားရမည်နည်း...။

ယခုအခါ ကြေးမျောက်ဝံတို့ ခံစားနေရသည်မှာ ထိုကဲ့သို့သော ထိတ်လန့်တုန်လှုပ်ဖွယ် ခံစားချက်မျိုးပင် ဖြစ်သည်...။

ဤ လန့်ဖျပ်သွားမှုက တကယ်ကို သာမန် မဟုတ်ချေ။ ကြေးမျောက်ဝံ ဆယ်ကျော်ခန့်က တစ်ပြိုင်နက်တည်း တအံ့တဩ အော်ဟစ်လျက် ထခုန်လိုက်ကြပြီး ခြေလှမ်းအနည်းငယ်မျှ ရုတ်တရက် ဆုတ်ခွာ ရှောင်တိမ်း သွားကြ၏။

ထိုအခါမှ ဟုန်ရှောင်ပေါင်၏ လက်ထဲတွင် သူတို့၏ အသက်ကို အလွယ်တကူ ယူဆောင်နိုင်သော ထို ဒူးလေးမပါရှိကြောင်း တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ဝူး... ဝူး... ဝူးဆိုသော အသံများနှင့် အချင်းချင်း ဆက်သွယ် ပြောဆိုကြတော့သည်။

"ဝူး... ဝူး... ဝူး...။"

"ဝူး... ဝူး...။"

"ဝူး... ဝူး...။"

ဟုန်ရှောင်ပေါင်က အနည်းငယ်မျှ ဂရုမစိုက်ချေ။ ထိုသုံးဦးဆီသို့ လက်ကို ဝှေ့ယမ်းလျက် ပြုံးရွှင်စွာ ပြောလိုက်ဆဲ ပင်ဖြစ်၏။ "ဟဲလို ... How are you … အားလုံးပဲ နေထိုင်ကောင်းကြရဲ့လား။"

ထိုသုံးဦးမှာ ရူးတော့မတတ်ပင်ဖြစ်နေလေ၏။ ဟုန်ရှောင်ပေါင်ကို မြင်လိုက်ရသည့် အခါ တကယ့်ကို ကယ်ဆယ်နိုင်မည့် ကောက်ရိုးမျှင်လေး တစ်မျှင်ကို မြင်တွေ့လိုက်ရသည့် ခံစားချက်မျိုး ရလာကြသည်။ အသက်ကို မည်သို့ကယ်တင်မည်ကို ရေရေရာရာ ၊ သေသေချာချာ မသိကြသော်လည်း နောက်တစ်ခဏတွင် ဤ ငတုံးက ထင်ထင်ပေါ်ပေါ် ထွက်လာခဲ့သည်။

နတ်ပြည်ကနေ ငရဲပြည်ကို ကျဆင်းသွားတဲ့ ဒီ ပြောင်းလဲမှုကြီးက ဘယ်လောက်တောင် ပြင်းထန်လိုက်လဲ ...။

အော့

ကွမ်းထျန်းချိုင်က သွေးတစ်ပွက် အန်ထုတ်လိုက်သည်။

ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အသွား၏။ "အယ်ယို ... အစ်ကိုကြီးကွမ်း … ခင်ဗျားရဲ့ ဒဏ်ရာက မပေါ့ဘူးပဲ။"

ကွမ်းထျန်းချိုင်က ဟုန်ရှောင်ပေါင်ကို ဒေါသတကြီး လက်ညှိုးထိုးပြလိုက်သည်။ သူ၏ လက်ထဲမှ နောက်ဆုံး ကျန်ရှိနေသည့် ဤ ငွေရောင်မြှားတံဖြင့် ဟုန်ရှောင်ပေါင်ကို ပစ်ခတ် ပစ်ချင်စိတ်ပင် ဖြစ်ပေါ်နေခဲ့သည်။

