← Chapters

အခန်း ၁၆၉

Vol. 15 Ch. 169

အခန်း ၁၆၉

Vol. 15 Ch. 169

အပိုင်း (၁၆၉) လေးကျန်လျှပ်စီးပြာ။

သစ်တောထဲရှိ မိစ္ဆာသားရဲများ၏ သိပ်သည်းဆမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ကောင်းသော အခြေအနေဆီသို့ ရောက်ရှိနေပြီဖြစ်၏။ လမ်းတစ်လျှောက်လုံးတွင် သတ်ပုတ် တိုက်ခိုက်နေကြသည့် မိစ္ဆာသားရဲများ အဆက်မပြတ် ရှိနေခဲ့သည်။

ထိပ်ဖြူခွေးတူဝက်တူကြီး၏ မျက်နှာသာပေးမှုကို ရရှိသောကြောင့် ဖြစ်ပေလိမ့်မည်။ ဟုန်ရှောင်ပေါင်သည် လမ်းတစ်လျှောက် ဘေးအန္တရာယ်ကင်းစွာဖြင့် ချောက်ကမ်းပါးရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။

ချောက်ကမ်းပါးတိုင်း၏ သဘာဝအတိုင်း ရှည်လျားသော နှစ်ကာလများအတွင်း အဆက်မပြတ် ကျဆင်းလာသည့် ကျောက်တုံးကျောက်ခဲများက အောက်ခြေတွင် ဆင်ခြေလျှောကုန်းတန်းလေးတစ်ခုအဖြစ် စုပုံနေတတ်သည်။ ဤနေရာတွင်လည်း ထိုအတိုင်းပင် ဖြစ်၏။ ထိုမျှမက နေရာ၌ ကျောက်တုံးသစ် တစ်လွှာပင် ဖုံးအုပ်နေခဲ့သည်။ ကြည့်ရသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကမှ ပြုတ်ကျလာခြင်း ဖြစ်ကြောင်း ထင်ရှားသည်။

အမှန်တကယ်ပင် ဟုန်ရှောင်ပေါင်၏ အာရုံစိုက်မှုကို အများဆုံး ဆွဲဆောင်နိုင်ခဲ့သည်မှာ ထိုဆင်ခြေလျှော ကုန်းတန်းလေးပေါ်တွင် ခမ်းနားထည်ဝါစွာ ရပ်နေသည့် အတောင်ပံပါ ကျားကြီးတစ်ကောင်နှင့် ၎င်း၏ ခြေရင်းတွင် စုပုံနေသော မိစ္ဆာသားရဲ အလောင်းအမြောက်အမြားပင် ဖြစ်၏။

ဝေါင်း …။

အတောင်ပံပါကျားကြီးက ဒေါသတကြီး အော်ဟစ်နေခဲ့၏။ ယခုအခါ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အများအပြားမှာ သွေးများပင် စိမ့်ထွက်နေဆဲဖြစ်၏။ ထိုသို့ဖြစ်သော်ငြား အားနည်းသည့် ပုံပန်းသွင်ပြင် မရှိသည့်အပြင် ၎င်း၏ ဂုဏ်ကျက်သရေကို ပိုမို တိုးပွားနေစေခဲ့သည်။

အတောင်ပံပါကျားကြီးက ယခုအခါတွင် အနိုင်ရရှိသူ ဖြစ်၏။ သို့သော်ငြား သူက ကိုယ်ကိုလှည့်၍ လိုဏ်ဂူဝဆီသို့ တွားသွားရန် မဝံ့ရဲချေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် အားလုံး၏ ပစ်မှတ် ဖြစ်သွားပေလိမ့်မည်။ အခြားအရာများကို မဆိုနှင့် …. ဆင်ခြေလျှောအောက်မှနေ၍ သူ့ကို အငြိုးတကြီး စိုက်ကြည့်နေကြသည့် အစွမ်းထက် မိစ္ဆာသားရဲ ဆယ်ကောင်ကျော်က ပထမဆုံး ခုန်အုပ်လာကြမည်မှာ အသေအချာပင်။

