အခန်း ၁၆၈
Vol. 15 Ch. 168
အပိုင်း (၁၆၈) ဆေးထိုးမခံချင်သော ရှောင်ပေါင်။
ထိုသူသုံးဦး တီးတိုးပြောဆိုနေကြသည့် တစ်ပြိုင်နက်တည်းတွင်ပင် ဟုန်ရှောင်ပေါင်က ချောက်ကမ်းပါးဆီသို့ တဖြည်းဖြည်း လျှောက်သွားနေပြီဖြစ်သည်။
"ဟူး ... ဟူး။" ဝက်နှင့်တူသည့် ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်ရှိသော မိစ္ဆာသားရဲတစ်ကောင် ထွက်ပေါ်လာ၏။ ၎င်း၏ ကျောပြင်ပေါ်တွင် လိပ်ခွံကဲ့သို့သော အရာတစ်ခု ပေါက်ရောက်နေသည်။ ထိုလိပ်ခွံပေါ်တွင် စနစ်တကျ စီစဉ်ထားသည့် လွှသွားများကဲ့သို့ အဆစ်အမြှောင်းများလည်း ရှိနေ၏။ ၎င်းက ဟုန်ရှောင်ပေါင်နှင့် ထိပ်ဖြူခွေးတူဝက်တူကြီးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ထိတ်လန့်တကြား အော်ဟစ်ကာ လမ်းဖယ်ပေးလိုက်၏။
ဘုန်း
ဟုန်ရှောင်ပေါင်က ထိုဝက်ကို ကြည့်နေဆဲပင်။ ကျယ်လောင်သည့် အသံကြီးတစ်သံက သူ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။ သူက သေချာ စိုက်ကြည့်လိုက်၏။ ထိုအခါ ဆင်တစ်ကောင်ထက် များစွာ မသေးငယ်သည့် မိစ္ဆာသားရဲကြီးနှစ်ကောင် အားပြင်းပြင်းဖြင့် ဝင်တိုက်မိကြသည်ကို မြင်တွေ့လိုက်ရသည်။
ပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံးမှာ အနည်းငယ် တုန်ခါသွား၏။ ခွန်အားပိုမိုကြီးမားသည့် နွားမိစ္ဆာသားရဲက သမင်နှင့်တူသော အခြားမိစ္ဆာသားရဲတစ်ကောင်ကို ခေါင်းဖြင့်ဝှေ့ကာ ရှေ့သို့ တိုးလာနေသည်ကို မြင်တွေ့ရ၏။
သမင်မိစ္ဆာသားရဲ၏ ခြေထောက်လေးချောင်းလုံးမှာ ရွှံ့ညွှန်များထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်နေ၏။ သို့သော်ငြား နွားမိစ္ဆာသားရဲ၏ ခွန်အားက လွန်စွာ ကြီးမားလှသည်။ ထိုသို့ တွန်းကန်ဝှေ့ချခံရမှုကြောင့် နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာသွားရ၏။ ၎င်းက လေးလက်မခန့် နက်ရှိုင်းသော မြောင်းကြီးလေးကြောင်းကိုပင် တိုက်ရိုက် ထွန်ယက် သွားခဲ့သည်။
"အစွမ်းထက်လိုက်တာ ... အရမ်း အစွမ်းထက်တာပဲ။" ဟုန်ရှောင်ပေါင်က ဤမျှ လေးလံသည့် အလေးချိန်ရှိသော သတ္တဝါတို့၏ တိုက်ပွဲမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် ထိပ်ဖြူခွေးတူဝက်တူကြီး၏ ကျောပြင်ပေါ်သို့ ချက်ချင်း ထိုင်ချလိုက်၏။ ပြီးနောက် ရွှင်လန်းတက်ကြွစွာဖြင့် ကြည့်ရှုနေခဲ့၏။
