အခန်း ၁၆၇
Vol. 15 Ch. 167
အပိုင်း (၁၆၇) မိသားစုကြီးမှ သခင်လေး။
ကွမ်းထျန်းချိုင်တို့ သုံးဦးမှာ မင်သက်စွာ စိုက်ကြည့်နေမိကြ၏။ သူတို့ သုံးဦးကို လမ်းဆုံးအထိ အတင်းအကျပ် ဖိနှိပ်ခဲ့သော ဤ ကြေးမျောက်ဝံ အုပ်ကြီးက၊ ဤမျှ လွယ်လွယ်ကူကူ မောင်းထုတ် ခံလိုက်ရလိမ့်မည် ဟု လုံးဝ စိတ်ကူးနှင့်တောင် မမှန်းဆနိုင်ခဲ့ကြချေ။
"ဟားဟား ...။"
ဟုန်ရှောင်ပေါင်က ဒူးလေးကို ကိုင်ဆောင်၍ နေရာအနှံ့ ချိန်ရွယ်ကြည့်နေပြီး တစ်ချိန်တည်းမှာပင် ရယ်မောလျက် ထိုသုံးဦး၏ အရှေ့သို့ လျှောက်လာခဲ့သည်။ သူက ပြောလိုက်၏။ "သုံးယောက်သား ... ပြောပြကြပါအုံးဗျာ ...။"
"ဒါက ပြောပြရမှာပေါ့။" နိမ့်ရန်၏ စိတ်နှလုံးက အဆက်မပြတ် ခုန်လှုပ်နေဆဲ ပင်ဖြစ်သည်။
သေရွာပြန် ကာလကနေ လွတ်မြောက်လာသည့် ဤ ခံစားချက်က သူ၏တစ်ကိုယ်လုံးကို အနည်းငယ် ပေါ့ပါး နေစေသည်။ သူက စိတ်နှလုံးကို ငြိမ်သက်အောင် အတန်ကြာ ထိန်းချုပ်လိုက်ပြီးမှ တည်ငြိမ်စွာ ပြောလိုက်၏။ " မြေအောင်းပုစဉ်းမီးကို ကျုပ်တို့ မတော်တဆ တွေ့ရှိခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက အဲဒီ ချောက်ကမ်းပါး အပေါ်မှာ မီးပန်းပု သစ်ခွပင် တစ်ပင် ပေါက်ရောက်နေတာကို တွေ့ခဲ့ရတယ်။ ကျုပ်တို့အားလုံး အရမ်း ပျော်သွားကြပြီး သွားခူးခဲ့ကြတာပေါ့။
ထင်မထားတာက ခူးဆွတ်နေတဲ့ လုပ်ငန်းစဉ် အတွင်းမှာ တစ်ပင်ပြီး တစ်ပင်နဲ့ ငါးပင် ဆက်တိုက် တွေ့ရှိခဲ့ရတာပဲ။ အရမ်း ပူပြင်းတဲ့ ဒေသတွေမှာသာ ပေါက်ရောက်တတ်တဲ့ မီးပန်းပု သစ်ခွပင် က ဘာဖြစ်လို့ ဒီလို နေရာမျိုးမှာ ပေါက်ရောက်နေတာလဲ လို့ ကျုပ်တို့ သံသယ ဝင်နေကြတုန်းမှာပဲ... ဝေ့ချန်က မတော်တဆ ချောက်ကမ်းပါး နံရံကို ထိုးမိပြီး အပေါက်ငယ်လေး တစ်ပေါက် ဖြစ်သွားခဲ့တယ်။
အဲဒီအခါကျမှ ချောက်ကမ်းပါးရဲ့ အနောက်မှာ လိုဏ်ဂူကြီး တစ်ခု ရှိနေမှန်း ကျုပ်တို့ သိရှိသွားခဲ့ရတာပဲ။ ကျုပ်တို့က သတိကြီးစွာနဲ့ အထဲကို ဝင်ပြီးကြည့်တော့ မြေအောင်းပုစဉ်းမီးကို တွေ့ရှိသွားခဲ့တာပေါ့ ...။
ပြောင်ရှင်းနေတဲ့ ချောက်ကမ်းပါးပေါ်မှာ မီးပန်းပု သစ်ခွပင် လိုမျိုး အပင်တွေ ဘာဖြစ်လို့ ပေါက်ရောက်နေရသလဲ ဆိုတာကို ကျုပ်တို့ သိရှိသွားခဲ့တယ်။ အဲဒီ အချိန်တုန်းက မြေအောင်းပုစဉ်းမီးက အခု လက်ရှိ အဆင့်အထိ ကြီးထွား မလာသေးဘူး။ သူရဲ့ပတ်လည်မှာ လိမ္မော်ရောင် အလင်းလေးတွေ ဝန်းရံ ကျက်စားနေခဲ့တယ်။