ထို့ကြောင့် မြင်ကွင်းကြီးမှာ ဤကဲ့သို့ ထူးဆန်းစွာ ရပ်တန့် တိတ်ဆိတ်နေခဲ့သည်။

"ငါ့ကောင် ... မင်းတော့ ပြိုင်ဘက်နဲ့ တွေ့ပြီဟေ့။" ယင်းကျိုယိုက တဟားဟားဖြင့် ရယ်မောလိုက်၏။

အဘိုးက ပြောလိုက်သည်။ "မင်းကို လေမုန်တိုင်းတူသိုင်း သင်ပြီးမှ လာခဲ့ပါလို့ စောစောတည်းက ငါ ပြောသားပဲ။ ဒီတစ်ခါတော့ မင်း ဘယ်လိုဖြေရှင်းမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့။"

"အဘိုး ... အဘိုးရဲ့ လေလံကို နားထောင်ရတာ ဒီကောင်က အရမ်း အစွမ်းထက်တာလား။" ဟုန်ရှောင်ပေါင်က မေးလိုက်၏။

"မထက်ပါဘူး ... မထက်ပါဘူး။"

ယင်းကျိုယိုက ရယ်ချင်စိတ်ကို အောင့်ထားလိုက်၏။ "ဒီကောင်လေးရဲ့ နာမည်က လေးကျန်လျှပ်စီးပြာတဲ့။ အဆင့်လေး မိစ္ဆာသားရဲတွေထဲမှာ နံပါတ်တစ် ဝိညာဉ်သားရဲလို့ ခေါ်ရုံလေးပါပဲ။"

"ဘာကြီး။" ဟုန်ရှောင်ပေါင်က ကြက်သီးမွေးညင်း ထသွား၏။

ဟုန်ရှောင်ပေါင်က အံ့အားသင့်သွား၏။ သူက စဉ်းစားလိုက်သည်။ ဘာ ထူးဆန်းတဲ့ နာမည်ကြီးလဲ။

ဤမိစ္ဆာသားရဲမှာ သိသိသာသာကြီး ကျားပင် ဖြစ်သည် မဟုတ်ပါလား။ အတောင်ပံနှစ်ဖက်ပါကျား သို့မဟုတ် ကျားပျံ ဟူ၍ ခေါ်ဆိုသင့်သည် မဟုတ်ပါလား။ လေးကျန် တဲ့လား။ လျှပ်စီးပြာ တဲ့လား။ ဤသည်တို့က ဘာအဓိပ္ပာယ်များနည်း။

"ဟား ဟား ဟား ဟား။"

ယင်းကျိုယိုက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ သူက ပြောလိုက်၏။ "ထိပ်ဖြူခွေးတူဝက်တူကြီး ဆိုတဲ့ မိစ္ဆာသားရဲကတော့ မဆိုးပါဘူး။ မင်းတို့ကျောင်းတော်က ကလေးအတော်များများက သူ့ကို အဆင့်သုံး မိစ္ဆာသားရဲတွေထဲမှာ နံပါတ်တစ် ဝိညာဉ်သားရဲလို့ သတ်မှတ်ထားကြတာ။

ဒါပေမဲ့ အဆင့်သုံး မိစ္ဆာသားရဲတွေထဲမှာ သူ့ထက် အစွမ်းထက်တာ လေးမျိုးတောင် ရှိသေးတယ်။ ဆိုလိုတာက သူက အဆင့်သုံး မိစ္ဆာသားရဲတွေထဲမှာ နံပါတ်ငါး ဝိညာဉ်သားရဲလောက်ပဲ ရှိတယ်။ အဆင့်သုံး မိစ္ဆာသားရဲတွေထဲမှာ နံပါတ်တစ် ဝိညာဉ်သားရဲရဲ့ နာမည်က သုံးကျန်မိစ္ဆာဝံပုလွေ တဲ့။ မင်း နားလည်ပြီလား။"

"သုံးကျန်မိစ္ဆာဝံပုလွေ ဟုတ်လား။"

