← Chapters

အခန်း ၁၇၂

Vol. 15 Ch. 172

အခန်း ၁၇၂

Vol. 15 Ch. 172

အပိုင်း (၁၇၂) နတ်‌ဆေးကြီး။

"မဖြစ်နိုင်တာ ... အဲ့ဒီကိစ္စကို စဉ်းတောင် မစဉ်းစားနဲ့။"

ယင်းကျိုယိုက ခေါင်းယမ်းလိုက်၏။ သူက အနည်းငယ် တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။ "ပြီးတော့ မင်း ခုနက ထိုးလိုက်တဲ့ လက်သီးချက်က နောက်တစ်ခါထိုးရင် သေချာပေါက် ထွက်လာမယ်လို့ အာမခံနိုင်လို့လား။"

"ဟင်။" ဟုန်ရှောင်ပေါင်မှာ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့၏။ ထိုအချိန်တွင် သူ ထိတ်လန့်တကြား အော်ဟစ်သံများကို ကြားလိုက်ရသည်။ အမှန်တော့ ကြေးမျောက်ဝံများက အခြေအနေ မဟန်တော့မှန်း နောက်ဆုံးတွင် သတိပြုမိသွားကြခြင်းပင်။ ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်နေသည့် ကြေးမျောက်ဝံအချို့က ရွှေမျောက်ဝံကို သစ်ပင်ပေါက်တွင်းမှ အလျင်စလို ဆွဲထုတ်လိုက်ကြသည်။ အကောင်အနည်းငယ်က ဝိုင်းဝန်း သယ်ဆောင်ကာ ဖုန်တထောင်းထောင်း ထအောင် ပြေးရင်း ဤနေရာမှ ပျောက်ကွယ်သွားကြ၏။

ဟုန်ရှောင်ပေါင်နှင့် ထိပ်ဖြူခွေးတူဝက်တူကြီးတို့က လုံးဝ ဂရုမစိုက်ကြချေ။ ဤအချက်တွင်တော့ သူတို့နှစ်ဦး၏ စရိုက်လက္ခဏာက အတော်လေး တူညီလှသည်။

ဟုန်ရှောင်ပေါင်က ထိုသူသုံးဦးကို ကြည့်ပြီး တစ်လှမ်းချင်း လျှောက်သွားလိုက်၏။

"ခင်ဗျား ...။"

ကွမ်းထျန်းချိုင်၏ မျက်နှာတွင် အနေရခက်သည့် အမူအရာများ ထွက်ပေါ်နေခဲ့၏။ သို့သော်ငြား အံ့ဩထိတ်လန့်မှုက ပိုမို များပြားနေခဲ့သည်။ သူက ဟုန်ရှောင်ပေါင်ကို မဟာမိစ္ဆာကြီးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကြည့်နေခဲ့သည်။ "ခင်ဗျားက အစွမ်းအစတွေကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာပဲ။"

"အစ်ကိုကြီး ... ဒါက ခင်ဗျား ထင်နေတာပါ။ ပြီးတော့ ကျုပ်က အဆင့်နှစ်ပဲ ရှိတာ။" ဟုန်ရှောင်ပေါင်က ပုခုံးတွန့်လိုက်၏။ သူက လော်မင်ကျဲကို ကြည့်လိုက်သည်။ ဟုန်ရှောင်ပေါင်၏ စရိုက်လက္ခဏာက မွေးရာပါ ရှင်းလင်း ပြတ်သားသူ ဖြစ်၏။ သို့သော်ငြား ကြင်နာတတ်သူဟုတော့ ပြော၍မရနိုင်ချေ။

ပထမအကြိမ် သူတို့သုံးဦးကို ကယ်တင်ခဲ့ခြင်းမှာ အကျိုးအမြတ်ကြောင့် ဖြစ်သည်။ ဒုတိယအကြိမ် သူတို့ကို ကယ်တင်ခဲ့သည့် အကြောင်းရင်းမှာ ကွမ်းထျန်းချိုင်နှင့် နိမ့်ရန်တို့နှစ်ဦးသည် ဤမျှ အန္တရာယ်များလှသော အခြေအနေတွင်ပင် လော်မင်ကျဲကို စွန့်ပစ် မသွားခဲ့ကြသောကြောင့် ဖြစ်ပေလိမ့်မည်။ အမှန်အတိုင်း ပြောရလျှင် သစ္စာရှိမှုနှင့် ညီအစ်ကိုသံယောဇဉ် ကိစ္စရပ်များကို ဟုန်ရှောင်ပေါင်က အနှစ်သက်ဆုံး ဖြစ်၏။

အော့ ..

