အခန်း ၁၃၃၈
Vol. 90 Ch. 1338
အခန်း (၁၃၃၈) နတ်မယ်ကျဆုံးသည့်မြေ
တစ်နေ့တာအလုပ်ပြီးဆုံး၍ တန်ယုပင်ပန်းနွမ်းနယ်စွာ အိမ်ပြန်လာသည်။ သူ့အိမ်တွင် တညောင်ညောင်အော်မြည်နေသည့် ကြောင်နက်တစ်ကောင်မှလွဲ၍ တစ်ခြားလူမရှိ။
ပုံမှန်ဆိုလျှင် သူချစ်သည့်ကြောင်နက်နှင့် ခဏတစ်ဖြုတ် ကစားလေ့ရှိသည်။ သို့သော်အခု ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေသည်။ ယနေ့ သူ့ဘော့စ်က သူ့ကိုဆူပူကြိမ်းမောင်းခဲ့သည်။ သူ့ရည်းစားထံမှ လမ်းခွဲမက်ဆေ့ရောက်လာသည်။
"တန်ယု၊ ငါတို့အတူနေခဲ့တာ နှစ်နှစ်ကြာပြီ။ နင်က ဘာရည်မှန်းချက်မှမရှိဘူး။ အထက်လူကြီးသဘောကျအောင် မနေတတ်ဘူး။ နင့်အလုပ်ထဲမှာ စိတ်နှစ်ထားရုံနဲ့ ဘာအကျိုးရှိမှာလဲ။ နင့်အနာဂတ်အလားအလာကို ငါမမြင်ဘူး။ လမ်းခွဲကြတာပေါ့"
တန်ယု သက်ပြင်းချသည်။ ထိုမျှလူမဆန်သည့်သူ့ဘောစ် စိတ်ကျေနပ်အောင်နေဖို့ သူတကယ်စိတ်သွင်း၍မရ။
တီဗွီစင်ပေါ်မှ သုံးချောင်းထောက်ကြေးအိုးကို သူတစ်ချက်ကြည့်သည်။ လက်တါးအရွယ်ရှိသည်။ ဘာမှန်းမသိသည့် ရုပ်ပုံများ ရေးထွင်းထားသည်။
"မင်းကိုသာ ဈေးကောင်းကောင်းနဲ့ ရောင်းလို့ရရင်ကောင်းမှာပဲ"
တန်ယု စိတ်ပျက်လက်ပျက်ခေါင်းခါသည်။
ထိုကြေးအိုးသည် သူ့အဘေး၏ခေတ်မှ လက်ဆင့်ကမ်းလာသည့် အမွေပစ္စည်းဖြစ်သည်။ မျိုးရိုးဘယ်နှဆက် လက်ဆင့်ကမ်းခဲ့သည်ကို အတိအကျမသိရ။ လက်ရာက အတော်လှပသေသပ်သည်။ ထူးခြားသည့် သမိုင်းနောက်ခံရှိမည်မှာ သေချာသည်။
သို့သော် ရှေးဟောင်းပစ္စည်းပညာရှင်များထံ အကြိမ်ကြိမ်သွားရောက်မေးမြန်းခဲ့သည်။ ခေတ်သစ်လက်ရာတစ်ခုသာဖြစ်ကြောင်း သက်တမ်းဆယ်စုနှစ်သာရှိကြောင်း အားလုံးက ကောက်ချက်ချသည်။
"ဖွီး၊ သောက်သုံးမကျတဲ့ ပညာရှင်တွေ။ တန်ဖိုးအစစ်ကို မသိကြဘူး"
တန်ဝူ တံတွေးထွေးလိုက်သည်။
ပင်ပန်းလွန်းသဖြင့် အဝတ်အစားလဲဖို့ ပြင်နေရင်းမှာပင် သူအိပ်ပျော်သွားသည်။
သူအိပ်ပျော်သွားပြီးနောက် ဝိညာဉ်စွမ်းအင်များ နိုးထလာချိန်တွင် ကြေးအိုးက နည်းနည်းတုန်ခါသွားသည်။ အတွင်းဘက်မှ အမှတ်အသားများ အရောင်တောက်လာသည်။ ညာဉ့်သန်းခေါင်အချိန်တွင် သိပ်သည်းသည့် ဝိညာဉ်ရည်တစ်စက် ကြေးအိုးထဲတွင် စုစည်းမိလာသည်။ ထိုကြေးအိုးသည် ကောင်းကင်ရည်ကြေးအိုးဖြစ်သည်။
