← Chapters

အခန်း ၁၃၃၉

Vol. 90 Ch. 1339

အခန်း ၁၃၃၉

Vol. 90 Ch. 1339

အခန်း (၁၃၃၉) လျှို့ဝှက်စွမ်းအားရှင်၏အဆင့်

"နတ်မယ်၊ လွှမ်းခြုံခြင်းအဆင့်ကို ဘယ်လိုတက်ရမလဲဆိုတာ ခင်ဗျားမှတ်မိသေးလား"

လုယန် ပုံမှန်အတိုင်းမေးသည်။ သူသည် မသေမျိုးမဟုတ်။ ထိုမျှအလှမ်းဝေးသည့် ကိစ္စမျိုးကို သူမစဉ်းစား။

နတ်မယ် ခေါင်းခါသည်။

"ငါမမှတ်မိဘူး"

တစ်ခြားကိစ္စများကိုသာ သူမှတ်မိသည်။

"ဟုတ်ပါပြီ"

လုယန် စိတ်ပျက်သည့်အရိပ်မျိုး သိပ်မပြ။ သို့သော် သူ့စိတ်ထဲတွင် မုန်တိုင်းထန်နေပြီဖြစ်သည်။

လွန်မြောက်ခြင်းအဆင့်နှင့် လွှမ်းခြုံခြင်းအဆင့်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်ကြောင်း အရင်က သူမတွေးမိခဲ့။ ထိုမဟာအဆင့်နှစ်ခု အတူမတည်ရှိနိုင်။

လွန်မြောက်ခြင်းအဆင့်များသည် ကြောင်းကျိုးကံကြမ္မာကို ဖြတ်တောက်၍ တစ်လောကလုံး သူတို့အကြောင်း မေ့ပျောက်သွားအောင် လောကထဲမှ သူတို့လုံးဝပျောက်ကွယ်သွားအောင် လုပ်သည်။

လွှမ်းခြုံခြင်းအဆင့်များက အရာအားလုံးကိုသိသည်။ သက်ရှိအားလုံး အဖြစ်အပျက်အားလုံး အတိတ်သမိုင်းအားလုံး သူတို့လက်ထဲတွင်ရှိသည်။

..လွန်မြောက်ခြင်းအဆင့်များ ရှိသည်ကိုလည်း သိသည်။

လွှမ်းခြုံခြင်းအဆင့်တစ်ယောက် ပေါ်လာလျှင် လွန်မြောက်ခြင်းအဆင့်စွမ်းအားရှင်အကြောင်း သိပေလိမ့်မည်။ လွှမ်းခြုံခြင်းအသိသည် ကြောင်းကျိုးကံကြမ္မာကို တည်ဆောက်နိုင်သည်ဟု အရင်ကတည်းက နတ်မယ်ပြောခဲ့သည်။

လွှမ်းခြုံခြင်းအဆင့်တစ်ယောက်နှင့် လွန်မြောက်ခြင်းအဆင့်တစ်ယောက်ကြား ကြောင်းကျိုးဆက်နွယ်မှု ဖြစ်ပေါ်လာလျှင် လွန်မြောက်ခြင်းအဆင့်စွမ်းအားရှင်က 'လွန်မြောက်ခြင်း'အဆင့်မှ လျှောကျသွားမည့်သဘောဖြစ်သည်။

ထာဝရနတ်မယ်ကို ထိုလူသတ်ချင်သည်မှာ အံ့ဩစရာမရှိ။ လွှမ်းခြုံခြင်းအဆင့်သို့ နတ်မယ်တက်နိုင်သည်နှင့် နောက်ကွယ်မှလူက ကံဆိုးသူဖြစ်လာလိမ့်မည်။

ထိုအချိန်က နတ်မယ်အဆင့်တက်နေပြီး ထူးဆန်းသည့်အခြေအနေတစ်ခုသို့ ရောက်နေခဲ့လိမ့်မည်။ လျှို့ဝှက်ရန်သူကို သတိထားမိမည်မဟုတ်။ ထို့ကြောင့် ရန်သူက အလွယ်တကူ အနိုင်ရသွားခြင်းဖြစ်သည်။