သူ ထိုသို့ စဉ်းစားနေဆဲတွင်ပင် လော်မင်ကျဲက သွေးများ တစ်လုတ်ကြီး အန်ထုတ်လိုက်ရ၏။ သူ၏ အသက်ရှူနှုန်း မှာ သွေးအန်ရန်ပင် အားအင်မရှိတော့သည့် အခြေအနေဆီသို့ ရောက်ရှိနေပြီဖြစ်သည်။ ဤမျှ များပြားလှသော သွေးများက မေးစေ့မှတစ်ဆင့် စီးကျလာပြီး ရင်ဘတ်ရှိ အဝတ်အစားများကို ရဲရဲနီသွားစေခဲ့သည်။

"မင်ကျဲ။" ကွမ်းထျန်းချိုင်နှင့် နိမ့်ရန်တို့က တပြိုင်နက် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ သူတို့၏ အသံထဲတွင် နာကျင်မှုများ ပြည့်နှက်နေခဲ့၏။

"ကျုပ် ... အော့ ... မရတော့ဘူး ထင်တယ်။"

လော်မင်ကျဲက သွေးများကို အန်ထုတ်ရင်း အားတင်း ပြုံးပြနေခဲ့၏။ "ခင်ဗျားတို့ ... အစ်ကိုဟုန် နောက်ကို လိုက်သွားကြပါ။ အစ်ကိုဟုန်ရဲ့ အစွမ်းအစနဲ့ ဂုဏ်သိက္ခာအောက်မှာ ... သေချာပေါက် ... သေချာပေါက် ခင်ဗျားတို့ကို ဘေးကင်းပါလိမ့်မယ် ...။"

ဤသွေးလူသားကို ကြည့်ကာ ဟုန်ရှောင်ပေါင်၏ မျက်နှာမှာ အလွန်အမင်း ဖြူရော်နေခဲ့၏။ ဤအချိန်မျိုးအထိ ရောက်နေသည့်တိုင် သူများတွေကို သူ့အဖော်များအား ကာကွယ်စောင့်ရှောက်ပေးရန် အတင်း တာဝန်ပေးလိုသေးသည့် လော်မင်ကျဲကို သူက မျက်စောင်းထိုး ကြည့်လိုက်သည်။ ပြီးနောက် မျက်မှောင်ကြုတ် ကာ ပြောလိုက်သည်။

"ရပြီ ... ရပြီ ... ရပြီ ... ရပြီ။ သရုပ်ဆောင် မနေနဲ့တော့။ လာ ... ဒါကို ယူလိုက်။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်။ ဒါက အလကား မဟုတ်ဘူး။ အခုက အရေးပေါ်ကာလဆိုတော့ ကျုပ်က အခကြေးငွေ ယူရမယ်။ ဆေးဖိုးနဲ့ ကာကွယ်ပေးတဲ့ စရိတ် အားလုံးပေါင်း ... ဝိညာဉ်ကျောက်တုံး တစ်ရာ ထားလိုက်ပါတော့။"

သူက ပြောပြောဆိုဆိုနှင့် ကြွေပုလင်းလေး တစ်လုံးကို နိမ့်ရန်ထံသို့ ပစ်ပေးလိုက်၏။

နိမ့်ရန်က အမှတ်တမဲ့ဖြင့် ကြွေပုလင်းကို ဖမ်းယူလိုက်သည်။ ဤအရာက ဘာလဲဟု မမေးမြန်းရသေးမီမှာပင် ကွမ်းထျန်းချိုင်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်နေခဲ့ပြီဖြစ်၏။ သူက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။ "ဒီ ... ဒီလို အချိန်မျိုး ရောက်နေတာတောင် ခင်ဗျားက ငွေကြေးကို တွက်ချက်နေတုန်းလား။ ခင်ဗျားက ရေနစ်သူကို ဝါးကူထိုးနေတာပဲ။ ဓားပြတိုက်နေတာပဲ။"

"အစ်ကိုကြီး။" နိမ့်ရန်က ကွမ်းထျန်းချိုင်၏ အင်္ကျီလက်ကို ဆွဲဆောင့်လိုက်၏။

ကွမ်းထျန်းချိုင်၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီးမှ တဖြည်းဖြည်း သတိဝင်လာခဲ့သည်။ မနေ့က ဟုန်ရှောင်ပေါင် သူနှင့် ပြောဆိုခဲ့သကဲ့သို့ပင်။ ဤအချိန်မျိုးတွင် ဟုန်ရှောင်ပေါင်က မည်မျှလောက် ထိတ်လန့်ဖွယ်ကောင်းသည့် တောင်းဆိုမှုများကို ပြုလုပ်သည်ဖြစ်စေ သူတို့သည် နှာခေါင်းပိတ်ပြီး လက်ခံရန်သာ ရှိတော့သည်။

