အခန်း ၁၃၄၂
Vol. 90 Ch. 1342
အခန်း (၁၃၄၂) လုယန်က မူလဝိညာဉ်ထက်ပိုရှားသည်
လုယန် လှေပျံနက်ဖြင့် ကျင့်ကြံမှုလောကသို့ ပြန်သည်။ ကြယ်ပြာသို့လာစဉ်ကထက် အချိန်နှစ်ဆကြာသည်။
ရှားဟဲက စကြာဝဠာကို တစ်ခါမှရောက်ဖူး။ ဒြပ်မဲ့လေဟာနယ်ကို မခံစားဖူး။ နေလကြယ်တာရာများကို အနီးကပ်မမြင်ဖူး။
ဤခရီးက ရှားပါးအတွေ့အကြုံဖြစ်သည်။ ပိုင်ရွှမ်းက အာကသယာဉ်ဖြင့် ခရီးသွားဖူးသည်။ သို့သော် လှေပျံနက်ဖြင့်သွားရသည့် ဆန်းသစ်မှုနှင့်တော့ မယှဉ်နိုင်။
ထို့ကြောင့် လမ်းတွင် အချိန်အတော်ကြာသွားသည်။
ထိုခံစားချက်ကို လုယန်နားလည်သည်။ သူကိုယ်တိုင်လည်း စကြာဝဠာတွင် အချိန်အတော်ကြာအောင် ကစားနေခဲ့ဖူးသည်။
ထို့ပြင် လမ်းတွင် ဒုက္ခအတော်များများကြုံရသည်။ wormhole များရုတ်တရက် ပေါ်လာသည်။ စကြာဝဠာ၏ အမည်မသိနေရာများသို့ ရောက်သွားသည်။ ဆီလီကွန်အခြေစိုက် လူပုလေးများ၏ ဂြိုလ်တစ်ခုကို ကယ်တင်ခဲ့သည်။
ထိုဂြိုလ်တွင် နတ်ဘုရားများပမာ ဟန်ရေးပြခဲ့သည်။ လူ့ဘီလူးမျိုးနွယ်၏ မိဘမဲ့တစ်ယောက်နှင့်တွေ့သည်။ အကာသသတ္တဝါတစ်ချို့ကို သတ်ခဲ့သည်။ သတ္တဝါငယ်များပေါင်းစပ်ထားသည့် သတ္တဝါကြီးကိလည်း သတ်ခဲ့သည်။ ထို့နောက်မှ အပြန်လမ်းကိုကို ရှာတွေ့သည်။
ကျင့်ကြံမှုလောကသို့ ချောချောမွေ့မွေ့ပြန်ရောက်လာသည်။
"စကြာဝဠာမှာ သက်ရှိတွေအများကြီးရှိတာပဲ"
ရှားဟဲနှင့်ပိုင်ရွှမ်း အတော်အမြင်ကျယ်သွားသည်။ သိပ္ပံစိတ်ကူးယာဉ်ဇာတ်လမ်းထဲတွင်သာမြင်ဖူးသည့် မြင်ကွင်းများကို လက်တွေ့မြင်ကြရသည်။
လုယန်စိတ်ထဲတွေးနေသည်။ ကြယ်စုမဟာမိတ်နှင့် ဖယောင်းကောင်းကင်လို စွမ်းအားမြင့်အင်အားစုနှစ်ခုသည်ပင် ထူးဆန်းသည့် အာကာသမျိုးနွယ်များကို ထိုမျှများများစားစားမမြင်ဖူးကြ။
သူက ခရီးတစ်ကြိမ်ထွက်ရုံဖြင့် အားလုံးကြုံရသည်။
"ဒါက သာမန်ပါပဲ။ ငါစကြာဝဠာကိုထွက်ရင် ဒါမျိုးတွေမကြာခဏတွေ့တယ်။ ငါ့အတွက်မထူးဆန်းတော့ပါဘူး"
လုယန် ပုံမှန်လေသံဖြင့်ပြောသည်။ သူ့လေသံအရ အတွေ့အကြုံဘယ်လောက်များခဲ့ကြောင်း သိသာသည်။ သိပ်မထူးဆန်းသည့် ပုံမှန်ခရီးသွားရှုခင်းသဘောမျိုးဖြစ်သည်။