ကြောင့်နက်က ကြေးအိုးဘေးသို့ ခုန်တက်သွားပြီး ဝိညာဉ်ရည်ကို လျှာဖြင့်လျက်လိုက်သည်။ သူ့အမွေးများ ချက်ချင်းဆန့်ထွက်လာသည်။
ရုတ်တရက် သူ့စိတ်ထဲတွင် ကြေးအိုးသမိုင်းကြောင်းများ ပေါ်လာသည်။ မသေမျိုးများကို ပူဇော်ဖို့ ရှေးလူများသုံးခဲ့သည့် ရှေးဟောင်းဝိညာဉ်ရတနာတစ်ခုဖြစ်သည်။ ဝိညာဉ်ရည်ကို စုဆောင်းနိုင်သည်။ သက်ရှိတို့၏ ရုပ်ခန္ဓာအခြေခံကို တိုးမြှင့်ပေးနိုင်သည်။ သွေးဆက်ကို လှုံ့ဆော်ပေးနိုင်သည်။
"တာ့...လော်..ကျွဲ့..."
ကြောင်နက်က မိန်းကလေးအသံဖြင့် လူစကားစပြောသည်။ သူ့စိတ်ထဲတွင်ပေါ်လာသည့် ကျင့်စဉ်ပညာနာမည်တစ်ခုကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ရေရွတ်သည်။
ထိုကြေးအိုးလိုပင် ဝိညာဉ်စွမ်းအင်အဟာရမရှိသဖြင့် သာမန်ပစ္စည်းများအဖြစ် အဆင့်လျှော့ကျသွားသည့် ဝိညာဉ်ရတနာများ သေမျိုးလောကတွင် ပြန့်ကျဲတည်ရှိနေသည်။
ဝိညာဉ်စွမ်းအင် ပြန်ပေါ်လာသဖြင့် ထိုရတနာများ တဖြေးဖြေးအသက်ပြန်ဝင်လာပြီး သက်ဆိုင်ရာစွမ်းအားမျိုးစုံ ပေါ်လာသည်။
...
လှိုဏ်ဂူထဲသို့ ဝင်လိုက်ချိန်တွင် ထိုနေရာသည် ကောင်းကင်ဂူတစ်ခုဖြစ်ကြောင်း လုယန်နားလည်သွားသည်။
ခွန်လွန်တောင်တန်းလို ဗလာဟင်းလင်းပြင်မဟုတ်။ အသက်ဓာတ်များပြည့်လျှံနေသည်။ မသေမျိုးစွမ်းအင်ရောင်တစ်ခု လည်ပတ်နေသည်။ တစ်ကြိမ်ရှူရှိုက်ရုံဖြင့် သက်တမ်းဆွဲဆန့်နိုင်သည်။ ထိုစွမ်းအင်ရောင်က လောလောဆယ် လုယန်အတွက် အကျိုးရှိသေးသည်။
ထိုလှိုဏ်ဂူ နှစ်လေးသိန်းကာလကို ဖြတ်သန်းခဲ့သည်ဟုပြောလျှင် ယုံနိုင်စရာမရှိ။ အရာအားလုံးက အချိန်ကာလနှင့် မထိတွေ့ခဲ့သကဲ့သို့ သန့်ရှင်းစင်ကြယ်နေသည်။ ပိုင်ရှင်ထွက်သွားပြီးစ အခြေအနေမျိုးဖြစ်သည်။
ယခု အိမ်ရှင် ပြန်ရောက်လာသည်။
ကျယ်ပြန့်နူးညံ့သည့် အိပ်ယာ။ ပုံမှန်နေရာချထားသည့် ထိုင်ခုံများ။ ထိပ်တန်းအဆင့်နတ်ဆိုးသားရဲသားရေဖြင့်လုပ်ထားသည့်စောင်။ လှပစွာတန်ဆာဆင်ထားသည့် စာအုပ်စင်...