နိမ့်ရန်၏ စိတ်ထဲတွင် တစ်ချက် လှုပ်ရှားသွားပြီး ထိုကြွေပုလင်းလေးကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်၏။ ပုလင်းပေါ်တွင် အလင်းရောင်များ မှိန်ဖျော့ဖျော့ လှည့်ပတ် စီးဆင်းနေသည်။ ထင်ရှားစွာပင် ဝိညာဉ်စွမ်းအင်များ ထည့်သွင်း အားဖြည့်ထားခြင်း ဖြစ်ပေမည်။

သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး တီးတိုး ပြောလိုက်၏။ "ဒီလို ပုလင်းမျိုးကိုတောင် နှမြောတွန့်တိုမှု မရှိဘဲ သုံးထားတော့ သာမန်ပစ္စည်းတော့ မဟုတ်လောက်ဘူး။"

သူက စဉ်းစားရင်း ပုလင်းဝရှိ ဖယောင်းချိတ်ကို ဖိချိုးလိုက်၏။ သို့သော်ငြား မျက်နှာအမူအရာက အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ အမှောင်ရောင်သန်းနေသည့် အစိမ်းရောင် အခဲကြီးတစ်ခုကို မြင်တွေ့ လိုက်ရသောကြောင့်ပင်။

ဒါက ဆေးလား။

အော့ ...

လော်မင်ကျဲက ဤအချိန်တွင် သွေးများ နောက်တစ်လုတ် ထပ်မံ အန်ထုတ်လိုက်ရပြန်၏။ မျက်နှာပေါ်တွင် သွေးရောင် တစ်စက်ကလေးမျှ မရှိတော့ချေ။

"သုံး ... သုံးလိုက်တော့။" ကွမ်းထျန်းချိုင်က အံကြိတ်ကာ ပြောလိုက်၏။ ဟုန်ရှောင်ပေါင်၏အနားရှိ မမြင်နိုင်သည့် အစွမ်းအစများကြောင့် ဖြစ်ပေလိမ့်မည်။ သူ၏ စိတ်ထဲတွင် လွန်စွာ မှေးမှိန်လွန်းသည့် မျှော်လင့်ချက်လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမျှမက ယခုအချိန်တွင် သူတို့၌ ရွေးချယ်စရာ လမ်းစ တစ်စက်ကလေးမျှ မရှိတော့ချေ။

နိမ့်ရန်ကလည်း ဤအကြောင်းပြချက်ကို သိရှိ နားလည်သည်။ ထို့ကြောင့် သူကလည်း အံကိုကြိတ်ကာ ဆေးထည့်ပေးရန် ပြင်ဆင်လိုက်၏။ သို့သော်ငြား အတန်ငယ် ကြောင်အသွားပြီး မေးလိုက်သည်။ "အစ်ကိုဟုန် ... မင်ကျဲက အတွင်းကလီစာတွေ ဒဏ်ရာရထားတာပါ။ ပြင်ပဒဏ်ရာက သိပ်မပြင်းထန်ပါဘူး။ ခင်ဗျားရဲ့ ဒီဥစ္စာက ...။"

"အပြင်မှာ လိမ်းပေးလိုက်။ ပြီးရင် နည်းနည်းလောက်လည်း ကျွေးလိုက်။" ဟုန်ရှောင်ပေါင်က သူတို့ သုံးဦးကို ကျောခိုင်းလျက် ပြောလိုက်၏။

"ဒါက ...။"

နိမ့်ရန်က အနည်းငယ် ကြောင်အသွား၏။ သူ၏ အမြင်အရဆိုလျှင် ဤအရာက ရွှေဒဏ်ရာပျောက်ဆေး ဖြစ်သင့်သည်။ သို့သော်ငြား ရွှေဒဏ်ရာပျောက်ဆေးကို သောက်သုံး၍ရကြောင်း သူ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

"ကျွေးလိုက်စမ်းပါ။" ကွမ်းထျန်းချိုင်က ပို၍ ပြတ်သားသူ ဖြစ်၏။ သူက အံကြိတ်ကာ ပြောလိုက်၏။