"တကယ်လား။ ဒါဆိုအရင်ကတည်းက ဒီကိစ္စတွေ ငါတို့ကိုဘာလို့မပြောပြခဲ့တာလဲ"
မူမမှန်သည့်အဖြစ်ကို ရိပ်မိသဖြင့် ရှားဟဲမျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။
လုယန် ရှက်သွားပြီး ချောင်းနှစ်ချက်ဆိုးသည်။
"ငါ့တွေ့ကြုံခဲ့ရတာတွေက များလွန်းတယ်လေ။ ဒါတွေအကုန် ပြောပြရင် မင်းတို့ငြီးငွေ့သွားမှာစိုးလို့ပါ"
"ဟုတ်လား"
ရှားဟဲ မပွင့်တပွင့်ပြုံးသည်။ လုယန်လိမ်နေကြောင်း သူသိနေဟန်ရှိသည်။
"ဟုတ်ပါတယ်။ ငါမင်းကိုဘယ်တုန်းက လိမ်ဖူးလို့လဲ"
ထိုစကားကြားသည်နှင့် ရှားဟဲချက်ချင်းဒေါသထွက်သွားသည်။
"နင်ငါ့ကို လေးငါးခြောက်ခါလောက်ပဲ လိမ်ခဲ့တာပါ။ ပင်မလမ်းက စိတ်ချရတယ်လို့ နင်ပြောတယ်။ ငါ့ကို ငါးစာအဖြစ်သုံးပြီး လမ်းပေါ်ကိုလွှတ်တယ်။ ဖုတ်ကောင်တွေက ငါ့ကို ပွဲတော်တည်ဖို့ အုပ်လိုက်ရောက်လာတယ်။
ပြီးတော့ ဖုတ်ကောင်ဘုရင်ပြိုင်ပွဲကိုသွားမယ်လို့ နင်ပြောတယ်။ နင်ကိုယ်တိုင်ဖုတ်ကောင်ဘုရင်ဖြစ်ပြီး ချက်ချင်းပြန်လာတယ်။ ဘေးကင်းဇုံကိုခဏစောင့်ကြည့်ထားပါလို့ ငါ့ကိုပြောတယ်။ အဲဒီ့ 'ခဏ'က လနဲ့ချီပြီးကြာသွားတယ်။ နင်အပြင်မှာတစ်ခုခုဖြစ်ပြီလို့တောင် ငါထင်ခဲ့တာ။
ပြီးတော့ တစ်ခါကလည်း..."
"တော်ပါတော့ တော်ပါတော့"
ငယ်ကျိုးငယ်နာပြန်ဖော်နေသည့် ရှားဟဲကို လုယန် အမြန်ကြားဖြတ်တားလိုက်သည်။ မျက်နှာတစ်ခုလုံး နီရဲနေသည်။
ပိုင်ရွှမ်းက ခေါင်းငုံ့၍နားထောင်နေသည်။ အသဲမထွက်ရဲ။ လုယန်လုပ်ခဲ့သမျှကိစ္စအားလုံးကို ကိုယ်တွေ့မြင်ခဲ့ရသူဖြစ်၍ အခြေအနေကို ကျိတ်သဘောကျနေသည်။
"ရောက်ပြီဟေ့။ ကျင့်ကြံမှုလောကကို ငါတို့ပြန်ရောက်ပြီ"
ရှားဟဲ၏မကျေနပ်ချက်များကို အာရုံလွှဲဖို့ နတ်မယ်က တမင်စကားလမ်းကြောင်းပြောင်းသည်။
လုယန်အတော်ကျေးဇူးတင်မိသည်။ တစ်ခါတစ်လေ နတ်မယ်သည် တကယ်အားကိုးရသည်။
ကျင့်ကြံမှုလောက၏ ကြီးကျယ်ခမ်းနားမှုကို လုယန်ထံမှ ကြားဖူးပြီးဖြစ်သော်လည်း ကိုယ်တွေ့မြင်ရသည်နှင့်တော့ နှိုင်းယှဉ်၍မရ။
"ဒါက ကျင့်ကြံမှုလောကပေါ့..."