သမင်မိစ္ဆာသားရဲမှာ တစ်ဆက်တည်းဆိုသလို ဆယ်မီတာခန့်အထိ တွန်းထုတ်ခံလိုက်ရ၏။ ယခုအခါတွင်မူ လူတစ်ယောက် ဖက်တွယ်နိုင်သည့် သစ်ပင်ကြီးတစ်ပင်အပေါ်သို့ ကျောဖြင့် ကပ်လျက် ရောက်ရှိနေပြီဖြစ်သည်။ သစ်ပင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
တရှဲရှဲ အသံများနှင့်အတူ သစ်ရွက်အမြောက်အမြား တုန်ခါကျဆင်းလာခဲ့သည်။ သမင်မိစ္ဆာသားရဲမှာ ယခုအခါ ထွက်ပြေးလိုသည့် စိတ်ဆန္ဒ ရှိနေပြီဖြစ်၏။ ၎င်းက အားရပါးရ ရုန်းကန်လိုက်သော်ငြား ဦးချိုများက နွားမိစ္ဆာသားရဲ၏ ဦးချိုများနှင့် ချိတ်ဆက်ကာ ညပ်နေခဲ့၏။
နွားမိစ္ဆာသားရဲက ရှည်လျားစွာ အော်ဟစ်လိုက်၏။ ၎င်း၏ နောက်ပိုင်းကို နှိမ့်ချလိုက်ပြီး နောက်တစ်ကြိမ် ခွန်အား ထုတ်ဖော်လိုက်သည်။ ဦးခေါင်းကို စောင်းကာ အားထည့်လိုက်သည့်အခါ တဂျွတ်ဂျွတ် အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
သမင်မိစ္ဆာသားရဲမှာ နောက်တစ်ကြိမ် သစ်ပင်ကြီးနှင့် ဖိကပ်ခံလိုက်ရပြန်သည်။ သစ်ပင်ကြီးမှာ ပြင်းထန်စွာ ယိမ်းယိုင်သွားပြီး များစွာ တိမ်းစောင်းသွားခဲ့၏။
နွားမိစ္ဆာသားရဲက အသာစီးရမှုကို လက်မလွှတ်ဘဲ ဧရာမခွန်အားကို ထပ်မံ ပေါက်ကွဲထုတ်ဖော်လိုက်သည်။
နောက်တစ်ခဏတွင် သိပ်သည်းစွာ ထွက်ပေါ်လာသည့် တဂျွတ်ဂျွတ် အသံများနှင့်အတူ သစ်သားစ အမြောက်အမြား လွင့်စဉ်ထွက်ပေါ်လာ၏။ နွားမိစ္ဆာသားရဲက အရှိန်မရပ်ဘဲ အစွမ်းကုန် ထပ်မံ ဝှေ့ချလိုက်၏။
နောက်ဆုံးတွင် ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ သစ်ပင်ကြီးမှာ ခါးလယ်မှ ကျိုးပဲ့သွားခဲ့၏။ သမင်မိစ္ဆာသားရဲမှာ တွန်းကန်ခံရကာ နောက်သို့ ထပ်မံဆုတ်ခွာသွားရသည်။ သို့ပေမည့် ၎င်း၏ ခြေထောက်က ကြီးမားစွာ လဲကျလာသော သစ်ပင်ကြီးနှင့် ခလုတ်တိုက်မိသွား၏။ ခန္ဓာကိုယ် ဟန်ချက် မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့သည်။
ထိုအရှိန်ကြောင့် နွားမိစ္ဆာသားရဲပါ လဲကျလာခဲ့၏။
ဧရာမ သားရဲကြီးနှစ်ကောင်သည် ကျယ်လောင်သော အသံကြီး နှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ဤနေရာတစ်ဝိုက်ရှိ မြေပြင်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့၏။
ဝမ်းဘဲ ….။
နွားမိစ္ဆာသားရဲက ပို၍ ဒေါသထွက်သွား၏။ အကြိမ်အနည်းငယ် ရုန်းကန်သော်လည်း မထနိုင်ခဲ့ချေ။ ထို့ကြောင့် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ဦးခေါင်းကို အဆက်မပြတ် လှည့်ပတ် လှုပ်ရမ်းလိုက်သည်။ သားရဲနှစ်ကောင်၏ ဦးချိုများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေခဲ့သည်။