ဟုန်ရှောင်ပေါင်က အံ့အားသင့်သွား၏။ "အဘိုး ... အဆင့်တိုင်းရဲ့ နာမည်အကြီးဆုံး ဝိညာဉ်သားရဲတိုင်းကို ဘယ်နှစ်ကျန် ၊ ဘယ်နှစ်ကျန် ဆိုပြီး အဲ့ဒီလို ထူးဆန်းတဲ့ နာမည်မျိုး ပေးထားတာလို့တော့ မပြောနဲ့နော်။"

"တိုက်ဆိုင်လိုက်တာ ... တကယ်ပဲ အဲ့ဒီအတိုင်းပဲဟေ့။"

ယင်းကျိုယိုက ရယ်မော၍ ပြောလိုက်သည်။ "သုံးကျန်မိစ္ဆာဝံပုလွေ၊ လေးကျန်လျှပ်စီးပြာ၊ ငါးကျန်ရွှေငှက်မွှေးကနေ ဆယ်ကျန်ကြေးနှုတ်သီး အထိပဲ။ 'ကျန်' ဆိုတဲ့ စကားလုံးနဲ့ နာမည်ပေးခံရတဲ့ သားရဲတိုင်း က ငါတို့ခေတ်က အဘိုးကြီးတွေ မိစ္ဆာသားရဲသောင်းချီထဲကနေ ရွေးချယ်သတ်မှတ်ထားတဲ့ နံပါတ်တစ် ဝိညာဉ်သားရဲတွေပဲ။ ဘယ်လိုလဲ ငါ့ကောင်ရဲ့။"

"အမလေးဗျာ ... အမလေးဗျ။"

ဟုန်ရှောင်ပေါင်က သူ၏ နဖူးကို အသာရိုက်လိုက်၏။ "ဒါတော့ ဒုက္ခပဲ။"

ထိပ်ဖြူခွေးတူဝက်တူကြီးသည် အဆင့်သုံး၏ နံပါတ်ငါး ဝိညာဉ်သားရဲမျှသာ ဖြစ်သော်လည်း ဤမျှ ကိုင်တွယ် ဖြေရှင်းရန် ခက်ခဲနေပြီဖြစ်သည်။ သို့ဆိုလျှင် ဤလေးကျန်လျှပ်စီးပြာက အဆင့်လေးပင် ဖြစ်၏။ သူ့ထက် အဆင့်နှစ်ဆင့်ပင် မြင့်မားနေသည် မဟုတ်ပါလား။ ထိုမျှမက အဆင့်လေး မိစ္ဆာသားရဲများထဲတွင် နံပါတ်တစ် ဝိညာဉ်သားရဲ ဖြစ်နေသေးရာ ဘယ်လိုလုပ်ပြီး နိုင်ပါတော့မည်နည်း။

"အဘိုး ... ကျုပ် ဘာမှမသိဘူး။ ကျုပ် အဲ့ဒီ မြေအောင်းပုစဉ်းမီးတောက်ကို လိုချင်တယ်။"

ဤလေးကျန်လျှပ်စီးပြာကို သေချာပေါက် မယှဉ်ပြိုင်နိုင်မှန်း သိရှိသွားသောကြောင့် ဟုန်ရှောင်ပေါင်သည် ချက်ချင်းပင် ဂျစ်ကန်ကန် လုပ်တော့၏။ သူက ပြောလိုက်သည်။ "အဘိုး အကြံပေး။"

"လွယ်ပါတယ် ... လေမုန်တိုင်းတူသိုင်းရဲ့ အဆင့်သုံးဆင့်ကို တတ်မြောက်အောင် သင်လိုက်ပေါ့။ အဲ့ဒီအပေါ်မှာ ထိပ်ဖြူခွေးတူဝက်တူကြီးကိုပါ ပေါင်းထည့်လိုက်ရင် မင်း သူ့ကို ယှဉ်ပြိုင်နိုင်လောက်ပါရဲ့။" ယင်းကျိုယိုက ပြုံးစိစိဖြင့် ပြောလိုက်၏။

"စောစောတည်းကသိရင် ကျုပ် တူသိုင်း သုံးကွက်ပေါင်းကို သေချာသင်ပြီးမှ လာခဲ့တာပေါ့။"

ဟုန်ရှောင်ပေါင်မှာ အလွန် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့၏။ သူက ထပ်မံ ပြောလိုက်သည်။ "မရဘူး ... မရဘူး ... မရဘူး။ အဘိုး နောက်တစ်ခု ပြောင်းပေး။"

