← Chapters

အခန်း ၁၃၄၁

Vol. 90 Ch. 1341

အခန်း ၁၃၄၁

Vol. 90 Ch. 1341

အခန်း (၁၃၄၁) ပြန်ချိန်တန်ပြီ

ညက မှောင်မိုက်၍ တစ်လောကလုံးတိတ်ဆိတ်နေသည်။ တန်ယု ရေအမြန်ချိုး၍ ဗွီဒီယိုအတိုများ ကြည့်နေသည်။

ယခု ဝိညာဉ်စွမ်းအင်ပြန်ပေါ်လာသည့်ကိစ္စသည် လျှို့ဝှက်ချက်မဟုတ်တော့။ အင်တာနက်တွင် ကျင့်ကြံသူတို့ တိုက်ခိုက်သည့် ဗွီဒီယိုများ ပလူပျံနေသည်။ လက်ချောင်းဖြင့်မှောင်အဆောင်များ ရေးဆွဲကြသည်။

လေနှင့်မိုးကိုဆင့်ခေါ်၍ စိတ်လှုပ်ရှားစရာတိုက်ပွဲများ ဆင်နွှဲကြသည်။ သူယခုကြည့်နေသည့် ဗွီဒီယိုတွင်လည်း ကျင့်ကြံသူနှစ်ယောက် ထိုသို့ပင် တိုက်ခိုက်နေကြသည်။

သူအတော်အားကျနေသည်။ သူ့ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်ပြီးဖြစ်သည်။ ဝိညာဉ်မြစ်မရှိသဖြင့် မကျင့်ကြံနိုင်ဟု အဖြေထွက်သည်။

သို့သော် သူ့ဘဝက တိုးတက်လာသည်။ သူ့ဘော့စ်က အသိစိတ်နည်းနည်းဝင်လာဟန်ရှိသည်။ သူ့ကို ကောင်းကောင်းဆက်ဆံသည်။ ကုမ္ပဏီကလည်း သူ့ကိုအတော်တန်ဖိုးထားကြသည်။ ရာထူးတိုးပေးပြီး သူ့ကိုကျယ်ကျယ်ပြန့်ပြန်ထည့်သုံးသည်။

သူ့ရည်းစားဟောင်းလည်း ဘာကြောင့်မှန်းမသိဘဲ ငိုယို၍ သူ့ဆီပြန်လာသည်။ သူနှင့်လမ်းမခွဲခဲ့သင့်ဟု ပြော၍တောင်းပန်သည်။

"မင်းကငါ့အတွက် ကံကောင်းခြင်းတွေ ယူလာတာဖြစ်မယ်"

တန်ယုက ကြောင်နက်ဦးခေါင်းကို ပုတ်၍ပြုံးလိုက်သည်။ ကြောင်နက်က သူ့ဆီခေါင်းတိုးဝင်ပြီး သုံးလေးကြိမ်အော်မြည်သည်။

တန်ယု နောက်ထပ်ဗွီဒီယိုအတိုမျး ထပ်ကြည့်သည်။ အများစုက ကျင့်ကြံသူများနှင့် သက်ဆိုင်သည်။ သတင်းတစ်ပုဒ်တွင် ကွင်းဆက်လူသတ်သမားဟု ယူဆရသည့် ကျင့်ကြံသူတို့တစ်ယောက် ထွက်ပြေးသွားကြောင်း တင်ထားသည်။

ကျင့်ကြံမှုရေးရာအုပ်ချုပ်ရေးအဖွဲ့က သူ့ကိုခြေရာခံဖို့ အရာရှိများ စေလွတ်ထားသည်။ အားလုံးကို ညဘက် သိပ်အပြင်မထွက်ဖို့ အကြံပြုထားသည်။

ထူးခြားသည့်စွမ်းအားရလာလျှင် အတွင်းဆန္ဒမီးများ ပေါ်လာလေ့ရှိသည်။ ထို့ကြောင့်လည်း ကျင့်ကြံမှုလောကဂိုဏ်းများမှအစ ဤကြယ်ပြာပေါ်မှ အဖွဲ့အစည်းများအထိ လူ့ပင်ကိုစရိုက်ကိုသာ အလေးထားကြသည်။