ဝူး …။

အခြား တစ်ဖက်တွင်မူ ကြေးမျောက်ဝံများက ဟုန်ရှောင်ပေါင်ထံတွင် ဒူးလေးမပါရှိကြောင်း အကြိမ်ကြိမ် အတည်ပြု ပြီးသည့်နောက်၊ချက်ချင်းပင် ကြေးမျောက်ဝံ နှစ်ကောင်က ခန္ဓာကိုယ်ကို မတ်တပ် ရပ်လိုက်ကြ၏။ ကိုယ့်ရင်ဘတ်ကို ကိုယ် နှစ်ချက် အားရပါးရ ထုရိုက်ပြီး ပြင်းထန်စွာ ခုန်အုပ်လိုက်ကြ၏။

"ပြီးပြီ ...။"

"ပြီးပြီ ...။"

"ပြီးပြီ ...။"

သူတို့သုံးဦး၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း တွေးတောလိုက်ကြ၏။ ဟုန်ရှောင်ပေါင်နှင့် သူ၏ ထိုထိပ်ဖြူ နံစော်ဖျံ အကြောင်းကို သူတို့က အလွန်တရာ ရင်းနှီး ကျွမ်းဝင်ပြီးသား ဖြစ်သည်။ နောက်တစ်ခဏတွင် ဒေါသ တကြီး ဖြစ်နေသော ကြေးမျောက်ဝံများ၏ ဆွဲဖြဲ သတ်ဖြတ်ခြင်းကို ခံရတော့မည့် ထို လူတစ်ယောက်နှင့် သားရဲ တစ်ကောင်၏ မြင်ကွင်းကို သူတို့ မြင်ယောင်နေကြပြီ ဖြစ်သည်။

ဖြန်း

စိတ်ကူးထဲမှ မြင်ကွင်းက ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။

ထိပ်ဖြူ နံစော်ဖျံ နှင့် ကြေးမျောက်ဝံတို့ ထိတွေ့ မိသွားကြ၏။ ဖြန်းခနဲ အသံနှင့်အတူ အမည်းရောင် အရိပ်တစ်ခု က တစ်ချက်တည်း ရိုက်ထုတ် ခံလိုက်ရသည်။ ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ လွင့်စင်သွား၏။

ဘုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။

သစ်သား အစအနလေးများ လွင့်စင်သွားပြီး ထို အမည်းရောင်အရိပ်က သစ်ပင်ကြီးအပေါ်သို့ တည့်တည့်မတ်မတ် လွင့်စင် ကျရောက်သွားခဲ့၏။ သစ်ပင်ကြီးကို အပေါက်ကြီးတစ်ခု ဖြစ်သွားသည်အထိ အပြင်းအထန် တိုက်မိသွားခြင်းပင်။

ဤ သစ်ပင်ကြီးက သူတို့သုံးဦး၏ ဦးခေါင်းထိပ်တွင် ရှိနေခြင်း ဖြစ်၏။ သစ်သား အစအန အမြောက်အမြားက အပေါ်မှ ကျဆင်းလာသည်။ သူတို့ သုံးဦးက မော့ကြည့်လိုက်ကြပြီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိကြ၏။ "သေသွားပြီလား ...။"

အမည်းရောင်အရိပ်၏ လက်သည်းတစ်ခုက သစ်ပင် အပေါက်ကြီး၏ အပြင်ဘက်တွင် ယိမ်းထိုး လှုပ်ရှားနေ၏။ သူတို့ သုံးဦးက မှင်သက်စွာ စိုက်ကြည့်နေမိကြသည်။ တစ်ခုခု လွဲမှားနေကြောင်းလည်း စဉ်းစားမိကြ၏။ ကြေးမျောက်ဝံ၏ ခွန်အားက သာမန်အားဖြင့်ဆိုလျှင် ဤမျှလောက် မကြီးမားသင့်ပေ။ ထို့အပြင် လက်သည်း၏ ပုံစံကလည်း ထိပ်ဖြူနံစော်ဖျံ၏ လက်သည်းနှင့်လည်း မတူချေ။