ကျုပ်တို့ ထဲက တစ်ယောက်က ရှေးဟောင်း စာပေတွေကို ဖတ်ရှုဖူးတဲ့အတွက် တိုက်ဆိုင်စွာပဲ မြေအောင်းပုစဉ်းမီး ရဲ့ ပုံပန်းသွင်ပြင်ကို သိရှိနေခဲ့တာပေါ့။ ချက်ချင်း မှတ်မိသွားပြီး ဝမ်းသာအားရနဲ့ အရှေ့ကို ခုန်အုပ်သွားခဲ့တယ်။ ထင်မထားတာက မြေအောင်းပုစဉ်းမီးရဲ့ လောင်ကျွမ်းခြင်းကို ခံရပြီး ပြာကျသွားခဲ့တာပဲ ...။"
နောက်ပိုင်း ဇာတ်လမ်းကတော့ ရိုးရှင်းလှ၏။ အဖွဲ့၏ မူလ ခေါင်းဆောင် ဖြစ်သော... ကွမ်းထျန်းချိုင်၏ အစ်ကို ကွမ်းထျန်းချီက အဖွဲ့တစ်ဖွဲ့လုံးကို တဟုန်ထိုး တိုးတက် ကြီးပွားစေနိုင်သည့် အခွင့်အရေးကို သဘာဝကျကျပင် လက်မလွှတ်လိုခဲ့ချေ။
ထို့ကြောင့် လူတိုင်းက နည်းလမ်းအမျိုးမျိုးဖြင့် အဆက်မပြတ် စမ်းသပ်ကြည့်ခဲ့ကြရာ နောက်ဆုံးတွင် လျှပ်စီး မိုးကြိုးက မြေအောင်းပုစဉ်းမီးအပေါ် အံ့ဩဖွယ်ရာ အာနိသင်ရှိကြောင်း စမ်းသပ် တွေ့ရှိသွားခဲ့ကြသည်။ ထိုအခါမှ အဖွဲ့က ထွက်ခွာရန် ရည်ရွယ်လိုက်ကြ၏။ သို့ပေမည့် ဤအချိန်တွင် လိုဏ်ဂူ အဝင်ဝဆီသို့ ဖိတ်ခေါ်ခြင်း မရှိသော ဧည့်သည် တစ်ဦး ရောက်ရှိလာခဲ့သည်။ မာရ်အသွင် ပြောင်းလဲနေသော လေမည်းကျားသစ် ပင်ဖြစ်၏။
နှစ်ဖက် ပြင်းထန်စွာ တိုက်ခိုက် သတ်ဖြတ်ကြရာတွင် မာရ်အသွင် ပြောင်းလဲနေသော လေမည်းကျားသစ်၏ အဆိပ်ရည်က အလွန်တရာ လက်ဝင်လွန်းလှသည်။ အဖွဲ့မှာ အကြီးအကျယ် သေဆုံး ဒဏ်ရာရခဲ့ပြီး၊ လေမည်းကျားသစ် လည်း ထွက်ပြေးသွားခဲ့သည်။
ကွမ်းထျန်းချီ၏ စရိုက်က ကွမ်းထျန်းချိုင်နှင့် ဆင်တူသည်။ သူလည်း အနစ်နာ မခံတတ်သည့် သူတစ်ယောက် ပင်ဖြစ်၏။ အဖွဲ့ကို ခေါ်ဆောင်ကာ လေမည်းကျားသစ်ကို လိုက်လံ သတ်ဖြတ်ခဲ့ရာ သံမဏိ သတ္တုတွင်း အထိ ရောက်ရှိသွားခဲ့၏။
ထိုနေရာတွင် လေမည်းကျားသစ်ကို ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်ငြား လိုဏ်ဂူအတွင်း၌ နောက်ထပ် လေမည်းကျားသစ် တစ်ကောင် ရှိနေလိမ့်မည်ဟု သူတို့မထင်မိခဲ့ပေ။ နှစ်ဖက်က လိုဏ်ဂူ အတွင်း၌ နောက်တစ်ကြိမ် ပြင်းထန်စွာ တိုက်ခိုက် သတ်ဖြတ်ကြပြန်ရာ ကွမ်းထျန်းချီလည်း ထိုနေရာ၌ပင် အသက် စွန့်လွှတ်လိုက်ရသည်။
