အခန်း ၁၇၀
Vol. 15 Ch. 170
အပိုင်း (၁၇၀) ရှင်သန်ရာ ကောက်ရိုးတစ်မျှင်။
ဟုန်ရှောင်ပေါင်ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်မှာ လေးကျန်လျှပ်စီးပြာ၏ အစွမ်းအစက ဤမျှ ထိတ်လန့်ဖွယ်ရာ ကောင်းသော်လည်း မဆင်မခြင် လှုပ်ရှားခြင်း မရှိသည့် အချက်ပင်ဖြစ်၏။ ဆိုလိုသည်မှာ ဤနေရာတွင် သူ့ကို ထိန်းချုပ် ဟန့်တားထားနိုင်လောက်သည့် ခွန်အားများ တည်ရှိနေသေးကြောင်း ထင်ရှားလှသည်။
ဟုန်ရှောင်ပေါင်က အဘိုးကို တစ်ခုချင်းစီ မေးမြန်းကြည့်လိုက်၏။ ထိုအခါမှသာ လေးကျန်လျှပ်စီးပြာကို ဟန့်တားထားနိုင်သည့် မိစ္ဆာသားရဲများကို ရှာတွေ့သွားခဲ့သည်။ ထိုမိစ္ဆာသားရဲများ၏ ခန္ဓာကိုယ် အရွယ်အစားမှာလည်း လုံလောက်စွာ ကြီးမားလှ၏။
အားလုံးက ဆင်တစ်ကောင်ထက် များစွာ မသေးငယ်ကြချေ။ ထိုမျှမက တစ်ကောင်ချင်းစီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါများက အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလှသည်။
အဘိုး ပြောဆိုချက်အရဆိုလျှင် ဤသည်မှာ အလွန်များပြားလှသော သတ်ပုတ်တိုက်ခိုက်မှုများကို ကြုံတွေ့ပြီးသည့်နောက် ခန္ဓာကိုယ်တွင် ကိန်းအောင်းကျန်ရစ်သည့် သတ်ဖြတ်လိုစိတ် အရှိန်အဝါများပင် ဖြစ်၏။
ဟုန်ရှောင်ပေါင်သည် နည်းလမ်းရရှိရန် ဦးနှောက်ကို အစွမ်းကုန် ညှစ်ထုတ် စဉ်းစားနေခဲ့၏။ ထိုအချိန်တွင် ဟုန်ရှောင်ပေါင် နှင့် တစ်မိုင်ခန့် ကွာဝေးသောနေရာ၌ ကွမ်းထျန်းချိုင်နှင့် နိမ့်ရန်တို့၏ မျက်နှာသွင်ပြင်မှာ ပြင်းထန်စွာ ပြောင်းလဲနေခဲ့ပြီဖြစ်သည်။ သူတို့နှစ်ဦးသည် လော်မင်ကျဲကို တွဲလျက် သစ်တောထဲတွင် ရူးသွပ်စွာ ထွက်ပြေးနေကြ၏။ မျက်နှာတစ်ခုလုံးတွင် အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ကြေးမျောက်ဝံများက သူတို့ကို နောက်တစ်ကြိမ် ရှာဖွေတွေ့ရှိသွားခဲ့ပြန်ပြီ ဖြစ်၏။
ထိုမျှမက ဤတစ်ကြိမ်တွင် ကြေးမျောက်ဝံများထဲ၌ တစ်ကိုယ်လုံး ကြေးဝါရောင် သန်းနေသည့် ဧရာမ မျောက်ဝံကြီး တစ်ကောင် ပါဝင်လာခဲ့သည်။
ထိုမျောက်ဝံကြီးကို သူတို့နှစ်ဦးလုံး စိမ်းသက်နေမည် မဟုတ်ချေ။ ၎င်းက ကြေးမျောက်ဝံများ၏ ဘုရင်ဖြစ်သော ရွှေမျောက်ဝံပင် ဖြစ်၏။
မိစ္ဆာသားရဲများ ဤမျှ သိပ်သည်းစွာ ရှိနေသည့် သစ်တောကြီးထဲတွင် ဤကဲ့သို့ ရူးသွပ်စွာ ပြေးလွှားခြင်းက လွန်စွာ အန္တရာယ်များလှ၏။ သို့သော်ငြား မိစ္ဆာသားရဲများတွင်လည်း ဉာဏ်ရည်ဉာဏ်သွေး ရှိကြသည်။