"ကျင့်ကြံသူဆိုတာ လူကောင်းတွေမဟုတ်ဘူးပဲ"

တန်ဘု တီးတိုးရေရွတ်၍ သမ်းတစ်ချက်ဝေပြီး အိပ်ပျော်သွားသည်။

သူအိပ်မောကျသွားပြီးနောက် ကြောင်နက်က ကြွက်နားရွက်ပိုင်ရှင် မိန်းကလေးတစ်ယောက်အဖြစ် အသွင်ပြောင်းသည်။ ကြေးအိုးကို အမြန်ကောက်မ၍ ပြတင်းပေါက်မှခုန်ထွက်သွားသည်။ အဆောက်အဦးများကြား ခေါင်မိုးမှခုန်ကူးသည်။

ကျင့်ကြံမှုတွင် နည်းနည်းကျွမ်းကျင်ထားပြီးဖြစ်၍ အရင်ဆုံး တန်ယု၏ ရည်းစားဟောင်းနှင့် ဘော့စ်ကို သူခြိမ်းခြောက်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ညတိုင်း မြို့ထဲတွင် ကင်းပတ်၍ မကောင်းသူပယ်ကောင်းသူကယ်သည့်အလုပ်ကို လုပ်ခဲ့သည်။

မြို့ထဲတွင် သူ့အကြောင်း ပုံပြင်ဇာတ်လမ်းများပေါ်လာသည်။

သူရဲကောင်းဖြစ်ရသည်ကို သူသဘောကျသည်။ သူ့မြို့ပြဒဏ္ဍာရီများ စပေါ်ကတည်းက သုံးချောင်းထောက်ကြေးအိုး၏ ဝိညာဉ်ရည်စုစည်းနှုန်း ပိုမြန်ဆန်လာသည်။ သူ့စွမ်းဆောင်ရည်လည်း ပိုမြင့်မားလာသည်။

"အားးး"

စုးရှသည့်အော်သံတစ်ခုကို သူအာရုံခံမိသည်။ အိမ်အပြန်နောက်ကျသည့် ကျောင်းသူတစ်ချို့ဖြစ်သည်။

လူဆိုးတစ်ယောက်က အေးစိမ့်သည့်အလင်းများ ထွက်ပေါ်နေသည့် ဓားမြှောင်ကိုကိုင်၍ မိန်းကလေးများဆီ လျှောက်လာသည်။

"ချွင်"

ကြေးအိုးနှင့် ဓားမြှောင့် ရင်ဆိုင်တွေ့သည်။

ကျောင်းသူများမော့ကြည့်ကြသည်။ ကြောင်နားရွက်နှင့် ဝတ်ရုံနက်တစ်ယောက် သူတို့ခေါင်းပေါ်မှ ကျလာသည်ကိုမြင်ရသည်။

"ထွက်သွားကြတော့"

ကြောင်နားရွက်မိန်းကလေး သူတို့ကို အော်ပြောသည်။

ကျောင်းသူများ ဓာတ်ပုံပင်မရိုက်အားတော့ဘဲ ကြောက်လန့်တကြားထွက်ပြေးသွားသည်။

"နတ်ဆိုးမျိုးနွယ်က ကြောင်တစ်ကောင်လား။ ကောင်းတယ်၊ အခုသူတို့ထွက်သွားပြီဆိုတော့ မင်းရဲ့နတ်ဆိုးသွေးကိုပဲ အစားပြန်ယူရတော့မှာပေါ့"

လူဆိုးက ခြောက်ကပ်ကပ်လေသံဖြင့်ပြောသည်။ ဓားမြှောင်ကို လျှာနှင့်တစ်ချက်လျက်ပြီးနောက် ကြောင်နားရွက်မိန်းကလေးကို တိုက်ခိုက်သည်။

ထိုလူဆိုးက ကျွမ်းကျင်သည်။ သူရင်ဆိုင်ဖူးသမျှထဲတွင် အခက်ခဲဆုံးပြိုင်ဘက်ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ထိုလူဆိုးကို သူသတ်နိုင်ခဲ့သည်။

သေချာသွားအောင် လူဆိုးကို ကြေးအိုးဖြင့် သုံးလေးချက်ထပ်ရိုက်သည်။ ထို့နောက် စစ်ဆေးကြည့်ရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။

