← Chapters

အခန်း ၁၃၄၃

Vol. 90 Ch. 1343

အခန်း ၁၃၄၃

Vol. 90 Ch. 1343

အခန်း (၁၃၄၃) မုန်မသေမျိုးတစ်ဝက်

အတော်ဆူညံပွက်လောရိုက်နေပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။ နတ်မယ်က ထိုသို့မခေါ်ဖို့ ယွမ်မုန်မုန်ကို တင်းမာစွာသတိပေးသည်။

"အဲလိုခေါ်တာ ဘာလို့လဲ..."

ယွမ်မုန်မုန် နားမလည်။ ထိုသို့ခေါ်သည်မှာ မှားသည်ဟု သူမထင်။

"ဘာလို့ဆိုတာလည်း မမေးနဲ့"

နတ်မယ် ပိတ်ငေါက်လိုက်သည်။

မက်မွန်လျှို့ဝှက်မြေမှထွက်လာကတည်းက ဘယ်အရာမှ အဆင်မပြေဟု သူခံစားရသည်။ ရှားဟဲနှင့်ပိုင်ဟွမ်းက ရှောင်ယန်အာရုံစိုက်ခံရဖို့ ပလူးပလဲလုပ်၍ ပြိုင်ဆိုင်နေသည်။

ထို့နောက် ယွမ်မုန်မုန်ကသူ့ကို 'မေမေကြီး'ဟု ခေါ်သည်။

ဉာဏ်နီဉာဏ်နက်များသည့် ရှောင်ယွမ်၏ လက်ချက်ဖြစ်မည်။ သူကံဆိုးအောင် အသေးအဖွဲမှော်ကျိန်စာတစ်ချို့ တိုက်ထားခြင်းဖြစ်မည်။

"သွားမယ်၊ ရှောင်ယွမ်နဲ့စာရင်းရှင်းဖို့ အချိန်ကျပြီ"

နတ်မယ် ဒေါသတကြီးပြော၍ လုယန်ကိုဆွဲခေါ်ပြီး ယွမ်ကျိလှိုဏ်ဂူသို့သွားသည်။

ဆူဆူညံညံအသံများကြောင့် လုယန်ပြန်ရောက်လာကြောင်း ယွမ်ကျိရိပ်မိပြီးဖြစ်သည်။

"ရှောင်ယွမ်၊ ငါတို့ပြန်လာတာတောင် ထွက်မကြိုဘူးပေါ့"

နတ်မယ် လှိုဏ်ဂူထဲသို့ အထက်စီးဟန်ပန်အပြည့်ဖြင့် ဝင်သွားသည်။

ယွမ်ကျိ မျက်ခုံးလှုပ်လာသည်။ ရှောင်လု သူ့ဆီလာလည်ဖို့ ထိုမျှအလျင်မလိုသင့်ဟုတွေးနေသည်။ နောက်ထပ် ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်လောက်ကြာမှ လာလည်လည်းရသည်။

မက်မွန်နယ်မြေတွင် နတ်မယ်က အညှာအတာမရှိ စနောက်ခဲ့သည်။ ယခုထိ နတ်မယ်ကိုမြင်သည်နှင့် သူစိတ်ဂဏာမငြိမ်ဖြစ်နေဆဲဖြစ်သည်။

"မေမေကြီး.."

"နင်လည်းငါ့ကို ဒီလိုခေါ်ခွင့်မရှိဘူး"

နတ်မယ် ဒေါသထွက်ပြီး ခြေဆောင့်သည်။ ဤအခြေအနေသည် မက်မွန်မြေတွင် ယွမ်ကျိကို သူထိန်းချုပ်ထားစဉ်ကနှင့်မတူ။ ယခု ထိုသို့ခေါ်သည့်လူတိုင်းကို သူဒေါသထွက်သည်။

"အမယွမ်၊ သိစိတ်နယ်မြေထဲ ခဏဝင်ပါဦး"

ယွမ်ကျိ၏ မူလဝိညာဉ်က ခန္ဓာကိုယ်မှထွက်လပြီး လုယန်နဖူးထဲဝင်သွားသည်။

"ဘာကိစ္စလဲ"

နောက်ကွယ်မှလုပ်ကြံသူ မသိစေလိုသည့် ကိစ္စတစ်ခုခု ဆွေးနွေးလို၍ဖြစ်ကြောင်း ယွမ်ကျိ သဘောပေါက်သည်။

"နတ်မယ်ရဲ့အိမ် မြောက်ပိုင်းကြယ်ကို တွေ့ခဲ့တယ်။ အဲဒီ့နေရာကလည်း ကျုပ်ရဲ့ဇာတိမြေပဲ..."

