အခန်း ၁၃၃၇
Vol. 90 Ch. 1337
အခန်း (၁၃၃၇) နေရပ်မှန်
နတ်မယ်၏အိမ်ဆိုသည်မှာ တစ်ခြားမဟုတ်။ ရှေးဟောင်းခေတ်မှ မြောက်ပိုင်းကြယ်။ သူအုပ်ချုပ်သည့် တစ်ခုတည်းသော ကြယ်ကမ္ဘာဖြစ်သည်။
ရှေးဟောင်းမသေမျိုးလေးယောက်နှင့် နောက်ကွယ်မှရန်သူ တိုက်ခိုက်ချိန်တွင် ချင်ဟဲက နတ်မယ်၏ပိုင်ဆိုင်မှုများ မထိခိုက်စေရန် မြောက်ပိုင်းကြယ်ကို အဝေးသို့ပို့ခဲ့သည်။ ပရမ်းပတာဖြစ်နေသည့် တိုက်ပွဲကြောင့် ချင်ဟဲကိုယ်တိုင်ပင် မြောက်ပိုင်းကြယ်၏ နောက်ဆုံးရောက်သွားသည့်နေရာကို မသိ။
ထို့ပြင် နှစ်လေးသိန်းကျော်လွန်ခဲ့ပြီဖြစ်သည်။ မူလတည်နေရာကို မှတ်မိလျှင်လည်း မြောက်ပိုင်းကြယ်ကို ရှာတွေနိုင်မည်မဟုတ်။
ဤတစ်ကြိမ် စကြာဝဠာသို့ထွက်လာသည်မှာ မြောက်ပိုင်းကြယ်ကို ရှာဖို့ကိစ္စလည်းပါသည်။ သို့သော် သဲလွန်စလုံးဝမရှိ။ ကံကိုသာအားကိုးရုံရှိသည်။
"ငါ့မသေမျိုးအာရုံနဲ့ စစ်ဆေးကြည့်မယ်"
အမှန်တော့ ခွန်လွန်သိ့ရောက်ချိန်ကတည်းက ထိုနေရာကို နည်းနည်းရင်းနှီးသလို ခံစားရသဖြင့် မသေမျိုးအာရုံဖြင့် စစ်ဆေးဖို့ စဉ်းစားခဲ့သည်။
သို့သော် ရှောင်ယန်နှင့်ပိုင်ရွှမ်းက ပျော်ရွှင်စွာ စကားလက်ဆုံးကျနေသည်။ ဤနေရာကို မြောက်ပိုင်းကြယ်ဟု သူအတည်ပြုပြီးလျှင် ရှောင်ယန်ကိုမပြောဘဲနေနိုင်မည်မဟုတ်။ ထိုနှစ်ယောက်၏ ပြန်ဆုံးစည်းမှုအပျော်စိတ်များ ပျက်စီးသွားလိမ့်မည်။
နတ်မယ် ခွန်လွန်တောင်တန်းပေါ် ဝိညာဉ်အာရုံဖြန့်သည်။ သံသယများရှင်းသွားသဖြင့် ပျော်ရွှင်စွာရယ်မောလိုက်သည်။
"ဒါက မြောက်ပိုင်းကြယ်ပဲ"
"တကယ်လား"
လုယန် တွေးရခက်သွားသည်။
"ဒါဆို ကြယ်ပြာကိုစရောက်တဲ့အချိန်က ခင်ဗျားဘာလို့မမှတ်မိခဲ့တာလဲ"
ကြယ်ပြာပေါ်တွင် သူနေထိုင်သည်မှာ နှစ်လနီးပါးရှိပြီဖြစ်သည်။ နတ်မယ် ကိုယ့်အိမ်ကိုယ်မှတ်မိဖို့ ထိုမျှကြာမည်ဟု သူမထင်။
"မြေအနေအထားတွေ အရင်ကနဲ့ တစ်ခြားစီဖြစ်သွားပြီလေ။ မြောက်ပိုင်းကြယ်ဆိုတာ အရင်က တိုက်နယ်တစ်ခုစာလောက်ပဲ"