"အို ...။" ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အသွားသည်။ ဆိုလိုသည်မှာ နောက်ထပ် လေမည်းကျားသစ် တစ်ကောင် ရှိနေသေးခြင်းပင်။
ဇာတ်လမ်း တစ်ခုလုံးကို နားထောင်ပြီးသည့်နောက် ဟုန်ရှောင်ပေါင်က သက်ပြင်းတစ်ချက် ချလိုက်၏။
တကယ်ပဲ ...။ ဒီလူတွေက တန်ဖိုးရှိတဲ့ သတင်းအချက်အလက်ကို မပေးစွမ်းနိုင်ခဲ့ဘူးပဲ။ မဟုတ်ဘူး ... တိတိကျကျ ပြောရရင် ဒီလူတွေက အဘိုးရဲ့ သတင်းအချက်အလက် ထက် ပိုပြီး တန်ဖိုးရှိတဲ့ အရာကို မပေးစွမ်းနိုင်ခဲ့တာ။
ထို့ကြောင့် ဟုန်ရှောင်ပေါင်က ချက်ချင်း ထွက်ခွာရန် ပြင်လိုက်သည်။
"အစ်ကိုဟုန် ... ခြေလှမ်း ရပ်ပါအုံး။"
နိမ့်ရန် ထိတ်လန့်သွားပြီး ချက်ချင်း မတ်တပ် ရပ်လိုက်သည်။ ပြောရမည်ဆိုလျှင် ညီလေးဟုန်ဟု ဆက်ခေါ်ရမည်လား၊ အစ်ကိုဟုန်ဟု ပြောင်းခေါ်ရမည်လား သူလည်း ဝေခွဲမရပေ။ "အစ်ကိုဟုန် ... အခု တောင်ကြား ထဲမှာ ဒုတိယအဆင့်၊ တတိယအဆင့် စွမ်းအားကြီး မိစ္ဆာသားရဲတွေနဲ့ ပြည့်နှက်နေပြီ။ ပြီးတော့ ကျုပ်တို့ အားလုံးကိုလည်း ကြေးမျောက်ဝံတွေက ပစ်မှတ်ထား နေကြပြီလေ။ အစ်ကိုက လူကောင်း တစ်ယောက်အနေနဲ့ ကျုပ်တို့ကို လမ်းဆုံးအထိ ကာကွယ် ပို့ဆောင်ပေးပါအုံးဗျာ။"
"အယ် ... ဒါပေမဲ့ ကျုပ်က အဲဒီ မြေအောင်းပုစဉ်းမီးကို သွားလုရအုံးမယ်လေ။" ဟုန်ရှောင်ပေါင်က ပြောလိုက်၏။
"ဗျာ ...။ အဲဒီလို မလုပ်ပါနဲ့ အစ်ကိုဟုန်ရယ် ...။"
နိမ့်ရန် အလွန်တရာ အံ့အားသင့်သွားပြီး အလျင်စလို ပြောလိုက်သည်။ "ကျုပ်တို့က အဲဒီ မြေအောင်းပုစဉ်းမီးကို လောဘတက်မိလို့ အခုလို အခြေအနေမျိုးဆီ ကျဆင်း ရောက်ရှိခဲ့ရတာပါဗျာ ...။ မြေအောင်းပုစဉ်းမီးက တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာ ဖြစ်တယ် ဆိုပေမဲ့ အသက်ရှင်နေမှ သုံးစွဲလို့ ရမှာ မဟုတ်ဘူးလားဗျာ ...။"
"အစ်ကို ... အစ်ကိုဟုန်၊ ကျုပ်တို့က မိစ္ဆာသားရဲတွေအပေါ် မြေအောင်းပုစဉ်းမီးရဲ့ ဆွဲဆောင်နိုင်စွမ်းကို အရမ်း လျှော့တွက်ခဲ့မိတာပါ။ အခု ဒီ တောင်တစ်လုံးလုံးမှာ ပြည့်နှက်နေတဲ့ မိစ္ဆာသားရဲတွေကို အစ်ကို ကြည့်,ကြည့်ပါအုံး ...။"