ကြယ်ပြာပေါ်မှ နတ်မယ်၏ ကောင်းကင်ဂူအကြောင်း၊ နတ်မယ်ရခဲ့သည့် မှတ်ဉာဏ်တစ်ချို့အကြောင်း၊ သူသုံးသပ်ထားသည့် နောက်ကွယ်မှလူ၏ စွမ်းအားအဆင့်အကြောင်း လုယန်အားလုံးရှင်းပြသည်။

"လွန်မြောက်ခြင်းအဆင့်လား"

နတ်မယ် အတော်အံ့အားသက်သွားသည်။ တကယ်ခက်ခဲသည့် ပြဿနာဖြစ်သည်။

"လွန်မြောက်ခြင်းအဆင့်..ဟုတ်တာပေါ့။ ဒါမှ ကိစ္စအများစုက ရှင်းသွားတာ"

ယွမ်ကျိခေါင်းငြိမ့်သည်။ သူ့အမူအရာ လေးနက်တည်ကြည်လာသည်။ ထူးခြားသည့် တွေ့ရှိချက်ဖြစ်သည်။ အရင်က လုပ်ကြံသူ၏ ကျင့်စဉ်အဆင့်ကို လျှော့တွက်ခဲ့မိကြသည်။

"လွှမ်းခြုံခြင်း၊ လွန်မြောက်ခြင်း၊ ပေါင်းစပ်ခြင်း မဟာအဆင့်သုံးခုက မသေမျိုးအဆင့်ရဲ့ အထက်မှာရှိတယ်။ လွန်မြောက်ခြင်းနဲ့ပေါင်းစပ်ခြင်းအဆင့်တွေက အချင်းချင်းမဆန့်ကျင်ဘူး။ လွှမ်းခြုံခြင်းအဆင့်က လွန်မြောက်ခြင်းအဆင့်ကို ဖြုတ်ချနိင်တယ်။ ပေါင်းစပ်ခြင်းအဆင့်ကလူတွေကို လူသားဆန်တဲ့စိတ် ထိန်းပေးနိုင်တယ်"

ယွမ်ကျိသုံးသပ်သည်။ အဆင့်သုံးခုကို ဆက်စပ်စဉ်းစားပြီးနောက် လွှမ်းခြုံခြင်းအဆင့်၏ ထူးခြားသည့်သဘာဝကို နားလည်လာသည်။ လုယန်ထောက်ပြမှ သူသတိထားမိခြင်းဖြစ်သည်။

"ဒါပေမယ့် မူလအစီအစဉ်ကိုတော့ မထိခိုက်ပါဘူး။ အစီအစဉ်အတိုင်းပဲ ဆက်လုပ်တာပေါ့"

လွန်မြောက်ခြင်းအဆင့်သည် အမှန်တကယ်စွမ်းအားကြီးသော်လည်း အဆင့်သုံးခုကြားတွင် ကွာခြားချက်ရှိမည်ဟု သူယုံကြည်သည်။ ပေါင်းစပ်ခြင်းအဆင့်က လွန်မြောက်ခြင်းအဆင့်ထက် ပိုစွမ်းအားကြီးလောက်သည်။

အသုံးပြုသည့် နည်းလမ်းများအရ ထိုသို့ပင်ဖြစ်သင့်သည်။

လွန်မြောက်ခြင်းအဆင့်ကိုရောက်ဖို့ သမိုင်းကြောင်းနှင့် အဆက်ဖြတ်ရသည်။ အဆုံးမရှိသည့် သတ်ဖြတ်မှုများ လုပ်ရသည်။

ပေါင်းစပ်ခြင်းအဆင့်က ပြင်ပစွမ်းအားပေါ် မမီခို။ လောကကိစ္စများနှင့် သီးခြားဖြစ်တည်သည်။ ကိုယ်ပိုင်အစွမ်းအစဖြင့်သာ ထိုအဆင့်သို့ ရောက်နိုင်သည်။

ကျင့်စဉ်အဆင့်ကိုသာ အပြည့်အဝစိတ်နှစ်ထားခဲ့လျှင် ပေါင်းစပ်ခြင်းအဆင့်သို့ သူရောက်ပြီးဖြစ်မည်။

ယွမ်ကျိသည် ကျင့်ကြံမှုကို စိတ်အားထက်သန်သော်လည်း ထိုကိစ္စက သူ့ဝါသနာတစ်ခုမျှသာဖြစ်သည်။