"ပြေး ... ပြေး ... ပြေး။" ကွမ်းထျန်းချိုင်က ပါးစပ်မှ အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေခဲ့၏။ ယခုအခါ သူတို့ သုံးဦး၏ ရည်ရွယ်ချက်က တစ်ခုတည်းသာ ရှိသည်။ ထိုအရာက လိုဏ်ဂူဝပင် ဖြစ်၏။ ထိုနေရာက မြေအောင်းပုစဉ်း မီးတောက် ရှိနေသည့် နေရာပင် ဖြစ်သည်။ အဆင့်မြင့် မိစ္ဆာသားရဲ အားလုံးက ထိုနေရာဆီသို့ ဦးတည် ပြေးလွှားနေကြမည်ဖြစ်ရာ ထိုနေရာသည် သေချာပေါက် သေလမ်းပင် ဖြစ်ပေလိမ့်မည်။ သို့သော်ငြား ထိုနေရာတွင် ဟုန်ရှောင်ပေါင်နှင့် ပြန်လည် ဆုံတွေ့နိုင်သေး၏။
ရွှေမျောက်ဝံ၏ အလျင်နှုန်းက သူတို့သုံးဦး ထက် အပုံကြီး သာလွန်လှ၏။ ရွှေမျောက်ဝံ၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရပြီဖြစ်သော သူတို့သုံးဦးအတွက် သေလမ်းတစ်ခုသာ ကျန်ရှိတော့သည်။ ထို့ကြောင့် ဟုန်ရှောင်ပေါင်ထံမှ အကူအညီတောင်းခံရန်သာ ရှိတော့၏။ ထိပ်ဖြူခွေးတူဝက်တူကြီးကို အားကိုးခြင်းဖြင့် သေရာမှ ရှင်သန်နိုင်မည့် မျှော်လင့်ချက် လမ်းစလေးတစ်ခု ရရှိကောင်း ရရှိနိုင်ပေလိမ့်မည်။
ဤသည်က ရွေးချယ်စရာ မရှိတော့သည့် အခြေအနေတွင် သေလမ်းမှ ရှင်လမ်းကို ရှာဖွေရသည့် ရွေးချယ်မှုပင် ဖြစ်သည်။
သို့သော်ငြား ကွမ်းထျန်းချိုင်နှင့် နိမ့်ရန်တို့သည် ရိပ်မိ သဘောပေါက်နေကြပြီး ဖြစ်၏။ ရွှေမျောက်ဝံ၏ အလျင်နှုန်းဖြင့် ဆိုလျှင် သူတို့သုံးဦးကို အစောကြီးတည်းက အမီလိုက်နိုင်လောက်သည်။ မည်သည့် အကြောင်းပြချက်ကြောင့်မှန်း မသိရသော်လည်း ၎င်းက အမြဲတမ်း အနောက်မှ ခပ်ခွာခွာ လိုက်ပါနေခဲ့၏။ သေချာ စဉ်းစားကြည့်လိုက်သည့်အခါ သူတို့သုံးဦး၏ စိတ်ထဲတွင် အလွန်အမင်း ကျဉ်းကျပ်လာခဲ့သည်။ သူတို့ အားလုံးသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်တစ်ခုကို တွေးမိသွားကြသောကြောင့်ပင်။
ရွှေမျောက်ဝံက သူတို့သုံးဦး၏ လက်ကို အသုံးချကာ ဟုန်ရှောင်ပေါင်ကို ရှာဖွေလိုခြင်း ဖြစ်ပေလိမ့်မည်။ ထို့နောက် အားလုံးကို တစ်ပါတည်း ရှင်းလင်း သတ်ဖြတ်ပစ်လိုခြင်း ဖြစ်ပေလိမ့်မည်။
ဤအချက်ကို ခန့်မှန်းမိသွားခဲ့လျှင်ပင် သူတို့အတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ချေ။ ဟုန်ရှောင်ပေါင်သည် သူတို့၏ နောက်ဆုံး ကောက်ရိုးမျှင်လေးပင် ဖြစ်ပေတော့သည်။