ကွမ်းထျန်းချိုင်ကလည်း ဝင်ပြောလိုက်၏။ " ... တကယ်လို့ အစ်ကိုက မြေအောင်းပုစဉ်းမီးကို တကယ်ပဲ လုယူချင်တယ်ဆိုရင် အဲဒါက မိစ္ဆာသားရဲတွေ အားလုံးကို ဒေါသ ထွက်စေမှာ သေချာတယ်။ ထိပ်ဖြူ ခွေးတူဝက်တူကြီး က စွမ်းအား ကြီးတယ် ဆိုပေမဲ့ မိစ္ဆာသားရဲဆယ်ကောင်ကို တားဆီးနိုင်မယ် ...။ ဒါပေမဲ့ အကောင် သုံးဆယ် ဖြစ်နေရင်ကော ...။ အကောင် လေးဆယ် ဖြစ်နေရင်ကော ...။ အကောင် ရာနဲ့ချီပြီး ဖြစ်နေရင်ကော ဘယ်လို လုပ်မလဲ ...။"
ကွမ်းထျန်းချိုင်က ဟုန်ရှောင်ပေါင်ကို လေးလေးနက်နက် တစ်ချက် ကြည့်လိုက်သည်။ "အစ်ကိုဟုန် ... ကျုပ်တို့ရဲ့ အကြံပေး စကားကို နားထောင်ပါဗျာ ...။ ဒီပစ္စည်းကို အစ်ကို လုံးဝ ရနိုင်မှာ မဟုတ်ဘူး ...။ ဒါတင် မကသေးဘူး ... ဒီအတွက် အစ်ကို့ရဲ့ အသက်တစ်ချောင်းကိုပါ စတေး လိုက်ရလိမ့်မယ်။ အခု နောက်ဆုတ်ရင် အချိန်မီ ပါသေးတယ် ...။"
"ဟင် ... ဒီ မြေအောင်းပုစဉ်းမီးကို သူဌေးဟုန် ဖြစ်တဲ့ ကျုပ်က သေချာပေါက် လုယူပြမယ် ...။" ဟုန်ရှောင်ပေါင်က ရယ်မောလိုက်ပြီး လက်ထဲမှ ဒူးလေးကို လွှဲယမ်းကာ ချောက်ကမ်းပါးရှိရာ အရပ်ဆီသို့ ခြေလှမ်းကြီး များဖြင့် လျှောက်သွားလိုက်၏။
"အားလုံးပဲ ... လမ်းတစ်လျှောက်လုံး လိုက်ပါ ကြည့်ရှုချင်တယ်ဆိုရင်လည်း လာကြလေ ...။"
"ခင်ဗျား"
ကွမ်းထျန်းချိုင်၏ အသံက သတိမထားမိဘဲ ကျယ်လောင်သွားခဲ့၏။ "ခင်ဗျား သေသွားလိမ့်မယ်။ ခင်ဗျား မီးနဲ့ကစားနေတာပဲ။"
"အင်း ... အင်း ... အင်း ... မြေအောင်းပုစဉ်းမီးတောက် ဆိုတာလည်း မီးပဲ မဟုတ်ဘူးလား။"
ဟုန်ရှောင်ပေါင်က ရွှင်မြူးစွာ ပြောလိုက်၏။ လူအုပ်ကြီးကို ကျောခိုင်းလျက် လက်ပြနှုတ်ဆက်ကာ သူတို့၏ အမြင်အာရုံထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
"ခင်ဗျား ... ခင်ဗျား။"
ကွမ်းထျန်းချိုင်၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့၏။ သူက "အု" ဟူသော အသံနှင့်အတူ ညည်းညူလိုက်ပြီး ပါးစောင်များ ဖောင်းကားလာခဲ့သည်။ သို့ပေမည့် ထိုအရာကို အံကြိတ်ကာ မြိုချလိုက်၏။ ထိုသို့ဆိုသော်ငြား နှုတ်ခမ်းထောင့်နှင့် နှာခေါင်းပေါက်တို့မှ စီးကျလာသည့် သွေးများက သူ နောက်တစ်ကြိမ် သွေးအန်လိုက်ရပြန်ပြီဖြစ်ကြောင်း နိမ့်ရန်နှင့် လော်မင်ကျဲတို့ကို သိရှိသွားစေခဲ့၏။
"အစ်ကိုကြီး ..."