နွားမိစ္ဆာသားရဲ၏ ဤတစ်ကြိမ် ပြင်းထန်စွာ လှုပ်ရမ်းမှုက သမင်မိစ္ဆာသားရဲကို အရှင်လတ်လတ် မတင်လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။ သမင်မိစ္ဆာသားရဲက ခြေထောက်လေးချောင်းဖြင့် အဆက်မပြတ် ကန်ကျောက် ရုန်းကန်နေ၏။ သားရဲနှစ်ကောင်၏ ဦးချိုများမှာ ဤမျှ ဧရာမ အလေးချိန်ကြီး၏ ရှေ့တွင် ခံနိုင်ရည်မရှိတော့ချေ။ တဂျွတ်ဂျွတ် အသံများနှင့်အတူ ကျိုးပဲ့သွားခဲ့၏။
သမင်မိစ္ဆာသားရဲက ကျယ်လောင်သော အသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ယခုအခါတွင်မူ ၎င်းသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေပြီဖြစ်သည်။ ထို့ကြောင့် အလျင်အမြန် ထွက်ပြေးလေတော့၏။ သို့သော်ငြား လဲကျသည့်ဒဏ်က လွန်စွာ ပြင်းထန်လွန်းသောကြောင့် ခြေလှမ်းအနည်းငယ်မျှသာ ပြေးရသေးသော်လည်း ခေါင်းစိုက်ကျကာ လဲကျသွားရပြန်သည်။ အတင်းအဓမ္မ ကြိုးစားထရပ်ပြီးမှသာ အဝေးသို့ ဒုန်းစိုင်း ထွက်ပြေးသွားနိုင်သည်။
ဟုန်ရှောင်ပေါင်သည် နွားမိစ္ဆာသားရဲကို ကြည့်လိုက်သည့်အခါ ရယ်မောသွားမိ၏။ နွားမိစ္ဆာသားရဲ၏ ဦးချိုတစ်ဖက်မှာ ပျောက်ဆုံးနေခဲ့သည်။ အမှန်တော့ သားရဲနှစ်ကောင်အနက် ဦးချိုကျိုးသွားသည်မှာ နွားမိစ္ဆာသားရဲ ဖြစ်၏။ အပင်စားသားရဲများမှာ ယေဘုယျအားဖြင့် ဉာဏ်နည်းပါးကြသည်။ သို့သော်ငြား ဤသည်က မိစ္ဆာသားရဲ ဖြစ်၏။
နွားမိစ္ဆာသားရဲက ဦးချိုကျိုးသွားသည်မှာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်း အလျင်အမြန် သတိပြုမိသွားခဲ့သည်။ ၎င်းက ဒေါသတကြီး အော်မြည်လိုက်၏။ ထို့နောက် မတ်တပ်ရပ်ကာ သမင်မိစ္ဆာသားရဲ ပြေးသွားသည့်ဘက်သို့ ရူးသွပ်စွာ အော်ဟစ်၍ လိုက်လံ ဖမ်းဆီးတော့သည်။
"အစွမ်းထက်လိုက်တာ ... အရမ်း အစွမ်းထက်တာပဲ။"
အမြင့်မှ ကြည့်ရှုသည့်အခါ ဤသစ်တောကြီးထဲတွင် သစ်ပင်အများအပြား အဘယ်ကြောင့် လဲကျနေရသနည်းကို ဟုန်ရှောင်ပေါင် နားလည်သွားခဲ့ပြီဖြစ်သည်။ ကြည့်ရသည်မှာ နွားမိစ္ဆာသားရဲနှင့် သမင်မိစ္ဆာသားရဲတို့ကဲ့သို့သော သားရဲကြီးများ သတ်ပုတ်တိုက်ခိုက်ကြခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။
ယခုတော့ ပွဲကြည့်ရသည်လည်း ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ ဟုန်ရှောင်ပေါင်က အစွမ်းထက်လှကြောင်း ချီးကျူး ပြောဆိုရင်း ချောက်ကမ်းပါးဘက်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားခဲ့၏။