"ဟုန်ရှောင်ပေါင် ... ဟုန်ရှောင်ပေါင် ... ဟုန်ရှောင်ပေါင် ... ခင်ဗျား ဘယ်မှာလဲ။" နိမ့်ရန်က စိတ်ထဲမှ အော်ဟစ်နေခဲ့၏။ တဖြည်းဖြည်း များပြားလာသည့် မိစ္ဆာသားရဲများကို ကြည့်ကာ စိတ်ထဲတွင် ငရဲပြည်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းနေရသကဲ့သို့ ခံစားနေရသည်။ ဤအချိန်လေးအတွင်းမှာပင် မိစ္ဆာသားရဲ တစ်ကောင်ချင်းစီ က သူ့ကို အလွန်အမင်း ရက်စက် ကြမ်းကြုတ်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်ဟု ခံစားနေရ၏။
ဤမျှ ထိတ်လန့်ကြောက်ရွံ့မှုအောက်တွင် နိမ့်ရန်သည် ဆက်လက်၍ မထိန်းချုပ်နိုင်တော့ချေ။ သူက အစွမ်းကုန် အားယူကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဟုန်ရှောင်ပေါင် ... ဟုန်ရှောင်ပေါင် ... ခင်ဗျား ဘယ်မှာလဲ ...။"
"ဘာအသံကြီးလဲ။"
သစ်တောက လွန်စွာ ထူထပ်လွန်းလှပေ၏။ မီတာအနည်းငယ်မျှသာ ကွာဝေးလျှင်ပင် တစ်ယောက်ကို တစ်ယောက် မြင်တွေ့နိုင်မည် မဟုတ်ချေ။ သို့သော်ငြား အသံကတော့ ထိုသို့မဟုတ်ချေ။
ဟုန်ရှောင်ပေါင်က အနည်းငယ် အံ့အားသင့်သွားပြီး အသံလာရာဘက်ဆီသို့ လှမ်းကြည့်လိုက်၏။ "နိမ့်ရန် လား။"
ဟုန်ရှောင်ပေါင်က ဘာကိုမှ မစဉ်းစားတော့ဘဲ တိုက်ရိုက်ပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဒီမှာဟေ့ ... ဒီမှာ။"
"အဲ့ဒီနေရာမှာ ...။" ထိုသူသုံးဦးမှာ ရူးသွပ်မတတ် ဖြစ်သွားကြ၏။ နောက်ဆုံး ကောက်ရိုးမျှင်လေးကို ဖမ်းဆုပ်မိသွားသကဲ့သို့ အသံလာရာဘက်ဆီသို့ ရူးသွပ်စွာ ခုန်ဝင်သွားကြသည်။ အချိန်တိုအတွင်းမှာပင် သူတို့သုံးဦး သည် ဟုန်ရှောင်ပေါင်၏ အရှေ့သို့ ရောက်ရှိလာကြ၏။
ထိုသူသုံးဦး၏ အခြေအနေကို ဟုန်ရှောင်ပေါင်က မြင်တွေ့နေရသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက် အသစ်များ များစွာ တိုးပွားနေခြင်း မရှိသည်ကို မြင်တွေ့ရ၏။ သို့ဆိုလျှင် အဘယ်ကြောင့် သေတော့မည့်သူများကဲ့သို့ ဖြစ်နေကြရသနည်း။
"အစ်ကိုဟုန် ... ကယ်ပါအုံး။" ကွမ်းထျန်းချိုင်က ဂုဏ်သိက္ခာကို လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ ပြေးဝင်လာခဲ့၏။
ဟုန်ရှောင်ပေါင်က ဘာဖြစ်တာလဲဟု မေးမြန်းလိုသေးသည်။ သို့သော်ငြား သုံးမီတာခန့် မြင့်မားသည့် ရွှေရောင် ဧရာမ မျောက်ဝံကြီးနှင့် ၎င်း၏ နောက်လိုက်အုပ်ကြီးကို မြင်တွေ့လိုက်ရသည်။