ကွမ်းထျန်းချိုင်သည် မျက်နှာသာပေးခံရမှုကို အလွန်နှစ်သက်မှန်း နိမ့်ရန်က သိရှိသည်။ ထို့ကြောင့် သွေးအန်သည့်ကိစ္စကို သတိမထားမိသည့်ဟန် ဆောင်လိုက်၏။ ပြီးနောက် စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။ "တို့တွေ လိုက်သွားသင့်လား။"
ကွမ်းထျန်းချိုင်က ဒေါသတကြီး ပြောလိုက်၏။ "လိုက်ရမယ် ဟုတ်လား။ ချီးကို လိုက်ရမလား။"
မူလက သူသည် ဂုဏ်သိက္ခာကို ယာယီဘေးဖယ်ထားကာ ဟုန်ရှောင်ပေါင်နောက်သို့ လိုက်ပါသွားရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်ငြား ထိုသေလမ်းရှာနေသည့်ကောင်သည် ယခုအခါ သားရဲသောင်းချီ စုဝေးနေသည့် ချောက်ကမ်းပါးခြေရင်းဆီသို့ ဦးတည်သွားနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ ထိုနေရာသို့ ရောက်ရှိသွားပါက အသက်ရှင်လျက် ကျန်ရစ်နိုင်ပါဦးမည်လား။
ထို့ကြောင့် သူက ဒေါသတကြီး ဆက်လက် ပြောလိုက်၏။ "ဟိုဘက်က မိစ္ဆာသားရဲ အရေအတွက်ကို မင်းတို့ မမြင်တာမှ မဟုတ်တာ။ ထိပ်ဖြူခွေးတူဝက်တူကြီး တစ်ကောင်တည်း မပြောနဲ့ ... ဆယ်ကောင်ရှိရင်တောင် အဲဒီနေရာမှာ သေချာပေါက် သေရလိမ့်မယ်။ တို့တွေ သူ့နောက်ကိုလိုက်ပြီး သေလမ်းသွားရှာရမှာလား။"
"ဟုတ်တယ် ... ဟုတ်တယ် ... ဟုတ်တယ်။" နိမ့်ရန်က ခေါင်းတညိတ်ညိတ်နှင့် ပြောလိုက်၏။ သူကလည်း ကွမ်းထျန်းချိုင်၏ စကားကို သဘောတူသည်။ သို့ပေမည့် ယခုအခါ သူတို့သည် ကြေးမျောက်ဝံ၏ ပစ်မှတ်ထားခြင်းကို ခံထားရပြီဖြစ်သည်။ အချိန်မရွေး ဘေးနားရှိ သစ်ပင်ပေါ်မှ ကြေးမျောက်ဝံတစ်အုပ် ခုန်ထွက်လာနိုင်သည်ဟု ခံစားနေရ၏။
ဟုန်ရှောင်ပေါင်၏ ဘေးနားတွင် လိုက်ပါသွားပါက အနည်းဆုံးတော့ အဆင့်သုံး ဝိညာဉ်သားရဲဖြစ်သည့် ထိပ်ဖြူခွေးတူဝက်တူကြီး၏ ကာကွယ်မှုကို ရရှိနိုင်ပေလိမ့်မည်။ ရှင်လမ်းပေါင်း တစ်ထောင် တစ်သောင်း ရှိနေပါလျက်နှင့် ဤလူမိုက် ဟုန်ရှောင်ပေါင်သည် အဘယ်ကြောင့် ချောက်ကမ်းပါးဘေးသို့ သေလမ်းသွားရှာရန် ရွေးချယ်ခဲ့ရသနည်း။