လုယန် သဘောပေါက်သွားသည်။ မြောက်ပိုင်းကြယ်ကို ချင်ဟဲတွန်းပို့ချိန်တွင် ကြယ်တစ်ခုလုံးအထိအခိုက်မရှိဖို့သာ အာရုံစိုက်ခဲ့သည်။ တိုက်နယ်အခြေအနေကို စဉ်းစားချိန်ရှိခဲ့မည်မဟုတ်။
မြန်နှုန်းမြင့်ပျံသန်းနေချိန်တွင် မြောက်ပိုင်းကြယ်ပေါ်မှ တိုက်နယ်က ပြိုကွဲသွားမည်။ မြေအနေအထားပြောင်းလဲသွားမည်။ နတ်မယ်မမှတ်မိသည်မှာ မဆန်းလှ။
သူတို့ပြောနေသည့်စကားများကို ပိုင်ရွှမ်းနှင့်ရှားဟဲ စဉ်းစားမရ။ ရှေးဟောင်းမသေမျိုးက ဤနေရာကို ဘာကြောင့်အိမ်ဟုခေါ်နေသည်မသိ။
လုယန် အကျဉ်းချုပ်ရှင်းပြလိုက်မှ သူတို့နားလည်သွားသည်။ စိတ်ဝင်စားမှုမြင့်တက်လာသည်။
"နတ်မယ်ရဲ့အိမ်က ဘယ်မှာလဲ"
"လာပါ၊ ငါနဲ့လိုက်ခဲ့"
နတ်မယ်က ဟန်ပါပါလက်ကိုဝှေ့ယမ်းလိုက်သည်။ လမ်းပေါ်တွင် ကာကွယ်ကြေးကောက်သည့် ဩဇာရှင်ဟန်ပန်မျိုးဖြစ်သည်။
တောင်တန်းခုနစ်ခုရှစ်ခု ဖြတ်ကျော်ပြီးနောက် ခွန်လွန်တောင်၏ အတွင်းအကျဆုံးအပိုင်းသို့ ရောက်လာသည်။ ခွန်လွန်တောင်က မြင့်မားမတ်စောက်သဖြင့် လာလည်သူရှားသည်။ သူတို့ရောက်လာသည့်နေရာက လူသူအရောက်အပေါက်မရှိသည့်နေရာဖြစ်သည်။
"ဒီနေရာလား"
ရှာဟဲနှင့် ပိုင်ရွှမ်း ဘေးပတ်လည်ကိုမျက်လုံးဝေ့ကြည့်သည်။ အဖြူရောင်နှင်းပြင်ကိုသာမြင်ရသည်။ သစ်ပင်လုံးဝမပေါက်။ အလွန်တရာအေးစိမ့်နေသည်။ လုယန်အကာအကွယ်သာမရှိလျှင် ရှားဟဲ ရေခဲရုပ်ဘဝပြောင်းပြီးဖြစ်မည်။ ဤနေရာတွင် လူနေထိုင်ဖို့မဖြစ်နိုင်လောက်။
"ဒီအောက်ဘက်မှာပါ"
လုယန်နှင့်နတ်မယ် အောက်သို့လက်ညှိုးထိုး၍ ပြိုင်တူပြောသည်။
ယနေ့ခေတ်ခွန်လွန်တောင်သည် ရှေးဟောင်းခေတ်ကပုံစံနှင့် များစွာကွဲပြားသည်။ တိုက်နယ်ပြိုကွဲမှုကြောင့် ရေမြေအနေအထားပြောင်းသွားသည်။ ခွန်လွန်၏ အဓိကကိုယ်ထည်က နတ်မယ်၏အိမ်နှင့်အတူ နက်ရှိုင်းသည့်မြေအောက်ထဲတွင် နစ်မြုပ်နေသည်။
နတ်မယ် လက်နှစ်ဘက်လှုပ်ရှား၍ မှော်တံဆိပ်များဖန်တီးသည်။ အဓိပဓိမသေမျိုးကျင့်စဉ်ကို အသက်သွင်း၍ မြေကြီးထဲသို့ ရှေးဟောင်းမှော်တံဆိပ်များ ပို့လွှတ်သည်။
သိပ်မကြာမီ ခွန်လွန်တောင်တစ်ခုလုံး တုန်ခါလာသည်။ မြေပြင်အက်ကွဲသွားသည်။