အခန်းအပြင်အဆင်ကို အတော်ရင်းနှီးနေကြောင်း လုယန်တွေ့ရသည်။ သူ့သိစိတ်နယ်မြေနှင့် ထပ်တူကျနေသည်။
"ဒါက မသေမျိုးနတ်မယ်ရဲ့အိမ်ပေါ့"
ပိုင်ရွှမ်းနှင့် ရှားဟဲတို့ အံ့ဩမဆုံးဖြစ်နေသည်။ ဒဏ္ဍာရီစကားအရပြောလျှင် ဤနေရာကို မသေမျိုးအိမ်တော်ဟု ခေါ်သင့်သည်။ တကယ်ခမ်းနားထည်ဝါသည်။
မိန်းကလေးနှစ်ယောက် စာအုပ်စင်ပေါ်မှပစ္စည်းများကို ချက်ချင်းအာရုံရောက်သွားသည်။ စာအုပ်များက လှပသလို ထိုပစ္စည်းများကလည်း လက်ရာမြောက်သည်။
ထိုပစ္စည်းများ၏ နောက်ခံသမိုင်းကို မသိသော်လည်း အနုပညာလက်ရာက အဆင့်မြင့်သည်။ ထိုကြေးမုံများ၊ ပန်းအိုးများ၊ မွှေးတိုင်ခွက်များက သေသပ်စွာ အနုစိတ်ပုံဖော်ထားသည်။
"ဒါတွေအားလုံး ထိပ်တန်းမသေမျိုးရတနာတွေပဲ"
လုယန် သက်ပြင်းချသည်။ မသေမျိုးတစ်ဝက်များပင် မသေမျိုးရတနာတစ်ခုကို အသက်လောက်တန်ဖိုးထားကြသည်။
သို့သော် ယခု ဤနေရာတွင် ထိုရတနာများက ဟင်းသီးဟင်းရွက်လို အစုအပုံလိုက်ရှိနေသည်။
ဥပမာ ပန်းအိုးထဲတွင် မသေမျိုးရေစင်နည်းနည်းရှိသည်။ ရေတစ်စက်သည် နတ်ဆိုးသားရဲတစ်ကောင်ကို သက်တမ်းတစ်ထောင်ရှိသည့် မဟာနတ်ဆိုးအဖြစ် အသွင်ပြောင်းပေးနိုင်သည်။ ထိုပစ္စည်းမျိုးက နတ်မယ်အတွက် လုံးဝအသုံးမဝင်။ အဆင်တန်ဆာအဖြစ်သာ ထားခြင်းဖြစ်သည်။
လုယန် စုပ်သပ်မိသည်။ သူအခုအတော်ချမ်းသာနေသည်။ သို့သော် သူ့လှိုဏ်ဂူက နတ်မယ်လှိုဏ်ဂူ၏ ထည်ဝါသည့် အခင်းအကျင်းနှင့်ယှဉ်လျှင် အတော်နိမ့်ကျနေသည်။
"နင်တို့ကြိုက်တာယူပါ"
နတ်မယ်က ရက်ရက်ရောရော ပေးသည်။ ပစ္စည်းလက်ခံသူသည် ပေးသူ၏ဆန္ဒကို ဆန့်ကျင်ဖို့ခက်သည်ဟူသည် စကားကို သူလက်ကိုကိုင်ထားသည်။
ပစ္စည်းယူပြီးလျှင် ထိုမိန်းမနှစ်ယောက်ကို ရှောင်ယန်နားမကပ်ဖို့ သူပြောမည်။
"ဒါတော့ မသင့်တော်ဘူးလေ"
မိန်းကလေးနှစ်ယောက် လက်တွန့်သွားသည်။ နတ်မယ်၏အကြံဆိုးကို သူတို့မရိပ်မိ။ လုယန်စကားအရ ထိုပစ္စည်းများသည် အလွန်တန်ဖိုးကြီးသဖြင့် လက်ခံဖို့ အားနာခြင်းသာဖြစ်သည်။
"ဒါတွေကဘာတွေလဲ"