"သွားမယ် ... မြန်မြန် နေရာပြောင်းကြစို့။" ကွမ်းထျန်းချိုင်ကလည်း အနည်းငယ် ထိတ်လန့်နေခဲ့၏။
မိုးကြိုးမြှားများက အနည်းငယ်မျှသာ ကျန်ရှိတော့သည်။ ထိုအထဲတွင် ဟုန်ရှောင်ပေါင်က လေးတစ်လက်ကို ယူဆောင်သွားခဲ့သေး၏။ အကယ်၍ ကြေးမျောက်ဝံများ၏ ပိတ်ဆို့ခြင်းကို ခံရပါက လုံးဝ သေလမ်းသာရှိမည့် အခြေအနေပင်။
ကွမ်းထျန်းချိုင်၏ စိတ်ထဲတွင် ဒေါသများ အလွန်အမင်း ထွက်ပေါ်နေခဲ့၏။ သူက ဒေါသတကြီး ကျိန်ဆဲ လိုက်သည်။ "အရာရာကို မိသားစုအပေါ်မှာပဲ မှီခိုနေတဲ့ အသုံးမကျတဲ့ကောင်။ ငါတို့ကို ဒီလိုအခြေအနေမျိုးဆီ ရောက်အောင် သူပဲ ဒုက္ခပေးခဲ့တာ။"
"ဘာဗျ။" နိမ့်ရန်က အံ့အားသင့်သွား၏။
"ဘာရှိရအုံးမှာလဲ။ အဆင့်နှစ်ပဲရှိပြီး ဘာသိုင်းကွက်မှ မတတ်တဲ့ကောင်က ထိပ်ဖြူခွေးတူဝက်တူကြီးလို ဝိညာဉ်သားရဲမျိုးကို ပိုင်ဆိုင်နိုင်ပါ့မလား။"
ကွမ်းထျန်းချိုင်က ဒေါသတကြီး ပြောလိုက်သည်။ "ဒီကောင်က သေချာပေါက် မိသားစုကြီးတစ်ခုက သခင်လေးပဲ ဖြစ်ရမယ်။ ကိုယ်ပိုင်အစွမ်းအစက အရမ်းနိမ့်ကျနေတော့ မိသားစုက သူ့ကို ကာကွယ်ပေးဖို့ ထိပ်ဖြူ ခွေးတူဝက်တူကြီး တစ်ကောင်ကို စီစဉ်ပေးခဲ့တာ ဖြစ်လိမ့်မယ်။ ဒါက ပိုတောင်ကောင်းသေးတယ်။ သူ မိစ္ဆာသားရဲအုပ်ထဲမှာ သေသွားပါစေတော့။ ဟား ဟား ဟား ဟား ... ဟား ဟား ဟား ဟား။"
နိမ့်ရန်သည် တိတ်ဆိတ်သွား၏။ အခြားအရာများကို မဆိုတော့ပေ၊ သူသည်လည်း ဟုန်ရှောင်ပေါင်၏ နောက်ခံအဆင့်အတန်းကို သဘောတူလက်ခံပေသည်။ ထိုသို့မဟုတ်ပါက သာမန်ကျင့်ကြံသူတစ်ဦးသည် အလှမွေး ဝိညာဉ်သားရဲ သီးသန့်ဖြစ်သည့် ရွှေဝါရောင်ဝက်ဝံပေါက်လေးကို ဝယ်ယူရန် မည်သို့မျှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။