ယခု မြေမျက်နှာပြင်ပေါ် ရပ်နေလျှင် ဘေးမကင်းတော့။ လုယန်ဆုံးဖြတ်ချက်ချ၍ ရှားဟဲကို ကောင်းကင်သို့ခေါ်သွားသည်။ နတ်မယ်နှင့်ပိုင်ရွှမ်းလည်း လိုက်လာသည်။
တောင်တန်းများ ပုံစံပြောင်းနေသည့်မြင်ကွင်းကို အပေါ်စီးမှကြည့်၍ ရှားဟဲ အံ့အားသင့်နေသည်။
တောင်တန်းက အသက်ဝင်လာသယောင်ထင်ရသည်။ အပေါ်ယံမြေသားကို ထိုးခွဲပြီး လျင်မြန်စွာမြင့်တက်လာသည်။ တိမ်တိုက်များကို ထိုးဖောက်သည်။ မီတာသောင်းချီမြင့်သည်။ ကြယ်ပြာ၏အမြင့်ဆုံးတောင် ဖြစ်လာသည်။ ဒုတိယအမြင့်ဆုံးတောင်ထက် အဆများစွာ ပိုမြင့်သည်။
ထိုအချိန်တွင် အာကာသအေဂျင်စီ၌ ပွဲဆူနေသည်။ ပရောဖက်ဆာအိုများ တစ်ကိုယ်လုံးတုန်ရင်နေသဖြင့် စာကြည့်မျက်မှန်များကိုပင် ထိန်းမထားနိုင်တော့ဘဲ ကြမ်းပြင်သို့ ပြုတ်ကျသွားသည်။
အေဂျင်စီ၏ ကြီးမားသည့် ဖန်သားပြင်တွင် ကြယ်ပြာ၏အာကာသမြင်ကွင်းရှိနေသည်။ အာကာသမှကြည့်လျှင် ခွန်လွန်တောင်တန်း၏ အပြောင်းအလဲက အတော်သိသာထင်ရှားသည်။ သူတို့နားလည်ထားသမျှ အသိပညာများ ပြောင်းပြန်လန်သွားသည်။ စီနီာအကျဆုံးပညာရှင်က ခပ်တိုးတိုးပြောသည်။
"ဒီကမ္ဘာမှာ ဘာတွေဖြစ်ကုန်တာလဲ"
အားလုံးလည်း ထိုသို့ပင်တွေးနေသည်။
လုယန်တို့လေးယောက် ခွန်လွန်တောင်အောက်ခြေမှ ကျောက်တံခါးတစ်ခုရှေ့သို့ ဆင်းသည်။ ထိုနေရာတွင် အရင်က လူနေထိုင်ခဲ့သည့် လက္ခဏာများတွေ့ရသည်။
"ဟီးဟီး၊ ဒါငါနတ်မယ်ရဲ့ အိမ်ပဲ"
နတ်မယ်က ကျောက်တံခါးရှေ့တွင် ဂုဏ်ယူဟန်အပြည့်ဖြင့်ရပ်၍ လုယန်ကို ဓာတ်ပုံတစ်ပုံရိုက်ခိုင်းသည်။ ဤအခိုက်အတန့်ကို ကောင်းကောင်းမှတ်တမ်းယူထိုက်သည်။
အစက ရှောင်ယန်အိမ်အပြန်ကို သူအဖော်လိုက်လာခြင်းဖြစ်သည်။ ထင်မထားဘဲ ရှောင်ယန်က မြောက်ပိုင်းကြယ်တွင် နေထိုင်သူဖြစ်နေသည်။
ကလစ်...
အရည်သွေးမြင့်ကင်မရာက အိမ်ရှေ့တွင် ရပ်နေသည့် သူတို့လေးယောက်အဖွဲ့ပုံကို ရိုက်ကူးသည်။
နတ်မယ် လုယန်ပုခုံးကို ဝမ်းသာအားရပုတ်သည်။
"ငါတို့ကံကြမ္မာတွေက ခပ်နိမ့်နိမ့်မဟုတ်ဘူးလို့ ငါပြောခဲ့သားတယ်။ လက်စသပ်တော့ ငါတို့ဇာတိမြေချင်း တူနေတာကိုး"
လုယန် "..."