သွေးများ အဆက်မပြတ် စိမ့်ထွက်နေဆဲ ဖြစ်သော ပါးစပ်ကြီးမှာ ဖြည်းညင်းစွာ ဟောင်းလောင်း ပွင့်လာခဲ့၏။

ကွမ်းထျန်းချိုင်၏ မျက်နှာပြင်က လုံးဝနီးပါး သတိလစ်မတတ် ဖြစ်လို့သွားသည်။

"ဒါ ... ဒါက ... ဒါက ကြေးမျောက်ဝံပဲ ...။"

သုံးဦးစလုံး၏ ခန္ဓာကိုယ်များက တောင့်တင်းသွားကြ၏။ ဟုန်ရှောင်ပေါင်ဆီသို့ မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်ကြရာ နောက်ထပ် ကြေးမျောက်ဝံ နှစ်ကောင်က ပြင်းထန်စွာ ခုန်ဝင်သွားကြောင်း တိုက်ဆိုင်စွာ တွေ့မြင်လိုက်ကြရသည်။

ထို ထိပ်ဖြူ နံစော်ဖျံက လက်သည်းကို လွှဲယမ်း၍ အားရပါးရ ရိုက်ချလိုက်၏ ...။

ဖြန်း

ကြေးမျောက်ဝံ တစ်ကောင်က ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ နောက်တစ်ကြိမ် လွင့်စင် မြောက်တက် သွားပြန်သည်။ ခဏအတွင်း မီတာ ဆယ်ကျော်ခန့် အကွာရှိ ခြုံပုတ်များအတွင်းသို့ ထိုးစိုက် ကျရောက်သွားသည်။

ထိုသုံးဦးမှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ ခြုံပုတ်များအတွင်းသို့ လွင့်စင် ကျရောက်သွားသည့် ထို ကြေးမျောက်ဝံကို ကြည့်ရှုရင်း မျက်လုံး၊ မျက်ဆန်များ ပြူးထွက်မတတ် ဖြစ်နေကြ၏။ ဤသည်က အိပ်မက် တစ်ခု ဖြစ်နေမည် ဟုပင် သူတို့ သံသယ ဝင်နေမိကြသည်။

ကွမ်းထျန်းချိုင်က သွေးမြှုပ်များ ရောနှောနေသော ပါးစပ်မှ စကားလုံး အနည်းငယ်ကို အတင်းအကျပ် ညှစ်ထုတ်လိုက်၏။ "ဘယ်လိုလုပ် ... ဘယ်လိုလုပ်ပြီး ... ဖြစ်နိုင်မှာလဲ ...။"

"အဲဒါက ထိပ်ဖြူ နံစော်ဖျံ မဟုတ်ဘူးလား။ အဲဒါ ... အဲဒါ ... အဲဒါ ...။"

"ထိပ်ဖြူ ခွေးတူဝက်တူကြီး ...။"

ဒဏ်ရာ အပြင်းအထန် ရရှိပြီး သေလုမျောပါး ဖြစ်နေသော လော်မင်ကျဲမှာ သေခါနီး အားပြန်တက်လာသည်လား၊ ဘာကြောင့်မှန်း မသိချေ။ စကားပြောရန် ခွန်အား အနည်းငယ် ပြန်လည် ရရှိလာခဲ့သည်။ "အဲဒါက တတိယအဆင့် နတ်သားရဲပဲ ...။ ထိပ်ဖြူ ခွေးတူဝက်တူကြီး ...။"

"ဘာ ... လဲ ...။"

ကွမ်းထျန်းချိုင်က မျက်လုံးအပြူးသားနှင့် မယုံကြည်နိုင်စွာ မေးလိုက်၏။ "ထိပ်ဖြူ ခွေးတူဝက်တူကြီး လား ...။"

All Chapters