ရှောင်လု၊ နတ်မယ်၊ တာအိုလမ်းစဉ်ဂိုဏ်း...သူမမေ့နိုင်သည့် သို့မဟုတ် အဆုံးရှုံးမခံနိုင်သည့် အရာများရှိနေသည်။ ကျင့်စဉ်အဆင့်နောက်သို့ သီးသန့်လိုက်လိုလျှင် စိတ်အာရုံထွေပြားစေသည့် ထိုအသေးအဖွဲ့ကိစ္စများကို မေ့ပစ်ဖို့လိုသည်။

"လွှမ်းခြုံခြင်းအဆင့်ကို ဘယ်လိုတက်ရမလဲဆိုတာ နတ်မယ်မမှတ်မိဘူးလား"

နတ်မယ် ခေါင်းခါသည်။

"မမှတ်မိဘူး"

"ကြောင်းကျိုးအရိယဖလတွေနဲ့ ထိတွေ့မှပဲ လွှမ်းခြုံခြင်းအဆင့်ကို ရောက်နိုင်တာ။ ဒီအဆင့်ဟာ ကြောင်းကျိုးကံကြမ္မာနဲ့ ဆက်စပ်နေရမယ်။ ရှောင်လု၊ မင်းလည်း ရှောင်မုန်ကို သွားတွေ့သင့်တယ်"

"ရှောင်မုန်ကိုတွေ့ဖို့လား...သူကဘယ်မှာလဲ"

"နန်းမြို့တော်ကလမ်းတွေပေါ်မှာ ဗေဒင်ဟောနေတယ်"

....

"လာကြည့်ကြပါ။ နန်းမြို့တော်ရဲ့ သံမဏိပါးစပ်ပါ။ ဟောတာမမှန်ရင် ငွေနှစ်ဆပြန်အမ်းပါမယ်"

နန်းမြို့တော်လမ်းတစ်ခုပေါ်တွင် ရှေ့ဖြစ်ဟောဆရာတစ်ယောက် မကြာခဏ အော်ခေါ်နေသည်။ သူ့နောက်တွင် သိသာထင်ရှားသည့် အလံဖြူတစ်ခုရှိသည်။ အလံဖြူပေါ်တွင် "မုန်မသေမျိုးတစ်ဝက်"ဟူသည့် စာလုံးကြီးများရေးထားသည်။

ဝဝကစ်ကစ်ကောင်လေးတစ်ယောက် လတ်လတ်ဆတ်ဆတ်ဖုတ်ထားသည့် မုန့်ခြင်းတစ်ခုဆွဲ၍ လမ်းအတိုင်း လျှောက်လာသည်။ သူ့ဝတ်စုံက သာမန်ထင်ရသော်လည်း အမှန်တော့ အားလုံးက အဆင့်မြင့်အကာအကွယ်မှော်ပစ္စည်းများဖြစ်သည်။

ရှေ့ဖြစ်ဟောဆရာကိုမြင်သည်နှင့် ဖက်တီးလေး စိတ်ဝင်စားသွားသည်။ စားပွဲရှေ့ခွေးခြေတစ်ခုပေါ်တွင် သူဝင်ထိုင်ပြီး သာမန်လေသံဖြင့်မေးသည်။

"ဟေ့ ဗေဒင်ဆရာ၊ ခင်ဗျားဟောကွက်တွေက တိကျရဲ့လား"

ရှေ့ဖြစ်ဟောဆရာက နောက်ဘက်မှ ရွှေစာလုံးဆိုင်းဘုတ်ကို လက်မဖြင့် နောက်ပြန်ထိုးပြသည်။

"တွေ့လား။ နန်းမြို့တော်ရဲ့ သံမဏိပါးစပ် ရှေ့ဖြစ်ဟောဆရာလေ။ အဲဒါက အတုဖြစ်နိုင်ပါ့မလား"

"ဟောခဘယ်လောက်လဲ"

ရှေ့ဖြစ်ဟောဆရာ ဖက်တီးလေးကို ခြေဆုံးခေါင်းဆုံးအကဲခတ်သည်။

"မင်းက ကျင့်စဉ်လမ်းမဝင်သေးတဲ့လူဆိုတော့ အဆင့်နိမ့်ဝိညာဉ်ကျောက်တစ်တုံးဆို အဆင်ပြေပါတယ်'

ဖက်တီးလေးက အဝတ်အိတ်ကိုဖွင့်လိုက်သည်။ အညံ့စားဝိညာဉ်ကျောက်တစ်ချို့သာပါသည်။ မပေးချင်ပေးချင် တစ်တုံးထုတ်ပေးသည်။