ကျင့်ကြံမှုလောကဂိတ်တံခါးတွင် ဝင်ထွက်နေသည့် အာကာသယာဉ်များ စည်ကားနေသည်။ အားလုံး တစ်ခြားဂြိုလ်များမှဖြစ်သည်။ ကြယ်ကမ္ဘာအားလုံးက ကျင့်ကြံမှုလောကအကြောင်း သိချင်စိတ်ပြင်းပြကြသည်။
ဘယ်ဘလော့ဂါမဆို ဤနေရာတွင် ဗွီဒီယိုတစ်ခုရိုက်လျှင် 'ကလစ်'အရေအတွက် အံ့မခန်းတိုးလာသည်။ ဖော်လိုဝါအရေအတွက် ထိုးတက်လာသည်။
စီးပွားရေးလုပ်ငန်းစုများအတွက်တော့ ပြောစရာပင်မလို။ ကျင့်ကြံမှုလောကသည် ရတနာတစ်ခုဖြစ်သည်။ စီးပွားရေးသမားတိုင်းက ဝေစုတစ်ခုရဖို့ အသည်းအသန်ကြိုးစားကြသည်။
သို့သော် ကျင့်ကြမှုလောကတွင် ကျောက်တုံးကို ရွှေဖြစ်အောင်ပြောင်းနိုင်သည့် စွမ်းရည်မျိုးရှိကြောင်း ကိုယ်တွေ့မြင်ရပြီးနောက် အားလုံးမင်သက်မိသွားကြသည်။
ယနေ့ခေတ်တွင် အာကာသခရီးသွားသူများသည် စုစည်းခြင်းအဆင့်ကျင့်ကြံသူများသာ မဟုတ်တော့။ အဆင့်နိမ့်ကျင့်ကြံသူများနှင့် သာမန်လူများပင် တစ်ခြားဂြိုလ်များသို့ အာကာသယာဉ်ဖြင့် သွားလာနိုင်သည်။
လှေပျံနက် ကျင့်ကြံမှုလောကသို့ ဝင်လာသည်။ ကျင့်ကြံမှုလောက၏ ထူးဆန်းသည့်ဖွဲ့စည်းပုံကြောင့် ရှားဟဲ ခေါင်းနည်းနည်းမူးဝေသလို ခံစားရသည်။ သို့သော် သိပ်မကြာမီ အသားကျသွားသည်။
လုယန်က လှေပျံကို တာအိုလမ်းစဉ်ဂိုဏ်းဆီ ဦးတည်လိုက်သည်။
ဂိုဏ်းဂိတ်တံခါးမှ ဝါးတောအလယ် မြစ်ကမ်းနံဘေးတွင် လူနှစ်ယောက်နှင့် သတ္တုသေတ္တာတစ်လုံး ရှိသည်။ ဂိမ်းဆော့နေကြသည်။
"ခုန်လိုက်၊ ခုန်လိုက်လေ"
"မလောနဲ့၊ မလောနဲ့"
ဖျောက်ခနဲ အသံတစ်ချက်မြည်ပြီး ဂိမ်းစက်ပျက်သွားသည်။
ရှန်ထန်က အရိုးခံမျက်နှာဖြင့် မြစ်ဝိညာဉ်ကိုကြည့်သည်။
"တွေ့လား။ အဲဒါမင်းငါ့ကို အတင်းတိုက်တွန်းလို့ဖြစ်တာ"
မြစ်ဝိညာဉ်က သူ့ကို မကျေမနပ်ပြန်စိုက်ကြည့်သည်။