နိမ့်ရန်ကလည်း မတတ်နိုင်တော့သည့်အဆုံး ခေါင်းညိတ်လိုက်၏။ ထို့နောက် လော်မင်ကျဲ၏ အဝတ်အစားများကို ဆွဲဖြဲကာ ဆေးထည့်ပေးတော့သည်။

ဟုန်ရှောင်ပေါင်ကမူ သစ်ပင်ပေါ်သို့ ခုန်တက်သွားခဲ့ပြီဖြစ်၏။ သစ်ရွက်များ၏ ကြားမှတစ်ဆင့် အစွမ်းထက် မိစ္ဆာသားရဲများ အချင်းချင်း စောင့်ကြည့်နေကြသည့် မြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။ သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရရှိနေပြီဖြစ်၏။ ယခုအခါ ဤအစီအစဉ်၏ အသေးစိတ် အချက်အလက်များကို တွက်ချက် နေခဲ့သည်။ တစ်ချိန်တည်းမှာပဲ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့၏။ အစွမ်းထက် မိစ္ဆာသားရဲ အနည်းငယ်က ဤအတိုင်း အမြဲတမ်း စောင့်ကြည့်နေကြမည် မဟုတ်ချေ။ တစ်ချိန်မဟုတ် တစ်ချိန်တွင် တိုက်ခိုက်ကြပေမည်။

"ကောင်းကင်ဘုံ" ရုတ်တရက် နိမ့်ရန်က ကြောင်သွားခဲ့၏။ လော်မင်ကျဲက အော့အော့ ဟူသော အသံများနှင့်အတူ ရင်ဘတ်ကို ကုတ်ခြစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ကြည့်ရသည်မှာ အလွန်အမင်း နာကျင်နေပုံရ၏။ ကွမ်းထျန်းချိုင်နှင့် နိမ့်ရန်တို့မှာ သေရေးရှင်ရေးကို အကြိမ်ကြိမ် ကြုံတွေ့ဖူးသူများ ဖြစ်ကြသည်။ ဤသည်က သေခါနီး နောက်ဆုံး ထွက်သက် မဟုတ်မှန်း သူတို့ မြင်သာသည်။

သူတို့နှစ်ဦး၏ စိတ်ထဲတွင် ရူးသွပ်မတတ် ဖြစ်သွားစေနိုင်သည့် အတွေးတစ်ခု ထွက်ပေါ်လာခဲ့၏။ "ဒါမှမဟုတ် ဒီဆေးက ... တကယ်ပဲ လော်မင်ကျဲကို ပျောက်ကင်းသွားစေနိုင်တာလား။"

"အော့ ...။" လော်မင်ကျဲက ကုတ်ခြစ်လို့နေသေး၏။ သူတို့နှစ်ဦးမှာ မျက်စိလျင်ပြီး လက်မြန်ကြသူများ ဖြစ်သည်။ သူတို့က လော်မင်ကျဲဥို မြေပြင်ပေါ်တွင် တင်းတင်းကြပ်ကြပ် ဖိချုပ်ထားလိုက်ကြ၏။ လော်မင်ကျဲ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အကြောများ ပြူးထွက်လာခဲ့သည်။ ခေါင်းတစ်ခုလုံးတွင်လည်း ချွေးများဖြင့် ပြည့်နှက်နေခဲ့၏။ လည်ချောင်းမှာ ပိတ်ဆို့နေပြီဖြစ်သည်။ မျက်နှာတစ်ခုလုံး နီရဲနေသည်အထိ အောင့်ထားပြီးမှ နောက်တစ်ခဏတွင် အော့ဟူသော အသံနှင့်အတူ သွေးခဲကြီးတစ်ခုကို အန်ထုတ်လိုက်ရသည်။

ထိုသွေးခဲကြီးကို အန်ထုတ်လိုက်ပြီးနောက် လော်မင်ကျဲ၏ တစ်ကိုယ်လုံးရှိ သွေးချီအခြေအနေမှာ အများကြီး ကောင်းမွန်သွားခဲ့၏။ မျက်နှာက ဖြူရော်နေဆဲ ဖြစ်သော်လည်း အားအင်များ ရရှိလာခဲ့ပြီဖြစ်သည်။ လက်နှစ်ဖက်ကို လှုပ်ရှားကြည့်လိုက်၏။

သူက မိမိကိုယ်ကို အလွန်အမင်း မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ "ဘယ်လိုလုပ်ပြီး ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကျုပ် လမ်းလျှောက်လို့ ရပြီလို့ ခံစားရတယ်။ ဒီဆေးက နတ်ဆေးပဲ ... ဒီဆေးက တကယ့် နတ်ဆေးပဲ။"