ဘာကြောင့်မှန်း မသိရသော်လည်း ဤရွှေမျောက်ဝံက အလွန် ဟန်ကျသည်ဟု ဟုန်ရှောင်ပေါင် ခံစားလိုက်ရသည်။ ကာတွန်းကားများထဲမှ အစွမ်းထက် ခေါင်းဆောင်ကြီးများကဲ့သို့ အေးစက်သော မျက်လုံးများ ရှိပြီး အလွန် တိတ်ဆိတ် ငြိမ်သက်နေ၏။ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာပုံက အလွန် တည်ငြိမ်လွန်းလှသည်။
"အမလေးဗျာ ... ဒီဟန်ပန်က တကယ် မိုက်တာပဲ။" ဟုန်ရှောင်ပေါင်က ချီးကျူးလိုက်၏။
‘ဘယ်အချိန်ရှိနေပြီလဲ။ ဒီအကြောင်းကို ဂရုစိုက်နေတုန်းလား။ ဟန်ပန်ကောင်းတော့ ဘာဖြစ်လဲ။’
ကွမ်းထျန်းချိုင်၏ စိတ်ထဲတွင် ဒေါသများ အလွန်အမင်း ထွက်ပေါ်လာခဲ့၏။ သို့သော်ငြား ယခုအချိန်တွင် ဟုန်ရှောင်ပေါင်ကို တစ်ခွန်းလေးမျှ စော်ကားရဲခြင်း မရှိတော့ချေ။
ဘုန်း ဘုန်း
ဟုန်ရှောင်ပေါင်နှင့် ထိပ်ဖြူခွေးတူဝက်တူကြီးတို့သည် သစ်ပင်ပေါ်မှ တစ်ယောက်တစ်လှည့် ခုန်ဆင်းလာကြ၏။ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပြီး သစ်ရွက်ခြောက်အမြောက်အမြားကို လွင့်စဉ်သွားစေခဲ့သည်။
ဝူးဝူး
ဝူး
ဝူးဝူး
ထိုရွှေမျောက်ဝံက လက်ဝှေ့ယမ်းလိုက်၏။
ကြေးမျောက်ဝံများ အားလုံးက ဟုန်ရှောင်ပေါင်ဆီသို့ ခုန်အုပ်လာကြသည်။
ထိပ်ဖြူခွေးတူဝက်တူကြီးကလည်း ကျယ်လောင်စွာ အော်မြည်၍ ဆီးကြို တိုက်ခိုက်လိုက်၏။ ၎င်း၏ လက်များက သက်ညှာမှု လုံးဝ မရှိဘဲ အားပြင်းပြင်းဖြင့် နှစ်ချက် ဆင့်ရိုက်လိုက်သည်။ ထိုအခါ ကြေးမျောက်ဝံ နှစ်ကောင်မှာ လွင့်ထွက်သွားခဲ့ရ၏။
ကျန်ရှိနေသည့် ကြေးမျောက်ဝံများကလည်း အော်မြည်လျက် ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ အချိန်တိုအတွင်းမှာပင် ထိပ်ဖြူခွေးတူဝက်တူကြီးကို သေချာစွာ ဝိုင်းရံ ပိတ်ဆို့ထားလိုက်ကြ၏။
"မလုပ်နဲ့ ...။" ကွမ်းထျန်းချိုင်မှာ အလွန်အမင်း ထိတ်လန့်သွားသောကြောင့် နှလုံးခုန်သံများပင် ရပ်တန့်မတတ် ဖြစ်သွားခဲ့ရ၏။ ယခုအခါ လူတိုင်း၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဤထိပ်ဖြူခွေးတူဝက်တူကြီးပင် ဖြစ်သည်။ ယခုအခါ ၎င်းက ချုပ်နှောင် ဟန့်တားခံထားရပြီဖြစ်ရာ ကြေးမျောက်ဝံ အနည်းငယ်မျှ သူတို့ဘက် အာရုံစိုက်လာလျှင် ဘာလုပ်ကြမည်နည်း။ ထိုမျှမက ... ရွှေမျောက်ဝံကြီးလည်း ရှိနေသေးသည် မဟုတ်ပါလား။