တရားရေးဝန်ကြီး၏ မြေးဖြစ်သော်လည်း တင်းကြပ်သည့်စည်းမျဉ်းစည်းကမ်းအောက်တွင် နေထိုင်ရသဖြင့် မုန့်ဖိုးငွေ သိပ်မရှိ။

"ရော့၊ ခင်ဗျား တိကျအောင်တော့ ဟောပါ"

ရှေ့ဖြစ်ဟောဆရာ ဝိညာဉ်ကျောက်ကို ယူလိုက်သည်။

"ကဲ၊ ငါဘာဟောပေးရမလဲ"

"ကျုပ်ရဲ့ဆရာ နန်းတွင်းစာပေအရာရှိစစ်ဆေးမယ့် နောက်ဆုံးစာမေးပွဲမေးခွန်းတွေကို ခန့်မှန်းတွက်ချက်ပေးပါ"

ဖက်တီးလေးမျက်လုံးများ အရောင်တောက်နေသည်။ စာမေးပွဲတွင် အမှတ်ကောင်းကောင်းရလျှင် သူ့မုန့်ဖိုးငွေလည်း တိုးလာမည်။

ရှေ့ဖြစ်ဟောဆရာက ဘာမှမပြောဘဲ ဖက်တီးလေးကို ဝိညာဉ်ကျောက်နှစ်တုံး ပြန်ပေးလိုက်သည်။ ထိုကိစ္စကို သူဟောနိုင်စွမ်းမရှိ။

"မင်းမသွားခင် ငါတစ်ခုသတိပေးလိုက်မယ်။ သိပ်မကြာခင် သွေးထွက်သံယိုကိစ္စမျိုး မင်းကြုံရနိုင်တယ်"

ဖက်တီးလေးက လုံးဝမယုံ။ ငွေ့ရဖို့ လိမ်ညာနေသူမှန်း သိသည်။

ဖက်တီးလေးထွက်သွားပြီးနောက် မလှမ်းမကမ်းတွင် ပုန်းနေသည့် အိမ်ထိန်းကို ရှေ့ဖြစ်ဆရာ လှမ်းအော်သည်။

"တရားရေးဝန်ကြီး ဝန်ကြီးရှုကိုသွားပြောပါ။ သူ့မြေးက နောက်ဆုံးစာမေးပွဲမေးခွန်းအတွက် လမ်းပေါ်မှာ ဗေဒင်လိုက်မေးနေတယ်လို့"

"ဟုတ်ကဲ့ သခင်လေး"

သိပ်မကြာမီ နောက်ထပ် ဖောက်သည်တစ်ယောက် လာထိုင်သည်။ ရှေ့ဖြစ်ဟောဆရာ၏ မိတ်ဆွေရင်းဖြစ်သည်။

"မုန်မသေမျိုးတစ်ဝက် ဆိုပါလား။ မင်းက ဘာဗေဒင်ပညာမှမတတ်ဘဲ ရှေ့ဖြစ်ဟောနေတယ်ပေါ့"

မုန်ကျင်းကျိုး နှာခေါင်းရှုံ့သည်။

"ဟိုကောင်လေးက ဘာသိမှာလဲ။ ငါက ဖူးစာဖက်ကံကြမ္မာကို သီးသန့်ဟောတာကွ။ မင်းက ဇာတိမြေကပြန်လာတာလား"

တက်ကြွရွှင်လန်းနေသည့် လုယန်အမူအရာကို သူသတိထားမိသည်။ အတော်ပျော်ခဲ့ပုံပေါ်သည်။ နေ့တိုင်း တစ်ခြားလူများရှေ့တွင် သူတော်စင်လို သရုပ်ဆောင်နေခဲ့ဟန်ရှိသည်။

"မင်းကဘာလို့ ဆိုင်ဖွင့်ပြီး လိမ်စားနေတာလဲ"

မုန်ကျင်းကျိုး မကျေမနပ်ပြန်စိုက်ကြည့်သည်။

"ဘာလိမ်စားတာလဲ၊ စကားကိုကြည့်ပြောပါ။ ဒါက တရားဝင်လုပ်ငန်းကွ"

"ရှေ့ဖြစ်ဟောတာ ကောင်းကင်ဆန်းကြယ်ဂိုဏ်းရဲ့ လုပ်ငန်းမဟုတ်လား။ သူတို့ဂိုဏ်းက မုန်မိသားစုအပေါ် အကြွေးတွေအများကြီးတင်ထားလို့ အကြွေးဆပ်တဲ့အနေန့ မင်းကို သူတို့ပညာတွေ သင်ပေးခဲ့တာလား"

"မင်းနားမလည်ပါဘူး"