ဘဝတစ်သက်တာတွင် နတ်မယ်နှင့် ဇာတိတူ မိတ်ဆွေများဖြစ်နေမည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူး။
ပင့်သက်တစ်ချက်ရှိုက်၍ လှိုဏ်ဂူဂိတ်တံခါးကို တွန်းဖွင့်လိုက်သည်။ သိပ်သည်းသည့်ဝိညာဉ်စွမ်းလှိုင်းက သူတို့ကိုရိုက်ခတ်သည်။
ပုံမှန်အားဖြင့် ဝိညာဉ်စွမ်းအင်သည် မမြင်နိုင်။ မထိတွေ့နိုင်။ သို့သော် ဤအိမ်ထဲမှစွမ်းအင်က သိပ်သည်းလွန်းသဖြင့် အစိုင်အခဲနီးပါးဖြစ်နေသည်။
ရှားဟဲ လွင့်ပါမတတ်ဖြစ်သွားသည်။
လုယန် ရှားဟဲဘေးပတ်လည်တွင် အကာအကွယ်ဒိုင်းတစ်ခု ဖန်တီးပေးသည်။ ထိုမျှသိပ်သည်းသည့် ဝိညာဉ်စွမ်းအင်လှိုင်းကို သာမန်လူများ ခံနိုင်မည်မဟုတ်။
တစ်ဘက်တွင် ပိုင်ရွှမ်းက ဝိညာဉ်စွမ်းအင်နှင့်ထိတွေ့ရသဖြင့် အတော်စိတ်လှုပ်ရှားလာသည်။ ပင်ကိုယ်သဘာဝအရ စွမ်းအားကြီးသည့် မူလဝိညာဉ်ဖြစ်သည်။ ဝိညာဉ်စွမ်းအင်ကို သူအလိုအပ်ဆုံးဖြစ်သည်။ ကျင့်စဉ်ပညာတစ်ခုမှ မတတ်သော်လည်း သူ့စွမ်းအား အဆပေါင်းရာချီတိုးလာသည်။
လှိုဏ်ဂူထဲမှ ထိပ်တန်းဝိညာဉ်ကျောက်များကြေမွသွားပြီး အားလုံးကျောက်တံခါးနောက်ဘက်တွင် ပိတ်မိနေခဲ့ဟန်တူသည်။ ယခု တံခါးဖွင့်လိုက်သဖြင့် တမံကျိုးသလို ထိုးထွက်လာခြင်းဖြစ်သည်။
.....
"ဖီးနစ်ဖြူယာဉ် မြင့်မြင့်ပျံပြီး ကြည်လင်တောက်ပတဲ့ မူလအသွင်ပြောင်းတယ်။ ကိုယ်ထည်ထဲက အနန္တစွမ်းအား ထိုးဆင်းလာတယ်..."
ဉာဏ်အလင်းရဖို့ကျင့်ကြံရင်း ကျန်းယိဂိုဏ်းမှ ကောင်းကင်သခင်၏ဆံပင်အားလုံး အဖြူရောင်ပြောင်းခဲ့ပြီဖြစ်သည်။ သူနေရမည့်ရက်များ သိပ်မကျန်တော့။ သူ့အသက်ဓာတ်များ စက္ကန့်တိုင်းလျော့ပါးနေသည်ကိုပင် ခံစားနေရသည်။ သို့သော် ထူးထူးခြားခြား သူတည်ငြိမ်နေသည်။
ကလေးဘဝကတည်းက ကျန်းယိဂိုဏ်းသို့ ရောက်ခဲ့သည်။ ထူးခြားသည့်ပါရမီကိုပြခဲ့သည်။ ကောင်းကင်သခင်အဖြစ် တရားဝင်အသိအမှတ်ပြုခံရပြီး ဝိညာဉ်စွမ်းအင်စုပ်ယူနည်းကို သင်ယူခဲ့သည်။
ချီသန့်စင်သူတစ်ယောက်ဖြစ်လာသည်။
ဝမ်းနည်းစရာကောင်းသည်က ထိုထက်ရှေ့ဆက်မတိုးနိုင်တော့။ သူ့ကျင့်ကြံမှုအတွက် လုံလောက်သည့် ဝိညာဉ်စွမ်းအင် ကျန်းယိဂိုဏ်းတွင်မရှိ။ ချီတတိယအဆင့်တွင်သာ ရပ်တန့်ခဲ့ရသည်။
ကျန်းယိဂိုဏ်း၏ အခြေခံအင်အားက တောင့်တင်းသည်ဟု ဆိုနိုင်သည်။ အရည်အသွေးအမျိုးမျိုးရှိသည့် ဝိညာဉ်ကျောက်များ ဒါဇင်ချီရှိသည်။ သို့သော် နှစ်နှစ်ထောင်ကြာပြီးနောက် ထိုဝိညာဉ်ကျောက်များ ကုန်သွားသည်။