သူက ပြောပြောဆိုဆိုနှင့် အမှန်တကယ်ပင် မတ်တပ် ထရပ်လိုက်၏။ မျက်နှာတစ်ခုလုံးတွင် ထိတ်လန့် အံ့ဩမှုများ ပြည့်နှက်နေခဲ့၏။ "ဒါက ဘယ်လိုတောင် အံ့မခန်း နတ်ဆေးကြီးလဲ။"

ကွမ်းထျန်းချိုင်နှင့် နိမ့်ရန်တို့မှာ ပါးစပ်ကြီးများ အဟောင်းသား ဖြစ်သွားကြ၏။ လွန်ခဲ့သည့် တစ်ခဏလေးကမှ သေတမ်းစာ ပြောကြားနေသည့် ကောင်သည် ယခုအခါတွင် ... ရပ်တောင် ရပ်နေပြီလား။

"အစ်ကိုဟုန်။" လော်မင်ကျဲက ထိတ်လန့် အံ့ဩနေမှုအကြားမှ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ဟုန်ရှောင်ပေါင် လှည့်ကြည့်လိုက်သည့်အခါ သူက မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။ "အသက် ကယ်ပေးတဲ့ ကျေးဇူးတရားကို လော်မင်ကျဲက တစ်သက်လုံး မမေ့ပါဘူး။ ဒီဘဝမှာ နွားဖြစ်ဖြစ် မြင်းဖြစ် ...။"

"ရပ် ... ရပ် ... ရပ် ... ရပ်လိုက်တော့။"

ဟုန်ရှောင်ပေါင်က လက်ကာပြကာ ပြောလိုက်၏။ "တော်ပါတော့ဗျာ။ တကယ် ကျေးဇူးတင်တယ် ဆိုရင်လည်း ဆေးဖိုးကို နှစ်ဆ ပေးလိုက်ပေါ့။"

"..." လော်မင်ကျဲမှာ ကြက်သေ သေသွား၏။ သို့သော်ငြား နောက်တစ်ခဏတွင် သူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "ရတယ်။"

ထိုအခါမှသာ သူက မတ်တပ် ထရပ်လိုက်၏။ သို့ပေမည့် ဤအကြိမ်အနည်းငယ် အားသုံးမှုက လွန်စွာ ပြင်းထန်လွန်းသောကြောင့် အနည်းငယ် ယိမ်းယိုင်နေသည့် ပုံစံမျိုး ဖြစ်လာခဲ့သည်။

ကွမ်းထျန်းချိုင်က ဘေးမှ ကြည့်ရှုနေခဲ့၏။ သူက တစ်လှမ်းတိုး၍ ဖေးမ ပေးလိုက်သည်။ ထိုအချိန်တွင် ဟုန်ရှောင်ပေါင်ကို ကြည့်သည့် သူ၏ မျက်လုံးအကြည့်များက လွန်စွာ ရှုပ်ထွေးနေခဲ့ပြီဖြစ်၏။

ထိပ်ဖြူခွေးတူဝက်တူကြီးမှသည် ရွှေမျောက်ဝံကို အစွမ်းကုန် တိုက်ခိုက်ခဲ့ခြင်း၊ ထိုမှတစ်ဆင့် အံ့ဩဖွယ်ရာ ဆေးလုံးအထိ ဖြစ်သည်။ သုံးကြိမ်တိုင်တိုင် သူတို့ကို ကယ်တင်ခဲ့ခြင်း ဖြစ်၏။ တစ်ကြိမ်က လော်မင်ကျဲကို အသက်ရှင်လျက် ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ တစ်ကြိမ်ပြီး တစ်ကြိမ် သူ၏ စိတ်ကူးယဉ်ဆန်မှုများကို ချိုးဖျက်ခဲ့၏။ တစ်ကြိမ်ပြီး တစ်ကြိမ် သူ၏ ပါးကို ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။

ယခုအခါ သူ၏ စိတ်နှလုံးထဲတွင် အလွန်အမင်း ရှုပ်ထွေးနေခဲ့ပြီဖြစ်၏။ ပါးရိုက်ခံရသည့် အနေရခက်မှုများ ရှိနေသည်။ ထိုမျှမက သေဘေးမှ လွတ်မြောက်လာသည့် အရူးအမူး ဝမ်းသာပျော်ရွှင်မှုများလည်း ရှိနေ၏။ သူက အလွန် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် သစ်ကိုင်းပေါ်တွင် ထိုင်နေသည့် ဟုန်ရှောင်ပေါင်၏ ကျောပြင်ကို ကြည့်နေမိ၏။

All Chapters