အခန်း ၁၃၃၆
Vol. 90 Ch. 1336
အခန်း (၁၃၃၆) သိစိတ်နယ်မြေကလူ
လုယန်၏ဓားချက်ကို ပန်ပု ရှောင်တိမ်း၍မရနိုင်မှန်းသိသည်။ ထို့ကြောင့် စိတ်ကိုတင်း၍ အသေခံတိုက်ခိုက်ဖို့ ဆုံးဖြတ်သည်။
လျှာဖျားကိုကိုက်၍ မျက်နှာကိုသွေးများသုတ်လိမ်းပြီး ထူးဆန်းသည့် သင်္ကေတများ ပုံဖော်လိုက်သည်။ ရှေးဟောင်းသမိုင်းကြောင်းကို သူလေ့လာခဲ့သည်။ ထိုသင်္ကေတများသည် ရှေးဟောင်းမျိုးနွယ်စုတစ်ခု၏ အသက်ဓာတ်သွေးစတေးနည်းဖြစ်သည်။
ပန်ပုခန္ဓာကိုယ်ထဲတွင် ခေါင်းလောင်းများစွာ မြည်ဟိန်းနေသလိုထင်ရသည်။ ဗုဒ္ဓကျမ်းရွတ်သံများ ပဲ့တင်ထပ်၍ပေါ်လာသည်။ အလိုလိုရှိခိုးပူဇော်ချင်လာအောင် ညှို့ငင်နိုင်စွမ်းရှိသည်။
သို့သော် သေချာနားထောင်ကြည့်လျှင် ထိုကျမ်းရွတ်သံများသည် သန့်စင်ခြင်းမရှိဘဲ မကောင်းသည့်အစွဲအလမ်းများ စွန်းထင်းနေသည်။
ရွှေရောင်အရဟတ်ဓမ္မပုံရိပ် ပေါ်လာသည်။ တည်ကြည်ခံ့ညားသည်။ ကိုးကွယ်သူလူစုက ထိုမြင်ကွင်းကိုကြည့်၍ စိတ်လှုပ်ရှားလာပြီး နဖူးမှသွေးထွက်သည်အထိ ရှိခိုးကြသည်။
"မျိုးဆက်သစ်တွေက ငါ့ကိုအတင်းဖိအားလာပေးနေတာပဲ"
နတ်ဆိုးကိုယ်တော်ပန်ပု ဒွာရခုနစ်ပေါက်မှ သွေးထွက်လာသည်။ မျက်နှာက ကြမ်းတမ်းခက်ထန်နေသည်။ ရွှေအရဟတ်က အော်ဟစ်ကြုံးဝါးနေသည်။ မိန်ယုလိုက်လံဖမ်းဆီးစဉ်ကပင် ထိုစွမ်းအားကို သူလုံးဝထုတ်မသုံးခဲ့။
နှစ်ပေါင်းထောင်ချီအသက်ဓာတ်များ အရင်းအနှီးပြုရသည်။ သေရေးရှင်ရေးအခြေအနေမဟုတ်လျှင် ထိုနည်းလမ်းကိုသူသုံးမည်မဟုတ်။
သို့သော် လုယန်၏ဓားချက်ကို ရင်ဆိုင်ရာတွင် ဘာမှအသုံးမဝင်။ ရွှေအရဟတ် နှစ်ခြမ်းကွဲသွားသည်။ ပန်ပုက ရွှေအရဟတ်ဖြင့် လုယန်ကို အာရုံလွှဲပြီး ထွက်ပြေးဖို့ ရည်ရွယ်ခဲ့သည်။
လုယန်ဓားချက် ထိုမျှပြင်းထန်မည်ဟု ထင်မထား။ သေဆုံးချိန်မှာပင် သူ့မျက်နှာတွင် ထိတ်လန့်ရိပ်မပျောက်သေး။
ထိုဓားချက်သည် လုယန်၏ သန္ဓေ ချီ ဝိညာဉ်တို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုဓားချက်အောက်တွင် ဝိညာဉ်ပင်မလွတ်ဘဲ နှစ်ခြမ်းပြတ်သွားသည်။