"ပြီးပြီ ... အကုန် ပြီးဆုံးသွားပြီ။"
ထိပ်ဖြူခွေးတူဝက်တူကြီး ဝိုင်းရံခံလိုက်ရသည်ကို မြင်လိုက်ရသည့်အခါ သူတို့ သုံးဦး၏ စိတ်နှလုံးမှာ ချက်ချင်းပင် ပြာပုံသဖွယ် သေဆုံးသွားခဲ့တော့၏။ ဟုန်ရှောင်ပေါင်၏ အစွမ်းအစကို သူတို့ စိတ်ထဲတွင် ကောင်းစွာ သိရှိထားကြသည်။ သူ့ကို အားကိုးရမည် ဟုတ်လား။ ထိုသို့ဆိုလျှင် သေလုမြောပါး ဖြစ်နေသည့် လော်မင်ကျဲကို အားကိုးလိုက်သည်ကမှ ပိုကောင်းဦးမည် မဟုတ်ပါလား။
ရွှေမျောက်ဝံ၏ မျက်လုံးများက ဟုန်ရှောင်ပေါင်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့၏။ ဟုန်ရှောင်ပေါင်ကလည်း အလျော့မပေးဘဲ ၎င်းကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ သို့သော်ငြား ဟုန်ရှောင်ပေါင်၏ မျက်နှာအမူအရာက တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။ ဘာကြောင့်မှန်း မသိရသော်လည်း သူက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။
ဒုန်း
ဒုန်း
ရွှေမျောက်ဝံက ပြေးဝင်လာခဲ့ပြီဖြစ်သည်။ တစ်လှမ်းထက် တစ်လှမ်း ပိုမို ကြီးမားပြီး တစ်လှမ်းထက် တစ်လှမ်း ပိုမို လေးလံ၏။
"နိမ့်ရန် ... မင်း ဘယ်ဘက်ကနေ သူ့ရဲ့ အထက်ပိုင်းကို တိုက်ခိုက်။ ငါက ညာဘက်ကနေ သူ့ရဲ့ အောက်ပိုင်းကို တိုက်ခိုက်မယ်။" ကွမ်းထျန်းချိုင်က အံကြိတ်ကာ ပြောလိုက်သည်။
ဤသည်က အနိုင်ရရှိနိုင်မည့် အခွင့်အရေး လုံးဝမရှိသော တိုက်ပွဲတစ်ခု ဖြစ်မှန်း သူ ကောင်းစွာ သိရှိသည်။ သို့သော်ငြား ရွေးချယ်စရာ မရှိတော့ချေ။
"ဝူး...။"
"တိုက်စို့ ...။"
သို့သော်ငြား ထိုသူသုံးဦးလုံး ကြက်သေ သေသွားစေသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ဟုန်ရှောင်ပေါင်က အလွန်အမင်း မြန်ဆန်သော အလျင်နှုန်းဖြင့် သူတို့အနားမှ ကျော်လွန် ပြေးထွက်သွားခဲ့သည်။ သူက အော်ဟစ် ရယ်မောရင်း လက်သီးကို ဝှေ့ယမ်းကာ ရွှေမျောက်ဝံဆီသို့ ပြေးဝင်သွားခဲ့၏။
"ခင်ဗျား ... ခင်ဗျား ရူးသွားပြီလား။"
ကွမ်းထျန်းချိုင်မှာ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ "ခင်ဗျား သေလမ်းရှာနေတာလား။"
"အစ်ကိုဟုန် ... မြန်မြန် နောက်ဆုတ်။"
နိမ့်ရန်ကလည်း အလွန်အမင်း ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ "ဒါက ရွှေမျောက်ဝံဗျ ... အဆင့်သုံး မိစ္ဆာ ...။"