"ငါ့ကိုအပြစ်မတင်နဲ့လေ။ မင်းဒီအဆင့်မှာသေသွားတာ ဘယ်နှခါရှိပြီလဲ"
ရှန်ထန်က ပျက်သွားသည့်ဂိမ်းစက်ကို မြစ်ထဲလွှင့်ပစ်လိုက်သည်။ မြစ်ဝိညာဉ်လည်း မြစ်ထဲသို့ခုန်ဆင်းသွားသည်။
သိပ်မကြာမီ ရေမျက်နှာပြင်ပေါ်တွင် မြူခိုးများတက်လာပြီး မြစ်ဝိညာဉ် ပေါ်လာသည်။ လက်ဝါးနှစ်ဘက်တွင် ဂိမ်းစက်နှစ်ခုကိုင်ထားသည်။ မျက်နှာအမူအရာက နူးညံ့သည်။
"တာအိုရှင်ရှန်ထန်၊ မင်းချလိုက်လိုက်တာ ဒီဂိမ်းစက်အပျက်လား၊ ဒီဂိမ်းစက်အကောင်းလား"
"ဂိမ်းစက်အပျက်ပါ"
"တကယ်ရိုးသားတဲ့လူပါ။ ဒါဆို ဒီဂိမ်းစက်အပျက်က မင်းအတွက်ပဲ"
"ဟေ့၊ မင်းငါ့ကို ဂိမ်းစက်အကောင်းပေးသင့်တာမဟုတ်လား"
တာအိုရှင်ရှန်ထန် ဂဏာမငြိမ်ဖြစ်နေသည်။
မြစ်ဝိညာဉ်က သူ့စကားကို မကြားချင်ယောင်ဆောင်၍ သူ့ဘေးမှ အီသာကွန်ပြူတာကို တစ်ချက်ပုတ်လိုက်သည်။
"ဂိမ်းတစ်ပွဲ စလိုက်ရအောင်"
ထိုသို့ပြောနေရင်း မြစ်ဝိညာဉ် ဖျတ်ခနဲ ခေါင်းမော့ကြည့်သည်။ ပိုင်ရွှမ်းကို အာရုံခံမိသောကြောင့်ဖြစ်သည်။
"ဘာဖြစ်တာလဲ"
အီသာ နားမလည်။
"ဟိုကောင်လေးလုယန် ဒီတစ်ခေါက် ဘယ်ကိုသွားတာလဲ။ နောက်ထပ်မူလဝိညာဉ်တစ်ခု ခေါ်လာပြန်ပြီ"
"ငါတို့လို မူလဝိညာဉ်တွေက အဲလောက်ပေါတယ်ပေါ့"
မူလဝိညာဉ်များ ရှားပါးသည်ဟု ကြားစဉ်က သူ့ကိုယ်သူ ဂုဏ်ယူနေခဲ့သည်။ သို့သော်ယခု မူလဝိညာဉ်များသည် ထင်သလောက်ရှားပါးပုံမပေါ်။
"ဘာပဲဖြစ်ဖြစ် လုယန်လောက်တော့မရှားပါဘူး"
ကောင်းကင်ဂိတ်တောင်ထိပ်တွင် ယွမ်မုန်မုန်က ချင်ဟဲကိုမြည်းကြည့်ခိုင်းဖို့ ပန်းကိတ်တစ်ဖိုစာ မုန့်ဖုတ်ပြီးစဖြစ်သည်။
လုယန်တံခါးပိတ်မကျင့်မီကတည်းက ချင်ဟဲပျောက်သွားသည်။ ယနေ့မှသာ အကြောင်းတစ်ခုကြောင့် သူပေါ်လာခြင်းဖြစ်သည်။
"ချင်ဟဲ၊ ငါတို့လျှို့ဝှက်မြေက သားအမိဖြစ်ကို ခေါင်းဆောင်ကဖန်တီးခဲ့တာလား"