"ရွံစရာကောင်းတဲ့လူ"
ထိုကိုယ်တော်မျိုးကို နောက်ထပ်တစ်စက္ကန့်ပင် လုယန် အသက်မရှည်စေချင်။
ဝိညာဉ်ပျက်စီးခါနီးတွင် ဝိညာဉ်နှစ်ခြမ်းကို ဆွဲချုပ်၍ ဝိညာဉ်မှတ်ဉာဏ်ရှာဖွေသည်။ ကြယ်ပြာသို့ရောက်ပြီးနောက်ပိုင်း ပန်ပုလုပ်ခဲ့သမျှအရာအားလုံး သိလိုက်ရသည်။
ဘက်စုံစွမ်းအားကြီးသည့် နတ်ဘုရား သေဆုံးသွားသည်။ ထိုမြင်ကွင်းကိုကြည့်၍ ကိုးကွယ်သူလူစု ချက်ချင်းထွက်ပြေးကြသည်။
"ရပ်လိုက်"
လုယန်စကားတစ်ခွန်းဖြင့် ထိုလူများအားလုံး ကျောက်ရုပ်လိုဖြစ်သွားသည်။ လက်တစ်ဘက်ဝှေ့ယမ်းလျက် အားလုံးကို ခွန်လွန်တောင်ခြေသို့ ပို့လိုက်သည်။
ဝိညာဉ်မှတ်ဉာဏ်အရ ထိုလူများသည် ပန်ပုဦးနှောက်ဆေးထားသည့် သာမန်လူများသာဖြစ်သည်။ စိတ်ဓာတ်ဆိုးသွမ်းသူများမဟုတ်။ သို့သော် သူတို့စိတ်ဝိညာဉ်ကို ပန်ပုက အတော်ရှင်းလင်းအောင် သန့်စင်ထားသည်။
အားလုံးက သူ့ဆန္ဒနောက်သို့ လိုက်ကြသည်။
ထိုလူများကိစ္စဖြေရှင်းဖို့ မစဉ်းစားအားသေး။ ပိုင်ရွှမ်းကို တွေ့ရဖို့လွယ်သည်မဟုတ်။ တစ်ခြားပြဿနာများ နောက်မှသာစဉ်းစားတော့မည်။
မကောင်းသည့်လူဟူ၍ လီဝမ်ကျဲသာရှိသည်။ ဗီလာသို့ အတင်းကျူးကျော်ဝင်ရောက်ခဲ့သည်။ လူဆိုးဟု သတ်မှတ်နိုင်သည်။
သူသည် ကြယ်ပြာပေါ်မှ ရှေးဟောင်းဂိုဏ်းတစ်ခု၏ တပည့်ဖြစ်သည်။ ပန်ပုစရောက်ချိန်တွင် သူနှင့်အမှတ်မထင်ဆုံသည်။ ပန်ပုက သူ့အတွက် ကိစ္စများစွာလုပ်ပေးခဲ့သည်။ ဂိုဏ်းဘိုးဘေးဖြစ်လာသည်။ ထို့ကြောင့်လည်း စိတ်ထင်ရာရမ်းကားနေခြင်းဖြစ်သည်။
လုယန် ချင်ဖုန်းဓားကို အသာပုတ်လိုက်သည်။ ဓားအော်သံကြောင့် ချင်ဖုန်းဓားကမ္ဘာငယ်ထဲမှ လီဝမ်ကျဲ တစ်စစီကြေမွသွားသည်။
"အမပိုင်"
ရှားဟဲ အော်ခေါ်ပြီး လှေပျံနက်ပေါ်မှခုန်ဆင်း၍ စင်မြင့်ဆီပြေးသွားသည်။
ပုံရိပ်ယောင်ကျောက်စိမ်းတံဆိပ် ဝတ်ထားသဖြင့် အဘွားအိုအသွင် ပေါ်နေဆဲဖြစ်သည်။
ပြေးလာသည့်ရှားဟဲကိုကြည့်၍ ပိုင်ရွှမ်းမင်သက်မိနေသည်။ ရှားဟဲကို သူနောက်ဆုံးတွေ့ခဲ့စဉ်က တောင်ဝှေးတစ်ချောင်းဖြင့် တုန်တုန်ရင်ရင်လျှောက်နေရသည်။ လှုပ်ရှားမှုများက မတည်ငြိမ်။