ကြောင်းကျိုးကံကြမ္မာဖြတ်တောက်၍ လွန်မြောက်ခြင်းအဆင့်ကျင့်ကြံခဲ့သည့် လျှို့ဝှက်ရန်သူသည် ကျင့်စဉ်ခရီးတစ်လျှောက် တန်ဖိုးကြီးမားစွာ ပေးဆပ်ခဲ့ရမည်မှာ သေချာသည်။

မီးနိုင်ငံကိုဖျက်ဆီးပြီး နှစ်တစ်သိန်းသမိုင်းကြောင်းထဲ ပုန်းနေခဲ့သည့် ပဲပြာအရှင်၏အဖြစ်ကိုကြည့်လျှင် သိနိုင်သည်။

သမိုင်းကြောင်းဖျက်ဆီးရသည့်အလုပ်သည် လွယ်ကူသည်မဟုတ်။ ရှေးဟောင်းခေတ်အလွန်မှ သမိုင်းကြောင်းသည့် မထင်ရှား။ အလွန်ရှေးကျလွန်းပြီး မှတ်တမ်းတင်သည့် နည်းလမ်းများလည်း မရှိခဲ့။

တစ်လက်မမြေချုံ့ပညာသည် ရှေးဘိုးဘေးများက အတိုင်းအတာစံသတ်မှတ်သည့်အနေဖြင့် သုံးခဲ့ခြင်းဖြစ်ကြောင်း လုယန်သုံးသပ်ခဲ့ဖူးသည်။

ထို့ကြောင့် ရှေးဟောင်းခေတ်တွင် အတိုင်းအတာများ တပြေးညီဖြစ်ခဲ့သည့် အချိန်တစ်ခုရှိခဲ့သည်ဟု ကောက်ချက်ချနိုင်သည်။ နောက်ကွယ်မှစွမ်းအားရှင်က ထိုခေတ်ကာလကို ဖျက်ဆီး၍ သမိုင်းကြောင်းဖျောက်ဖျက်ခဲ့သဖြင့် အတိုင်းအတာစံနှုန်းများ ပရမ်းပတာပြန်ဖြစ်သွားခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် နောက်ပိုင်းတွင် ရှေးဟောင်းမသေမျိုးငါးယောက်က အတိုင်းအတာစံနှုန်းများကို နောက်တကြိမ်ပြန်၍ စံသတ်မှတရသည်။

ဆင်းသက်လာသည့် ရှေးဟောင်းမှော်ပညာများ မူရင်းနှင့်ကွဲလွဲနေသည်မှာလည်း ထိုလုပ်ကြံသူ၏လက်ချက် ဖြစ်ဖို့များသည်။

ပဲပြာအရှင်က ထိုအချက်ကို နားလည်ခဲ့၍ လွန်မြောက်ခြင်းအဆင့်တက်နိုင်ဖို့ အတင်းကြိုးစားခဲ့ခြင်းလော။

လုယန် ခေါင်းခါလိုက်သည်။ ပဲဝါအရှင်သေသွားပြီဖြစ်၍ ထိုကိစ္စများကို ဘယ်သူမှအဖြေမပေးနိုင်တော့။

လွန်မြောက်ခြင်းအဆင့်အကြောင်း လုယန်သေချာမသိ။ အားလုံးက သီအိုရီသက်သက်ဖြစ်သည်။ လွန်မြောက်ခြင်းတစ်ဝက်အဆင့် ပဲပြာအရှင်ကိုကြည့်၍သာ အရိပ်အမြွက်လောက်သိရသည်။

မသေမျိုးများသည် မေ့ပျောက်ခြင်းဗီဇလက္ခဏာ ပိုင်ဆိုင်သည်။ ပဲပြာအရှင်၏ မေ့ပျောက်ခြင်းဗီဇက ပိုထူးခြားသည်။ သူနှင့်တွေ့ကြုံသူတင်း ကျင့်စဉ်စွမ်းအားမလုံလောက်လျှင် သူ့အကြောင်းကို မမှတ်မိနိုင်။