ယခုအခါ အကွာအဝေးမှာ လုံလောက်စွာ နီးကပ်နေပြီဖြစ်၏။ ဟုန်ရှောင်ပေါင်သည် တောင်ခါးပန်းရှိ လိုဏ်ဂူကို မြင်တွေ့နေရပြီဖြစ်သည်။ ကွမ်းထျန်းချိုင်တို့ ပြောဆိုချက်အရဆိုလျှင် ထိုလိုဏ်ဂူမှာ လူတစ်ယောက်သာ ဝင်ထွက်နိုင်လောက်သည့် အရွယ်အစား ရှိရမည်။
သို့သော်ငြား မိစ္ဆာသားရဲများ၏ ချဲ့ထွင်ခြင်းကို ခံလိုက်ရခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ယခုအခါ လိုဏ်ဂူဝမှာ အချင်း လေး၊ ငါးမီတာခန့်အထိ ကျယ်ဝန်းနေပြီဖြစ်သည်။ ချောက်ကမ်းပါးပေါ်ရှိ ဧရိယာအတော်များများမှာ ပျောက်ဆုံးနေခဲ့၏။ ကြည့်ရသည်မှာ လိုဏ်ဂူဝကို ချဲ့ထွင်သည့်အခါတွင် တစ်ပါတည်း ပြိုကျသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် ဟုန်ရှောင်ပေါင် မြင်တွေ့ခဲ့ရသည့် မိစ္ဆာသားရဲ အရေအတွက်မှာ တဖြည်းဖြည်း တိုးပွားလာနေ၏။ အရည်အသွေးကလည်း ပိုမို အစွမ်းထက်လာခဲ့သည်။ အဆင့်သုံး မိစ္ဆာသားရဲများပင် ထွက်ပေါ်လာခဲ့ပြီဖြစ်၏။
ဤမိစ္ဆာသားရဲများမှာ တစ်ကောင်နှင့်တစ်ကောင် ရန်သူတော် ဆက်ဆံရေးမျိုး ရှိကြသည်။ ယခုအခါတွင် တစ်ချို့သော သားရဲများက သတ်ပုတ် တိုက်ခိုက်နေကြပြီဖြစ်၏။ လမ်းတစ်မိုင်ခန့် လျှောက်လာရုံမျှဖြင့် ဟုန်ရှောင်ပေါင် သည် မိစ္ဆာသားရဲ အလောင်းသုံးလောင်းကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
"ဖိအားတော့ နည်းနည်း ရှိလာပြီ။" ဟုန်ရှောင်ပေါင်က ထိပ်ဖြူခွေးတူဝက်တူကြီးကို ပုတ်ပေးလိုက်၏။
ရှန်သံဒယ်အိုးကိုလည်း လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ ဤမြေအောင်းပုစဉ်းမီးတောက်ကို ဟုန်ရှောင်ပေါင် က မဖြစ်မနေ ရယူရပေမည်။ အဘိုး ပြောဆိုချက်အရဆိုလျှင် ဤအရာက အလွန် ကောင်းမွန်သည့် ဒြပ်စင်ငါးပါးဆေးလုံးကို ဖော်စပ်နိုင်ရုံသာမကချေ။ ကျန်ရှိနေသည့် အရာများကိုလည်း သူ အဆင့်သုံးသို့ တက်လှမ်းရာတွင် အရေးပါသော ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။
သို့သော်ငြား အဘိုးပြောပြသည့် အကြောင်းအရာများကို နားထောင်ပြီးနောက် ဟုန်ရှောင်ပေါင်တွင်လည်း ယုံကြည်မှု လုံးဝ မရှိတော့ချေ။ တကယ့်ကို ခက်ခဲလွန်းလှ၏။
သို့သော်ငြား ဟုန်ရှောင်ပေါင်သည် သူ၏ ကံကောင်းမှုကို အမြဲတမ်း ယုံကြည်သည်။ ထိုမျှမက ဤမြေအောင်းပုစဉ်း မီးတောက်မှာ အဆုံးမရှိသော အံ့မခန်း အသုံးဝင်မှုများ ရှိနေသည်။