"မင်း အဆင့်သုံးကို တက်လိုက်လေ။"

ယင်းကျိုယိုက ပုခုံးတွန့်လိုက်၏။ "အဲ့ဒါဆိုရင်လည်း တိုက်ခိုက်နိုင်လောက်ပါတယ်။"

ဟုန်ရှောင်ပေါင်က အံကြိတ်လိုက်သည်။ "နောက်တစ်ခု ထပ်ပြောင်း။"

"ဒါမှမဟုတ်ရင်လည်း မင်း နတ်လက်နက်တစ်ခုခု ရအောင် လုပ်လိုက်ပေါ့။ ဥပမာ ချီးရှို့လှံတံ တို့၊ တို့လိုဟာမျိုးပေါ့။ အဲ့ဒါဆိုရင်လည်း ယှဉ်တိုက်လို့ ရနိုင်ပါတယ်။"

"ဟာ ... အဘိုး။ အဘိုးက ကျုပ်ကို သတ်သတ် စနောက်နေတာ မဟုတ်လား။"

ဟုန်ရှောင်ပေါင် ဒေါသထွက်သွား၏။ သို့ပေမည့် အဘိုးသည်လည်း သူ့ကဲ့သို့ပင် အပျော့ဆွဲမှရပြီး အကြမ်းဆွဲ၍ မရသူဖြစ်ကြောင်း သတိရသွားသည်။ ထို့ကြောင့် နှုတ်ဖျားမှ စကားများက ချက်ချင်း ပြောင်းလဲသွားခဲ့၏။ သူက မြှောက်ပင့်ကာ ပြောလိုက်၏။ "ကျောက်စိမ်းသစ်ပင်လေးလို ခန့်ညားထည်ဝါပြီး စည်းစိမ်ရှိရှိ နေထိုင်တတ်တဲ့၊ သိုင်းပညာ အစွမ်းထက်ပြီး အထက်ကောင်းကင် နက္ခတ်ဗေဒင်ကအစ အောက်မြေပြင် ပထဝီဝင်အဆုံး အကုန်သိတဲ့ အဘိုးယင်း ... ကျုပ်ကို လမ်းမှန်လေးတစ်ခုလောက် ညွှန်ပြပေးလို့ မရဘူးလား။"

"ဒီမြှောက်ပင့်စကားကတော့ နားထောင်လို့ ကောင်းသားပဲ။"

ယင်းကျိုယိုက ရွှင်မြူးစွာဖြင့် မုတ်ဆိတ်မွေးကို သပ်လိုက်၏။ ထိုအခါမှသာ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။ "စွန့်စားတာတွေ မလုပ်နဲ့တော့ ငါ့ကောင်။ အမှန်တိုင်းပြောရရင် မင်းက လေမုန်တိုင်းတူသိုင်းရဲ့ အဆင့်သုံးဆင့်ကို တတ်မြောက်ပြီး ဒီကိုလာခဲ့ရင်တောင် လေးကျန်လျှပ်စီးပြာနဲ့ ရင်ဆိုင်ရတာက အရမ်း အန္တရာယ်များလွန်းတယ်။"

အဘိုးက ဤမျှ တည်ကြည်လေးနက်စွာ ပြောဆိုလာသောကြောင့် ဟုန်ရှောင်ပေါင်မှာ ချက်ချင်း စိတ်ဓာတ် ကျသွားခဲ့၏။ အဘိုးသည် သူ၏အစွမ်းအစကို အကောင်းဆုံး နားလည်သူ ဖြစ်ပေသည်။ အဘိုးက မျှော်လင့်ချက်မရှိ ဟု ပြောဆိုလာခဲ့လျှင် တကယ်ကို မျှော်လင့်ချက် မရှိတော့ခြင်းပင် ဖြစ်ပေလိမ့်မည်။