"အဲ...ဒီအလောင်းက သေတာကြာခဲ့တဲ့ပုံမျိုး ဖြစ်နေပါလား"

လူဆိုးအလောင်းက လွန်ခဲ့သည့်တစ်လကတည်းက သေခဲ့သလိုဖြစ်နေသည်။

"သွားပြီ"

သူ့စိတ်ထဲမှ ကျိတ်ဆဲလိုက်သည်။ ဓားမြှောင်က နီးကပ်လွန်းသဖြင့် သူမရှောင်နိုင်တော့။

ရုတ်တရက် လူတစ်ယောက်ပေါ်လာပြီး ဓားမြှောင်ကို လက်နှစ်ချောင်းဖြင့် ညှပ်ဖမ်းလိုက်သည်။

"ဝိညာဉ်စိတ်ဖွံ့ဖြိုးတဲ့ပစ္စည်းက သခင်ရဲ့သွေးကိုစုပ်ပြီး သခင့်ခန္ဓာနဲ့ အပျိုစင်သွေးကို ရှာနေတာပဲ"

လုယန် ဓားမြှောင်ကို ထိန်းထားရင်း မှတ်ချက်ပေးသည်။

"မင်းကသိပ်အသုံးမဝင်တော့ဘူး"

လက်နှစ်ချောင်းကို အားနည်းနည်းစိုက်လိုက်သည်။ ဓားမြှောင်ကျိုးသွားသည်။

ကြောင်နားရွက်မိန်းကလေး မျက်လုံးပြူးသွားသည်။

"ရှင်ဘယ်သူလဲ"

ထိုဓားမြှောင်ဘယ်လောက်မာကျောကြောင်း သူကောင်းကောင်းသိသည်။ ကြေးအိုးနှင့် လေးငါးကြိမ်ရင်ဆိုင်တွေ့ခဲ့သော်လည်း အကျိုးအပဲ့မရှိခဲ့။

"ကောင်းကင်ရည်ကြေးအိုးကို မင်းရထားတယ်ပေါ့။ မင်းအတော်ကံကောင်းတဲ့ပုံပဲ"

လုယန် ပြုံးလိုက်သည်။

ကြောင်နားရွက်မိန်းကလေးက ကြေးအိုးကိုမသိမသာအသက်သွင်း၍ လုယန်ကို သတိဖြင့်စောင့်ကြည့်နေသည်။ တစ်ဘက်လူက ကြေးအိုး၏နာမည်အစစ်ကို သိနေသဖြင့် သူအံ့ဩသွားသည်။

ကြေးအိုးက သူ့ရှေ့မှလူကို ကြောက်ရွံ့နေဟန်ဖြင့် အဆက်မပြတ်တုန်ခါနေသည်။

"အမြီးကိုးချောင်းဝိညာဉ်ကြောင်သွေးဆက်၊ တာ့လောပညာကို ကျင့်ကြံတယ်။ ဒီပေါင်းစပ်မှုက မဆိုးဘူး။ ဒီကျင့်စဉ်အဆင့်ထိ ရောက်လာတာ မဆန်းတော့ပါဘူး။

စိတ်အေးအေးထားပါ။ ကောင်းကင်ရည်ကြေးအိုးက တကယ်ကောင်းတဲ့ ဝိညာဉ်ရတနာဖြစ်ပေမယ့် ငါ့အတွက်သိပ်အရေးမပါပါဘူး"

လုယန်နှစ်သိမ့်သည်။ ထိုကြောင်မလေးကို အလားအလာရှိသည့် မျိုးဆက်သစ်အဖြစ် သူမြင်သည်။

"ကျင့်ကြံမှုရေးရာအုပ်ချုပ်ရေးအဖွဲ့ကို မင်းဝင်ချင်လား။ မင်းကျင့်စဉ်အဆင့်က ကော်မရှင်နာ(အထူးတမန်တော်/စစ်သည်တော်)တွေထဲမှာ ထိပ်တန်းပဲ"

"ကျင့်ကြံမှုရေးရဦအုပ်ချုပ်ရေးအဖွဲ့...ရှင်က အစိုးရအဖွဲ့အစည်းကလား"

ကြောင်နားရွက်မိန်းကလေး အံ့အားသင့်သွားသည်။ အရာရှိများထဲတွင် ထိုမျှစွမ်းအားကြီးသူရှိမည်ဟု ထင်မထားခဲ့။