သို့သော်ယခု ပြေးလွှားခုန်ပေါက်နေသည်။
"နင်...နင်ဘာတွေဖြစ်နေတာလဲ"
အပြောင်းအလဲက ရုတ်တရက်ဆန်လွန်းသည်။ ပိုင်ရွှမ်း အံ့ဩစိတ်မပြေသေး။
"ပြီးတော့ သူကရော ဘယ်သူလဲ"
ပန်ပုသည် သူတွေ့ဖူးသမျှရန်သူများထဲတွင် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ဖုတ်ကောင်ဂြိုလ်ဝိညာဉ် ကုယု၊ သို့မဟုတ် ဖယောင်းကောင်းကင်တပ်ဖွဲ့ထက်ပင် ပို၍ကြောက်စရာကောင်းသည်။
သူသွားလိုရာသွားနိုင်သည့် စွမ်းရည်ကိုပင် နတ်ဆိုးကိုယ်တော်ပန်ပုက ထိန်းချုပ်ခဲ့သည်။ ထို့ကြောင့် သူထိတ်လန့်ခဲ့ရသည်။
ထိုရန်သူမျိုးကို ဤလူငယ်က ဓားတစ်ချက်ဖြင့် သတ်လိုက်သည်။
ရှားဟဲ ပုံရိပ်ယောင်ကျောက်စိမ်းကို ဖယ်လိုက်သည်။ ငယ်ရွယ်နုပျိုသည့်အသွင် ပေါ်လာသည်။ မျက်ရည်များကိုသုတ်၍ ဓားသိမ်းနေသည့်လူငယ်ကို ဝမ်းသာအားရလက်ညှိုးထိုးပြသည်။
"အမပိုင်၊ လုယန်ပြန်လာပြီ။ ငါ့ကိုကုသပေးခဲ့တာ သူပဲ"
"လုယန်...သူက လုယန်လား"
ပိုင်ရွှမ်း အံ့အားသင့်သွားသည်။ ထို့နောက် ပါးစပ်အဟောင်းသားဖြင့် အတော်ကြာအောင် စိုက်ကြည့်နေသည်။
ရုတ်တရက် နတ်ဆိုးပန်ပုက လုယန်နာမည်ကို ခေါ်ခဲ့ကြောင်း သူပြန်သတိရလာသည်။ ရှားဟဲလူမှားခြင်းမဟုတ်လောက်။
"နင်က တကယ်လုယန်လား"
"ညီမပိုင်၊ မင်းငါ့ကို မမှတ်မိဘူးလား"
အစောပိုင်းက ဓားအိမ်ထဲ ဓားသိမ်းသည့်ပုံစံက သိပ်မလန်းသေးဟု လုယန်တွေးလိုက်သည်။ ဓားကိုထုတ်ပြီး နောက်တစ်ကြိမ်ပြန်သိမ်းပြသည်။
ပိုင်ရွှမ်း ယုံကြည်သွားသည်။ လုယန်တစ်ယောက်သာ ထိုသို့ဟိတ်ကြီးဟန်ကြီးပုံစံမျိုး လုပ်တတ်သည်။
"နင်..နင်က နင့်ကိုယ်နင်ဖောက်ခွဲလိုက်တာ မဟုတ်လား"
လုယန် ကိုယ့်ဘာသာဖောက်ခွဲသည်ကို သူကိုယ်တိုင်မြင်ခဲ့သည်။ ပြာပင်မကျန်ခဲ့။
"ခန္ဓာကိုယ်က မရှိတော့ဘူး။ ဒါပေမယ့် ဝိညာဉ်က ကျန်ခဲ့တယ်"
လုယန် ပြုံးရယ်လျက် ရင်ဘတ်ကိုပုတ်ပြသည်။ သူကျန်းမာကြောင်း စိုးရိမ်ဖို့မလိုကြောင်း ပြခြင်းဖြစ်သည်။
လုယန်ဘယ်လိုအသက်ပြန်ရှင်လာသည်ကို ပိုင်ရွှမ်းနားမလည်။ သို့သော် အသက်ရှင်နေဖို့သာ အဓိကကျသည်။