မြေပြင်မှ အလင်းပေါက်ကျောက်တုံးတစ်ချို့ကို သူတို့ကိုင်ကြည့်သည်။ ဖန်တုံးများနှင့်တူသည်။ မြေပြင်တစ်ခုလုံး ထိုကျောက်တုံးများပြည့်နေသည်။ ကြမ်းခင်းပုံဖော်ဖို့ စီစဉ်ထားပုံရသည်။
"စွမ်းအင်ကုန်သွားတဲ့ ဝိညာဉ်ကျောက်တွေပါ"
လုယန် တစ်တုံးကောက်ပြီး အဝေးသို့ ပစ်လွှင့်လိုက်သည်။ အားလုံးက ထိပ်တန်းဝိညာဉ်ကျောက်များဖြစ်သည်။ လှိုဏ်ဂူတံခါးဖွင့်ချိန်တွင် သူတို့စွမ်းအင်များထွက်သွားသည်။ အပြင်လောတွင် ပျံနှံ့ပြီး ကြယ်ပြာပတ်ဝန်းကျင်ကို အဆင့်မြှင့်ပေးသည်။
ရုတ်တရက် လုယန် ခြေလှမ်းရပ်သွားသည်။ ဝိညာဉ်ကျောက်တစ်ခုကို ကောက်ယူ၍ စစ်ဆေးသည်။ ထို့နောက် နောက်ထပ်လေးငါးလုံး ထပ်ကောက်သည်။ ဝိညာဉ်ကျောက်များသည် သူထင်ထားသလိုမဟုတ်ဘဲ အကောင်းပကတိပုံစံ ရှိနေကြောင်း သတိထားမိလာသည်။
အစောပိုင်းက ဝိညာဉ်ကျောက်များကွဲကြေ၍ စွမ်းအင်ယိုစိမ့်ပြီး လှိုဏ်ဂူထဲတွင် ပိတ်မိနေသည်ဟု ထင်ခဲ့သည်။
သို့ဆိုလျှင် တစ်ချိန်က ကျင့်ကြံဖို့အတွက် ထိုဝိညာဉ်ကျောက်များကို နတ်မယ်က စွမ်းအင်စုပ်ယူခဲ့ခြင်းဖြစ်မည်။
ဤလှိုဏ်ဂူသည် နတ်မယ်နေထိုင်သည့်နေရာသာမဟုတ်ဘဲ ကျင့်ကြံသည့်နေရာလည်းဖြစ်ကြောင်း သူနားလည်လာသည်။
ဝိညာဉ်ပြောင်းအဆင့်တက်ချိန်တွင် ကောင်းကင်လျှပ်စီးကြား၌ ယင်ထန်မသေမျိုးသိစိတ်ဝိညာဉ်နှင့်တွေ့စဉ်က သူအတွေးတစ်ခုရှိခဲ့သည်။ နတ်မယ် လှိုဏ်ဂူထဲသို့ဝင်ပြီး နာရီဝက်အကြာတွင် ပုန်းကွယ်နေသည့်လူတစ်ယောက်က တိုက်ခိုက်ခဲ့သည်ဟု ယင်ထန်ကပြောသည်။
ထိုလုပ်ကြံသူ လှိုဏ်ဂူထဲသို့ ဘယ်လိုဝင်နိုင်ခဲ့သည်ကို နတ်မယ်ပင် နားမလည်။
သို့ဆိုလျှင် ဤနေရာသည် နတ်မယ်သေဆုံးခဲ့သည့် နေရာဖြစ်သည်။ လုပ်ကြံသူက ဤနေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်မည်။
သို့သော် နတ်မယ်က ဤနေရာသို့ရောက်ချိန်တွင် စိတ်အေးလက်အေးပုံစံမျိုး ရှိနေသည်။ ထိုပုံစံမျိုးဖြစ်နေသည်ကို နတ်မယ်ကိုယ်တိုင်ပင် သတိထားမိပုံမရ။