"အရာရှိတစ်ပိုင်းပဲဆိုပါတော့။ ငါအကြေံပေးလို့ ဒီအဖွဲ့အစည်းကို တည်ထောင်ခဲ့ကြတာပါ"

လုယန် ပြုံး၍ပြောသည်။

ဤရက်ပိုင်းအတွင်း ပါရမီရှိသည့် ကျင့်ကြံသူများကို လိုက်ရှာ၍ တရားဝင်အဖွဲ့အစည်းထဲသို့ စည်းရုံးသိမ်းသွင်းခဲ့သည်။ အစိုးရအင်အားကို မြှင့်တင်သည်။

သူရွေးချဲ့ခဲ့သည့် ကော်မရှင်နာများထဲတွင် ထိုမိန်းကလေး၏ပါရမီက ထိပ်တန်းအဆင့်ရှိသည်။

ကြောင်နားရွက်မိန်းကလေးက လွတ်လွတ်လပ်လပ်နေရသည်ကို သဘောကျသည်။ အဖွဲ့အစည်းထဲသို့ သိပ်ဝင်လိုစိတ်မရှိ။

လုယန် ထပ်ပြောသည်။

"အဖွဲ့အစည်းမှာ ငါလှူထားတဲ့ ဝိညာဉ်မြစ်တစ်ချို့ရှိတယ်။ ထူးထူးခြားခြား တာဝန်ထမ်းဆောင်နိုင်ရင် မင်းအဲဒါတွေ ရနိုင်တယ်"

"ဝိညာဉ်မြစ်"

မိန်းကလေး စိတ်လှုပ်ရှားလာသည်။ တန်ယုအလိုအပ်ဆုံးက ဝိညာဉ်မြစ်ဖြစ်သည်။

တန်ယုနှင့်မခွဲချင်သည့် မိန်းကလေး၏စိတ်ကို လုယန်နားလည်သည်။

"ဒီအဖွဲ့အစည်းက မင်းထင်သလောက် စည်းကမ်းမတင်ကြပ်ပါဘူး။ တစ်ချိန်လုံးအလုပ်လုပ်နေဖို့မလိုဘူး။ ပေးတဲ့တာဝန်တွေကိုပဲ ပြီးမြောက်အောင်လုပ်ဖို့လိုတယ်"

ကြောင်နားရွက်မိန်းကလေး တုံ့ဆိုင်းမနေတော့။

"အိုကေလေ၊ ကျွန်မဝင်မယ်။ ဒါပေမယ့် ရှင်တို့လူသားမျိုးနွယ်တွေက ကျွန်မတို့နတ်ဆိုးမျိုးနွယ်တွေကို ခွဲခြားဆက်ဆံကြတယ်မဟုတ်လား"

သွေးဆက်ထဲမှ ဘိုးဘေးမှတ်ဉာဏ်များအရ လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်ကြမှ ဆက်ဆံရေးသည် သိပ်မကောင်းလှ။

"ငါမိတ်ဆက်ပေးမယ့်လူတွေက မင်းကိုခွဲခြားဆက်ဆံနေရလောက်အောင် အလုပ်မအားကြဘူး။..လာပါ၊ တစ်ခြားကော်မရှင်နာတွေနဲ့ ငါမင်းကို မိတ်ဆက်ပေးမယ်"

လုယန် လက်နှစ်ဘက်နောက်ပျက်၍ ဖြေးညှင်းစွာ ထွက်သွားသည်။ ကြောင်နားရွက်မိန်းကလေးလည်း နောက်မှကပ်လိုက်သွားသည်။

....