အဘိုး ပြောဆိုချက်အရ ဆိုလျှင် အဆိုးရွားဆုံး အခြေအနေတွင်ပင် နောင်တစ်ချိန် ဟင်းချက်ပြုတ်သည့်အခါ မီးဖိုအဖြစ် အသုံးပြုနိုင်သည်။ မြေအောင်းပုစဉ်းမီးတောက်ဖြင့် ချက်ပြုတ်ထားသည့် ထမင်းဟင်းများမှာ အလွန်အမင်း မွှေးကြိုင်လှ၏။
ဟုန်ရှောင်ပေါင်က အလွန် တည်ကြည်လေးနက်စွာဖြင့် အစီအစဉ်ဆွဲနေခဲ့၏။ အကယ်၍ သူက မြေအောင်းပုစဉ်း မီးတောက်ကို ဟင်းချက်ရာတွင် အသုံးပြုလိုမှန်း အခြားသူများသာ သိရှိသွားပါက ဒေါသထွက်ပြီး ရူးသွားကြမည်လား မသိချေ။
"ရှဲ ... ရှဲ ... ရှဲ ... ရှဲ။"
သူ ထိုသို့ စဉ်းစားနေဆဲတွင်ပင် ရှေ့နားရှိ သစ်ပင်ပေါ်မှ ကလေးငယ်တစ်ဦး၏ ဦးခေါင်းခန့် ကြီးမားသည့် မြွေခေါင်းကြီး တစ်ခေါင်း တွဲလောင်းကျလာခဲ့၏။
"အမလေးဗျ။" ဟုန်ရှောင်ပေါင်မှာ အလွန်အမင်း ထိတ်လန့်သွားခဲ့ရ၏။ သူက အမှတ်တမဲ့ဖြင့် ဒယ်အိုးကို ကိုင်ကာ အားရပါးရ ရိုက်ချလိုက်သည်။
ဘုန်း
အရိုးများ ကျိုးပဲ့သွားသည့် အသံနှင့်အတူ ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့၏။
ကောင်းကင်ယံတွင် သွေးစက်များ ပျံ့လွင့်သွားခဲ့သည်။ ထိုမြွေခေါင်းကြီးမှာ ဟုန်ရှောင်ပေါင်၏ ရိုက်ချက်ကြောင့် ရှေ့သို့ လွင့်ထွက်သွားခဲ့၏။ ထို့နောက် ပြန်လည် လွှဲယိမ်းလာပြီး နောက်တစ်ဖန် ရှေ့သို့ လွှဲယိမ်းသွားပြန်သည်။
"သေသွားပြီလား။"
ထိုအခါမှသာ ၎င်းသည် အစိမ်းရောင် မြွေတစ်ကောင်ဖြစ်ကြောင်း ဟုန်ရှောင်ပေါင် သေချာစွာ မြင်တွေ့လိုက်ရ၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရင့်ရောင် သို့မဟုတ် အစိမ်းနုရောင် အပြောက်အစက်လေးများ ရှိနေသည်။ ကိုယ်ယောင်ဖျောက်သည့် ပညာရပ်မှာ အမှန်တကယ်ပင် ပထမတန်းစား အဆင့်၌ ရှိ၏။
သေဆုံးသွားပြီလား သို့မဟုတ် သတိလစ်သွားရုံမျှလား မသိနိုင်သည့် … သစ်ပင်ပေါ်တွင် တွဲလောင်းကျလျက် အရှေ့အနောက် လွှဲယိမ်းနေသော မြွေကိုကြည့်ကာ ဟုန်ရှောင်ပေါင်က တဟားဟား ရယ်မောလိုက်သည်။ "ငပိန်းမြွေ ... မင်းက ငါ့ကို ဘာလို့ လာခြောက်တာလဲ။ ကြည့်စမ်း ... ဝဋ်လည်ပြီ မဟုတ်လား။"
ဤအချိန်မှစ၍ ဟုန်ရှောင်ပေါင်သည် သန်းနှစ်ရာမက ပိုမို သတိထားလာခဲ့၏။ သူသည် အဆိပ်မျိုးစုံကို ခံနိုင်ရည်ရှိသည့် ခန္ဓာကိုယ်မျိုး ဖြစ်လင့်ကစား မည်သူမျှ အကြောင်းမဲ့သတ်သတ် ဆေးထိုးခံရသည်ကို မနှစ်သက်ကြချေ။ ဟုတ်သည် မဟုတ်ပါလား။