လွန်မြောက်ခြင်းအဆင့်အစစ်တစ်ယောက်ဆိုလျှင် ဘယ်လိုစွမ်းရည်ရှိမည်မသိ။ မေ့ပျောက်ခြင်းဗီဇစွမ်းရည်က အစွန်းရောက်နေလိမ့်မည်။ သူတို့လုပ်သည့်အရာတိုင်း ဘယ်စွမ်းအားရှင်မှ မှတ်မိမည်မဟုတ်။

"ငါတကယ်တုံးတာပဲ။ ဒီမေ့ပျောက်ဗီဇကို အခြေခံပြီး လုပ်ကြံသူရဲ့အရိယဖလကို တွေးနေခဲ့တာ"

လုယန်စိတ်ထဲ ကိုယ့်ကိုယ်ကို လှောင်ရယ်လိုက်သည်။ ကြောင်းကျိုးအရိယဖလ၊ စကားလုံးမှော်အရိယဖလ...ဘာတစ်ခုမှမဟုတ်။ အမှန်တရားနှင့် လုံးဝအလှမ်းဝေးနေသည်။

လွန်မြောက်ခြင်း၊ လွှမ်းခြုံခြင်း၊ ပေါင်းစပ်ခြင်း(သဟဇာတ) မဟာအဆင့်ကြီးသုံးခု တန်းတူဖြစ်လောက်သည်။ လုပ်ကြံသူသည် ရှေးဟောင်းခေတ်က စွမ်းအားကို လုံးဝထုတ်မပြခဲ့။

ရှေးဟောင်းမသေမျိုးလေးယောက်နှင့် လက်ရည်တူယှဉ်ခဲ့ခြင်းမဟုတ်။ အသာစီးရခဲ့ခြင်းဖြစ်သည်။

သူ့စွမ်းအားအစစ်ကို လုံးဝထုတ်မသုံးခဲ့။

သူ့ကျင့်စဉ်အဆင့်ကို မသိစေလို၍ဖြစ်မည်။ သူအဆင့်ကိုသိသွားလျှင် ရှေးဟောင်းမသေမျိုးလေးယောက်က သူ့မူလနောက်ခံကို တွေးတောသုံးသပ်ကြမည်။ (ကြောင်းကျိုးဆက်နွယ်မှုများ ထပ်ဖြစ်လာမည်)

ထို့ကြောင့် သူ့ကိုယ်သူ 'စွမ်းအားကြီးမသေမျိုး'တစ်ယောက်အဖြစ်သာ ဟန်ဆောင်ခဲ့သည်။ သူ့အဆင့်ကို ရှေးဟောင်းမသေမျိုးတွေးမိစေမည့်လမ်းကြောင်းမျိုး ခင်းမပေးခဲ့။

ရှေးဟောင်းမသေမျိုးလေးယောက်ကို ရှင်းပစ်လျှင် အန္တရာယ်များသည်။ လုပ်ကြံသူကို မနိုင်မှန်းသိ၍ အချိန်မသေမျိုးက အချိန်လမ်းကြောင်းထဲတွင် ဝင်ပုန်းသည်။ ယင်ထန်က ကောင်းကင်လျှပ်စီးထဲတွင်ပုန်းသည်။

ကိုးဆမသေမျိုးက ကျောက်စိမ်းတံဆိပ်ထဲတွင် ပုန်းသည်။ ချီလင်က လက်ကောက်ထဲတွင် ပုန်းသည်။ ပါးနပ်သည့် ထိုသက်ကြားအိုများတွင် လွတ်မြောက်ထွက်ပြေးနည်းများစွာရှိသည်။ လုပ်ကြံသူက သူတို့ကို လိုက်ရှာဖို့လည်းမလို။

သတိထား၍ သူလှုပ်ရှားသည်။ ထိုစွန့်စားမှုမျိုး သူမလုပ်။

သရုပ်မှန်ပြောင်းလဲသည့် အလုပ်မျိုးကို ပဲပြာအရှင်လည်း လုပ်ခဲ့သည်။ ဗုဒ္ဓနိုင်ငံ၌ မုန်ကျင်းဇီနှင့်တိုက်ခိုက်ချိန်တွင် သူ့ကိုယ်သူ 'ချီကျင့်ကြံမှုစနစ်တည်ထောင်သည့် ရှေးဟောင်းခေတ်၏ ပထမဆုံးမသေမျိုး'ဟုပြော၍ လှည့်စားခဲ့သည်။