မုန်ကျင်းကျိုး နောက်ဘက်မှအလံဆိုင်းဘုတ်ကို လက်ညှိုးထိုးပြသည်။

"အဲဒီစာလုံးတွေကို မင်းမမြင်ဘူးလား။ ငါကအခု မသေမျိုးတစ်ဝက်အဆင့်ပါ"

"မင်းတကယ်မသေမျိုးတစ်ဝက် ဖြစ်လာပြီပေါ့။ ဘယ်လိုအရိယဖလသန္ဓေမျိုး တည်ဆောက်ထားတာလဲ"

မုန်ကျင်းကျိုး ဟန်တစ်ခွဲသားဖြင့် ပြုံးသည်။

"ကြောင်းကြိုးအရိယဖလသန္ဓေလေ။ ဒီဆိုင်ကို ငါအပျော်ဖွင့်ထားတယ်ထင်နေလား။ ဗေဒင်ဟောရင်း အရိယဖလသန္ဓေကို လေ့ကျင့်နေတာကွ"

ကြောင်းကျိုးအရိယဖလသန္ဓေကို တစ်ချိန်က မဟာယု၏ဒုတိယနိုင်ငံ့ဆရာ ပိုင်ဆိုင်ခဲ့သည်။ ကွမ်းရှန်ဟိုင်က ထိုအရိယဖလသန္ဓေတည်ဆောက်သည့် အဓိကသော့ချက်ကို သိသည်။

မုန်ကျင်းကျိုးလည်း ထိုနယ်ပယ်တွင် ပါရမီပါသည်။ လုယန်ထက်စော၍ ကြောင်းကျိုးကံကြမ္မာစွမ်းရည်ကို တတ်ကျွမ်းခဲ့သည်။ တစ်ကိုယ်တော်ကျိန်စာလက်သီးသည် အကောင်းဆုံးသက်သေဖြစ်သည်။

"အခု၊ ဖူးစာကံကြမ္မာလမ်းကြောင်းကို အာရုံစိုက်ပြီးလေ့လာနေတယ်။ ဒါပေမယ့် အခက်အခဲလေးတစ်ခု ကြုံရတယ်"

"ဘာအခက်အခဲလဲ"

"တစ်ခြားလူတွေရဲ့ ဖူးစာကံကြမ္မာကိုပဲ ငါခန့်မှန်းနိုင်တယ်။ ကိုယ့်အတွက်ကိုယ်ကျတော့ ခန့်မှန်းလို့မရဘူး"

ထိုကိစ္စကြောင့် သူအကြပ်ရိုက်နေသည်။

"...ဒီတစ်သက် မင်းမှာ ဖူးစာဆုံမယ့်ကံမျိုး ပါမလာလို့များဖြစ်မလား"

"မင်းလာနောက်နေတာလား။ ငါအခုဘယ်အဆင့်ရောက်နေပြီလဲ။ ဘာလို့ ဖူးစာကံမပါရမှာလဲကွ။ လောင်လု၊ ငါ့မှာ ကြောင်းကျိုးအရိယဖလသန္ဓေရှိလို့ မင်းမနာလိုဖြစ်နေတာလား။

မင်းမယုံရင် ငါလက်တွေ့ပြမယ်"

"ဘယ်လိုပြမှာလဲ"

"မင်းကံကြမ္မာကို ကြည့်မယ်လေ"

"ဪ..ဒါဆိုလည်း စမ်းကြည့်တာပေါ့"

လုယန် စိတ်ဝင်စားလာသည်။ အမယွမ်က လောင်မုန်နှင့်ဘာကြောင့် သွားတွေ့ခိုင်းမှန်း အခုမှသူနားလည်သည်။

မုန်ကျင်းကျိုး ခါးမတ်လိုက်သည်။ ကြောင်းကျိုးအရိယဖလသန္ဓေကို အသက်သွင်းသည်။ သူ့မျက်လုံးတွင် စွမ်းအင်ရောင်များ စုစည်းလာသည်။ လောက၏ ကြောင်းကျိုးဆက်စပ်မှုအားလုံးကို မြင်နိုင်သယောင်ရှိသည်။

"ကံကြမ္မာမြင်ကွင်း...ဖွင့်မယ်"

သူ့မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။ လုယန်ဘေးပတ်လည်တွင် စူးရှတောက်ပပြီး သိပ်သည်းရှုပ်ထွေးသည့် ကံကြမ္မာနှောင်ကြိုးများကို မြင်လိုက်ရသည်။

"အားးး...ငါ့မျက်လုံး"

ဝေဒနာကြောင့် သူအော်ဟစ်လိုက်သည်။

***********************************

All Chapters