နတ်မယ်သည် သူလုပ်ကြံခံရသည့် အဖြစ်အပျက်အသေးစိတ်ကို လုံးဝမမှတ်မိ။ ထိုအချိန်က ကြုံတွေ့ခဲ့သည့်မှတ်ဉာဏ်များ ပျောက်ကွယ်နေသည်။
ထိုစဉ် အိပ်ယာပေါ်တွင် လှဲနေသည့်နတ်မယ် ထထိုင်သည်။ ပါးစပ်မှတစ်စုံတစ်ခု တီးတိုးရေရွတ်သည်။ မေးစေ့ကိုကိုင်၍ လှိုဏ်ဂူအပြင်သို့ ထွက်သွားသည်။ ထို့နောက် ပြန်ဝင်လာသည်။ စားပွဲတွင်ထိုင်သည်။ တစ်စုံတစ်ခုရေးနေသည်ဟန်မျိုးလုပ်သည်။
ထို့နောက် မြေပေါ်မှ ဝိညာဉ်ကျောက်များကိုရေတွက်ပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်သည်။ ဉာဏ်အလင်းရသည့် ကိုယ်ဟန်မျိုး ဖြစ်လာသည်။
"နတ်မယ် ခင်ဗျားဘာဖြစ်နေတာလဲ"
နတ်မယ်၏ ထူးဆန်းသည့်အပြုအမူကြောင့် သူနှင့်မတိုက်မိအောင် ပိုင်ရွှမ်းနှင့်ရှားဟဲကို လုယန်ဘေးသို့ဆွဲခေါ်သည်။
နတ်မယ်ဘာလုပ်နေသည်ကို လုယန်နည်းနည်းရိပ်မိသည်။
"ငါအရင်က ဒီအစီအစဉ်အတိုင်းပဲ ကျင့်ကြံခဲ့တာလို့ ခံစားရတယ်"
လုယန်မေးသည်ကို သူကြားဟန်မတူ။ ကိုယ်ပိုင်အတွေးထဲတွင်သာ နစ်မျောနေသည်။ ပါးစပ်မှ တစ်စုံတစ်ခု တီးတိုးရေရွတ်နေသည်။ ထိုမြင်ကွင်းကိုကြည့်၍ လုယန် ရင်ထိတ်သွားသည်။
နတ်မယ် ကုတင်ပေါ်တွင် တင်ပျဉ်ခွေ၍ ခဏဆက်ထိုင်နေသည်။ ထို့နောက် သူနားလည်သွားဟန်ရှိသည်။
"အိုး...ငါမှတ်မိပြီ။ အဲဒီတုန်းက အတွေးအမြင်တစ်ခုရလို့ ကျင့်စဉ်ဝင်ဖို့ လှိုဏ်ဂူကို ငါအမြန်ပြန်လာခဲ့တာ။ ငါဘာအကြောင်း တွေးမိတာပါလိမ့်...
အား..မှတ်မိပြီ။ လွှမ်းခြုံခြင်း(အားလုံးသိ)အဆင့်ကို တက်နိုင်မယ့်နည်းလမ်းကို ငါစဉ်းစားမိတာ။ တစ်ထိုင်တည်းနဲ့ အဆင့်တက်ဖို့ ငါရည်ရွယ်ခဲ့တာပဲ"
လုယန်စိတ်ထဲ မိုးကြိုးပစ်သလို ခံစားလိုက်ရသည်။ ခြောက်ခြားစရာအတွေးတစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာသည်။ သူအမြဲတမ်းတွေးမရဖြစ်နေသည့် ပဟေဠိတစ်ခု ရှင်းလင်းသွားသည်။
သူမှားခဲ့သည်။ အရင်က သူထင်မြင်ယူဆချက်များအားလုံး မှားခဲ့သည်။ နောက်ကွယ်မှလုပ်ကြံသူသည် မသေမျိုးအဆင့်မဟုတ်။ လွန်မြောက်ခြင်းအဆင့်ဖြစ်သည်။
***********************************