သို့ဆိုလျှင် သူ ဘာလုပ်သင့်ပါသနည်း။

"ပြီးတော့ ဒီသားရဲ မရှိရင်တောင် ဒီနေရာက မိစ္ဆာသားရဲတွေထဲမှာ မင်းထက် အစွမ်းထက်တဲ့ကောင်တွေ လေး ငါးကောင်လောက် ရှိသေးတယ်။ ထိပ်ဖြူခွေးတူဝက်တူကြီးပါရင်တောင် မင်း အသာစီး ရနိုင်မှာ မဟုတ်ဘူး။"

ယင်းကျိုယိုက ခေါင်းယမ်းလိုက်၏။ သူက သက်ပြင်းချကာ ပြောလိုက်သည်။ "တစ်စုံတစ်ခု ပြောင်းလဲမှု ဖြစ်သွားတာ နေမယ်။ ဒီလို အစွန်အဖျားဒေသမျိုးမှာ လေးကျန်လျှပ်စီးပြာလို မိစ္ဆာသားရဲမျိုး ထွက်ပေါ်လာလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး။ လက်လွှတ်လိုက်ပါတော့။"

အဘိုး၏ ရှင်းပြချက်ကြောင့် ဟုန်ရှောင်ပေါင်သည် သူ၏ အစွမ်းအစအမှန်ကို ရှင်းလင်းစွာ သိမြင်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ မိစ္ဆာသားရဲများနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ယခု လက်ရှိ ဟုန်ရှောင်ပေါင်ကို နှစ်ကျန်ဟုန်ရှောင်ပေါင် ဟူ၍ ခေါ်ဆိုနိုင်၏။

သို့သော်ငြား နောက်ပိုင်းသို့ ရောက်လေလေ၊ အဆင့်နှစ်ခုအကြား ကွာဟချက်က ပိုမို ကြီးမားလာလေလေ ဖြစ်ပေသည်။ ထိပ်ဖြူခွေးတူဝက်တူကြီးပင်လျှင် သာမန် အဆင့်လေး မိစ္ဆာသားရဲနှင့် ရင်ဆိုင်ရပါက အနိုင်ရရှိနိုင်မည့် အခွင့်အရေး မများပြားလှချေ။ အမှန်အတိုင်း ပြောရလျှင် ဟုန်ရှောင်ပေါင် ငါးယောက်၊ ခြောက်ယောက်နှင့် ထိပ်ဖြူခွေးတူဝက်တူကြီး ငါးကောင်၊ ခြောက်ကောင် ပေါင်းစပ်လိုက်လျှင်ပင် လေးကျန်လျှပ်စီးပြာ ကို အနိုင်ယူနိုင်မည့် အခွင့်အရေး လုံးဝ မရှိနိုင်ချေ။

"ဒုက္ခပါပဲ။" ဟုန်ရှောင်ပေါင်က အလွန်အမင်း ခန့်ညားထည်ဝါလှသည့် ကျားကြီးကို ကြည့်ကာ စိတ်ထဲတွင် လွန်စွာ ဗျာများနေခဲ့၏။ အနိုင်ရနိုင်မည့် အခွင့်အရေး တစ်စက်ကလေးမျှ မရှိချေ။ သို့သော်ငြား ဟုန်ရှောင်ပေါင်သည် ထိုမြေအောင်းပုစဉ်းမီးတောက်ကို လိုချင်နေဆဲ ဖြစ်သည်။ လက်လွှတ်လိုက်ရမည် ဆိုသည့် စကားလုံးနှစ်လုံးကို တွေးမိလိုက်သည်နှင့် ကိုယ့်ပစ္စည်း လုယက်ခံလိုက်ရသကဲ့သို့ အလွန်အမင်း ဝမ်းနည်းနေမိ၏။

ဟုန်ရှောင်ပေါင်နှင့် ထိပ်ဖြူခွေးတူဝက်တူကြီးတို့သည် ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းပေါ်တွင် ထိုင်နေကြသည်။

ဟုန်ရှောင်ပေါင်က စိတ်ပျက်လက်ပျက်ဖြင့် ခမ်းနားထည်ဝါလှသည့် ကျားကြီးကို စိုက်ကြည့်နေ၏။ စိတ်ထဲတွင်တော့ ဘာလုပ်ရမည်ကို အဆက်မပြတ် စဉ်းစားနေခဲ့၏။

All Chapters