နောက်ဆုံးဝိညာဉ်ကျောက်ကို သူချီအဆင့်စဝင်ချိန်တွင် သုံးခဲ့သည်။
ပါရမီထူးခြားပြီး ကျင့်ကြံနည်းတစ်ခု ပိုင်ဆိုင်ထားသော်လည်း ဝိညာဉ်စွမ်းအင်မရှိဘဲ သူ့သက်တန်းအကန့်အသတ်ကို မကျော်လွန်နိုင်။ သေခြင်းတရားကိုသာ တည်ငြိမ်စွာစောင့်ဆိုင်းနေသည်။
သူဝမ်းမနည်းပါ။ ငယ်စဉ်က ကြယ်ပြာ၏အတိုးတက်ဆုံးအချိန်ကို ကိုယ်တွေ့ကြုံခဲ့သည်။ သက်လတ်ပိုင်းအရွယ်တွင် ဖုတ်ကောင်ကပ်ဆိုးမှ ရှင်သန်နိုင်ခဲ့သည်။ သက်ကြီးပိုင်းအရွယ်တွင် ကြယ်ပြာပြန်လည်ထူထောင်ရာ၌ ကူညီခဲ့သည်။
ဘဝအတွေကြုံစုံခဲ့ပြီဖြစ်သည်။ နောင်တမရှိဘဲ သေနိုင်သည်။
စိတ်မကောင်းစရာတစ်ခုက သူ့ကျင့်စဉ်အဆင့်နိမ့်နေသဖြင့် ကပ်ဆိုးကာလတွင် သိပ်အကူအညီမပေးနိုင်ခဲ့။ ချီတတိယအဆင့်ဖြင့်ပင် ကျည်ဆံများကို ခုခံနိုင်စွမ်းမရှိခဲ့။ သိုင်းစွမ်းရည်ကောင်းသည့် သာမန်လူတစ်ယောက်လိုသာဖြစ်သည်။ ရှိသမျှစွမ်းအားဖြင့်သာ လူကယ်ရုံသာ တတ်နိုင်သည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ချက်တုန်ခါ၍ မျက်လုံးပြူးသွားသည်။ ခုနက အေးမြသည့်အငွေ့အသက်တစ်ခု ရှူရှိုက်မိလိုက်သည်။
"ဒါဝိညာဉ်စွမ်းအင်လား"
ဖြစ်နိုင်စရာမရှိ။ နောက်ဆုံးဝိညာဉ်စွမ်းအင်ကို ရှူရှိုက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။
ဝိညာဉ်စွမ်းအင်လှိုင်းများ တစ်ခုပြီးတစ်ခု ဆက်တိုက်ဝင်လာသည်။ သူ့ခန္ဓာကိုယ်ကို အဟာရပေးသည်။
သူသေချာသွားသည်။ ပါးနှစ်ဖက်ပေါ် မျက်ရည်များစီးကျလာသည်။ တကယ်ပင် ဝိညာဉ်စွမ်းအင်အစစ်ဖြစ်သည်။
"ဓမ္မဆုတ်ကပ် အဆုံးသတ်သွားပြီလား"
တစ်ချိန်တည်းမှာပင် နာမည်ကျော်ဂိုဏ်းများ ဘုံကျောင်းများအားလုံး ဝိညာဉ်စွမ်းအင်လှိုင်းကို ခံစားမိကြသည်။
ရှေးဟောင်းခေတ်တွင် မြောက်ပိုင်းကြ၌ နေထိုင်ခဲ့သူများ မသေမျိုးတိုက်ပွဲတစ်ခု ကြုံခဲ့ရသည်။ အထုပ်အပိုးသိမ်းဆည်း၍ မြောက်ပိုင်းကြယ်မှ ထွက်ပြေးခဲ့သည်။ ဝိညာဉ်ကျောက်နှင့်ကျင့်စဉ်ကျမ်း နည်းနည်းသာကျန်ခဲ့သည်။
ထိုအရာများက မျိုးဆက်သစ်ဂိုဏ်းများ၏ အခြေခံအုတ်မြစ်ဖြစ်လာသည်။ ဝိညာဉ်ကျောက်များ မျိုးရိုးစဉ်ဆက် လက်ဆင့်ကပ်ပြီးနောက် ကုန်ခမ်းသွားသည်။
ယခု နတ်မယ်၏လှိုဏ်ဂူ ဖွင့်လိုက်သဖြင့် ဝိညာဉ်စွမ်းအင်များလှိမ့်ထွက်လာပြီး ကြယ်ပြာက အသက်ပြန်ဝင်လာသည်။ ထိုဂိုဏ်းများကို ပြန်လည်အားဖြည့်ပေးသည်။ ကြယ်ပြာက ဝိညာဉ်စွမ်းအင်ပြန်ရသည့် ခေတ်ကာလအသစ်သို့ ကူးပြောင်းသွားသည်။
******************************