သရုပ်မှန်အတုဖန်တီးလျှင် ကြောင်းကျိုးဆက်နွယ်မှုမဖြစ်အောင် ရှောင်နိုင်သည့်သဘောဖြစ်သည်။ ထို့ကြောင့် လုပ်ကြံသူက စွမ်းအားအစစ်ကို ဖုံးကွယ်၍ စကားလုံးမှော်ပညာရှင်ယော်စိန့်အတုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

ယော်စိန့်အစစ်ကို ရှေးဟောင်းခေတ်တွင် နတ်မယ်က သတ်ဖြတ်ခဲ့သည်။ ကျုန်းရှန်တွင်ပေါ်လာသည့် ယော်စိန့်က လုပ်ကြံသူဖန်တီးထားသည့် သရုပ်မှန်အတုဖြစ်သည်။

လုပ်ကြံသူသည် အချိန်မသေမျိုး၏ ရှေ့မျိုးဆက် လောကသစ်ပင်ဖြစ်မည်ဟု အစက လုယန်ထင်ခဲ့သည်။ သို့သော်ယခု ထိုသုံးသပ်ချက်လည်း မှားသွားဟန်ရှိသည်။

သူ့သုံးသပ်ချက်မှန်လျှင် လုပ်ကြံသူက ထိုအဖြစ်ကို အာရုံခံမိမည်။ အစောကြီးကတည်းက သူ့ကိုသတ်ခဲ့ပြီးဖြစ်မည်။

သို့ဆိုလျှင်...

လုယန် ထိုအတွေးကို ချက်ချင်းရပ်လိုက်သည်။ ထိုအတွေးသည် လုပ်ကြံသူကို စစ်ကြေညာသည်နှင့်တူသည်။ သူ့ဇစ်မြစ်အရိယဖလသန္ဓေက မပြည့်စုံသေး။ စစ်ကြေညာရမည့်အချိန် မဟုတ်။

"လူတွေပဲ သံသရာလည်တာမဟုတ်ဘူး။ အဖြစ်အပျက်တွေလည်း သံသရာလည်နေတယ်"

လုယန် စိတ်ကူးတစ်ခုရခဲ့သည်။

ဇစ်မြစ်အရိယဖလတည်ဆောက်စဉ်က ရခဲ့သည့်အတွေးအမြင်ဖြစ်သည်။ ယခု လုပ်ကြံသူ၊ ပဲပြာအရှင်တို့နှင့် ဆက်စပ်တွေးမိသဖြင့် သူ့နားလည်မှုက ပိုနက်ရှိုင်းလာသည်။

အချိန်ကြာမြင့်စွာ ရှုပ်ထွေးနေခဲ့သည့်ကိစ္စ ရှင်းလင်းလာသည်။ သို့သော် သူစိတ်မအေး။ လုပ်ကြံသူ၏စွမ်းအားက ထင်ထားသည်ထက် များစွာကျော်လွန်နေသည်။

"နတ်မယ်၊ ခွန်လွန်တောင်ကို ကျင့်ကြံသူလောကထဲ ရွှေ့ကြမလား"

နတ်မယ်က အတော်ပျော်ရွှင်နေဟန်ဖြင့် အိပ်ယာပေါ်တွင် ပျင်းရိပျင်းတွဲ လဲလျောင်းနေသည်။

"ရွှေ့ပြောင်းဖို့ကိစ္စက ဒီလောက်အလျင်မလိုပါဘူး။ လောလောဆယ် ဒီမှာပဲထားကြတာပေါ့"

"ဟုတ်ပါတယ်"

လုယန် ခေါင်းငြိမ့်သည်။ ဘာမှထပ်မပြောတော့။

မသေမျိုးအိမ်တော်တွင် ရောက်နေသော်လည်း ဆက်နေဖို့အကြောင်းရင်း သိပ်မရှိ။ နတ်မယ် အတော်ကြာအောင် လှဲနေပြီးနောက် သမ်းတစ်ချက်ဝေလျက် လုယန်၏ သိစိတ်နယ်မြေသို့ ပြန်ဝင်သည်။