"ဖြစ်ရလေ မဒမ်ရှားရယ်...ဝိညာဉ်စွမ်းအင်တွေပြန်ပေါ်လာတာတောင် မဒမ်ရှားကို မကယ်နိုင်ဘူးလား"

"ငါတို့ ခြေတစ်လှမ်းနောက်ကျသွားတယ်။ ဝိညာဉ်စွမ်းအင်သာ ဒီထက်နည်းနည်းစောပြီး ပေါ်ခဲ့ရင် မဒမ်ရှားကို ထိန်းထားနိုင်ခဲ့မှာ"

မဒမ်ရှား၏ နာရေးခန်းမတွင် လူပေါင်းများစွာ ငိုကြွေးနေကြသည်။ ကွယ်လွန်သွားသည့် ရှားဟဲအတွက် ဝမ်းနည်းပက်လက်ဖြစ်နေသည်။

ရှားဟဲ၏နာရေးပွဲလာတက်သူများတွင် နိုင်ငံရေးအကြီးအကဲများ၊ ရှားဟဲ၏ စစ်သည်ဟောင်းများ၊ ကပ်ဆိုးကာလမှ လွတ်မြောက်ခဲ့သည့် သက်ကြီးပိုင်းများပါဝင်သည်။

ငိုသံများ အဆက်မပြတ်ထွက်ပေါ်နေသဖြင့် ပတ်ဝန်းကျင်က ဝမ်းနည်းဆွေးမြေ့စရာအတိပြီးနေသည်။

ရှားဟဲသဘောအကျဆုံးဖြစ်ည့် နှင်းပန်းများကို ကိုယ်စီကိုင်၍ ခေါင်းတစ်လားဘေးတွင် အစီအရီချကြသည်။

ကောင်းကင်ကလည်း ရှားဟဲ၏နောက်ဆုံးခရီးကို စိတ်မကောင်းဖြစ်ဟန်တူသည်။ မိုးဖွဲလေးများ ကျဆင်းလာသည်။

နာရေးခန်းမနှင့် မနီးမဝေး မိုးရေထဲတွင် ထီးဆောင်းထားသည့်လူနှစ်ယောက် ရှိနေသည်ကို ဘယ်သူမှသတိမထားမိကြ။

"ကိုယ့်နာရေးကိုယ်တက်ရတာ ဘယ်လိုခံစားရလဲ။ ဒီလိုအတွေ့အကြုံမျိုးက ရှားတယ်နော်"

လုယန် စနောက်လိုက်သည်။ သူ့ဘေးတွင် နာရေးပွဲပိုင်ရှင်ရှားဟဲ ရပ်နေသည်။

ပုံရိပ်ယောင်ကျောက်စိမ်းကို ချွတ်ထားပြီးဖြစ်၍ အဘွားအိုအသွင်မဟုတ်တော့။ ငယ်ရွယ်နုပျိုသည့် မိန်းကလေးအဖြစ် ပြောင်းသွားသည်။

ရှားဟဲက မျက်စောင်းထိုး၍

"ငါ့ကိုယ်ငါ ပန်းစည်းတစ်ခု ပေးရင်ကောင်းမလားလို့"

"ကြယ်ပြာကထွက်သွားဖို့ ဆုံးဖြတ်ပြီးပြီလား"

နောက်မှနောင်တရခြင်းမျိုးမဖြစ်စေရန် လုယန်က အတည်ပြုသည်။

ရှားဟဲက နာရေးခန်းမဆီလက်ညှိုးထိုး၍

"အခု ငါနောက်ဆုတ်လို့ရဦးမယ့်ပုံ ပေါ်လို့လား"

ထို့နောက် သက်ပြင်းတစ်ချက်ချ၍ပြောသည်။

"ပြီးတော့ နင်လည်း ကြယ်ပြာမှာ အမြဲနေမှာမှမဟုတ်တာ"

အချိန်ကြာမြင့်စွာ ပေါင်းသင်းဆက်ဆံခဲ့သူများဖြစ်၍ လုယန်စိတ်ဓာတ်ကို ရှားဟဲနားလည်သည်။ ကြယ်ပြာသည် လုယန်၏ဇာတိမြေဖြစ်သည်။ သို့သော် သူ့အိမ်မဟုတ်။

မသေမျိုးနတ်မယ်လည်း ထိုနည်းတူပင်ဖြစ်သည်။ ကြယ်ပြာပေါ်တွင် သူတို့အမြဲနေနိုင်မည်မဟုတ်။

ထို့ကြောင့် ပိုင်ရွှမ်းနှင့်အတူ ကျင့်ကြံသူလောကသို့ လိုက်သါားဖို့ ဆုံးဖြတ်ခဲ့သည်။

"ကဲ၊ ပြန်ဖို့အချိန်တန်ပြီ"

**********************************

All Chapters