လုယန်သည် သူ့ပထမဆုံးမိတ်ဆွေဖြစ်သည်။ သူ့နာမည်ပင် လုယန်ပေးခဲ့ခြင်းဖြစ်သည်။ ဘယ်လိုဖြစ်ဖြစ် လုယန်သည် သူ့အတွက် အမြဲတမ်း အကောင်းဆုံးမိတ်ဆွေ ဖြစ်နေပေလိမ့်မည်။
လုယန်ခန္ဓာကိုယ်ထဲတွင် နေခဲ့ရသည့်အချိန်ကို ပိုင်ရွှမ်း သတိရလာသည်။ ကပ်ဆိုးကာလအတွင်း လုယန်ကိုယ်ထဲတွင်နေ၍ လူသားမျိုးနွယ်ဘက်တွင် ရပ်တည်အောင် စည်းရုံးခဲ့သည်။ ကုယုနှင့် သူအမြဲတမ်းစကားများသည်။
နောက်ဆုံးတွင်သစ္စာဖောက်သွားသည့် ကုယုသာမရှိခဲ့လျှင် ထိုအချိန်များသည် သူ့ဘဝ၏ အပျော်ဆုံးအချိန်များဖြစ်ပေလိမ့်မည်။
စင်မြင့်ပေါ်မှ မှော်စက်ဝန်းပျောက်ကွယ်သွားသည်။ ပိုင်ရွှမ်း ပုံမှန်အတိုင်း စိတ်အားတက်ကြွသည့်အခြေအနေ ရောက်လာသည်။။ အရင်ကနေခဲ့သည့် လုယန်ခန္ဓာကိုယ်ထဲသို့ ပျံဝင်သွားသည်။ သို့သော် သိစိတ်နယ်မြေက အခိုင်အမာပိတ်ထားသည်ကို တွေ့လိုက်ရသည်။
"လုယန်၊ နင့်ခန္ဓာကိုယ်ထဲကို ငါဘာလို့ဝင်မရတာလဲ"
ပိုင်ရွှမ်း သိစိတ်နယ်မြေကို လက်ဖြင့်အသာခေါက်ကြည့်သည်။ ထိုနေရာကိုအရင်က သူ့စိတ်ကြိုက်ဝင်ထွက်နိုင်သည်။
နံရံတစ်ဘက်မှ နတ်မယ်က ပိုင်ရွှမ်းကို အလိုမကျဟန်ဖြင့်ကြည့်နေသည်။
"ဒီနေရာမှာ လူရှိတယ်"
နတ်မယ်ပျံထွက်လာသည်။ ပိုင်ရွှမ်း လန့်ဖျတ်သွားပြီး လေထဲတွင် နောက်ကျွမ်းတစ်ပတ်ပစ်၍ ခုန်ဆုတ်သည်။
"လုယန်၊ သူကဘယ်သူလဲ"
နတ်မယ်က တင်ပါးပေါ်လက်ထောက်ထားသည်။ ခင်ပွန်းသည်၏မိသားစုအိမ်သို ပြောင်းရွှေ့လာသည့် ရှေးဟောင်းခေတ်မှ စွာတေးလန်သခင်မလေးဟန်ပန်မျိုး ရှိနေသည်။
လုယန် တကယ်ခေါင်းကိုက်လာသည်။ ပိုင်ရွှမ်းနှင့်နတ်မယ်ကို အလိမ္မာသုံး၍ ခန္ဓာကိုယ်ထဲမှထွက်ဖို့ ဖိတ်ခေါ်သည်။
တစ်ခါတစ်လေ သူ့ခန္ဓာကိုယ်သည် သူ့ကိုယ်ပိုင်မဟုတ်သလို ခံစားရသည်။ ဘယ်သူမဆို စိတ်ကြိုက်ဝင်ထွက်နိုင်သည့် သာလာယံဇရပ်လိုဖြစ်နေသည်။
ဘေးတွင်ရပ်နေသည့် ရှားဟဲက ရှင်းပြသည်။
"အမပိုင်၊ အမှန်တိုင်းပြောရရင် ဒီမသေမျိုးနတ်မယ်က လုယန်ရဲ့ ကျေးဇူးရှင်ပါ။ ငါတို့သူ့ကို ကျေးဇူးတင်သင့်တယ်"
"ကျေးဇူးရှင်"
"ငါရှင်းပြပါ့မယ်"