အချိန်ကြာမြင့်စွာ နေခဲ့သဖြင့် မသေမျိုးအိမ်တော်ထက် လုယန်၏ သိစိတ်နယ်မြေကသာ ပို၍သက်တောင့်သက်သာရှိသလို ခံစားရသည်။

သူတို့လေးယောက် ခွန်လွန်တောင်တန်းမှ ထွက်သွားပြီးနောက် လူတစ်ယောက် အိမ်တော်ထဲတွင်ပေါ်လာသည်။ သူ့မျက်လုံးများက နက်ရှိုင်းသည်။

"ပေါ့ဆမိတာပဲ။ ဒီကောင်လေးရဲ့ဇာတိမြေဟောင်းက မြောက်ပိုင်းကြယ်ကမ္ဘာဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး။...အချိန်မီလို့ တော်သေးတာပေါ့"

ခပ်ညှင်းညှင်းရယ်လျက် 'ကျင့်ကြံမှုအတွေ့အကြုံ'စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။ နတ်မယ် လွှမ်းခြုံခြင်းအဆင့်သို့တက်ရန် ကြိုးစားခဲ့သည့် အတွေးအမြင်များကို မှတ်တမ်းတင်ထားသည်။

ရှေးဟောင်းခေတ်ကတည်းက ထိုကျင့်စဉ်အတွေ့အကြုံကျမ်းကို ဖျက်ဆီးချင်ခဲ့သည်။ သို့သော် ထိုအချိန်တွင် နတ်မယ်က လွှမ်းခြုံခြင်းတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ကံကြမ္မာဆက်နွယ်မှု အလွန်အားကောင်းသည်။ လွန်မြောက်ခြင်းအဆင့်၏ ဗီဇစွမ်းရည်ပင် သူ့ဖြစ်တည်မှုကို အပြည့်အဝမဖျောက်ဖျက်နိုင်ခဲ့။

မသေမျိုးလေးယောက်ကလည်း ဒေါသတကြီး ချက်ချင်းတိုက်ခိုက်လာသည်။ ထို့နောက်တွင် ချင်ဟဲက မြောက်ပိုင်းကြယ်ကမ္ဘာကို အဝေးသို့ပို့လိုက်သည်။ သူဖျက်ဆီးခွင့်မရလိုက်။

ဤနေရာသည် မြောက်ပိုင်းကြယ်ဖြစ်ကြောင်း သူအရင်ဆုံးအာရုံခံမိသည်။ ထို့ကြောင့် နတ်မယ်ထက်အရင် လှိုဏ်ဂူထဲသို့ဝင်ပြီး ဤစာအုပ်ကိုသိမ်းယူခဲ့သည်။

ကျင့်စဉ်အတွေ့အကြုံကျမ်းတွင် ရေးထားသည်။

'လွှမ်းခြုံခြင်းအဆင့်ရောက်ဖို့ဆိုရင် အချက်သုံးချက်လိုတယ်လို့ ငါယူဆတယ်။

၁။ ငါ့ရဲ့ ထာဝရအရိယဖလလို ကြောင်းကျိုးဆက်စပ်ပေးတဲ့ အရိယဖလတစ်ခု ပိုင်ဆိုင်ရမယ်။

၂။ ဘဝနှစ်ခုမှာ နေထိုင်ဖူးရမယ်။ တစ်ချိန်က မသေမျိုးတစ်ဝက်အဆင့်မှာ ငါ့ကိုယ်ငါဖျက်ဆီးပြီး ပြန်မွေးဖွားခဲ့သလိုပေါ့။

၃။ ကြောင်းကျိုးဆက်စပ်မှုတွေ ခိုင်မာအောင် တည်ဆောက်ရမယ်'

စာအုပ်ထောင့်စွန်းမှ အဖြူရောင်မီးတောက်တစ်ခု ထတောက်လာသည်။ ချက်ချင်းပြန့်နှံ့လာပြီး စာအုပ်တစ်ခုလုံး ဝါးမျိုသွားသည်။ ပြာမှုန်ပင်မကျန်အောင် လောင်ကျွမ်းသွားသည်။

******************************

All Chapters