"ဟုတ်တယ်"
ချင်ဟဲ ယုံကြည်ချက်အပြည့်ဖြင့် ဖြေသည်။ ပျောက်ဆုံးသွားသည့် သားအမိမြစ်ကို ရှာဖွေဖို့ နေရာအတော်များများ ခရီးထွက်ခဲ့သည်။ ရှေးဟောင်းနယ်မြေ လျှို့ဝှက်နယ်မြေမျိုးစုံ သွားခဲ့သည်။
ယခုမှ ထိုမြစ်၏သဲလွန်စကိုတွေ့သည်။ ယွမ်မုန်မုန်၏ ဇာတိမြေတွင်ရှိနေသည်။
ယွမ်မုန်မုန် ခေါင်းရှုပ်သွားသည်။ သူနှင့်ခေါင်းဆောင် ဘယ်လိုဆွေမျိုးတော်စပ်သည်ကို စဉ်းစားမရ။ ချင်ဟဲကိုမေးသည်။ ချင်ဟဲလည်း သေချာရှင်းမပြနိုင်။
"ထားလိုက်ပါတော့၊ ဒီအကြောင်းမတွေးတော့ဘူး။ ခေါင်းဆောင်နဲ့ ထင်တာထက်ပိုပြီး နီးစပ်တယ်လို့ သိရတာပဲ လုံလောက်ပြီ"
နားမလည်သည့်အရာများကို အပင်ပန်းခံ၍ သူမတွေး။ ပျော်ပျော်နေသည်က ပိုကောင်းသည်။
"ကျုပ်တို့ပြန်ရောက်ပြီ"
လုယန် တောင်ထိပ်သို့တက်လာပြီး ချင်ဟဲနဲ့ယွမ်မုန်မုန်ကို ပြုံး၍နှုတ်ဆက်သည်။
"ဒုခေါင်းဆောင် ပြန်လာပြီပေါ့။ အဲ...ဘာလို့ မိန်းမတစ်ယောက်ပါလာတာလဲ။ အချစ်ဝတ္ထုတွေထဲက ရွာလူကြီးကတော်ဆိုတာမျိုးလား"
ယွမ်မုန်မုန် လန့်သွားသည်။
လုယန် ခေါင်းကိုက်နေသည်။
"ညီမမုန်မုန်၊ မင်းစာအုပ်တွေ ပိုဖတ်သင့်တယ်"
"ဒါလည်း စာအုပ်တွေဖတ်ရင်း သိလာတာပဲလေ"
ယွမ်မုန်မုန် အခိုင်အမာ ခွန်းတုံ့ပြန်သည်။ စာမဖတ်ဘဲ သူဘယ်လိုသိနိုင်မည်နည်း။
ထို့နောက် နတ်မယ်ကို သူနှုတ်ဆက်သည်။
"ခေါင်းဆောင်မေမေကြီး၊ ပြန်ရောက်လာပြီပေါ့"
ထိတ်လန့်နေသည့် နတ်မယ်ကို ရှားဟဲ ဇဝေဇဝါမျက်နှာဖြင့်ကြည့်သည်။
"မသေမျိုးနတ်မယ်၊ ရှင့်ကလေးက ဒီလောက်တောင်ကြီးနေပြီလား"
ရှေးဟောင်းမသေမျိုးတွေက သက်တမ်းဘယ်လောက်ရှိရှိ အသက်ကြီးတဲ့ ရုပ်ရည်သွင်ပြင်မျိုး တကယ်မပြကြဘူးပဲ...
"မဟုတ်ဘူး...မရှိဘူး။ သူပေါက်တတ်ကရ လျှောက်ပြောနေတာ"
***********************************