လုယန်ကပြောသည်။ အခြေအနေအသေးစိတ်ကို သူသာအသိဆုံးဖြစ်သည်။ စကားလုံးနည်းနည်းဖြင့် ရှင်းပြ၍မရနိုင်။
သို့သော် တစ်ခြားရွေးချယ်စရာမရှိသဖြင့် ဇာတ်လမ်းအစအဆုံး ပြန်ပြောပြရသည်။ ပိုင်ရွှမ်းက စိတ်ဝင်တစားနားထောင်သည်။ ကျင့်ကြံမှုလောကလို မှော်ဆန်သည့်နေရာမျိုးရှိမည်ဟု သူလုံးဝမတွေးခဲ့ဖူး။
ထို့ပြင် လုယန်က နဂါးလို စွမ်းအားမြင့်ကျင့်ကြံသူများရှိသည့် ကမ္ဘာတစ်ခုတွင် နာမည်ကျော်အောင်လုပ်နိုင်ခဲ့သည်။
ပိုင်ရွှမ်း ကျိတ်၍ဂုဏ်ယူမိသည်။ သူတကယ်လူကဲခတ်မမှားခဲ့။
"ဒါဆိုငါက ကြယ်ပြာဝိညာဉ်မဟုတ်ဘဲ မူလဝိညာဉ်ပေါ့"
"ဟုတ်တယ်။ ဒါကြောင့်လည်း ဟိုဘုန်းကြီးအိုက မင်းကိုထိန်းချုပ်ချင်တာ။ မူလဝိညာဉ်တိုင်းက စွမ်းရည်အရမ်းမြင့်တယ်။ သေချာကျင့်ကြံရင် ကူးဖြတ်ခြင်းအဆင့်ထိရောက်ဖို့ သိပ်မခက်ဘူး"
"ဒါဆိုအခု ငါဘာလို့ဘာမှမလုပ်နိုင်သေးတာလဲ"
ပိုင်ရွှမ်းစဉ်းစားမရ။ မူလဝိညာဉ်များ စွမ်းအားကြီးသည်ဟုပြောသည်။ သို့သော်သူက လူသားခန္ဓာကိုယ်ထဲတွင် လှည့်ပတ်သွားလာပြီး စကားပြောရုံမှလွဲ၍ တစ်ခြားဘာမှမလုပ်နိုင်။
"မင်းမှာ ဝိညာဉ်စွမ်းအင်မရှိလို့ပေါ့ ညီမပိုင်"
လုယန် စိတ်ပျက်လက်ပျက်ပြုံးနေသည်။ ဝိညာဉ်စွမ်းအင်၏အာနိသင်များအကြောင်း အထပ်ထပ်သူပြောခဲ့သည်။ သို့သော် ပိုင်ရွှမ်းက ထိုအချက်ကို အာရုံစိုက်ခဲ့ဟန်မတူ။
"ဒါဆို ဝိညာဉ်စွမ်းအင်ရရင် ငါလည်း အရမ်းစွမ်းအားကြီးလာနိုင်တယ်ပေါ့"
"ဟုတ်တယ်။..အဲ နတ်မယ်။ ခင်ဗျားဘာလုပ်နေတာလဲ"
လုယန် နတ်မယ်ကို မျက်လုံးထောင့်မှ လှမ်းမြင်သည်။ ခွန်လွန်တောင်၏ အတွင်းပိုင်းနေရာကို တွေးဆွေးဆဆဟန်ဖြင့် စက်ဝိုင်းလှည့်၍ ကြည့်နေသည်။
ပန်ပု၏မှတ်ဉာဏ်အရ ခွန်လွန်တောင်အတွင်းအကျဆုံးနေရာတွင် ရှေးဟောင်းမှော်စက်ဝန်း(ချိတ်ပိတ်တံဆိပ်) တစ်ခုရှိသည်။ ပိုင်ရွှမ်းကို ထိန်းချုပ်ဖို့ ကြိုးစားခြင်းသည် ထိုကိစ္စကြောင့်လည်းပါသည်။
နတ်မယ်က အနီးအနားတောင်ထိပ်တစ်ချို့ကို လက်ညှိးထိုးပြသည်။
"ဒီနေရာကို ရင်းနှီးနေသလိုပဲ။ ငါ့အိမ်လို ခံစားရတယ်"
*******************************